တိမ်ပြို ၂၄

ကောင်းကင်အနှံ့ ပျံသန်းချင်တယ်
ငါ့မှာ အတောင်မရှိတာ မသိခဲ့ဘူး....

အတွေးညစ်ညစ်နဲ့ စိတ်တွေက မသစ်နိုင်သေးဘူး
အရိုးစွဲတဲ့ မရေရာတဲ့စိတ်က
ငါ့ရင်ထဲက ထိုးကွင်းပဲ......

လမင်းကို စိန်ခေါ်ဖူးတယ်
ကြယ်တပွင့်ကို စွတ်ခူးဖူးတယ်
လူတကာထပ်နေကြ ခြေရာ တို့လဲ ငါနင်းဖူးရဲ့........

တိမ်တိုက်လိုလွင့်မြောချင်တဲ့ငါ
လေအတိုက်ကိုစောင့်ခဲ့ဖူးရဲ့....

ရေဆုန်မှာ လှော်ပြရတဲ့ဘ၀မှတောင်
အထိန်းအကျောင်း မတတ်လို့
အကြိမ်ပေါင်းများစွာ တိမ်းစောင်းဖူးတယ်...

လူ့ကျင့်ဝတ် ဒဿန အစုဆိုတဲ့....
ငါထားတဲ့ စံတစ်ခုမှာ.....
ငါကိုယ်တိုင် တွဲလဲ ခိုနေရတယ်.....

ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်ဖတ်
မြင့်မြတ်ချင်တဲ့ ငါမနက်ဖြန်အတွက်
ငါ့ရင်ထဲမှာ ဖြူစင်ခြင်းတွေ ချို့တဲ့ခဲ့လို့
ငါဟာ သင်ပုန်းကြီးမှာပဲ ကျကျန်ခဲ့ဖူးတယ်....

မျှော်လင့်ခြင်းတွေကို တိမ်ပေါ်ထားတဲ့ငါ
သက္ကရာဇ်တွေ ထုစစ်ထားတဲ့ ခန္ဓာနဲ့
ကြယ်တပွင့် ဖြစ်ချင်တဲ့ အခါ
မလင်းတလင်း ပိုစုန်းကြူးဆိုတာ မေ့ထားခဲ့ဖူးတယ်...

ကံဆွဲမယ့် ပန်းချီကားတစ်ချပ်မှာ ....
ကိုယ်တိုင် စုတ်ချက်တင်ချင်တဲ့
ငါဆိုတဲ့ ကောင်တစ်ကောင်ဟာ...
ဦးနှောက်က ချဉ်ခြင်း တက်တဲ့ နေ့
နှလုံးသားက အုံကြွတဲ့ ညတွေအတွက်
ငါဟာ ငါနဲ့ လိုက်ရောညီထွေလိုက် က ရဦးမယ်.....

စိန်ပွင့်ဖြစ်ဖို့ မြေအောက်မှာ နှစ်ကြာကြာအောင်းရမယ်
လိပ်ပြာဖြစ်ဖို့ ပိုးတုံးလုံးတော့ လုပ်ရမယ်....
ငါဟာ စိန်မဖြစ်မဲ့ ခဲ လား
လိပ်ပြာ မဖြစ်မဲ့ ပိုးတုံးလုံးလား
(ဇဝေဇ၀ါတွင်းအောင်းဆဲ..... )

ငါ့ရဲ့ ၂၄ ခုမြှောက် မိုင်တိုင်မှာ
ကောက်ချက်တစ်ခုကိုဆွဲထုတ်တော့
ငါဟာ ၀ိ လုပ်ဖို့ ၀ မရှိတဲ့
ဒသမ စွန်းစွန်း သုည တစ်လုံး ဆိုတာတော့
သေချာတယ်...