အဝေး....

နှုတ်မဆက်ချင်ပေမယ့်
သွားရတော့မယ်လို့ ပြောခဲ့တယ်
ငါမရက်စက်ပါဘူး
လွဲမရတဲ့ အခြေအနေလို့ ဆင်ခြေပေး
ငါလေ.. ဟိုးအဝေး ထွက်သွားတယ်....

အခုဆို ငါဟာ အဝေး.....
တဖြေးဖြေးနဲ့ ဆွေးတတ်လာတယ်
ကောင်ကင်ကိုမျှော်ကြည့်
ဒီမိုးကောင်ကင်အောက်မှာ
နင်ရှိသေးတယ်လို့သတိရ
တစ်ချို့ညတွေ ငါငိုရတယ်

ဒါဟာအဝေး
ငါ့နဘေးလူတွေ ရှိနေပေမယ့်
မနွေးထွေးခဲ့ဘူး....
အတိတ်အကြောင်းကိုတွေး
ငါရင်က ငါ့ကို ဒဏ်ပေးနေတယ်...

ခရေတွေ.....



တကယ်ဆို... လို့ စလိုက်ပြီး ကျွန်တော်ကဗျာရေးမလို့ ဟန်ပြင်လိုက်တယ်... ကျွန်တော့် လက်တွေ အရင်လို ကီးဘုတ်ပေါ်မှာ ပြေးမနေတော့ဘူး..... ကျွန်တော့်အတွေးတွေ ရပ်ဆိုင်းနေတယ်.... လက်တွေ တုန်ရီလာတယ်... ကျွန်တော် စိတ်မလှုပ်ရှားပါဘူး.... ၀မ်းနည်းတာပါ... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် အလှဆုံးဆိုတဲ့ ကဗျာတွေ ကျွန်တော့် နှလုံးသားက မသီကုံးပေးတော့ဘူးလား.... ကျွန်တော် ဦးနှောက်ကို စေခိုင်းခဲ့တယ်... သူ မငြင်းဆန်ပေမယ့် .. ကျွန်တော် ငြင်းဆန်ခဲ့တယ်.. နှလုံးသားနဲ့ ချစ်တဲ့ ချစ်သူအတွက်.. နှလုံးသားက ကဗျာပဲပေးမယ်လို့ ....

ချစ်သူသွားတဲ့နောက် တစ်ကောက်ကောက် လိုက်ခွင့်မရှိတဲ့ နှလုံးသားဟာ ကုန်ကြမ်းမရှိပဲ ကဗျာလှလှလေးပေါင်းများစွာ မွေးဖွားဖူးတယ်... ဘယ်လောက်ပဲလှလှ ချစ်သူရဲ့ ဝေဖန်ချက်အဆုံးမှာ ကျရှုံးသွားတာပဲ... သူမရီနေတယ်... ကျွန်တော် ပြုံးပြတယ်... ကျွန်တော့် နှလုံးသား ငိုနေတယ်....
သူ့ချီးကျူးသံ အဆုံးမှာ ကျွန်တော့်နှလုံးသား မြူးရတာတွေလဲ ရှိခဲ့တယ်.... ပျော်ရွင်မှု ၀မ်းနည်းမှု မျက်ရည်စ.. ဒဏ်ရာ.. ဘာတွေပြောင်းပြောင်း ... ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာတော့ မပြောင်းခဲ့ဘူး....

အတိတ် ပစ္စုပ္ပန် မှာပဲ ပျော်နေရင်း .. သူအတွက် ခရေတစ်ကုံးသီကုံးမိတယ်.... တိမ်ညိုတွေ မှိုင်းတဲ့ဒီနေ့မှာတောင်.. သူကို သတိရမိတယ်... ခရေတွေသီနေတယ်... ကျွန်တော့်အတွေးတွေ အတိတ်ကိုမှီလိုက်မိတယ်....

ငှက်ကလေးတွေ ကောင်ကင်ပျံတက်သွားတဲ့ခဏ
ဝဲကျသွားတဲ့ သူ့ဆံနွယ်ဖျားမှာ
ကျွန်တော့် အိပ်မက်လေးတွေသီထားတယ်.....

စကားတစ်ခု သူနှုတ်ဖျားအတွက် သယ်ဆာင်လာတဲ့ခဏ
ပျံ့လွင့်သွားတဲ့ သူ့ရယ်သံလွင်လွင်ထဲ
ကျွန်တော်မျှော်လင့်ခြင်းတွေ စီးမျောလိုက်တယ်.....

တစ်ချိန်က သူ့ရှေ့ ရွတ်ပြခဲ့တဲ့ ကဗျာလေးရဲ့ အစပိုင်းလေးတစ်ခု... ကျွန်တော်နောက်တစ်ခေါက် အဲ့ဒီနေ့ထဲ စီးမျောကြည့်တယ်... အရူးအမူးပါပဲ... သူ့ဆံနွယ်ကြားကို လက်ဖျားလေးနဲ့ကိုင်ခွင့်ရတဲ့ ခဏ... ရနံ့တစ်ခုရဲ့ နှစ်သိမ့်မှုမှာ ကျွန်တော် ငြိမ်သက်စွာ ရူးခဲ့ရဖူးတယ်... ကမ္ဘာဦးမဟုတ်ပေမယ့်... ကျွန်တော့် စိတ်ထဲမှာ သူရယ် ကျွန်တော်ရယ် နှစ်ဦးပဲရှိတယ်လို့ ထင်နေတယ်... ကျေးငှက်တွေ တီးတိုးပြောသံတွေ ဘာသာပြန်စရာ မလိုပေမယ့်... ... သူမအကြောင်းပဲဖြစ်မှာပါပဲ... လို့ သိလိုက်တယ်....

အေးနေတဲ့ သူ့လက်ကလေးကို ကျွန်တော့် လက်နွေးနွေးနဲ့ ဆွဲကိုင် ပြီး တစ်နေကုန် လက်ကိုလွဲ လျှောက်သွားခဲ့တယ်... နွေးထွေးမှုတွေကူး သူနဲ့ပျော်မြူးခဲ့တဲ့ နေ့ရက်က မေ့မရနိုင်တော့ဘူး... ကျွန်တော့် မျော်လင့်ခြင်း သူ့လက်ထဲကို အပ်နှင်းလိုက်ပါပြီ... မပိုင်သေးပေမယ့် ဆိုင်နေခွင့်လေးတစ်ခု.. ကျွန်တော့် တစ်ဘ၀လုံး စိတ်တောင်မကူးဖူးတဲ့ ကြည်နူးမှုနဲ့ နေထိုင်လို့ရနေပါပြီ...

မိန်းမောစရာအတွေးတစ်ခု
ပန်းဆက်သတဲ့
မြူဆိုင်းတဲ့ မနက်တိုင်းမှာရှိတယ်
ရင်ခွင်ထဲ သူတိုး
သူ့ဆံနွယ်ကြားမှာ မှီနေတဲ့
ကျွန်တော် သီပေးတဲ့ ခရေရနံ့အိုးမှာ
မရိုးတဲ့ ဇာတ်သိမ်းတစ်ခု
အကြိမ်ကြိမ်တွေးကြည့်ဖူးတယ်....

ခရေပန်းကုံတွေနဲ့အတူ ပေးလိုက်တဲ့ ကဗျာအပိုင်းအစတစ်ခု... သူဖတ်ပြီး အဓိပ္ပါယ်အပြည့် ရှိတဲ့ ရီဝေတဲ့ မျက်ဝန်းညို အကြည့်အောက်မှာ ကျားတစ်ကောင် ကြောင်တစ်ကောင်ထက် ငြိမ်ကျသွားခဲ့တယ်.... ကျွန်တော် မြတ်နိုးတဲ့ သူ့ဆံနွယ်လေးကြား ခရေပန်းလေးကို နေရာပေးခဲ့တယ်... မွေးပျံတဲ့ ရနံ့တွေနဲ့ အဲ့ဒီနေ့က ထုံမွန်းနေခဲ့တယ်... ရူးသွပ်မှုက အတိုင်းအစ မရှိခဲ့ပါဘူး... ချစ်သူနှစ်ဦးတို့ နေပူပူအောက်မှာ ရင်ဖိုအောင် ပျော်ခဲ့ ကြတယ်....

ထပ်တူမကျသေးတဲ့ အနာဂတ်စိတ်ကူးနှစ်ခုကို အနီးစပ်ဆုံး ဘောင်ခတ် ကြည့်လိုက်တယ်... ရည်မှန်းချက်တွေ ဆုံမှတ်တစ်ခုကနေ ဖွာထွက်နေပေမယ့်... အပြုံးမပျက်ခဲ့ပါဘူး... တူညီတဲ့ ဆန္ဒတစ်ခုကြောင့် ကျွန်တော့်တို့ အနာဂတ်ဟာ အလှမပျက်ခဲ့ဘူး... မျော်လင့်ထားတဲ့ မိသားစု တစ်ခုဆိုတာ သူရယ် ကျွန်တော်ရယ်က အစပြုမယ်ဆိုတဲ့ ကတိတစ်ခု ကြောင့် လက်ဖ၀ါးခြင်းထပ် ဆက်လျှောက်ရမယ် နောက်နေ့တွေ အတွက် အားအင်တွေဖြစ်ခဲ့တယ်... ကျွန်တော့် နှလုံးသားတောင် မိန်းမောသွားတဲ့ အဲ့ဒီ နေ့မှာ ကျွန်တော် ထင်တာထက်တောင် ပျော်နေခဲ့ပါတယ်....

တက်လာတဲ့ ဖဲတစ်ချက်အောက်မှာ
ဘ၀တစ်ခုလုံး ပြားပြားဝပ်သွားတယ်
အမှားမရှိတဲ့ အဖြေတစ်ခုအပြီးမှာ
အဲ့ဒီပုစ္ဆာ အပယ်ခံလိုက်ရတယ်....
အတိတ်ကြားမှာ ပန်းပျိုးနေတဲ့ကောင်
မုန်တိုင်းသတင်းတစ်ခုမှာ ရူးသွားတယ်....

ခဏခဏ မူးမိုက်လွန်းတဲ့ ကျွန်တော်.... ဦးနှောက်က ကျွန်တော်လားရာနဲ့ ဆန့်ကျင်နေခဲ့တယ်.... သူစတဲ့ မေးခွန်းတစ်ခုကို သူကိုတိုင်ပဲ ဖြေပြသွားခဲ့တယ်... ကျွန်တော်မငြင်းသာခဲ့ဘူး... ဦးနှောက်ခေါ်ဆောင်ရာနောက် လိုက်သွားခဲ့တယ်... ငြင်းဆန်ခွင့်မရှိခဲ့ဘူး ... ဓါတ်မှန်တစ်ခုက စတဲ့ ပြဿနာ စမ်းသပ်မှုတွေ အဆုံးမှာ ဒီခေါင်းတစ်ခုလုံး သုံးစားလို့ မရတော့ဘူး.... အဲ့ဒီနေ့က ချစ်သူနှစ်ဦး လမ်းမခွဲခဲ့ပါဘူး... ဒါပေမယ့် အသိတရားတစ်ခုကြောင့် ကောင်လေး မပျော်တော့တာ ကောင်မလေး သတိမထားမိခဲ့ဘူး...

အနာဂတ်လို့ သူစိတ်ကူးထားတဲ့ နှလုံးသားထဲက နဂ္ဂတစ် တစ်ခု.. ပုံကောင်းတစ်ပုံမရခင် .. ပျက်သွားခဲ့ပြီ... ရည်မှန်းထားတဲ့ မိသားစုမှာ ကျွန်တော့်နေရာကို ကောင်လေးတစ်ယောက်လို့ပဲ နာမည်တပ်ထားလိုက်တယ်... သူမ သိရင်ရော... ပေးတော့ မသိချင်တော့ဘူး.. သူမ မသိလိုက်ချိန်မှာ... ဒါမှ မဟုတ် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ.... ကျွန်တော် ၀ှက်ထားတဲ့ သေမင်းဟာ ......... ......... ..... မတွေးရဲတော့ဘူး... ကျွန်တော့်ကို ရူးခွင့်ပေးပါ..... အကြိမ်ရေ စိတ်လာတဲ့ သတိမေ့ခြင်းတွေကြားမှာ... ကျွန်တော့် အတွက် ပြက္ခဒိန်ဆိုတာ မလိုမှန်းသိလာတယ်......

နောက်ဆုံး မနက်မှာတောင်
သူအပြုံး မပျက်ခဲ့ဘူး
သူ မရက်စက်ပါဘူး
လှမ်းထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်မရှိတဲ့နောက်....
တိုင်းညိုတွေ မှိုင်းတဲ့ ညနေမှာ
နောက်ဆုံးရက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
သူ့အတွက် ခရေတွေသီခဲ့တယ်...
သူကမ်းတဲ့လက်ထဲ
ခရေကုံးလေး ခုန်မဆင်းမီ
ပြို..... လဲ.......
သူကျတဲ့ မျက်ရည်အောက်
အသက်ရှုတောင် မဖြောင့်တော့ဘူး
ပွေ့ဖက်ထားတဲ့ သူ့လက်
ခရေတွေ ထွက်ထွက်ကျလာတယ်
အလှဆုံးပါပဲ.....
ခရေရနံ့အိုး အောက်
ကျွန်တော် မူးမေ့သွားတယ်
ခဏ.... ထာဝရ...
ဝေခွဲလို့မရတဲ့ တဒင်္ဂမှာ
ခရေတွေ ကြွေ......... ကျ........



ခရေတွေ... ရဲ့...



ခရေ ရနံ့တွေက ပဲ ကျွန်တော့်ကို ဒီကမ္ဘာထဲ ပြန်တွဲခေါ်ခဲ့တာပါ... မျက်လုံးတွေ ဖွင့်လိုက်တော့ ကျွန်တော် လဲကျနေခဲ့တဲ့ နေရာမဟုတ်တော့ပါဘူး.. ဒါပေမယ့် ရနံ့တွေ ထုံမွန်းဆဲမို့ ကျွန်တော် နဘေး သူရှိနေသေးတယ်ဆိုတာ သိလိုက်တယ်... ရှိုက်သံသဲ့သဲ့နဲ့ ကျို့တို့ကျဲတဲ ခရေကုံးလေးကို သူကိုင်ထားဆဲ... စကားတွေ... အဖြစ်မှန်တွေ... မပြောချင်တော့ဘူး သူသိနေလောက်ရောပေါ့...

အကြောင်းအရာပေါင်းများစွာ အကြိမ်ပေါင်းများစွာ တီးတိုးမေးဖြေလုပ်ပြီး အဆုံးမှာ... အသက်ဆက်ရှင်ပါမယ် ဆိုတဲ့ ကတိတစ်ခုကြောင့် သူကျေနပ်သွားတယ်.. သူ့ မျက်ဝန်းထဲက မိုးတွေဆဲသွားတဲ့အထိ သူပျော်ရွင်ခဲ့တယ်...
“ချစ်တယ်” သူ့နား နား ကျွန်တော် တိုးညင်းစွာပြောတဲ့ စကားအဆုံးမှာ သူ ခရေကုံးလေးကို ကျွန်တော့်လက်ထဲထည့် သူ မျက်ရည်မဲ့ ပြန်သွားခဲ့တဲ့ ညနေ... တကယ်ဆို ကျွန်တော် နောက်ဆုံး ညနေဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်.. ချစ်သူမျက်နှာကို မျက်ရည်တွေ ခဏခဏ ထပ်မစိုစေချင်တော့... တစ်ခေါက်လောက် သူ ငိုစေတော့.. ဒီတစ်ခုတော့ ကျွန်တော်လဲ မရပ်တန့်နိုင်... နေ့ရက်ပေါင်းများစွားတော့ ချစ်သူ့မျက်နှာမှာ မျက်ရည်တွေ အဓိပ္ပါယ်မဖွင့် စေချင်တော့... ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ခွင့်ပေးပါ... ကျွန်တော့် ဂျိုကာမဟုတ်တဲ့ ၀ှက်ဖဲတစ်ခု ဘယ်အချိန် ပွဲသိမ်းလိုက်မလဲ....

အသံတွေ သဲ့သဲ့
မသွားပါနဲ့တဲ့
ခြေလှမ်းတွေက ယဲ့ယဲ့
မလှမ်းလဲ ဆွဲခေါ်မယ့် လက်... ။ ။

နှုတ်ဆက်ခွင့် မရမယ့်
ရက်တွေအတွက် ...
ဒီညဟာ ငါပိုင်တဲ့
ငါ့ဘ၀ ဖြစ်ခွင့်ပေးပါ... ။ ။

တောင်းဆိုသံတွေကို အရေးမလုပ်ကြဘူး... ကျွန်တော့်ကို လက်မခံတဲ့ အချိန်ခဏ... နေရာတစ်ချို့ကြောင့် သေမင်း လက်ရှောင်နေတဲ့ တဒင်္ဂ... ကျွန်တော်ဟာ ခွဲခန်းထဲမှာပါ...

တီ..... တီ..... တီ.....

အချက်ကျကျ အဆက်မပြတ်ထွက်နေတဲ့ စက်သံလေးကြောင့် ကျွန်တော် မသေသေးဘူး ဆိုတာ သိခွင့်ရသေးတယ်... သတိရခြင်းများစွာနဲ့ ၀င်လာခဲ့သူတစ်ယောက် ထာဝရ သတိမေ့တဲ့ သူတစ်ယောက် ဖြစ်သွား နိုင်တယ်ဆိုတာလဲ သိထားတယ်... သူရော....

သူ့အတွက် နောက်ဆုံးအနေနဲ့ ကျွန်တော် ချန်ခဲ့တဲ့အရာတွေဟာ အခု ကျွန်တော့်အတွက် ပြန်ဖြစ်သွားတယ်... ပျောက်ကင်းဖို့ ရာခိုင်နှုန်း နည်းဆဲမမို့... ကုသမှုဘေးက လမ်းလေးကို ရွေးခဲ့တဲ့ ကျွန်တော်... သူကတော့ မျှော်လင့်ချက်ကြီးဆဲ... ကျွန်တော် အတွက်... သူ့အတွက်... ကျွန်တော့် မနက်ဖြန်အတွက်....သူ မျော်လင့်နေဆဲ....

ခရေရနံ့ မဟုတ်တဲ့ စူးရှတဲ့ အနံ့တစ်ခု... ကျွန်တော်ဟာ ခန္ဓာနဲ့ ခဏတာ ကင်းကွာသွားရတယ်....
ပထမဆုံးနဲ့ နောက်ဆုံးသော ဆုတောင်လေးတစ်ခု ပြုပါရစေ... သူ့နဘေး ရှင်သန်ခွင့်ပေးပါ....

ရင်ခုန်သံတွေ တိတ်ဆိတ်
စက္ကန့်တိုင်း ကျွန်တော်ပိတ်ထားတဲ့
ရင်တွင်းမြစ်တစင်းမှာ
နောင်တသံတွေ ညံနေတယ်... ။ ။

သူ့ကိုကျောခိုင်း
စိတ်ရိုင်းတွေ ကျိုးကျတဲ့ညမှာ
ခရေတွေ သီတဲ့လက်နှစ်ဖက်က
တွင်းနက်နက်တူးမိတယ်... ။ ။

ကဗျာအပိုင်းအစတစ်ခု.. အချိန်ယန္တာရားကို အတိအကျတောင်မမှတ်မိတော့ဘူး... ဘာလို့ ဒီအချိန်ကြီးမှာ ဒီအကြောင်း ကျွန်တော့် ခေါင်းထဲရောက်လာတာလဲ... သတိရခြင်းတွေကို ကျွန်တော် အစိုးမရတော့ဘူးတဲ့.. ဒါဟာ ရောဂါရဲ့ လက်ဆောင် ကျွန်တော် တနင့်တပိုး ရရှိခဲ့တယ်...

“ခွဲစိတ်ပြီးနောက်ပိုင်းရော အဲ့သလိုပဲဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမယ့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားးးးး” နားထဲ ပဲ့တင်ထပ်လာတဲ့ စကားတွေ... အားပေးစကားလား.. ခြောက်လှန့်စကားလား... ဆိုးကျိုးတွေကို ကြိုသိနေတဲ့ကောင်.. ကံကောင်းဖို့ အမှတ်မရှိ ဆုတောင်း နေမိပြန်တယ်... မပြည့်လောက်ပါဘူးတဲ့.. ငြင်းခုန်တတ်တဲ့ ဦးနှောက် နောက်ဆုံး အချိန်ထိတောင် ကျွန်တော့် ဆန့်ကျင်ဘက် သူရပ်နေဆဲ...

ဒါပေမယ့် ရင်ထဲမှာ မေ့မရတဲ့အရာတွေတော့ အချိန်တိုင်း မှတ်မိမယ်လို့ ယုံကြည်နေမိတယ်... အခုတော့ နားထဲမှာ တီ... တီ... တီ... ။ ။

မသေသေးတဲ့ လူတစ်ယောက်ရဲ နောက်ဆုံးအတွေးလားလို့ သံသယဖြစ်မိတယ်... သံသယတွေ မဆုံးပေမယ့် ကျွန်တော်အလိုချင်ဆုံး ပြကွက်တစ်ခု.. သူရယ်.. ကျွန်တော်ရယ်....
ဆန္ဒတွေ ရှင်သန်ချင်သေးချင်ပေမယ့်.... ဒီအချိန်မှာ ကျွန်တော် သေဆုံးသွားရင်......

ခရေရနံ့တွေ ပျံ့တဲ့ မနက်က
ကျွန်တော်ဟာ မှောင်အတိပဲ
ပေါ့ပါးသွားတဲ့ ခန္ဓာမှာ
လေးနက်တဲ့အတွေးတစ်ချို့
ထမ်းပိုးခွင့် ဆုံးရှုံးခဲ့တယ်...။ ။

သူမျော်လင့်တဲ့ တစ်တောလုံးမှာ
ခရေတစ်မျိုးပဲ ပျိုးမယ့်ကျွန်တော်...
သတိမဲ့ ခန္ဓာမှာ
ခရေလှိုင်မယ့် မနက်ကို
တောင့်တတုန်းပဲ... ။ ။

စုံမှတ်တစ်ခုကနေ မျောလွင့်
ပျံသန်းဖို့ အတောင်တွေဖွင့်တဲ့အခါ
ခရေသီတဲ့ ကြိုးမှာငြိ
သူနဘေး ကျွန်တော်ရှိသေးတာ
သိလိုက်ရတယ်... ။ ။

ခရေတွေ တစ်ယောက်တည်းကောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရတယ်... ၀မ်းသာလို့ မဆုံးပါဘူး... သူမျက်နှာမှာ မြင်နေကျ အပြုံးတွေ ရှိသေးတယ်... ခရေတွေကောက်နေကြ ခရေတွေသီနေကြ.. ညနေခင်းတိုင်း အလုပ်ရှုပ်ခဲ့တဲ့ ဟိုးအရင်ကျွန်တော့်ဘ၀ကို သတိရမိတယ်... ခရေအကြောင်း ကဗျာပေါင်းများစွာ သီကုံးချင်သေးတယ်... သူ့ဆံနွယ်တွေ လေယူရာ ယိမ်းတဲ့အကြောင်း ကဗျာတွေ ရေးနေချင်သေးတယ် သူ့ကို ရွတ်ပြခွင့်မရှိတော့ဘူးထင်တယ်....

ခရေတစ်သိုက်က တော့ ဟိုးအရင်အတိုင်း မွေးပျံ့နေတုန်းပဲ... ကျွန်တော့် နဘေး ခရေတွေ လာချပေးသွားတာ ကျွန်တော် အချစ်ဆုံးဆိုတဲ့ ချစ်သူ... သူ့စကားအားလုံးကို ကျွန်တော် မတုံ့ပြန်ဖြစ်တော့... သူ့ချပေးတဲ့ ခရေတွေ နှီးကြိုးလေးနဲ့ ကျွန်တော်သီနေမိတယ်... သူကတော့ အပြုံးမပျက် ကျွန်တော့် နဘေး အဖော်ပြုပေးနေဆဲ... ဟိုးအရင်ကအတိုင်း ခရေကုံးလေးကို သူ့ဆံနွယ်ကြား နေရာချပေးလိုက်တယ်... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် ကဗျာတွေ မသီကုံးနိုင်တဲ့ဘ၀.. အရင်လို ကဗျာတွေရေးချင်လိုက်တာ... အတွေးတွေ မပြေးတော့တဲ့ ခေါင်း.. သူ့အကြောင်း မှတ်မိသေးတာပဲ ကျေးဇူးတင်နေရတယ်... မမှတ်မိတဲ့ နေ့စွဲတစ်ချို့တောင် သူပြောပြမှ သိတော့တယ်...

ရင်ထဲက တောင့်တတဲ့ ဆန္ဒကြောင့်... ကျွန်တော် စာတစ်ကြောင်း ရေးပြလိုက်တယ်

- လမ်းလျှောက်ထွက်ကြရအောင်

“ခွဲထားတာ သိပ်မကြာသေးပဲနဲ့ အပြင်မထွက်နဲ့အုံးနော်... မောင့်အစား မောင်ရေးခဲ့တဲ့ကဗျာတွေ ဖတ်ပြမယ်... မောင်တစ်နေ့ ပြန်ဖတ်ပြနိုင်မှာပါ... အားတင်းထားနော် ”

ကဗျာတွေရေး မရအောင်အတွေးတွေ တန့်နေပေမယ့်... သူရွတ်ပြတဲ့ ကဗျာတွေကြားမှာ သူ မရွတ်ပြတဲ့ကဗျာတစ်ပုဒ် ခေါင်းထဲ ခဏခဏရောက်လာတယ်... တစ်ချိန်က စပ်ခဲ့တယ်ထင်တာပါပဲ အတွေးထဲမှာ တီးတိုးရွတ်နေမိသည်... တစ်နေ့တော့ သူ့ကို ရွတ်ပြနိုင်မယ်ထင်တာပါပဲ.....

အတွေးနက်နက်တွေနဲ့
ရေးရခက်တဲ့ကဗျာတွေ
ငါ့ရင်ထဲ အက္ခရာတင်ထားတယ်.... ။ ။

သူမျက်လုံး ၊ အပြုံး
ခြေလှမ်းအနုတ်အသိမ်းကအစ
သူဆံနွယ်လေထဲယိမ်းတာတွေအားလုံး
ငါ့ခေါင်းတစ်ခုလုံးမှာပြည့်နေတယ်.... ။ ။

ဘာကြောင့်ရယ်မသိပါဘူး... သူ ကျွန်တော့်ကို ပြုံးပြနေတယ်.... ..... .....


~ဘ၀နဲ့ ခတ်တဲ့ လက်စွပ်တို့ရဲ့ ရာဇ၀င်~



ငြိမ်နေတဲ့ ကန်ရေပြင်လှုပ်ခပ်သွားအောင် သူမ အညိုးတကြီးနဲ့ ပြစ်ခတ်ခဲ့တာ ခဲတစ်လုံး မဟုတ်ပါဘူး.. ကျွန်တော့် အနာဂတ်အတွက် ဟိုးတစ်ချိန်လောက်ကတည်းက ကျွန်တော့်လက်မှာ ခတ်ထားတဲ့ သူ ပေးခဲ့တဲ့ အမှတ်တရ လက်စွပ်လေးပါ... အခုတော့ သူကိုယ်တိုင် လွင့်ပစ်လိုက်ပြီ... တန်ဖိုးမကြီးပါဘူး.. ဒါပေမယ့် ဘ၀တစ်ခု ခတ်နိုပ်ထားတယ်.. အခုတော့ ကန်ရေပြင်အောက်မှာပေါ့... သူ့ကတော့ နာကြည်းချက်တွေတစ်ချို့ကြောင့် အပြုံးမပျက်ပါဘူး.. ဒါဟာ လက်ဝှေ့ ပွဲ တစ်ပွဲဆိုရင် ဒီတစ်ကွက်ဟာ ကျွန်တော့်ကို အလဲထိုးတဲ့တိုက်ကွက်ပါပဲ...

အခုတော့...

ကျွန်တော့် လက်မှာ ဟာတာတာရယ်ပါ.. အနှစ်နှစ်အလလ လက်စွပ်ကလေးနေရာယူခဲ့တဲ့ နေရာကတော့ ဖြူဖျော့ပြီးကျန်နေတယ်... ဒါအမှတ်တရလား.. ဘယ်အချိန် ပျောက်ကွယ်သွားမလဲ...

အခုတော့...

ကျွန်တော့် ဘ၀မှာ အရာရာ ပျောက်ကွယ်သွားသလိုပါပဲ... နေရာလွတ်တွေ.. ကျွန်တော့် နဘေး သူရှိနေသေးတယ်... ခုံတန်းရှည်တစ်ခု ကမ္ဘာတစ်ခု ခြားအောင် ကွာဝေးလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ဖူးဘူး... သူကရော... အခုထိ မတုန်လှုပ်သေးပါဘူး.. ကျွန်တော် ရူးလိုက်ချင်တယ် သူပြစ်လိုက်တဲ့ လက်စွပ် .. ကျွန်တော် ပြန်ဆယ်ရအောင် ရေတောင် မကူးတတ်... ကန်ရေပြင်အောက် မှာ ကျွန်တော်ဟာ လက်စွပ်နဲ့အတူ မြုပ်သွားတော့မယ့် ဘ၀ကို ရွေးချယ်လိုက်ချင်တယ်...

“နင် ရက်စက်လိုက်တာဟာ” ကျွန်တော်ပြောလိုက်တဲ့ ရင်ထဲက စကားပါ... သူကြားပါတယ်.. မတုန့်ပြန်ဘူး... ခဏခဏ စိတ်ကောက်တတ်တဲ့ သူ့ကို ကျွန်တော် ဒီတစ်ခါတော့ မချော့နိုင်တော့ဘူး...

“နင် စိတ်ဆိုးလဲ ငါတို့ အမှတ်တရကို မဖျတ်ဆီးသင့်ပါဘူး” သူကို ကျွန်တော်ကြည့်လိုက်သည်.. သွေးအေးတဲ့သူမက တည်ကြည်နေတဲ့ မျက်လုံတစ်ခုနဲ့ စူးစူးရှားရှားကြည့်နေတယ်... ဒီမျက်လုံး .. ကျွန်တော့် တစ်သက်လုံး ကြောက်ခဲ့ရတယ် မဟုတ်ပါလား...

“နင် ငါ့ကို ဘာကြောင့် အဲ့လောက်စိတ်ဆိုးနေတာလဲ”

“နင့်ဆုံးဖြတ်ချက်ကြောင့်” တိုတိုပြတ်ပြတ် ပထမဆုံး သူစပြောတဲ့ စကားသံတစ်ခု ဒါပေမယ့် ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးဆောင်တယ်

“ဒါ ငါ့ဘ၀လေဟာ”

“နင် နောက်မှ သွားလဲရသားနဲ့”

“ဒါပေမယ့် ငါ full scolar ရအောင် မနည်းကြိုးစားခဲ့တာ နင်သိသားပဲ အခုမသွားရင် ငါမရတော့ဘူးပေါ့”

“နင် အခုမသွားရလဲ ငါနင့်ကို ထားပေးမှာပေါ့ ငါ့အတွက် နင်ဘာမှမလိုဘူး”

ဟုတ်ပါတယ် သူက တော့ ကျွန်တော်ကို ကျောင်းထားပေးနိုင်ပါတယ်.. လိုချင်တာ ပေးနိုင်ပါတယ်.. တောင့်တသမျှဖြည့်ဆည်းပေးနိုင်ပါတယ်.. သူ ငွေကို ဘယ်လို သုံးရမလဲ သိတယ်.. လူကို ဘယ်လိုကျောင်းရမလဲ သိတယ်.. ဒါပေမယ့် ကျွန်တော့်အကြောင်း... ဟုတ်တယ် ကျွန်တော့်အကြောင်း သူအခုထိမသိသေးဘူး... ကျွန်တော် ရင်နာမိတယ်...

ကျွန်တော်ဟာ သူ့ကို လမ်းပြမယ့် လူတစ်ယောက်ပါ... သူ့ကို သူ့စိတ်ကြိုက် ထားနိုင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ... ကျွန်တော့် ဘ၀ အဖော်ကို ကျွန်တော် ခေါ်ထားတဲ့ မိုးတွေကြားမှာပဲပျော်စေချင်တယ်... ကျွန်တော့် အရိပ်ခိုစေချင်တာပေါ့... သူ့အရိပ်ကိုတော့ ကျွန်တော် မမှီချင်ဘူး.. အခုတော့ သူ့စကားမှာ. ကျွန်တော်ဟာ သူညွန်ရာသွားရမယ့် နွားသာသာ ဘ၀ပဲကျန်တော့တယ်... ကျွန်တော်ကို အထင်သေးတယ်.. ကျွန်တော် ရင်နာပေမယ့် သူ့ကို အပြစ်မတင်ရက်ဘူး.. ဘ၀ဆိုတာဘာလဲ သူကောင်းကောင်း မကြည့်ဖူးခဲ့ဘူး.. ကျွန်တော်ကတော့ ကောင်းကောင်းကခဲ့ဖူးတယ်...

“ငါ့အားငါကိုးပြီး ကျောင်းတတ်ချင်တာပေါ့ဟာ”

“မလိုဘူး... နင်ကျောင်းမတတ်နဲ့တော့ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ့အဖေ စီးပွားရေး နင်လုပ်ရမှာပဲ ဘာဘွဲ့မှထပ်မလိုဘူး”

သူစကားတွေ.. ဒီစကားတွေ.. ကျွန်တော့်ကို နားမလည်သေးဘူးဆိုတာ သေချာတယ် ... ကျွန်တော်ဟာ သူ့အဖေ စိုက်ခဲ့တဲ့လယ်ကို စောင့်ရမယ့် အလုပ်မလုပ်ချင်ဘူး... ကျွန်တော့် လယ် ကျွန်တော် စိုက်မယ့်ကောင် ... သူများဆောက်ပြီးသားအိမ်ကို မွန်းမံပြီးနေချင်တဲ့ ကောင်မဟုတ်ဘူး.. ကိုယ့် အိမ် ကိုယ်ဆောက်မယ့် ကောင်...

“ငါ့အတွက်လိုတယ်... ငါ့ဘ၀အတွက်လိုတယ်” ကျွန်တော် ခေါင်းမာပြရစေ...

“ဒါဆို နင်သွားပေါ့ နင့်ဘ၀မှာ ငါမလိုတော့ဘူး ဒါကြောင့် လက်စွပ်တွေ ကတိတွေ အမှတ်တရတွေ မလိုတော့ဘူး နင်သွားချင်ရာသွားတော့”

“နင်တကယ်ပဲ ပြတ်နိုင်ပြီလား .. နှစ်နဲနဲလေးပါဟာ .. ငါ့ကိုယ် ငါ... ”

“ငါမကြားချင်ဘူး... နင် သွားမယ်ဆို ငါ့ဆီမလာနဲ့ ငါဆီလာရင် နင်မသွားနဲ့ဒါပဲ”

“ငါ့မှာ တခြားနည်းလမ်းရွေးစရာ မရှိတော့ဘူးလား” ကျွန်တော်လေသံတွေ ပျော့ကျနေလိုက်တာ... full scolar ရတယ်ဆိုလို့ ပျော်ခဲ့တဲ့ နေ့က မာန်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး... သူနားမလည်ဘူး... ဒါကျွန်တော့် အောင်မြင်မှုတစ်ခု.. သူမခံစားတတ်ဘူး...

“အေး.. ဒါဆို ငါပြစ်လိုက်တဲ့လက်စွပ် နင် ပြန်ယူလာခဲ့ရင် နင်လုပ်ချင်တာ ငါလုပ်ခွင့်ပြုမယ်”

စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ သူမ ကျောပြင်ကို ကျွန်တော် ငေးရင်းကျန်ခဲ့တယ်... သူ ကျွန်တော် ရေမကူးတတ်တာတော့ သိနေတယ်... သူ့အချစ်ကိုလဲ ရ ကျွန်တော့် ဆန္ဒလဲ ပြည့်အောင် ကျွန်တော် ဒီလက်စွပ်ကို ဘယ်လိုရှာရမလဲ... ကန်ရေပြင်.. နက်တယ်... ကျွန်တော့်ဘ၀ကတော့ သူမရှိတော့ဘူးဆိုတာ သေချာသွားပါပြီ... ရည်မှန်းထားတဲ့ဘ၀ ကြွေမွပြိုပျက်သွားတယ်... ကျွန်တော် တွေဝေနေပါတယ်... ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိတော့ဘူး..

*********

လက်စွပ်လေးကို လည်မှာဆွဲဖို့ ဆွဲကြိုးမှာသီလိုက်တယ်... သူသိရင်ရော... သူကတော့ ရေထဲကျသွားပြီလို့ ထင်မှာပေါ့... တကယ်ပဲဝေးကြရင် အမှတ်တရတစ်ခုတော့ ကျွန်မပိုင်ချင်တယ်... အခုတော့ သူ့လက်စွပ်တစ်ခု ကျွန်မ လည်မှာနေရာယူလို့ပေါ့... အခုအချိန်အထိ သူ့ကို ကျွန်မ စိတ်ဆိုးနေမိတယ်.. အရေးမပါတော့မယ့် အရာတွေကို ဆုတ်ကိုင်ချင်နေတယ်... ကျွန်မအနားက အဝေးသွားချင်တယ်... ကျွန်မ လွတ်ပေးလိုက်တယ်... မဖမ်းရက်တော့ဘူး အတောင်ပံရှိတဲ့ငှက်... ကျွန်မ လှောင်ချိုင့်လှလှတွေ နဲ့ မဖြားယောင်းချင်တော့ဘူး.. ကျွန်မကျေနပ်ပါတယ်... သူ့ကိုယ်တိုင် ပေးထားတဲ့လက်စွပ်ကလေး အခုအချိန်အထိ ကျွန်မ လက်သူကြွယ်မှာ နေရာယူနေသေးတယ်... ကျွန်မလည်မှာတော့ သူ့လက်က လက်စွပ်လေးပေါ့... အခုတော့ ဝေးတော့မယ်... ဘာတွေနဲ့ ကျွန်မနှစ်သိမ့်ရမလဲ... သူမုန်းသွားမလား .. မတွေးတော့ဘူး.. ဝေးမယ့်အတူတူ.. သူ့အတွေးထဲ ကျွန်မကြောင့်ဘာမှ နှောင့်နှေးမနေစေချင်တော့ဘူး...

“ဘေးဖယ် ဘေးဖယ်”

အရေးကြီးနေတဲ့ လူတစ်သိုက်ကြောင့် ကျွန်မ အတွေးတွေ ပျောက်ကွယ်သွားတယ်... လူတစ်သိုက် သယ်ထုတ်သွားတဲ့ ဖြူဖျော့နေတဲ့ လူတစ်ယောက်... ကျွန်မ ဘ၀တစ်ခုလုံး ပြိုလဲ ကျသွားပါပြီ...


ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ



၂၀၀၄ ဇွန် ၁၈ ရက်

ဒီနေလဲ နေမသာ ပြန်ဘူး နေခြည်ရယ်... အခုလဲ မိုးတွေရွာနေတယ်... ငါလေ နင် ခဏခဏ ဆောင်ခိုင်း ထားတဲ့ ထီးလဲ မဆောင် မိပြန်ဘူး... နင့် ထီးလေးနား ငါ ကပ်ဆောင်း ရမလား ဆိုတဲ့ အတွေးနဲ့ ငါ မိုးနေ့ပေါင်းများစွာ နင့် အဆောင်ရှေ့ လမ်းမပေါ်မှာ ခေါက်တုတ်ခေါက်ပြန် စောင့်နေခဲ့ဖူးတယ်...


၂၀၀၅ မေ ၁၅ ရက်

နေခြည်ရယ်... ထီးတောင် မဆောင်းနိုင်တဲ့ ကောင်လေးရှေ့ကို နင် ကားလှလှကြီး တစ်စီးပေါ်ကနေ အပြုံးလှလှတွေနဲ့ ဆင်းလာတဲ့ နေ့က ငါ ရင်ကျိုးရတယ် ... ဒါတွေ နင်မသိပါဘူး နေခြည်ရယ်.. နင့်မျက်လုံးတွေ က နင့်အပြုံးတွေလိုပဲ ငါ့အတွက်မှ မဟုတ်တာ... ငါတောင့်တသမျှကို နင် ကားပိုင်ရှင်တစ်ယောက်ကို အတားအဆီးမဲ့ ပေးခဲ့တယ် မလား... ငါလေ... နင့်ထီးလေးနား ကပ်ဆောင်းနေကြ ကောင်လေးလေ... မိုးတွေကြားမှာ ငိုနေမိတယ်... နင်မသိပါဘူး... ဖော်ကောင် လုပ်မယ့် နင့်ထီးလှလှလေးအောက်က ငါပြေးထွက်ခဲ့တယ်... ဒါတွေ နင်မသိခဲ့ပါဘူး...


၂၀၀၅ သြဂုတ် ၁၁ ရက်

အဲ့ဒီနေ့က မိုးရွာတယ်.. နေခြည့်မျက်နှာ ပေါ်မှာပေါ့... ငါအခါခါ ချော့နေပေမယ့်.. နင်ငိုမြဲ ငိုပဲလေ.. သူ့အတွက်တဲ့... နင့် အပြုံးကို သူတို့ ခဏ ငှားသုံးတာပါ နေခြည်ရယ်... သူ့တို့ ပျော်ဖို့ နင့်အပြုံးတွေကို သူတို့ ငှားသုံးနေတာပါ.. နားလည်စမ်းပါ နေခြည်ရယ်... နင်ပျော်ဖို့ ငါဘ၀ အလကားပေး ထားတယ်ဆိုတာ... ငါ ချော့နေလဲ အလကားပဲ .. ငါနင့်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ နင်ပြောခဲ့တယ်... ငါလေ နင်အနားသူပြန်ရောက်လာအောင် ဖြောင်းဖြရင်းနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ဖူးတယ် ... နင့်ကိုတော့ ပေးမသိခဲ့ဘူး... ငါ အလျှော့ပေးခဲ့ပါတယ် နေခြည်ရယ်.. ဒဏ်ရာတွေကို ငါလှေကားပေါ်က ပြုတ်ကျတယ်လို့ ဆင်ခြေပေးတုန်းက နင်ရယ်သံလွင်လွင်လေးတောင် ငါအမှတ်ရသေးတယ်... ဒါပေမယ့် အခုတော့ နင်ငိုနေရပြီနော်... ငါ့ ဒဏ်ရာတွေအားလုံးထက် နာကျင်ပါတယ် နေခြည်ရယ်....


၂၀၀၅ ဒီဇင်ဘာ ၃ ရက်

ဒီနေ့တော့ နင်အပြုံးတွေနဲ့... ငါပျော်လို့ မဆုံးခင်.. နင့်စကားအဆုံး.. ငါမငိုမိအောင် ထိန်းထားခဲ့ရတယ်... နင် သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီတဲ့... ဘယ်သူလဲ ငါမသိချင်ဘူး နေခြည်ရယ်.. ငါ့ကို သူနဲ့ မိတ်မဆက်ပေးပါနဲ့... ငါချစ်ရတဲ့သူရဲ့ ချစ်သူဆိုတာ.. ငါ့အတွက် ရန်သူပဲ... ငါ လေ.. နင်ကို ပိုချစ်လေ.. သူ့ကို ပိုမုန်းလေပဲ... ငါသူ့ကို မုန်းတယ် နေခြည်ရယ်... နင့်ကို ငါချစ်တယ်... သူ့ကို ချစ်တဲ့ နင့်ကို မမုန်းနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်... တိုက်ဆိုင်စွာပဲနေခြည်ရယ်.. နင်ချစ်တဲ့ သူ့မှာ အရင်ကောင်တွေလိုပဲ ကားလှလှ ကြီး ရှိနေတယ်... ငါ မုန်းတယ် .. အဲ့ဒီကားတွေ ကို.. အဲ့ဒီငွေတွေကို....


၂၀၀၆ မတ်လ ၁ ရက်

နင် ငိုရပြန်ပြီ နေခြည်... သူထားသွားပြန်ပြီမလား လို့ နင့်ကိုငါ ခါးထောက်ရင်း လှောင်ရယ် လိုက်ချင်တယ်... တကယ်တမ်းကျတော့.. နင့်ဘေးနား ငါပဲ ကူငိုပေးခဲ့ရတယ်မလား... နင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုလေ.. ငါသူ့ကို မုန်းလေးပဲ နေခြည်ရယ်... နင့်ဘေးနား ငါနေပါရစေလို့ ငါရိုးသားစွာ နင့်ဆီခွင့်တောင်းလိုက် တယ်.. ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ရပါဘူး... နင် ခေါင်းကို သွင်သွင်ခါလိုက်တော့... ငါမျှော်လင့်သမျှတွေ ကျိုးကျေကျကုန်ပြီပေါ့ နေခြည်ရယ်... ဒီကောင်ဟာ နင်နားမှာ ဖ၀ါးတောင် သီခွင့်မရှိတော့ပါဘူး... ငါအဝေးကို လွင့်စင်သွားပါပြီ နေခြည်... နင်ပျော်ပါတော့... မဖြူစင်တဲ့ ခင်မင်မှုတွေနဲ့ ဖြူချင်ယောင်ဆောင်ခဲ့တဲ့ကောင်ဟာ.. နင့်အဝေးမှာပဲ နေသင့်ပါတယ်...


၂၀၀၆ သြဂုတ်လ ၆ ရက်

ငါ နင့်အဝေးမှာ ဘယ်လောက် နေနိုင်မှာလဲ နေခြည်... နောက်ဆုံးတော့ ငါ နင့်အဆောင်ရှေ့ပဲ ပြန်ရောက်ခဲ့တာပဲမလား... ဒီနေလဲ ထီးမပါပြန်ဘူး နေခြည်ရယ်... ဒါပေမယ့် အခါတိုင်းလိုပဲ မိုးရွာနေတယ်.. ငါလဲ အခါတိုင်းလိုပဲ နင့်ကိုစောင့်နေမိတယ်... ဒီနေ့တော့ နင်တစ်ယောက်တည်းပဲ.. နင့်ထီကလေးကတော့ နဲနဲတောင် ဟောင်းနေပြီ... နင် ဟာ ငါ့အတွက် အမြဲ သူငယ်ချင်းပါပဲ တဲ့.. ငါပျော်ရမယ့်စကားလား ၀မ်းနည်းရမယ့် စကားလား မဝေခွဲတတ်တော့ဘူး.. သေချာတာတော့ ငါနင့်အနားမှာ ထီးကလေး အတူဆောင်းရမယ့် ရက်ကို တောင့်တနေတုန်းပဲလေ...


၂၀၀၆ စက်တင်ဘာ ၁ ရက်

ဒီနေ့တော့ ထီးတစ်ချောင်းနဲ့ နင့်အဆောင်ရှေ့ရောက်ခဲ့တယ် နေခြည်ရယ်.. မိုးလင်းမိုးချုပ် ငါစောင့်နေခဲ့တယ်.. မိုးမရွာဘူး နေခြည်... ရွာလဲ ငါမဆောင်းဘူး.. နင့်ထီးဟောင်းလေးမှာ အစားထိုးဖို့ ငါဝယ်ထားခဲ့တာ... သေချာတာ ဒီလတော့ ငါ ချွေတာရတော့မယ်... ၀မ်းဝအောင်တော့ ငါ ကျောင်းနိုင်အုံးမှာပါ.. နင်စွန့်ကျဲရင် နင့်ထီးဟောင်းတောင် ငါပိုင်ဆိုင်ခွင့်ရအုံးမှာ... တန်ပါတယ် နေခြည်ရယ်... နင် ငါ့ထီးကလေးဆောင်းမယ်.. ငါ နင့် ထီဟောင်းလေး ကို သိမ်းထားမယ်.. ဒါငါ့ဘ၀ပဲ .. ငါကျေနပ်တယ်...


၂၀၀၆ စက်တင်ဘာ ၂ ရက်

ရင်နာလိုက်တာ နေခြည်.. ငါထီးလေးကို နင်လက်မခံခဲ့ဘူး.. ငါ့ဆီက နင်ဘာမှ မလိုချင်ဘူးတဲ့.. မပြည့်စုံတဲ့ ဘ၀ကို နင်သနားတတ်တာပဲ သိတယ်.. ဘယ်လိုသနားရမလဲ မသိဘူး.. နင့်ထီဟောင်းကို ငါမတောင်းပဲ နင်ပေးခဲ့တယ်.. ငါငြင်းပါရစေ နေခြည်... တစ်ခုပေးပြီး တစ်ခုယူချင်တာ.. တန်တယ်မတန်ဘူးဆိုတာ ငါ့ ဆုံးဖြတ်ချက်ပဲ...


၂၀၀၇ ဖေဖော်ဝါရီ ၁၄ ရက်

ချစ်သူများနေ့တဲ့ နေခြည်.. နင်ကတော့ ငါ့အဝေးမှာပဲ .. နင်နယ်ပြန်သွားတာ... ၃ လတောင် ပြည့်တော့မယ်နော်.. ငါ တဖြည်းဖြည်းငွေစုရင်း .. နင့်အတွက် အသည်းပုံ ချောကလတ် ဘူးလေး ၀ယ်ထားတယ် နေခြည်.. ငါဝယ်ဖူးသမျှ မုန့်ထဲမှာ ဈေးအကြီးဆုံးပဲထင်ပါရဲ့... ငါ ငွေကို တန်ဖိုးမထားဘူး နေခြည်.. ငါနင့်ကို တန်ဖိုးထားတယ်.. ငါ တတ်နိုင်သမျှထဲမှာ နင်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်စေရမယ်....


၂၀၀၈ မေလ ၂၀ ရက်

ငါ ဒိုင်ယာရီ မရေးဖြစ်တာကြာပြီ နေခြည်.. ငါအိမ်မကပ်တာလဲ ကြာပြီ... နင့်သတင်း နားစွင့်ရင်း ငါရူးနေခဲ့တာ ကြာပြီ... နင်မယူတဲ့ ထီးတစ်လက်... အခုထိ အသစ်စက်စက်ပဲ.. နင့်ကို မပေးရသေးတဲ့ ချောကလတ် အခုထိ လတ်လတ်ဆက်ဆတ်ပဲ... စာလဲ မလာဘူး.. အကြောင်းလဲမကြားဘူး.. ငါကြားတဲ့ သတင်းက ငါ့အတွက်လဲ မကောင်းဘူး.. နယ်မှာ နင်ရည်းစာတွေ ဘယ်လောက်တောင်ထားနေခဲ့လဲ... ငါသိတယ် မပြောတော့ဘူး.. အခုတော့ ငါမျှော်လင့်ချက်အားလုံး ဆုံးရပြီ... နင် စေ့စပ်တော့မယ်တဲ့.... ငါ ချစ်တဲ့ အကြောင်း လစဉ်ပို့ခဲ့တဲ့စာ.. နင်တစ်စောင်မှ မပြန်ခဲ့ဘူး... ငါရေးနေတုန်းပဲ နေခြည်.. အခုတော့ ငါလွမ်းတဲ့အကြောင်းပို့မယ်... ထီးတစ်ချောင်းရယ်... ချောကလတ်တစ်ဘူးရယ်.. ဒါအခု နောက်ဆုံး ငါပိုင်ဆိုင်သမျှပဲ ....


၂၀၀၈ မေလ ၂၂ ရက်

ဘယ်လို အကြောင်းပြချက်တွေနဲ့ ငါရှင်သန်ရမလဲ နေခြည် ... တကယ်ဆို မင်းထားခဲ့မှန်း သိရက်နဲ့ ငါဟာ ဒီနားက ဘာလို့ မခွာနိုင်ရတာလဲ ...


၂၀၀၈ မေလ ၂၉ ရက်

ဒါနောက်ဆုံးရက်လို့ ငါသိတယ်.. မနက်ဖြန်ဆို နင် စေ့စပ်ရောပေါ့... နင် မရှိမှန်းသိရက်နဲ့ နင်နေခဲ့ဖူးတဲ့ အဆောင်ရှေ့ကို ငါရောက်နေပြန်ပြီ နေခြည်... မိုးတွေကလဲ သဲကြီးမဲကြီးရွာတယ် .. လေတွေကလဲ တ၀ူးဝူး နဲ့ ငါကိုလှောင်ရယ်ပြုံးကြတယ်... ငါ မလျှော့ပါဘူး နေခြည်ရယ်.. ငါလေ နင့်ကိုပေးဖို့ ထီးတစ်လက် ချောကလက် တစ်ဘူးနဲ့ နေ့တိုင်းရောက်ခဲ့တယ်.. မိုးတွေကတော့ ငါရောက်တိုင်း ရွာတယ်ဟာ.. ငါ နင့်ကို သိစေချင်တယ် နေခြည်ရယ်.. နင်မရှိလဲ ငါရှိနေတယ်.. နင် မချစ်လဲ ငါချစ်နေတယ်.. နောက် ငါ့မှာ နင့်လက်မခံတဲ့ ထီးတစ်ချောင်းရှိတယ် မပေးရသေးတဲ့ ချောကလတ်တစ်ဘူးရှိတယ်.. မိုးရေတွေ ကြားထဲမှာ သူတို့တွေ မစိုအောင် ငါ့ကိုယ်နဲ့မိုးပေးထားတယ်.. နင် ငါ့ဆီလာ တောင်းတဲ့ အချိန်ထိပေါ့....



ကတိ



မိုးတွေ အငြိုးတကြီးနဲ့ ရွာနေပါလားနော်... အခါမဲ့မိုးနဲ့ ဒဲ့တိုးတဲ့ ကျွန်တော် တော်တော်ကံဆိုးနေပါတယ်.... မနက်က နေသာတော့ ထီးမယူခဲ့မိ... အခုတော့ မိုးရေထဲ အင်္ကျီပါးနဲ့ ခိုက်ခိုက်တုန်နေပါပြီ.... အခုဆို မိုးရေထဲ ရပ်နေမိတာ နေ့တစ်ဝက် နီးပါးရှိတော့မယ်.. သို့သော် ကျွန်တော် မျော်လင့်နေသော.. သူမ အခုအထိ အရိပ်အရောင်တောင် မမြင်ရသေး....
ကျွန်တော် သူ့အိမ်ရှေ့ လမ်းမတဖက်ခြမ်း ပလက်ဖောင်းပေါ်မှာ ရောက်နေတာ အတော်ကြာနေပြီ... သူမသိတာလား.. တကယ်တော့ မဖြစ်နိုင် သူနားမထောင်ချင်ဘူးလို့ ငြင်းခဲ့ပေမယ့်.. ကျွန်တော် ဖုန်းထဲမှာ ပြောဖြစ်အောင် ပြောခဲ့သည်.. သူ .. မခွင့်လွတ်မခြင်း သူ့အိမ်ရှေ့ မှာစောင့်နေမည် .. ခွင့်လွတ်တယ်ဆိုလျှင် ဆင်းတွေ့ပါလို့.. အခုတော့ သူမဆင်းလာ.. သူအိမ်ကို သွားမေးသော်လဲ သူ မရှိတဲ့.. သူ့ သူငယ်ချင်းတွေကိုမေးတော့လဲ.. သူ ဘယ်မှာလဲမသိတဲ့လေ.. အိပ်ချင်ယောက်ဆောင်သူ ကို နှိုးရခက်သလို.. တမင်တကာ ရှောင်ပုန်းနေသူကို ရှာရခက်ခဲပါတယ်.. သေချာတာက အပြင်သိပ်မထွက်တတ်တဲ့သူ... အိမ်ထဲမှာရှိနေပေမည်... မိုးရွာလို့ ထွက်မတွေ့တာလား.. သူ ခွင့်မလွတ်နိုင်သေးလို့လား.. ဒါမှမဟုတ် သူ ကျွန်တော့်ကို မမြင်လို့လား.. ဒါကပို၍ မဖြစ်နိုင်.. သူမမြင်မှာ စိုးလို့ ကျွန်တော် သစ်ပင်အောက်မှာတောင် မိုးမခို.. အကာအကွယ်မဲ့... ပလက်ဖောင်းပေါ်မှာ သူ့အိမ်ကို မျှော်ကြည့်ရင်ရပ်နေတာ... သူမမြင်ဘူးဆိုတာ မဖြစ်နိုင်... တကယ်တော့ မေးခွန်း အားလုံးရဲ့ အဖြေကတော့ သူခွင့်မလွတ်ဘူးဆိုတာကို သာဦးတည်နေပါတယ်...

သူ့ကို ခွင့်လွတ်ပါလို့ ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသည်.. အဖြစ်မှန်ကို ရှင်းပြဖို့ အခါပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်.. အရာမထင်... သှူဆီက ခွင့်လွတ်ပါတယ်လို့ ပြောတဲ့ စကားသံလေးကို ကျွန်တော် မျှော်လင့်နေမိသည်.. အိပ်မက်တွေထဲမှာတောင် ကြားယောင်နေမိသည်... တကယ်တော့ အပြစ်ရှိခဲ့တဲ့ ကျွန်တော် သူဆီက ခွင့်လွတ်ခြင်းနဲ့ မထိုက်တန်ပါဘူး ဆိုရင်တောင်.. ကျွန်တော့် အမှားတွေ အတွက် ပေးဆပ်ခွင့်တော့.. မျှော်လင့်နေမိသည်.. သူဆီက ကျွန်တော် တကယ်လိုချင်သော ခွင့်လွတ်မှု မရသည့်တိုင် သူလိုသမျှ သူအနားမှာ ပေးဆပ်ရင်း ကျွန်တော့် ဘ၀ကို သူလက်ထဲမှာ သာကုန်ဆုံးချင်သည်...

ခွင့်လွတ်ပါချစ်သူ... ကျွန်တော် မှားခဲ့ပါတယ်.. တကယ်တော့ သူကို ကျွန်တော် အခြားတစ်ယောက်အဖြစ် မမြင်သင့်... သူကို သူလို့သာ မြင်သင့်သည်.. အစားထိုး ချစ်ခံရတဲ့ မိန်းမတစ်ယောက်.. သူဘယ်လောက်ရင်နာနေမလဲ.. ကျွန်တော် သိတာ သိပ်နောက်ကျခဲ့ပါတယ်.. အခုတော့ သူမုန်းသွားခဲ့ပြီ... ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး မဖြစ်ခဲ့ရင်တောင် နောက်ဆုံး ချစ်သူဖြစ်ပါရစေလို့ တောင်းဆိုခဲ့သူ... သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့ပါသည်... မြတ်နိုးခဲ့ပါသည်... ကျွန်တော့် ဘ၀ရဲ့ ရှင်သန်ရာအဖြစ် ကျွန်တော် တန်ဖိုးထားခဲ့ပါသည်.. သို့သော် သိပ်နောက်ကျခဲ့နေပြီ.. သူအဝေးထွက်သွား မှ သူတန်ဖိုးနားလည်တဲ့ ကျွန်တော် သိပ်ညံ့လွန်း သည်... ဒါပေမယ့် ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး ချစ်သူဖြစ်ရပါစေမယ်လို့ ကတိပေးလိုက်ပါသည်... ထိုကတိ တည်ခွင့်ပြုပါ.. သူ့နဘေး ကျွန်တော့်ကို ရှင်သန်ခွင့်ပြုပါ....

အခုအချိန်မှာ သူသာ ကျွန်တော့် အဖြစ်ကို မြင်ပြီး သနားမျက်ရည် တပေါက်လောက်ကျခဲ့ရင် မိုးရေတွေကြောင့် အေးခဲနေတဲ့ ကျွန်တော့် နှလုံးသားနွေးထွေးစေမှာတော့ အမှန်... တကယ်တော့ မိုးရွာထဲသူ့မျက်ရည်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်.. ထိုအတူ သူ့နှုတ်ခမ်းဖျားက ခွင့်လွတ်ပါတယ်လို့ ပြောဖို့ ပိုတောင်ခက်ခဲနေမည်လား .. ဒါဆို သူ့နှလုံးသားထဲက ကျွန်တော့် အတွက် အချစ်လက်ကျန်ကိုရှာဖို့ ဆိုတာကတော့ အခက်ခဲဆုံးဖြစ်မည်ထင်သည်...

မိုးကလဲ ပိုတောင်သဲလာသလိုပါပဲ.. စောင့်စားသူကို ပင်ပန်းအောင်လုပ်ချင်တာလားမသိ... ကျွန်တော် ဆက်မစောင့်နိုင်တော့ သု့ကို တွေ့ချင်လာသည်... စိတ်မထိန်းနိုင်တဲ့အဆုံး.. ကျွန်တော် သူအိမ်ကလေးဆီသို့ လမ်းဖြတ်ကူးလိုက်သည်.. “တီ.... တီ .... တီ... ” ဟွန်းသံနဲ့အတူ ဘရိတ်အုပ်ဖို့ကြိုးစားနေသောကားတစင်း “ကျွီ...”. ကမ္ဘာကြီးရဲ့ အပြင်ဘက် ကျွန်တော် ရောက်သွားသလို တကိုယ်လုံ နားကျင်စေတဲ့ ရိုက်ခတ်မှုတစ်ခု.. ကြယ်လဲမြင်သည်.. လလဲမြင်သည်.. ကမ္ဘာ ကြီးနဲ့လဲ အဆက်အသွယ်ပြတ်သွားသည်..

ကျွန်တော် နားတွေအူနေတာလား.. လူတွေစကားပြောသံကို သဲသဲကွဲကွဲမကြား... သေချာတာက ကျွန်တော့်အနား လူတွေ များနေသည်ကအမှန်.. ကျွန်တော် မျက်နှာပေါ် ခပ်နွေးနွေး အရည်တွေ ကျဆင်းလာသည်.. သွေးတွေပဲလား... ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်... မြင်သမျှကတော့ အနီရောင် မသဲကွဲပေမယ့်.. သေချာသလောက်ရှိတာက .... ကျွန်တော် လှဲလှောင်းနေတာ ကျွန်တော့် ချစ်သူလက်ထဲမှာ... ကျွန်တော့် ပါးပေါ်ကို သူမျက်ရည်စက်တွေက တစက်ပြီးတစက်.. ... သူငိုနေသည်.. သူမျက်ရည်စတွေကို ကျွန်တော် မိုးရေထဲရှာတွေပါပြီ... သူ နှုတ်ခမ်းက ကျွန်တော်ကို စကားတွေပြောနေသည်.. ကျွန်တော် မကြားနိုင်.. သူ... ခွင့်လွတ်သည် လို့ပြောနေတာများလား... မေးဖို့ကြိုးစားကြည့်သည်.. ကျွန်တော် အသံတွေ မထွက်.. မိုးရေထဲမှာ မျက်ရည်စတောင် ရှာတွေ့နိုင်ရင် .. သူပြောနေတာ ခွင့်လွတ်တယ်ဆိုတာ ဖြစ်ရမည်.. ဒါဆိုသူ့ရင်ထဲမှာ ကျွန်တော့် အတွက် အချစ်တွေ ကျန်သေးတယ်ဆိုတာပါပဲ.... ဒါဆို ကျွန်တော် ကျေနပ်ပါပြီ

ကျွန်တော်ပေးခဲ့တဲ့ကတိ တည်သွားသလို ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝသွားပါပြီ... သူ ဟာကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးချစ်သူဖြစ်သလို... သူ့လက်ထဲမှာ ကျွန်တော့် ဘ၀ကို ကုန်ဆုံးခွင့် ရပါပြီ....

လိပ်ပြာ



အနာဂတ်ဆိုတဲ့ ဟိုးအဝေးကြီကို မျှော်တွေးမိတိုင်း... ကိုယ့်နဘေးကိုယ် ကြည့်မိတယ်.. နေရာကတော့ အခုထိ လစ်ဟာနေဆဲပါ.... ကိုယ့်ရင်ထဲ ကိုယ့် ပြန်ခံစားကြည့်လိုက်တော့ .. နေရာလွတ်မဲ့နေတဲ့ နှလုံးသားတစ်ခု... ... ... .... အချစ်တွေ အပြည့်အနှက် တစ်ခါတစ်ရံ အသက်ရှုတောင် ရပ်လောက်တယ်... ဒီခံစားချက်တွေ... သက်ဆိုင်သူမသိပဲ... ငါ ဒီကမ္ဘာကြီးက ထွက်သွားရနိုင်တယ်.... ငါရဲ့မ၀ံ့ရဲမှု ... ငါ့ရဲ့မပွင့်လင်းမှု.... ငါ့ရဲ့ ညံ့ဖျင်းမှုတွေက.. ငါ့ဘ၀နဲ့ ထပ်တူ တန်ဖိုးထားတဲ့... ချစ်ရတဲ့.. သူ့ကို ငါနဲ့ မနီးစပ်စေတဲ့ အကြောင်းအရင်းတွေပဲလား.....
“ချစ်တယ် ”... ဒီစကားလေးကို ငါ ပြောဖို့ ဘာကြောင့် စိုးရွိ့နေရတာလဲ.... သူ့အရှေ့ ငါဟာ ဘာကြောင့် အကြိမ်ပေါင်းများစွာ ကျဆုံးခဲ့ရတာလဲ.... သူအပြုံးအောက်မှာ ငါ့နှုတ်ခမ်းတစ်ခု ဘာကြောင့်စွံအ ခဲ့ရတာလဲ.... ဘာကြောင့်လဲ... ဘာလဲ.... ? .... ? ..... ? .... အတွေးပေါင်းများစွာ နဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

မေးခွန်းပေါင်းများစွာအတွက် အဖြေမရခဲ့ပေမယ့်.... သူ့ကို ချစ်တယ်ဆိုတာတော့ သိနေတယ်... ဖွင့်ပြောဖို့ ခက်နေတယ်... သူမုန်းမှာလား.... သူ့အချိုဆုံးသော အပြုံလေး ငါပိုင်ဆိုင်ခွင့်ရှိပါ့မလား .... သူမျက်လုံးအပင့် ဟာ ငါ့အတွက်ဖြစ်ပါ့မလား... သူနဘေး နေရာလွတ်ကလေးမှာ ... ငါရှင်သန်ခွင့်ရှိပါ့မလား .... သူပါးပြင်ဖွေးဖွေးလေး ငါ့နမ်းခွင့်ရပါ့မလား..... သူလက်ဖ၀ါး သေးသေးလေး... ငါလက်ဖ၀ါးနဲ့ ထပ်တူပြုခွင့်ရပါ့မလား.... ဖြစ်ပါ့မလား.... ရပါ့မလား.... ? ... ? ... ? ... မေးခွန်းပေါင်းများစွာနဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

အိပ်မက်တွေ မက်ခဲ့တယ်.. အိပ်မက်တွေ ဆိုးဆဲပဲ... သူမရှိတဲ့  ငါ့ဘ၀ မုန်တိုင်းထန်နေတယ်... အတွေးထဲ သူရောက်လာတဲ့ခဏ အေးချမ်းခဲ့တယ်.... ငါနဘေး သူမရှိတဲ့ဘ၀ သိလာပြန်တော့ အထီးကျန်တယ်....

တကယ်တော့ အရာအားလုံးအတွက် အဖြေမရပေမယ့် ဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရမယ်ဆိုရင် ငါ လိပ်ပြာတစ်ကောင်ပဲဖြစ်ချင်တယ်.... မ၀ံ့ရဲမှု ... မပွင့်လင်းမှု တွေကင်းတဲ့.. အရောင်တွေစုံတဲ့... သိပ်လှတဲ့.... သူ့အာရုံတွေကို ... ဖမ်းစားနိုင်တဲ့.. လိပ်ပြာလေးပဲ ဖြစ်ချင်တယ် ....
သူ အနားကို ငါပျံသန်းသွားမယ်.... သူနဘေး မှာ ငါတ၀ဲလည်လည်ပျံသန်း နေချင်တယ်... သူအနီးမှာ ငါ့ဘ၀ ရှင်သန်ရာဖြစ်ချင်တယ်....

သူ မျက်လုံးအကြည့်တွေဟာ.. ငါအတွက်ဖြစ်စေချင်တယ်.....

ငါ့ကို မြင်တဲ့အခါတိုင်း သူ့ အပြုံးပွင့်တွေ ဖူးပွင့်နေစေချင်တယ်.....

သူခွင့်ပြုခဲ့ရင်.. သူ့လက်ဝါး သေးသေးလေးပေါ် ငါနားမယ်... သူပုံခုံးပေါ်ငါနားမယ်... သူ့ရင်ခွင်မှာ ငါခိုနားမယ်.....

ငါ့ရှင်သန်ချိန်တွေကို သူအနားမှာပဲ ငါကုန်ဆုံးချင်တယ်... ဒီကမ္ဘာပေါ် သူရှင်သန်နေသမျှ ကာလပတ်လုံး သူ့ကို အလှဆုံးဆိုတာတွေကို ပဲ ပေးချင်တယ်... အပျော်ဆုံးဆိုတာတွေပဲ တွေ့စေချင်တယ်......

ငါသေခဲ့ရင်တောင်... သူ့အတွက် အမှတ်တရ သိမ်းထားစရာတွေပဲ ချန်ထားခဲ့ချင်တယ်....

ချစ်သူရေ.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်.... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ်.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်....... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ် .... ငါ... လိပ်ပြာပဲ ဖြစ်ချင်တယ်.......

အိပ်မက်လှလှ မက်ပါရစေ....



နှင်းဆီ ရနံ့တွေ သင်းပျံ့ နေတဲ့ နှင်းဆီတွေ ၀န်းရံထားတဲ့ မြက်ခင်းပြင်ပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ကျွန်တော် ရပ်နေခဲ့တယ်.. လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ အပွင့်လေး တစ်ပွင့်ကို ယုယစွာကိုင်ပြီး ... ကျွန်တော် သူ့ကို မျှော်နေတတ်တယ်... ကျွန်တော်ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ.... ကျွန်တော် နှင်းဆီပွင့်လေးကို ယုယစွာနမ်းရှိုက်လိုက်တယ်... ဒီရနံ့လေးက ကျွန်တော် ကို အလှပဆုံး အတိတ်ကို ခေါ်ဆောင်သွားခဲ့တယ်....

အဲ့ဒီ နေ့ပေါ့.... ကျွန်တော် မှတ်မိပါတယ်.... ကျွန်တော်နဲ့သူနဲ့ ချစ်သူစဖြစ်တဲ့နေ့.. ဒီနေရာမှာ.. ဒီ နှင်းဆီခြံကြီးရဲ့  အလယ်မှာပေါ့... ကျွန်တော် သိပ်ချစ်တဲ့သူ့ကို အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့ဖူးတယ်.. ဒါပေမယ့် ကျွန်တော်ချစ်သူက ပိုလှနေပါတယ် ... နှင်းဆီလေးကို ညင်သာစွာ နမ်းရှိုက်ခဲ့ဖူးတယ်... ဒါပေမယ့် သူပါးပြင်လေးကို ကျွန်တော် မြတ်နိုးစွား နမ်းရှိုက်လိုက်တော့ ... သူ့ပါးပြင်လေးက ပိုမွှေးခဲ့ပါတယ်... သိပ်လှခဲ့ပါတယ်... ဘယ်နှစ်ကြိမ်တွေးတွေး အလှဆုံးပုံပြင်လေးပါပဲ...

ရက်တွေ ကြာလာတော့ သူလဲပြောင်းလာတယ်... သူမျက်ဝန်းလေးတွေ အရောင်တွေမဲ့လာတယ်.. ဘာကြောင့်လဲ လို့မေးတော့... အိပ်မက်ဆိုးတွေကြောင့်တဲ့... သူ ညည သန်းခေါင်ကျော်ရင် အိပ်မရအောင် ၀င်လာတတ်တဲ့ အိပ်မက်ဆိုးတွေ ကြောင့် လို့ပြောတယ်... ငယ်စဉ်ကတည်းက သူမိဘတွေရဲ့  ဂရုစိုက်မှုကို မရလိုက်တော့ သူကိုထားသွားပြီလို့ အမြဲ အိပ်မက်မက်တတ်တယ်... သူအိပ်မက်ထဲ ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး သူနိုးလာစမြဲပေါ့... ငယ်စဉ်က သိပ်မမက်ဖြစ်ပေမယ့်.. အခု ခဏခဏ မက်လာတယ်တဲ့... ကျွန်တော် သူအိပ်မက်လှလှမက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်.. ဆရာဝန်တွေနဲ့လဲ တိုင်ပင်ကြည့်ပါတယ်... သိပ်တော့မထူးခြားခဲ့ပါဘူး... သူရုပ်က တဖြည်းဖြည်းပြောင်းလာသလို သူ့စိတ်လဲ တဖြည်းဖြည်းပြောင်းလာတယ်.. ကျွန်တော် အပေါ်ထားတဲ့ သူအချစ်တွေပြောင်းသွားမှာကိုလဲ ကြောက်လာတယ် ... သူ့ကိုလဲ သနားတယ်... အရင်ကထက်တောင် ပိုပြီး ကြင်နာမိပါတယ်...

တနေ့တော့ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော်တို့ နှစ်ယောက်ရောက်လာခဲ့တယ်... ကျွန်တော် အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့တယ်... ပြီးတော့ ကျွန်တော် ရုတ်တရက်စိတ်ကူးရလာတော့ ပြောလိုက်တယ်... သူကို ဒီနေရာကစောင့်နေမယ် လို့... ရုတ်တရက် ဆိုတော့ သူ နဲနဲတော့ ကြောင်သွားတယ်... ကျွန်တော် ဆက်ပြောလိုက်တယ်... ဒီနေရာက စောင့်နေမယ်.. ဒီလို အလှဆုံးနှင်းဆီလေးကို ကိုင်ပြီး စောင့်နေမယ် လို့ ပြောတော့ .. သူက ဘယ်သူကိုလဲလို့ ပြုံပြီးပြန်မေးတယ်... ကျွန်တော် သူ့အမေးကိုမဖြေပဲ ကျွန်တော့်စကားကို ဆက်လိုက်တယ်.... ဒီနေရာက စောင့်နေမယ်.. ဒါမှ အိပ်မက်ထဲ ဘယ်သွားလို့ ဘယ်လာရ မှန်းမသိတော့ ရင် ဒီမြက်ခင်းပြင်ကြီဆီကိုလာခဲ့.. ကျွန်တော် ကိုတွေ့လိမ့်မယ် .. ကျွန်တော် စောင့်နေမယ်လို့ ... ပြောလိုက်တော့ ... သူကျေနပ်သွားတယ်.. တကယ်လား လို့.. သူကမေးတော့ တကယ်ပါလို့... ကျွန်တော် ကတိပေးလိုက်တယ်...

ရက်နည်းနည်းကြာတော့ သူ ပြောင်းလဲသွားပါတယ်.. သူမျက်လုံးတွေ လင်းလက်လာသလို ... သူ့အပြုံးတွေ လှပလာတယ်.. သူ့စိတ်တွေ ရွင်လန်းလာတယ်... သူ အိပ်မက်လှလှတွေ မက်တတ်ပြီတဲ့.. ညတိုင်း အိပ်မက်ထဲသူမိဘတွေ ထားသွားရင် သူ က ဒီကွင်းပြင်ကြီးကို လာပြီ ကျွန်တော်ကို ရှာတယ်.. ကျွန်တော့်ကိုတွေ့တယ်... ကျွန်တော်တို့ အတူပျော်ကြတယ်တဲ့..... မနက်တိုင်း သူအပြုံးတစ်ခုနဲ့ နိုးထရတယ်တဲ့... ဒါကြောင့် ကျွန်တော်ကို သူပိုချစ်လာသလို တသက်လုံး ကျွန်တော့် နဘေး အဖော်ပြုပေးမယ်တဲ့လေ... တကယ်လား လို့.. ကျွန်တော်ကမေးတော့ တကယ်ပါလို့... သူကတိပေးခဲ့တယ်... ကျွန်တော်လဲ အပျော်လွန်ပြီး အိပ်မက်ဖြစ်နေမှာစိုးလို့ နှင်းဆီဆူးကိုတောင် လိုလိုချင်ချင် ကိုင်လိုက်တယ်လေ... ကျွန်တော့် သွေးတွေ သက်သေပြတာ ကတော့ “အလှဆုံးဆိုတဲ့ အိပ်မက်တွေထက် လှပတဲ့ တကယ့်နေ့ရက်ပါပဲ” တဲ့ ....
ဒါပေမယ့် အပြောင်းအလဲများတဲ့ သူ ... ပြောင်းလဲသွားပြန်တယ်... ကျွန်တော့်ရဲ့  သူ့အပေါ် ယုံကြည်မှု ခွင့်လွတ်မှု နားလည်မှု တွေကို သူ ... ဂရုမစိုက်မှုလို့ နာမည်ဆိုးတပ်ပြီး ကျွန်တော်အဝေး သူထွက်ပြေးသွားခဲ့တယ်...

ကျွန်တော် အခု အိပ်မက်ဆိုးတွေ မက်တတ်လာပါပြီ.. အိပ်မက်ထဲမှာ သူထားသွားတယ်... ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး ကျွန်တော် ဇောချွေးတလုံးလုံးနဲ့ သန်းခေါင်ယံ ဆို သူနာမည် တမ်းတပြီး နိုးထလာမြဲပေါ့.. နိုးထလာတိုင်းလဲ.. သူ အိပ်မက်လှလှမက်ပါစေလို့ ကျွန်တော် အမြဲဆုတောင်းတတ်တယ်... မနက်တိုင်းလဲ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော် ရောက်လာတတ်တယ်.. အမြဲတိုင်း သူ့ကို စောင့်နေတတ်တယ်...

တနေ့နေ့ သူ ဘယ်သွားလို့ ဘယ်လာရမှန်းမသိခဲ့ရင်...

သူ့အိပ်မက်ဆိုးတွေ မက်ခဲ့ရင်...

သူ ကျွန်တော်ကို ပေးခဲ့တဲ့ သူ့ကတိအတိုင်းတည်ခဲ့ရင်...

ကျွန်တော် အချစ်ကို သူနားလည်နိုင်ခဲ့ရင် ....

သူ ကျွန်တော်ဆီ ပြန်လာမယ်လို့ မျှော်လင့်နေမိတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ကတိ အတိုင်း စောင့်နေတတ်တယ်... လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ နှင်းဆီပွင့်လေး တစ်ပွင့်ကို ယုယစွာ ကိုင်လို့ပေါ့... ကျွန်တော် ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ....

အလွမ်း ငှက်ငယ် ....




အေးမြတဲ့ဆောင်း အကုန် ပူလောင်လောင်နွေအကူး မှာ လေတွေတောင် ရူးလောက်တယ်..... ဒီအချိန်ဆို မနေနိုင်ဘူး... ငါ့ရင်တွေ ပူနေတယ်... နှလုံးသွေးတွေ ဆူပွက်နေတယ်... ရှင်အတူ ... သေမကွာ ငါ့နဘေး အပူအပင်တွေ ခွဲဝေပြီး မညီးမညူ ငါ့အသဲနဲ့ထပ်တူ မမုန်းတန်း ချစ်နေမယ် ဆိုတဲ့မင်း... ဒီနွေအပြောင်းမှာ စိတ်ပြောင်းသွားတာလား....

နွေအရောက်မှာ နင်ပျောက်လို့ နွေအရောက်ကို ငါစောင့်နေတယ်... နွေရောက်ရင် နင်ပြန်လာမှာလားလို့ .... ငါ့ ညတိုင်းလဲမျှော်နေတယ်.. နေ့တိုင်းလဲ အော်နေတယ်... ငါ့နာမည်နင်ကြားရင် .. ငါ့အနားနင် ပြန်လာမလားပေါ့... မင်းမကြားပေမယ့် .. လူတွေကတော့ ကြားပါတယ်.... ကိုယ့်နာမည်ကိုယ်အော်လို့ င့ါကို မသူတော်လို့ သူတို့ခေါ် ချင်ခေါ်ပါစေ .. နင်ကြားမယ် ဆိုရင် ငါကျေနပ်နေတယ်လေ.. နင်ကြားပါစေ....

နွေရှိရင်ငါရှိမယ်.. ငါရှိရင် ငါ့အသံနင်ကြားမယ်... ငါ့ရင်ထဲက အလွမ်းတွေကြောင့် ငါ့ အသံတွေ ဆွေးမြေ့ နေတယ်.. နင်ကြားရင် နင်သနားမယ်... နင်သနားရင် ငါ့ရင်ခွင်ဆီကို မင်းပျံလာမယ်... ဒီမျှော်လင့်ချက်လေး တစ်ခုအတွက် နွေရှိရာ ငါ အရောက်လာခဲ့ပြီ ချစ်သူ... နင်လဲ နွေနဲ့အတူရှိနေပါစေ......

ဘ၀ပေးမကောင်းလို့ ငါ့အရောင်တွေ ကင်းနေတယ်.. အဆင်းကမဲနေတယ် မွဲနေတယ် ဒါပေမယ့် ငါ့အချစ်က ဖြူစင်တယ်...မေတ္တာရနံ့တွေ ထုံမွန်းထာတဲ့ ငါ့ အချစ်က မွေးပျံ့နေတယ် ... သစ္စာ တံတိုင်းတွေ ကာရံထားတဲ့ ငါအချစ်က ခိုင်မြဲတယ်... ဒါတွေကို နင်မြင်နိုင်တဲ့နေ့.. ဒါတွေကို နင်နားလည်တဲ့နေ့ .. ငါ့အသံတွေ နင်ကြားတဲ့နေ့ .... ငါ့ရင်ခွင်ဆီကို မင်းပြန်လာနိုင်ပါစေ.....

အခုလဲနွေရောက်နေတယ်.. ငါ့ရင်တွေ ပူနေတယ်... နှလုံးသွေးတွေ ဆူပွက်နေတယ်... မသူတော်လို့ ငါ့ကိုလူတွေ ခေါ်ချင်ခေါ်ပါစေတော့... ဒီနွေနဲ့အတူ ငါရှိတာနင်သိရင် ငါဆီပြန်လာမယ်ဆိုတဲ့ မှိန်ပြပြမျှော်လင့်ချက်လေးအတွက် .... ငါ့ နာမည်နင်သိအောင် အော်ပြောလိုက်တော့မယ်....

“ဥသြ..... ဥသြ..... ဥသြ.....”

နင်ကြားနိုင်ပါစေ.. ငါ့ဆီ ပျံသန်းလာနိုင်ပါစေ.....

အထီးကျန်



အရင်လို ပြန်ဖြစ်မယ်ဆိုရင် သူကို... အရာရာကို ကြောက်တတ်တဲ့ အမြဲသိမ်ငယ်နေတတ်တဲ့... တစ်ယောက်တည်း မနေရဲတဲ့... အလိုလိုနေရင် အားငယ်စွာငိုနေတတ်တဲ့ ကျွန်တော် လက်ကိုဆွဲ ကျွန်တော်နောက်မှာကွယ်ပြီး လောကကြီးကိုရင်မဆိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်တော့ ပြန်မဖြစ်စေချင် ... သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတွေလုံလောက်စွာပေးနိုင်တဲ့.. ကျွန်တော်နဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်မယ် ဆိုတဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ချစ်စရာအပြုံးပိုင်ရှင်ကောင်မလေး တစ်ယောက်တော့ ပြန်ဖြစ်စေချင်တယ်....

အတိတ်ဆိုတာ ပြန်မရနိုင်တော့တဲ့ အရာ ပြင်မရနိုင်တော့တဲ့ အရာ သူနဲ့ကျွန်တော်သာ ပိုင်ဆိုင်တဲ့အရာ ကျွန်တော့်အတွက်ကတော့ သိပ်လှတဲ့အိမ်မက်ပေါ့... အဲ့ဒီအတိတ်ကို ပြန်မရရင်တောင် အဲ့ဒီအတိတ်အိပ်မက်ကို ကျွန်တော် မနိုးတမ်းမက်နေချင်တယ်.... အဲဒီ အတိတ်မှာပဲ ကျွန်တော် တ၀ဲလည်လည် နေခဲ့လိုက်ချင်တယ်...
အခုတော့ သူဟာ... သူဘ၀ကို သူဦးဆောင်နိုင်နေပါပြီ... အရာရာကို ကျွန်တော်မပါပဲ ရင်ဆိုင်ရဲနေပါပြီ... အိပ်မက်တွေကို သူရဲရဲကြီးမက်တတ်လာသလို အိပ်မက်တွေကို သူ.. လက်တွေ့ အကောင်အထည် ဖော်နိုင်နေပါပြီ... ကျွန်တော့် လက်ကိုဆွဲ လောကကြီးကို ရင်မဆိုင်ရဲတဲသူတစ်ယောက်ကနေ.. ကျွန်တော် မပါပဲ လောကကြီးကိုရင်ဆိုင် ရဲနေပါပြီ... သူပြောတော့ ကျွန်တော့်ကြောင့်တဲ့လေ... ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာတဲ့... ဒါဆို ကျွန်တော် က ကျွန်တော့် အသဲကွဲမြိုတော်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်ပေါ့.. ကျွန်တော့် အထီးကျန်ကမ္ဘာကို ဖန်တီးတဲ့... ဖန်ဆင်းရှင်ပေါ့... ကျွန်တော့် အနာဂတ်ကို ပြိုကျစေတဲ့ မကောင်းဆိုးဝါးပေါ့... အခုဆို သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာလုံလောက်စွာမရှိတော့ .. သူအိပ်မက်များက နေရာယူကုန်ပြီ .. သူ့ဘ၀မှာ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်တော့... မလိုအပ်တော့သော.. တစ်ချိန်ကလိုအပ်ချက်သာ ဖြစ်တော့သည်...

တကယ်တော့ သူပြောသလို .. ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာမဟုတ်ပါဘူး.. ပေးလိုက်တာပါ... သူမရှိနိုင်တော့တဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော် ရင်မဆိုင်ရဲတော့ပါဘူး.. သူအချစ်တွေကို ပိုင်ဆိုင်ဖူးခဲ့တဲ့ နှလုံးသားကလဲ သူ့အချစ်ကို တောင့်တနေသလို သူလက်ကိုဆွဲခဲ့တဲ့ ကျွန်တော့်လက်တွေက လဲ သူ့လက်ကလေးကို တောင့်တနေပါတယ်... အခုတော့ ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပါဘူး.. သူ့ကို ဟိုးအဝေးကြီး မထွက်သွားပါနဲ့လို့ ပြောဖို့တောင် သတ္တိမရှိတော့ပါဘူး... သူအိပ်မက်တွေ လှပစေချင်တယ်.. သူဘ၀ကို သာယာစေချင်တယ်.. ဒါပေမယ့် သူရင်ထဲမှာ ကျွန်တော်ကို ထာဝရ ရှိနေစေချင်တယ်... ကျွန်တော့်ရင်ထဲ သူအမြဲ ရှိနေသလိုပေါ့.... ဒါကြောင့် သူ့ကို မတားရက်ခဲ့သလို.. တားဖို့လဲသတ္တိမရှိပါဘူး.. အမှန်တော့ သူမုန်းသွားမှာကို ကြောက်နေမိတာပါ....

အခုတော့ ကျွန်တော် ကျန်ရစ်ပြီလေ... သူလိုချင်တဲ့ ဘ၀ သူရဖို့ သူသွားတော့မှာပါ... ကျွန်တော်က တော့ လက်ပြရုံသက်သက် ကျန်ရစ်သူ အထီးကျန်လူသားပေါ့... သူမျက်ရည်တွေ ရစ်ဝိုင်းပြီး လက်ပြကျောခိုင်းသွားတော့... အပြုံးတုတွေ အထပ်ထပ် နဲ့ လက်ပြနှုတ်ဆက် နေခဲ့တဲ့ ကျွန်တော် မျက်ရည်မိုးတွေ တားမရအောင် မုန်တိုင်းထန်ခဲ့ပါတယ်.. သူမမြင်ပါစေနဲ့...သူခရီးဖြောင့်ဖြူးပါစေ.... မသွားပါနဲ့လို့ ကျွန်တော် တတွတ်တွတ် ရွတ်နေမိတယ်... သူမကြားပါစေနဲ့.. သူဘ၀လှပပါစေ...သူ.. မျှော်လင့်ချက် အလင်းရောင်တွေနဲ့ လင်းလက်တဲ့ဘ၀တစ်ခုဆီကို လျှောက်လှမ်းနိုင်ပါစေ... မှောင်အတိကျနေတဲ့ မျော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော့် ဘ၀ကို သူ... မေ့နိုင်ပါစေ.....



ဆောင်းခိုငှက်

ဆောင်းတွင်းအိပ်မက်တွေနဲ့
နိုးထရတဲ့ အခါတိုင်း
စိတ်ကူးတွေဟာ ဒဏ်ရာတွေနဲ့ရော
ဒီိကိုယ်ပေါ်ကို အညှာအတာမဲ့ အေးခဲလိုက်ကြ…

မြူဆိုင်းတဲ့ ညက
ခြေတစ်လှမ်း နောက်အကျမှာ
ဒီကောင့်ရင်ဟာ ဟိုတစ်စ ဒီတစ်စ
အဲ့ဒီညမှာ မြူခိုးတွေကြား မိုးမဲတွေရွာချ…..

အေးစက် တုံဆိုင်းခဲ့တဲ့ဆောင်းဟာ
ဘယ်တော့မှ နှင်းကျခွင့်မရ
တိမ်ဆိုင် အဆုတ်အဆုတ်တွေက
အနာဂတ်တွေကိုရင်ထဲက ဆွဲထုတ် မြေမြုပ်သွားကြ…..

နေပူလဲ ဆောင်း မိုးရွာလဲ ဆောင်း
တစ်ရာသီနဲ့ တစ်ဘ၀တည်တဲ့
လူသားတစ်ယောက်ရဲ့ ဇာတ်ကြောင်းမှာ
သူမျှော်နေဆဲ ဆောင်းခိုငှက်ငယ်လေးဟာ ဘယ်တော့မှမခိုနားကြ…..

၂၅

နှစ်ဆယ့်ငါး ဆိုတဲ့ အစိပ်
င့ါခန္ဓာကတော့ ဘ၀ရဲ့ တစ်စိပ်ရှိနေပြီ
ငါ့ဘ၀ကရော ဘယ်နှစ်စိပ်ရှိမလဲ....
.................................
ထားတော့.........

မနေ့က....
တကယ်ဆို..... ပြီးခဲ့တဲ့နှစ်ရဲ့ ဒီလိုနေ့တုန်းက...
နောင်နှစ် ဒီလိုနေ့မှာ ငါပိုင်ရမယ်လို့ တောင့်တမိတဲ့ အရာ....
ပြန်တွေးကြည့်ရင် အတိတ်က ဝေလို့ ၀ါးလို့....
မြူဆိုင်းတဲ့ အတိတ်မှာ ငါဟာ သက်တမ်းတစ်ခုစာ အိပ်စက်ခဲ့တယ်.......
ငါဘာတွေ အိပ်မက်ခဲ့ဖူးလဲ...
.................................
ထားတော့......

ငါ ဘောင်သွင်းဖို့ မေ့နေတဲ့
ဥပဒေသတစ်ချို့လဲ ပျောက်လို့ ပျက်လို့
ငါမြတ်နိုးတဲ့ အဖြူရောင် ၀တ်ရုံလေးလဲ စွန်းလို့ ထင်းလို့
သက္ကရာဇ်တွေအရ ကလေး မလုပ်ရမယ့် အရွယ်မှာ
ဘာကြောင့် သူများစိုက်တဲ့ အသီး ငါခူးချင်နေရတာလဲ....
.......................................
ထားတော့.........


ကန္တာရ အကြောင်းတွေးရင်းနဲ့ ချွေးထွက်သလို
ပင်လယ်အကြောင်းတွေးရင်းနဲ့ လှိုင်းမူးတယ်
မာနတွေ ဆောင်းထားတဲ့ ငါခေါင်းကတော့
အတောင်မရှိပေမယ့် ပျံမယ် တကဲကဲ....
နောက်ဆုံးတော့လဲ သူများမိုးတဲ့ ထီးမှာ
ငါဟာ မိုးခိုနေဆဲပဲ.................
....................................
ထားတော့......

မာန်တင်းထားတဲ့ ရင်လဲ လေတိုးလို့ ကျိုးချင်ချင်
ရည်မှန်းချက်တွေလဲ နေထိုးလို့ ဖျော့တော့တော့
အခန်းဆက် ၂၄ ကို လေ့လာတော့လဲ
နောင်တဆိုတဲ့ ကဏ္ဍ မရောက်မခြင်း
ဒီကောင်က အသိတရား မရချင်ဘူး
နှောင်းမှ ရတဲ့ နောင်တကို တစ်နှစ်စာကြိုပြထားရင်.......
.................................
ထားတော့..........
ထားတော့..........
လှည့်ကြည့်စရာ မိုင်တိုင်များ မထင်ရှားတဲ့
အတိတ်အကြောင်းများလဲ ထားပါတော့
မျှော်ကြည့်စရာ တိမ်တိုက်များ မရေရာတဲ့
အနာဂတ် စိတ်ကူးယဉ်များလဲ နားပါတော့
အသေချာဆုံးသော ဒီနေ့မှာ ဒီလူဟာ
နှလုံးသွေးတွေ ဖြူစင်သေးသမျှ
ခေါင်းထဲ ကအတွေးတွေ မာန်ရှိသေးသမျှ
ငါ့အိပ်မက် ခပ်ထိန်ထိန်ကို
အဖြူရောင် ကားချပ်ပေါ်မှာ စိတ်သန့်သန့်နဲ့ပဲ ခြယ်နေတော့မယ်...

ကြယ်ကြွေစောင့်သူ





ကြယ်တွေ စုံပါတယ် ... လမင်းလဲပြုံးနေတယ် ... တိမ်တွေလဲ အဝေးကိုဖယ်နေတယ်... သိပ်လှတဲ့ဒီလိုညမှာ ကျွန်တော်.. ကြယ်တွေကို ရင်မောစွာရေတွက်နေမိတယ်.... ရေတွက်လိုက် ရောသွားလိုက် အစကပြန်ရေလိုက်နဲ့ ဒီလိုလှပတဲ့ညကို ခံစားချက်မဲ့စွာ ကုန်ဆုံးစေနေတယ်... တကယ်တော့ ကျွန်တော် လိုချင်တာ လမင်းရဲ့အပြုံး မဟုတ်သလို ကြယ်တွေအရေအတွက်လဲမဟုတ် ပါဘူး... ကျွန်တော် လိုချင်တာ ကြယ်ကြွေတာပဲ စိတ်ထဲကလဲ ကြယ်တွေမြန်မြန်ကြွေပါတော့လို အားမလို အားမရ ဆုတောင်းနေမိတယ် ...

ဟော ကြယ်ပွင့်လေးကြွေပါပြီ... ကျွန်တော် စိတ်ထဲကပဲ အသိရော သတိရောကင်းမဲ့နေတဲ့ ဖြူဖျော့ဖျော့ ချစ်သူမျက်နှာလေးကို အာရုံပြုပြီး ဆုတောင်းလိုက်တယ်... “ချစ်သူ နေအမြန်ကောင်းပါစေ .. ချစ်သူ အသက်ရှည်ပါစေ” လို့ .... ဆရာဝန်တွေလက်လျော့ ထားတဲ့ ချစ်သူရဲ့အခြေအနေအတွက် ကျွန်တော် ဆုတောင်းရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူးလေ... အမှန်တော့ ကျွန်တော် ချစ်သူနားမှာ တစက္ကန့်မခွာပဲ အဖော်ပြုနေချင်တာပါ.. ဒါပေမယ့် .. သူ့မိဘကခွင့်မပြုတော့ ..အခုလိုကွင်းပြင်ကျယ်ကြီးမှာ ကြယ်ကြွေစောင့်ရင်း ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး ....

ကြယ်ကြွေရင် ဆုတောင်းသမျှပြည့်တယ်လို့ လူတွေပြောတာကို ကျွန်တော် မျက်စိမှိတ် ယုံလိုက်တယ်.... ဒီအချိန်မှာ ကျွန်တော်ချစ်သူ နေကောင်းဖို့ဆိုရင် ဘာမဆို ကျွန်တော် လုပ်မှာပါပဲ.... ချစ်သူမကြိုက်တာကလွဲရင်ပေါ့...

တကယ်ပါ... ချစ်သူနေကောင်းမယ်ဆိုရင် သူနဲ့အတူ မနေရဘူးဆိုရင်တောင် ကျေနပ်တယ်... သူ့မျက်နှာလေးမြင်ရုံနဲ့ကျွန်တော် ရှင်သန်နိုင်တယ်... သူ့မျက်နှာမမြင်ရဘူး ဆိုရင်တောင် သူ့ အသံလေးကြားရင်လဲ ကျွန်တော် ကျေနပ်ပါတယ်.... နောက်ဆုံး သူ့မျက်နှာလဲမမြင်ရ သူ့အသံလဲမကြားရဘူး ဆိုရင်တောင် သူ အသက်ရှင်နေတယ်ဆိုတဲ့ အသိကလေးနဲ့ ကျွန်တော် ရှင်သန်နေချင်တယ်.....

အတွေးတွေ သူ့ဆီရောက်သွားပေမယ့် ကျွန်တော် မျက်လုံးတွေ ကြယ်တွေဆီကနေ မခွာနိုင်သေးဘူး.... ကျွန်တော် ဆုတောင်းရဦးမယ်... ဟော... နောက်ထပ်ကြယ်လေးတပွင့် ကြွေပြန်ပြီ... ကျွန်တော် ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်....

ညကလဲ ကြယ်တွေကြွေလိုက်တာ လို့တောင် ထင်မိတယ်... ဒါ.. ကျွန်တော်ကို ဆုတောင်းဖို့ အခွင့်အရေးပေးနေတာလားပဲ... ကျွန်တော်ကို နမိတ် ပြတာပဲလား... မတွေသင့်တဲ့ အတွေးတွေ ခေါင်းထဲ ၀င်လာသလို... message တခုလဲ ဖုန်းထဲဝင်လာတယ်.... သြော် .... ကျွန်တော့် ချစ်သူ... သူလဲ ကြယ်တွေလို ကြွေလွင့်သွားပြီတဲ့.... ကျွန်တော် အရုပ်ကြိုးပြတ်သလို မြေပြင်ပေါ် ဒူးထောက်ကျသွားတယ် ... ကျွန်တော် ငိုတယ်... မျက်ရည်တွေ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့ကောင်းကင်ကို မော့ကြည့်ရင်း.... တစ်သက်မှာ တစ်ခါပဲတောင်းတဲ့ ဆုတောင်းတောင် မဖြည့်ပေးနိုင်တဲ့လောကကို ကျွန်တော်အပြစ်တင်လိုက်တယ်....

ကျွန်တော် မျက်ရည်တွေနဲ့ မသဲကွဲပေမယ့် ... သေချာတာက နောက်ထပ်ကြယ်ကြွေတာပဲ.... ကျွန်တော်အခုမှ သိလိုက်တယ်... ကြယ်တွေလဲ ကြွေတယ်... လူတွေလဲ သေတယ်... ဘာတခုမှမတည်မြဲတဲ့ဘ၀ထဲ ကျွန်တော့်ချစ်သူ အသက်ခန္တာ တည်မြဲဖို့ ... ကျွန်တော် ကြယ်ကြွေဖို့ ဆုတောင်းနေခဲ့တယ်.... ကြယ်ကြွေတော့ ပျော်တယ် ... ချစ်သူကြွေတော့ ငိုတယ်.... တရားမရှိတဲ့ ကျွန်တော့်အတွက် လောက ကြီးက တရား ကိုပြခဲ့တယ်... တောင်းပန်ပါတယ် ကြယ်လေးတွေရယ် ...

ဒီတစ်ကြိမ်တော့ ကြယ်တွေ ကြွေကြွေ.. မကြွေကြွေ... ကျွန်တော် ရင်ထဲက စိတ်ရင်းအမှန်နဲ့ မတည်မြဲတဲ့ လောက သဘောတရားကို မဆန့်ကျင်တော့ပဲ ဆုတောင်းလိုက်တယ်...

“ ဒီ ကြယ်တွေ ကျွန်တော် ချစ်သူလိုပဲ အကြွေမစောပါစေနဲ့ ” လို့ .....................



ကြယ်ကြွေကောက်သူ






ကျွန်တော် စိတ်လှုပ်ရှားစွာ တစ်ယောက်တည်း စောင့်ဆိုင်း နေမိတယ်... ထိုင်ရမလို ထရမလို ဂနာမငြိမ်... လက်ထဲမှ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်တယ်.... ထပ်ကြည့်စရာ မလိုလောက်အောင်ကို မှတ်မိနေသော.. တည်ငြိမ်မှု ကျက်သရေ အပြည့်နှင့် သူမ၏ မျက်နှာ...... တရေးနိုး လာမေးလျှင်တောင် ကျွန်တော် မှန်အောင်ဖြေနိုင်သည်.... သူမကို ကျွန်တော် ချစ်တယ် .. သူမလဲ ကျွန်တော်ကို ချစ်တယ် ... အဝေးက ချစ်သူတွေပေါ့.. သို့သော် အခုတော့ အနီးက ချစ်သူဖြစ်တော့မည်... သူကျွန်တော်ဆီ ပြန်လာပါပြီ... နှုတ်မဆက်ပဲ ထွက်သွားသူ အခုတော့ ပြန်လာမည် ဟု အကြောင်းကြားထားသည်.. ကျွန်တော် စိတ်တွေ အရမ်းကို လှုပ်ရှားနေမိသည်.. သူမရော ကျွန်တော်နဲ့ ထပ်တူစိတ်လှုပ်ရှား နေမလား.... သူမနှင့် ကျွန်တော် ယခုတိုင် လူချင်းမျက်နှာချင်းဆိုင် မတွေ့ဖူးသေး... သို့သော်... ကျွန်တော်တို့ ချစ်သူဖြစ်ခဲ့ကြသည်...

သူမ က ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည်.. ကျွန်တော် ကတော့ အရာရာ စိုးရွံတတ်သည်.. သူမက ကပွင့်လင်းသည်.. ကျွန်တော်ကတော့ ရင်ဘက်ထဲ ခံစားချက်တွေ သိမ်းဆည်း ထားတတ်သည်... သူမက ပျော်ပျော်နေတတ်သည်.. ကျွန်တော်ကတော့ အချိန်တိုင်း တွေဝေ နေတတ်သည်... သူမက စိတ်ရှည် သည်းခံတတ်သည်.. ကျွန်တော်က စိတ်မဆိုးတတ်ပေမယ့် စိတ်မရှည်တတ်... သူမ နှင့် ကျွန်တော် ကြိုက်တဲ့အရာ ချင်းလဲ ကွဲပြားလွန်းသည်... သို့သော် သူမက ကျွန်တော်ကို ချစ်သည်.. ကျွန်တော်က သူမကိုချစ်သည်.. ကျွန်တော့် ဘ၀မှာ လိုအပ်ချက်တွေ အပုံအပင်ရှိသည်.. သူမကြောင့် အရာအားလုံး ပြီးပြည့်စုံခဲ့ပါသည်... သူမ ဟာ ကျွန်တော့် ဘ၀ကို ပြီးပြည့်စုံစေသည်... အရာရာနှင့် ခိုင်းနှိုင်းလို့မရအောင် သူမက ကျွန်တော့်ဘ၀အတွက် အရေးပါလွန်းသည်....

အခုတော့ သူမ ကျွန်တော့် ဘ၀ထဲ ၀င်လာတော့မည်.. ကျွန်တော် နေ့ရက်တိုင်းမျှော်လင့် မိသောအရာ ဒီနေ့ ပြည့်စုံတော့မည်.... ကျွန်တော့် လက်ထဲမှာ သူမကို ပေးဖို့ ဗူးကလေး တစ်ခုကိုင်ထားသည်.. အထဲမှာတော့ ကြယ်လေးတွေပေါ့... စက္ကူကြယ်လေးတွေလေ.. သူနဲ့ ကျွန်တော် ဝေးကြတဲ့နေ့ရက်တိုင်းကို ကိုယ်စားပြုတဲ့ ကြယ်လေးတွေပါ.. တစ်ရက်တစ်ပွင့် တစ်ပွင့် နဲ့စုလာလိုက်တာအခုဆို အတော်တောင်များနေပြီလေ.. သူတွေ့ရင် ကျေနပ်ကောင်းပါရဲ့ ပျော်ရွင်ကောင်းပါရဲ့....

ကျွန်တော် စိတ်ကူးနဲ့ရူးနေမိသည်... သူနဲ့ ကျွန်တော် အတူသွားမယ်လို့ ကတိပြုထားတဲ့ နေရာတွေ ကျွန်တော်စိတ်ကူးနဲ့ သွားနေမိသည်.. အတူစားမယ်လို့ ရည်စူးထားတဲ့ အရာတွေ စိတ်ကူးနဲ့ စားနေမိသည်... ကျွန်တ်ာပေးမယ်လို့ ရည်ရွယ်ထားတဲ့ ကတိတွေလဲ စိတ်ကူးနဲ့ ပေးနေမိသည်.... သူလက်ခံကောင်းပါရဲ့.....

ဟော... သူမ လာပါပြီ.. သေတ္တာလေးတစ်လုံးဆွဲပြီး လျှောက်လာသော သူမ... ကျွန်တော် အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်သည်.... သူမတုံပြန်မှုက... အသက်မပါသော အေးဆက်တဲ့ အပြုံးတစ်ခု.. ကျွန်တော့် ရင်ထဲက ဆို့နှင့်လာသလို ခံစားလိုက်ရသည်... ကျွန်တော် မျိုသိပ်ထားလိုက်သည်.. သူနဲ့ ကျွန်တော်က စိမ်းနေသေးသည် မဟုတ်ပါလား.... ကျွန်တော် တို့ စကားပြောကြသည်.. ဘယ်လောက်မှ မကြာလိုက်တဲ့ စကားထဲမှာ ဖော်ရွေမှုမပါ.. ခံစားချက်မဲ့နေသလို ကျွန်တော် ခံစားရသည်... သူကျွန်တော့်ကို သူစိမ်းတစ်ယောက်လို သဘောထားသည်... ကျွန်တော် ခံစားရသည်... ကျွန်တော်တို့ ချစ်သူတွေမှ ဟုတ်ရဲ့လား... ကျွန်တော် ကြေကွဲစွာ မေးလိုက်မိသည်... ငါတို့ ချစ်သူတွေမှ ဟုတ်သေးရဲ့လားလို့.... သူမက ညင်သာစွားခေါင်းခါလိုက်သည်.. ကျွန်တော် နှလုံးသားကတော့ ကြွေကျသွားပါပြီ... မျက်ရည်တွေ ကျွန်တော့် မျက်လုံးထဲ ရစ်ဝဲလာမိသည်.. ဟန်ဆောင်မကောင်းတဲ့ ကျွန်တော် မငိုမိဖို့ မနည်းထိန်းထား လိုက်သည်....

ကျွန်တော် သူကို ချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေမိသည်.. သူမက ခေါင်းခါမြဲ... ကျွန်တော်တို့ ပြောခဲ့တဲ့စကားတွေ.. တွေ့ခဲ့တဲ့ နေ့လေးတွေ.. ထားခဲ့ကြတဲ့ကတိတွေ... အရာအားလုံးကို ကျွန်တော် အတိအကျပြောနေခဲ့ပေမယ့်... သူစိတ်မ၀င်စား.. ကျွန်တော့်အနားက သူ ထွက်သွားချင်နေပြီ .... နောက်ဆုံး ကျွန်တော် ယူဆောင်လာသော ကြယ်လေးတွေကို သူမ လက်ထဲ ထည့်လိုက်သည်... လွမ်းရတဲ့ ရက်တွေ နဲ့ ထပ်တူ များလွန်းလှတဲ့ ဒီကြယ်လေးတွေ သူမလက်နဲ့တောင် မဆံ လွတ်ကျကုန်သည်.. ကျွန်တော့် ကြယ်တွေ ကြွေကုန်ပြီ.. နှလုံးသားလဲ ကြွေနေပြီ...



ကြယ်လေးတွေကို ကျွန်တော် လှမ်းကောက်ဖို့ ပြင်တော့... သူမက တားသည်.. စက္ကူ ကြယ်လေးတွေက သူမအတွက် အရေးမပါဘူးတဲ့လေ... ကျွန်တော် မျက်ရည်တွေပါ ကြွေကျကုန်ပြီ... သူမ မလိုချင်ပေမယ့် .. ကျွန်တော့်အတွက် အရေးပါသည်... ကြယ်တစ်ပွင့်တိုင်းက ကျွန်တော့် အချစ်ကို ရည်ညွန်းသည်... ကြယ်တစ်ပွင့်တိုင်းက လွမ်းရတဲ့ ရက်တစ်ရက်ကို ရည်ညွန်းသည်.... ပြန်ကျဲ လွင့်ကျနေတဲ့ ကြယ်လေးတွေကို ကျွန်တော် အရူးတစ်ယောက်လို အငမ်းမရ ကောက်နေမိသည်... ကျွန်တော် လွမ်းရတဲ့ ရက်တွေ ... ကျွန်တော် နဲ့ သူနဲ့ ချစ်သူဖြစ်ရတဲ့ရက်တွေ ... ကျွန်တော် အချစ်တွေ.. ကျွန်တော် နှလုံးသား အရာအားလုံးကို ကိုယ်စားပြုတဲ့ ကြယ်လေးတွေ.. .. ကျွန်တော် တစ်လုံးမကျန် ကောက်မိသည်.... ကြယ်ကလေးတွေ အားလုံး ကျွန်တော့် လက်ထဲအရောက် မှာတော့ .. သူမ ပျောက်ကွယ်သွားပါပြီ.. ဘယ်ထွက်သွားလဲ ကျွန်တော် မမြင်မိလိုက်... သူမ ခြေရာ ဖျောက်သွားပါပြီ....

ရက်စက်လွန်းတယ် ချစ်သူရယ်... ကျေကွဲစွာ ကျွန်တာ် ငိုနေတုန်း ကြယ်လေးတစ်ပွင့်တွေ့သည်... ဟိုတစ်ပွင့် ဒီတစ်ပွင့် .. ကျွန်တော်လိုက်ကောက်နေမိသည်... ဒီကြယ်လေးတွေက ကျွန်တော် ချစ်သူကို လမ်းပြပေးလိမ့်မည် လို့ ထင်လာသည်... လမ်းတစ်လျှောက် တစ်ပွင့်မကျန်လိုက်ကောက် မိသည်.. တဖြည်းဖြည်းနဲ့ ကြယ်လေးတွေ နည်းလာသည်.. ပျောက်ကုန်ပြီ.. ကြယ်လေးတွေ .. လမ်းပြမယ့် ကြယ်လေးတွေ.. ... ကျွန်တော်... ကြယ်လေးတွေလိုက်ရှာသည်.. မတွေ့... ... ကျွန်တော် မောလာသည်..... ရင်ထဲမှာ နှလုံးသွေးတွေ ဆူပွက်လာသည်... ဆောက်တည်ရာ မရတော့... ကျွန်တော် ဇောချွေးတွေပြန် လာသည်.... ... ကျွန်တော်... ကြယ်လေးတွေကို လိုက်ရှာနေမိသည်...

ချွေးတွေကို သုတ်လိုက်သည်... မောဟိုက်စွာ လန့်နိုးစေတဲ့ အိပ်မက်ကို ကျွန်တော် ရွှံမုန်းမိသည်... အိပ်မက်ဆိုးပါပဲ... ကျွန်တော်ပါးပေါ်မှာ မျက်ရည်စတွေ တောင် ကျန်သေးသည်.. ပြန်အိပ်ဖို့ ကြိုးစားပေမယ့် မရတော့ .. ကျွန်တော့် စိတ်တွေပူ နေသည်... သူမနဲ့ ကျွန်တော် တကယ်တွေ့တဲ့နေ့ ဒီလို တကယ်ဖြစ်မှာစိုးသည်... ကျွန်တော် အဖြစ်မခံနိုင် သူမကို အဆုံရှုံးမခံနိုင်... သူမကို ကျွန်တော် ချစ်သည်....

မွန်းကျပ်လွန်းတဲ့ အခန်းထဲကနေ အပြင်ကိုထွက်လိုက်သည်.. ကောင်ကင်မှာတော့ လသာဆဲ ကြယ်တွေလဲစုံနေမြဲပေါ့... ဟော ကြယ်လေးတစ်ပွင့် ကြွေပါပြီ... သူနဲ့ ကျွန်တော် နီးရဖို့ သူမ ကျွန်တော်ကို အမြဲချစ်နေဖို့ ဆုတောင်းလိုက်ချင်သည်... သို့သော် ကျွန်တော် မဆုတောင်းဖြစ်... ဒီကြယ်လေးတွေက ကောင်းကင်လက်ထဲက မဆံလို့ လွတ်ကျလာတဲ့ ကြယ်လေးတွေလို့ မြင်လာသည်... သူလဲ အတော်လွမ်းနေမည်... ဒီကြယ်လေးမှာလဲ သူ့ကိုယ်စားပြု အဓိပ္ပါယ်ရှိမည်.... ကြယ်ကြွေလေးကို လိုက်ကောက်မည့်သူရှိမည်... ဒီကြယ်လေးတွေရဲ့ လမ်းပြမှုကို လိုအပ်တဲ့သူရှိမည်... တစ်စုံတစ်ယောက် တော့လွမ်းနေမည်....

ကျွန်တော်လဲ ကျွန်တော့် စက္ကူကြယ်လေးတွေကို ဆက်ခေါက်နေမိသည်... သူရှိရာကို လမ်းပြပေးနိုင်လိမ့်မည်.... သူနှလုံးသားကိုလဲ ကျွန်တော်ဆီလာနိုင်အောင်လမ်းပြပေးနိုင်ကောင်း ပြ နိုင်ပေလိမ့်မည်... သူ လက်မခံရင်တောင် ကျွန်တော့်အတွက်သူမကို လွမ်းစရာ အမှတ်တရ ဖြစ်လာမည်... ကျွန်တော် ... အလွမ်းကိုယ်စားပြု .. အချစ်ကိုယ်စားပြု... နှလုံးသား ကိုယ်စားပြု ... ကြယ်လေးတွေကို ဆက်ခေါက်နေမိသည်.... ကျွန်တော် သူ့ကိုလွမ်းသည်.. ကျွန်တော် သူ့ကိုချစ်သည်....

ကြယ်လေးတွေ..... ကျွန်တော့် ကြယ်လေးတွေ ..... သူမဆီကို လမ်းပြပေးစေချင်သည်......





ဘယ်သူ့ကို အပြစ်တင်ရမလဲ

ကမ္ဘာဦးအစမှာ အာဒံဟာ ဧ၀မရှိရင် ဘာလုပ်မယ်ထင်လဲ.... တစ်ယောက်တည်း အထီးကျန်နေရတဲ့ ဘ၀ကို သူငြီးငွေ့လာတဲ့အခါ... သူပျောက်ဆုံးသွားတဲ့ သူနံရိုးတစ်ချောင်းကို လိုက်ရှာမယ် ထင်တာပါပဲ.... ဒါပေမယ့် သူရှာစရာ သိပ်မလိုလိုက်ပါဘူး.. သူ့ပေးဆပ်မှုအတွက်.... သူထိုက်တန်တာ တစ်ခုပြန်ရလိုက်ပါတယ်.... ဒါကတော့ ဧ၀ရဲ့ ပန်းသီး တစ်လုံးပါပဲ.... သူ့နံရိုးကြောင့် ဧ၀ဖြစ်လာသလို.. ဧ၀ရဲ့ ပန်းသီးကြောင့် အာဒံဘ၀ လှပခဲ့တယ်ဆိုရင် မမှားပါဘူး.... အာဒံရဲ့ နံရိုးဟာ အာဒံ့ နှလုံးသား.. ဧ၀ရဲ့ ပန်းသီးဟာ ဧ၀ နှလုံးသား.. ဒီနှစ်လုံးသားနှစ်ခု ထပ်တူပြုပြီ ကမ္ဘာဦးမှာ သူတို့ နှစ်ဦး ဘ၀တစ်ခုကို စတင်ခဲ့ကြတယ်... တကယ်တော့ အာဒံ ကံကောင်းခဲ့ပါတယ်.... သူပေးဆပ်မှုအတွက် သူထိုက်တန်တာပြန်ရခဲ့ပါတယ်......

ကျွန်တော်.... ကျွန်တော်လဲ အထီးကျန်ဘ၀မှာ ငြီးငွေ့တဲ့အခါ နံရိုးအရှာထွက်ခဲ့ပါတယ်..... ချစ်သူပေးမယ့်... သူ့နှလုံးသား ကိုယ်စားပြု ပန်းသီးတစ်လုံးကို မျော်လင့်ရင်းပေါ့.... ကျွန်တော် လောဘမကြီးပါဘူး.. နံရိုးတစ်ချောင်းအတွက် ပန်းသီးတစ်လုံးသာ တောင့်တသူပါ.... လိုက်ရှာရင်း... လိုက်ရှာရင်း .... ရင်မှာ ဟာနေတဲ့ ကွက်လပ်ကလေးကို မဖြည့်နိုင်တဲ့အခါ... ငိုင်နေရမှာလား ...

ဒါမှမဟုတ် ကိုယ်ပေးလိုက်ရတဲ့ နံရိုးတစ်ချောင်းအတွက် နံရိုးပေါင်းများစွာကို လဲလှယ်တပ်ဆင်နေတဲ့ သူတွေ..

ဒါမှမဟုတ်... နံရိုးပေါင်းများစွာကို အပိုတပ်ဆင်ထားသူတွေ..

ဒါမှမဟုတ်... ပန်းသီးပေါင်းများစွာကို ဟိုကိုက်ဒီကိုက်စားသုံးနေကြသူတွေကို ငါအပြစ်တင်ရမလား...

ဒါမှမဟုတ် ပေးဆပ်မှုတစ်ခုအတွက် တစ်ခုမကလိုချင်တဲ့သူတွေကြောင့် ကျွန်တော်တို့ရဲ့ပေးဆပ်မှုက အရာမထင်တော့တာလား....

ဒါမှမဟုတ် ဘယ်သူ ကျွန်တော့်ရဲ့ နံရိုး တပ်ဆင်ထားသလဲလို့ တရားခံလိုက်ရှာရမှာလား...

ဒါမှမဟုတ် ပန်းသီးတွေကို သာတူညီမျှ ဝေခွဲမတတ်တဲ့ ဣတ္ထိယ ဆိုသော သူများကိုသာ အပြစ်တင်ရမည်လား...

ဒါမှမဟုတ်... ပန်းသီး ရှင်ကို နှလုံးခိုက်အောင် မပြစ်ခွင်းနိုင်တဲ့... ဖူးစားရေးနတ်ဟုခေါ်သော ထို ခြေတို လက်တို ပုသေးသေး ဗိုက်ပူပူ ခပ်၀၀ တောင်ပံပုစိလေးနှင့် ကောင်းလေးကိုသာ အပြစ်တင်ရမည်လား.....

ဒါမှမဟုတ် ပေးဆပ်မှုတိုင်းအတွက် ပြန်မပေးတတ်တဲ့ လောကကြီးကို အပြစ်တင်ရမည်လား... ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ အရာကို လိုက်မရှာနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား.......

ဒါမှမဟုတ် ကွက်လပ်ကလေးဖြည့်ဖို့ ကြိုးစားရင်း မျော်လင့်ချက် မပြည့်စုံသေးခင် ဘ၀နိဂုံးချုပ်သွားကြတဲ့သူတွေ ရှိပါသေးလားလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာလား......

အထီးကျန်တဲ့ဘ၀မှာ လိုက်ရှာ... လိုက်ရှာ.. နံရိုးကို မတွေ့တဲ့ငါ.... ပန်းသီးကို မရတဲ့ငါ..... ဒီလိုပဲနေသွားရမှာလား.....

နောင်တစ်ချိန်.. ဒီကမ္ဘာမြေရဲ့ တစ်နေရာမှာ... အရိုးစုတစ်ခုကိုတွေ့တဲ့အခါ.. နံရိုးကိုရှာပါ... တစ်ချောင်းလျော့နေရင်... ကျွန်တော်ပါလို့.......


အလွမ်းနံပါတ် ၃


ကောင်ကင်အောက်မှာ ထားခဲ့ကြတဲ့သစ္စာ
ကြယ်တွေလို ကြွေကျသွားလား

လေပြည်နဲ တူတဲ့ မိန်းကလေးရေ
နင် အဝေးကို လွင့်လို့မရအောင်
ငါ့ရင်ထဲမှာ သိမ်းထုတ်ထားလိုက်ချင်ပေမယ့်...
ငါတို့ သစ္စာဟာ ....
ကမ်းခြေမှာ ရေးထားတဲ့ စကားတွေလား
လှိုင်းအတွေ့မှာ မသိသလိုဖြစ်သွားကြတယ်

ငါ့ရင်မှာ ရေးထားတဲ့ အဆိပ်သင့်အလွမ်းများ
ဘယ်အရာတွေက ဒီဒဏ်ရာတွေကို
ကု....စား....ပေး....နိုင်....မှာ.....လဲ....

အလွမ်းနံပါတ် ၂ လို့ နာမည် တပ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကို ညနေတစ်ခုမှာ ကောက်ကာငင်ခါ ရင်ဘက်က အံကျလာတဲ့အချိန် နေမင်း ကတော့ အိပ်ငိုက်ရင်း ပင်လယ်ထဲ ပြုတ်ကျသွားတယ်.. ဘယ်အချိန် လသာမလဲ... အဝေးမှာကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းသံတွေကြားတယ်.. နဘေးမှာ ထိုင်နေတဲ့ ခွေးငယ်လေး တစ်ကောင်လဲ မှိုင်နေတယ်...

“မနက်ဖြန် အိပ်ပြန်ကြမယ်ကွာ... ငါ့အလွမ်းတွေကို ဒီပင်လယ်ထဲ မြုပ်ခဲ့မယ်”

စကားနားမလည်တဲ့ ဒီကောင်လေးဟာ ခေါင်းတော့ ညိမ့်တတ်တယ်...

ကျွန်တော်ဟာ ကျိန်စာ သင့်တဲ့သူ ကျွန်တော့် နဘေးမှာ ချစ်တဲ့သူတွေ မနေရဘူးတဲ့... ယတြာ မပေးပဲ ဗေဒင်တွေ ပြောခဲ့တဲ့ အဲ့ဒီ ရှေးဖြစ်ဟောကြီး ကို သတိရတယ်... ဟောချက်က သွေးထွက်အောင် မှန်တယ် ဆရာရယ်.. အိမ်ထောင်ပြုဖို့ ရက်လာမေးတဲ့ လူနှစ်ယောက်ဟာ သွေးတွေခြားတဲ့ အစည်းအတားမှာ ဝေးခဲ့ကြတယ်... မနက်ဖြန်ဆို သူ ဆုံးတာ ၃ နှစ် တောင် ရှိပြီပေါ့.... အဲ့ဒါက အလွမ်း နံပါတ် ၁ ကျွန်တော် သတိမရဖြစ်တာ ၁ နှစ်လောက်ရှိတော့မယ်.. အခုတော့ အလွမ်းနံပါတ် ၂ နဲ့ရောပြီး ခပ်ပျစ်ပျစ် သောက်သုံးရပြန်ပြီ...

ခဲမှန်ဖူးတဲ့ ကျွန်တော် ရင်ခွင်ကို သော့ခတ် တိုက်ပိတ်ထားပေမယ့်.. အထဲကို ကြိုရောက်နေတဲ့ သူတစ်ယောက် ပထမဆုံး အလွမ်းတွေ နောက် ၂ နှစ်အကြာမှာ ကျွန်တော်ဟာ အချစ်သစ် တစ်ခုနဲ့ တွေ့ခဲ့တယ်... ဝေးရအုံးမှာပဲလို့ ခေါင်းထဲက သတိပေးသံတွေကို မောင်းထုတ်ထားတယ်... ဒီတစ်ခါ သွေးတွေနဲ့ ဝေးကြရင် ကျွန်တော်အသက်ကိုပဲ ပေးလိုက်ချင်တယ်... ကျွန်တော် အဲ့သလို ပေးဆပ်ခဲ့တဲ့ ကောင်မလေးဟာ ကျွန်တော့်ရင်မှာ ကြာကြာ မနေခဲ့ဘူး... ချစ်ပါတယ်လို့ နောက်ဆုံး အချိန်အထိ တတွတ်တွတ်ရွတ်ရင်း တိမ်တွေကြားမှာ သူပျောက်သွားတယ်... ကျွန်တော်တို့ ကမ္ဘာတစ်ဖက်စီ ဝေးသွားကြတယ်...


လှိုင်းအလျားမတူတဲ့ အခါ
ငါ့ရင်ဘတ်ဟာ အချစ်တစ်ခုကို
ဘယ်တော့ မှ ဖမ်းလို့ မမိခဲ့ဘူး

ရင်ခုန်သံဆိုတာ ကြိုးမဲ့ပျံသန်းနေတဲ့စွန်
ရှောင်ရင်းနဲ့ ငြိတတ်သလို
လိုက်ရင်းလဲ ဝေးတတ်တယ်

အင်တာနာ မထောင်တော့တဲ့ ငါ့ရေဒီယိုကို
အလျားတူတဲ့ လှိုင်းတွေက..
သီချင်းလှလှလေးတွေ ဆိုတတ်အောင် ဘာလို့သင်ပေးကြတာလဲ...


အသက်ရှင်ဖို့ကလွဲရင် အပိုရင်မခုန်ဘူးဆိုတဲ့ ကျွန်တော့် နှလုံးသားဟာ.. သူ့ကို မြင်တိုင်း ဘာလို့ ခိုးခိုးပြီး ရင်တွေခုန်တာလဲ... အမှတ်မရှိတဲ့ နှလုံးသားဟာ ဒဏ်ရာတွေတောင့်တ နေတာလား... ကျိန်စာသင့်တဲ့ လူတစ်ယောက်ပါ.. ဖူးစာ မပါတဲ့ အချစ်တစ်ခုအတွက် ရင်တွေ ထပ်မကွဲ ပါရစေနဲ့တော့...

“လှိုင်း” လို့ခေါ်တဲ့ ကောင်မလေးရေ... ငါတို့တွေ ဝေးကြမလား.. နင်ဟာ ငါ့ကျိန်စာတွေကို ဆေးချမလား... ငါ ၂ နှစ်ကျော်လောက် အနည်ထိုင်ထားခဲ့တဲ့အရာ.. နင့်နှုတ်ခမ်းက လေပြည်လေးကြားမှာ ပြန်လည်သက်ဝင် လှုပ်ရှားလာမလား....

ဝေးရမယ်ဆိုတာကို သိစိတ်က မေ့ပြစ်လိုက်ချင်ပေမယ့် မသိစိတ်က ပြောပြနေတယ်... နေပါစေတော့ ကောင်မလေးရယ်.... အိပ်နေတဲ့ နှလုံးသား နိုးထသွားတယ်ဆိုပေမယ့် .. ဒီတစ်ခါတော့ အိပ်ချင်ယောင်ဆောင် လိုက်တော့မယ်.. နိုးရခက်ပါစေတော့.....

“မင်း ရူးနေလား... အနာဂတ်က ပြင်လို့မရတဲ့ ကျောက်စာ မဟုတ်ဘူး ကွ.. မင်း သူများပြောတိုင်းယုံစရာလား”

“မင်းမလို့ကွာ ခေတ်လူငယ်ဖြစ်ပြီး ဗေဒင်ဟောတာ ယုံနေတယ်”

“မင်း တကယ်ပဲ လှိုင်းကို မချစ်ဘူးတဲ့လား”

ပြစ်တင်စကားများ ရင်နဲ့ နားနဲ့ ခေါင်းနဲ့ မဆံ့အောင်ရခဲ့တယ်... နားလည်အောင် ရှင်းပြဖို့ခပ်ခက်ခက်.... သေချာတာ ကျွန်တော်ဟာ အဆိပ်ပြင်းပြင်း တစ်ခွက်... ဖြေဆေးလဲ မဲ့တယ်...

အတိတ်အကြောင်း ရှင်းပြရရင်လဲ မကောင်းဘူး... ကံဆိုးစေတဲ့သားမို့ မိဘရင်းတောင် ထားခဲ့တယ်... မွေးစားတဲ့ အမေလဲ ချစ်လို့ မ၀ခင် ဆုံးပြန်တယ်.. မွေးစားတဲ့ အဖေ ဟိုးအဝေးမှာ နေလို့ ကံကောင်းနေတယ်.. ဗေဒင်မေးစရာမလိုဘူး... ကျွန်တော့်ကို ချစ်တဲ့ ဒေါ်လေးလဲ သက်ဆိုး မရှည်ခဲ့ဘူး မလား... နက္ခတ်ဆိုးတွေနဲ့ ယှဉ်မွေးတဲ့ ကလေး တစ်ယောက်ကို လက္ခဏာ ဆိုးတွေလဲ ထည့်ပေး လိုက်တယ်... အနာဂတ်ကို ကြိုမကြည့်စရာ မလိုတော့ဘူး.. တကယ် ချစ်တဲ့အခါ အဝေးမှာ နေရမှာ ကျွန်တော့် တာဝန်တစ်ခုလို ဖြစ်လာတယ်...


နွေအကြောင်းမသိတဲ့ ဆောင်း
သူအအေးနဲ့သူနွေးနေတုန်း

လအကြောင်းမသိတဲ့ နေ
သူအနွေးနဲ့ သူ အေးနေတုန်း

မနက်အကြောင်းမသိတဲ့ ည
သူ့အမှောင်နဲ့သူ လင်းနေတုန်း

နင်က နင် ငါတို့မဖြစ်တုန်း
ငါက ငါ နင်တို့ မဖြစ်တုန်း

နင့်အကြောင်း မသိတဲ့ငါ
အလွမ်းတွေနဲ့ မွေ့လျှော်တုန်း


တစ်နေရာစီမှာပဲ နေကြတယ်.. အော်ခေါ်ရင်ကြားသလို မြင်နေရပေမယ့် ကျွန်တော်ဟာ သူ့အဝေးမှာပဲ...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ခဏခဏ ကျွန်တော်တီးတိုးရေရွတ်မိတဲ့စကား .. သေချာတာ ကျွန်တော် ဘယ်တော့မှ မပြောဖြစ်မယ့် စကား ... သူလဲ ဘယ်တော့မှ မကြားနိုင်တဲ့ စကား...

အခုတော့ ကျွန်တော်ဟာ သူ့အချစ်တွေ မရပေမယ့်... “အလွမ်းနံပါတ် ၃” ဆိုတဲ့ ဇာတ်ကို တစ်ယောက်တည်း က နေမိတယ်..

“လှိုင်းရယ်... နင်မသိတဲ့ ဇာတ်ကို နင် သိမ်းပေးလို့ရမလား...”

ကျွန်တော် ရူးသွပ်စွာ တောင့်တခဲ့ဖူးတယ်.. သူ့ပုံရိပ်တွေ ကျွန်တော် တိတ်တိတ်လေး Album ထဲ ထည့်သိမ်းမိတယ်... သူသိရင်ရော.. အခုလို အပြုံးလှလှတွေ မြင်ရပါ့အုံးမလား...
သူနဲ့ အကွာအဝေး တစ်ခုတည်ဆောက်ပြီး နေတဲ့ ကျွန်တော့်ကို သူကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ နှင်းဆီပုစ္ဆာ တစ်ပုဒ် လာမေးဖူးတယ်

“ဒီနှင်းဆီတွေ လှိုင်း ဆီ ဘယ်သူပို့တာလဲ မသိဘူး ၆ လလောက်ရှိနေပြီ”

ခေါင်းခါရင်း ပြုံးပြမိတဲ့ ကျွန်တော့် မှာ နှုတ်ခမ်းက “ငါပါ” လို့ ပြောမထွက်ခဲ့ဘူး... အဲ့ဒီ နှင်းဆီပုစ္ဆာကို သူဟာ တယူတယ သိမ်းထားတတ်တယ်...

ကောင်မလေးရယ် နင်ဟာ ငါနဲ့ နီးတဲ့အခါ နေနဲ့ ဝေးတဲ့ နေကြာလိုပဲ.. တဖြေးဖြေး နွမ်းခြောက်ပြီး.......... ......... ......... .......... ............. ............... ငါမတွေးပါရစေနဲ့တော့...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ကျွန်တော် သူ့ကို မြင်တိုင်းရေရွတ်နေမိတယ်... ကျွန်တော် ဟာ အတော် နေမြင့်နေပြီ ထင်ပါရဲ့.... ဒီလိုသာ ကြာကြာနေရင် ကျွန်တော် ဖွင့်ပြောမိလိမ့်မယ်... နှုတ်ဆက်ပါရစေ လှိုင်းရယ်... ကျွန်တော် အဲ့ဒီ ရုံးက ထွက်ဖို့ ကြိုးစားခဲ့တယ်... ကျွန်တော်ဟာ အဲ့ဒီနေရာလေးကို အတိုင်း မသိတွယ်တာ နေတုန်းဆိုတာ ပစ္စည်းတွေ ကျွန်တော် သိမ်းတုန်းက သိလိုက်တယ်... ကျွန်တော် ခုန်လေးကနေ အလုပ်များ နေတဲ့ကြားက သူ့ကို ခိုးခိုးကြည့်ရတာ အမော.. ရုတ်တရက် မြင်ကွင်းက ပျောက်သွားရင် လိုက်ရှာရတာလဲ အမော... အခုတော့ ကျွန်တော် မက်မောတဲ့ အဲ့ဒီ့ အမောတွ စွန့်လွတ်ရတော့မယ်... နောက်ဆုံးအနေနဲ့ သူ အဖြေရှာနေတဲ့ နှင်းဆီပုစ္ဆာ ရဲ့ တန်ဖိုးကို ကျွန်တော် မေးကြည့်ချင်တယ်.. ကျွန်တော်တို့ တကယ် ဝေးသွားကြရင် သူ့နဲ့ အနီးကပ်ဆုံးဟာ ဒီနှင်းဆီတွေပဲ ဖြစ်မယ်မလား....

“ဒီနေရော နှင်းဆီ ရသေးလား”

“နောက်ဆုံး အပွင့်ပဲ ထင်ပါရဲ့... သူ အဝေးကို သွားတော့မယ်”

ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ရင်း သူပြောခဲ့တယ်... သူ့အဖြေက မှန်နေတယ်.. သူ့ပုစ္ဆာ အတွက် သူအဖြေမှန်ရတဲ့အခါ ကျွန်တော့် အတွက် ပုစ္ဆာ တစ်ပုဒ် ထွက်လာပြန်တယ်... သူ ဘယ်လို သိတာလဲ...

“သူက မပို့တော့ဘူးလို့ ပြောလို့လား”

“လှိုင်း နှင်းဆီ ကြိုက်တယ်ဆိုတာကို သူတစ်ယောက်တည်းသိတယ်”

“တခြားသူတွေ မသိဘူးလား”

“လှိုင်းက တကယ်တော့ နှင်းဆီ မကြိုက်ဘူး.. ခရေတွေ ကြိုက်တာ... ဒါပေမယ့်... အဲ့ဒီ လူကို နှင်းဆီတွေ ကြိုက်ပါတယ်လို့ ပြောခဲ့ဖူးတယ်.. အဲ့ဒီတုန်းကတော့ လိမ်တယ်လို့ပြောလို့ရတယ် အခုတော့ နှင်းဆီတွေကို ချစ်တယ်”

“ဒါဆို အဲ့ဒီလူကို ဘာလို့ နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့ရတာလဲ”

“အဲ့ဒီလူ နှင်းဆီကို ရပြီးမှ အဲ့ဒီလူကိုတွေ့လို့”

အခုတော့ ပုစ္ဆာအားလုံးက အဖြေထွက်သွားခဲ့ပြီ... လှိုင်း နှင်းဆီတွေ ၀ယ်ပြီး ဘုရားပေါ်တက်သွားတာ မြင်လိုက်တဲ့နေ့က သတိထားမိတယ်... နောက်နေ့ အိမ်က နှင်းဆီပွင့်တော့ သူ ရုံးမရောက်ခင် သူ့ ခုန်မှာ ကျွန်တော် ထားခဲ့တယ်... အဲ့ဒီညနေ ရုံးအဆင်း ဓါတ်လှေကား မှာတွေတော့ သူနှင်းဆီကို ထုတ်ပြရင်း နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့တယ်.. အဝေးက အိပ်မက် မက်တတ်တဲ့ ကျွန်တော့်အတွက် လက်တွေ့ အိပ်မက်တစ်ခု ထပ်တိုးလားခဲ့တယ်.. ကျွန်တော်ဟာ နေ့စဉ် ရက်ဆက် နှင်းဆီတွေ ပို့ခဲ့တယ်...

“နင် အလုပ်ပြောင်းအုံးမှာလား”

ထွက်စာဟာ ထူးဆန်းစွာပဲ အပယ်ခံခဲ့ရတယ်.. ကျွန်တော်ဟာ တကယ်ပဲ လှိုင်းနဲ့ ဖူးစားပါခဲ့သလား... အခုတော့ ကျွန်တော် တောင့်တတဲ့ ဆန္ဒတစ်ခုပြည့်ဝသွားခဲ့တယ်...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

အခုတော့ ကျွန်တော့် နှုတ်က ခဏခဏ သူ့ကို ပြောဖြစ်နေမိတယ်...


ဝင်္ကဘာကြားထဲက ရုန်းထွက်တော့
နှင်းဆီတွေ ခင်းထားတဲ့လမ်းရောက်တယ်

နှင်းဆီ ရနံ့မှာမူးနေလို့
ကျွန်တော့် ခြေမှာ ဆူးတွေ ဆူးနေမှန်း
သူမသိခဲ့ဘူး...

နှင်းဆီတွေ ကျွန်တော် သွေးနဲ့
ပိုရဲလို့နေပါစေ...

ကျွန်တော်ထမ်းပိုးထားတဲ့ ကောင်မလေး ရနံ့တွေနဲ့
အိပ်ပျော်လို့နေပါစေ....


တချိန်ချိန်ပေါက်ကွဲမယ်မှန်းသိတဲ့ ဗုံးတစ်လုံးကို ကျွန်တော်ဟာ ထွေးပွေ့ထားရသလိုပဲ... သူဘယ်အချိန် ဘာဖြစ်မလဲလို့ ကျွန်တော် စိုးရိမ်နေခဲ့တယ်... ကျွန်တော့် ကျိန်စာတွေ က ကျွန်တော်ကို အိပ်မရအောင် ခြောက်လှန့်နေခဲ့တယ်...

“လှိုင်းရယ် လှိုင်းနဲ့ ဝေးရရင် မောင် တော့ သေမှာပဲ”

ခပ်ပိုပိုစကားတစ်လုံးလို သူ သဘောထားတယ်...

“မောင့်လက်ခုပ်ထဲက ရေပါ မောင်ရယ်... ဘယ်တော့မှ အဝေး ထွက်မသွား ပါဘူး” လို့ သူ ကတိစကားတွေ ပြောတုန်းက ကျေနပ်မိတယ်... ဒါပေမယ့် ကျိန်စာတွေ ခြောက်လှန့်လာတဲ့နောက် ဘယ်တော့ အငွေ့ပျံသွား မလဲလို့ စိုးရွံ လာတယ်.... အရိပ် တကြည့်ကြည့်နဲ့ သူ့ခြေလှမ်းတိုင်း သတိထား နေတဲ့ အခါ သူ မလွတ်လပ်မှာလဲ စိုးတယ်...

ကျိန်စာတွေ ကြောက်လာတဲ့ ကျွန်တော်ဟာ အရင် ဗေဒင်ဆရာ ဆီသွားမိတယ်... နက္ခတ်တွေဆိုးနေတဲ့ ကလေးတစ်ယောက်ရဲ့ လက်မှာ လက္ခဏာဆိုးတွေ အမှတ် ပေးလိုက်ကြတယ်... အဲ့ဒီ လက္ခဏာဆိုးတွေကြောင့် ကျွန်တော့်ဘ၀ဟာ မဲနေတယ်တဲ့.... ယတြာတွေ သူမပေးပြန်ဘူး.... အနာဂတ်ဆိုတာ အသေမဟုတ်ဘူးလို့ သူပြောခဲ့တယ်... လူတစ်ယောက်ရဲ့ မနက်ဟာ သူ အိပ်တဲ့အချိန်ကြောင့်လဲ ပြောင်းလဲ သွားနိုင်တယ်တဲ့... ကျွန်တော် ရှင်သန်နေရင် ကျွန်တော့် အနာဂတ်တွေဟာ အရှင် ပဲ... လက္ခဏာဆိုး တဲ့ လက်နှစ်ဖက်နဲ့ အဲ့ဒီအနာဂတ်ကို ကျွန်တော် ပြောင်းချင် သေးတယ်....

ဒါပေမယ့်... ကျွန်တော် ဘယ်လို ကြိုးစား ကြိုးစား ရင်ဆိုင်းခဲ့ဖူးတဲ့ အတိတ်က လှိုင်းနဲ့ ကျွန်တော် ဝေးရမယ်ဆိုတာကိုပဲ ထောက်ပြနေကြတယ်... မိုးကောင်းကင်ရယ် မြေကြီးဖြစ်တဲ့ ကျွန်တော့်ကို ဘာကြောင့် မိုးကြိုးတွေ အကြိမ်ကြိမ် ပြစ်ပြရတာလဲ... အခုဆို မိုးသံတွေကြားကတည်းက သွေးပျက်နေမိတယ်...
ဂရုစိုက်တတ်လွန်းတဲ့ လှိုင်းဟာ ကျွန်တော့် ခြေလှန်းတိုင်းရဲ့ အဓိပ္ပါယ်ကို ကောက်နိုင်ခဲ့တယ်... ကျွန်တော့် ပျော်ရွင်ခြင်းတွေကို အနား သတ်ထားတဲ့ ဘောင်တစ်ခုကို သူမြင်လာတဲ့နောက်.. ကံဆိုးသူ ကျွန်တော် အကြောင်း သူ့ကို ပြောပြမိတယ်... ကျွန်တော် မတရားဘူး.. သူ့ ဂရုဏာတွေကို ခြွေယူခဲ့တယ်...

“ကျိန်စာတွေ နက္ခတ်ဆိုးတွေ မယုံဘူး မောင်... ကျိန်စာတွေ တကယ်သင့် ခဲ့ရင် နောက်ဆုံး ထွက်သက်ဟာ မောင့် လက်ထဲမှာပဲ ဖြစ်ချင်တယ် ”

သူအပြုံးမပျက် ပြောသွားတဲ့ စကားအဆုံးမှာ ကျွန်တော်ဟာ ငိုကြွေးမိတယ်... ကျွန်တော့်ဘ၀အတွက် သူ့ဘ၀အတွက် ကျွန်တော့် ကျိန်စာတွေကို ဖြတ်ပေးပါလို့ တောင့်တမိတယ်... သူကတော့ အနာဂတ်အတွက် ရဲရင့်နေတယ်... ကျွန်တော်ကတော့ သူ့ကို ဆုံးရှုံးသွားမလား တွေးကြောက် နေမိတယ်...


နိုင်ခြေနည်းလွန်းတဲ့ ကစားဝိုင်းထဲ
ကံကြမ္မာနဲ့ ဖက်ပြိုက်ခဲ့တယ်

မျှတတယ် မမျှတဘူးဆိုတာ
ကျွန်တော့်မှာ ငြင်းခွင့်မရှိခဲ့ဘူး
ဘ၀နှစ်ခုနဲ့ လောင်းကြေးထပ်မိတဲ့နောက်..

ကံကြမ္မာက ခြောက်(၆)ပြလို့
Lucky 7 ရရင် ကျွန်တော်နိုင်မယ်ဆိုတဲ့ပွဲမှာ
အံစာ ဟာတစ်လုံးတည်းရယ်.....


ကျွန်တော့် ဘ၀ရဲ့ကျိန်စာတွေလွတ်မြောက်သွားပြီလို့ ထင်နေမိတယ်... ၂ နှစ်တာ ကာလ အတွင်းမှာ ဝေးကွာဖို့ လမ်းကြောင်းမမြင်တဲ့နောက် လက်ထပ်ဖို့ ကြိုးစားမိတယ်...

ပုန်း နေတဲ့ ကြမ္မာဆိုးတွေ ခြုံခိုတိုက်ခိုက် လိုက်သလိုပါပဲ... သူ့မိဘတွေဟာ မိရင်းဖရင်းတောင် မမွေးချင်တဲ့ ကျွန်တော်လို လူမျိုးနဲ့ သဘောမတူခဲ့ပါဘူး... အတားအဆီးဆိုတာ မတွေ့မိပေမယ့် မြင်လိုက်ရတဲ့ အခါမှာ ကျွန်တော် မကျော်နိုင်တော့ဘူး...

“လှိုင်းရယ်... ဒီတစ်ခါ ဝေးကြရတော့မယ်ထင်တယ်”

ကျွန်တော် ညီးတွားမိတဲ့ အသံ အဆုံးမှာ သူမျက်ရည်တွေ ကျလာတယ်... မငိုတတ်ဘူးလို့တောင် ထင်ရတဲ့ အပြုံးမျက်နှာနဲ့ ကောင်မလေးဟာ အခုတော့ ငိုနေရတယ်... ကျွန်တော် သူ့လက်ကလေးကို တင်းတင်းဆုတ်ကိုင်မိခဲ့တယ်... ဒီလက်တွေက ကျွန်တော့် ဘ၀အတွက် မကောင်းသတင်းတွေ ယူလာခဲ့တယ်.. ဒီလက်တွေနဲ့ပဲ သူ့လက်ကို ဆွဲပြီး ကျွန်တော် အဝေးကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်...

“မောင် မြန်မြန်မောင်းလေ အိမ်က လိုက်လာအုံးမယ်”

လှိုင်းမျက်နှာမှာ စိုးရွံမှုတွေ နဲ့.... သူ့ ကြောက်လှန့်မှုတွေ အဆုံးသတ်သွားအောင် ကျွန်တော်ပြုံးပြခဲ့တယ်... ညအချိန်မှာမို့ ကျွန်တော် သတိထား မောင်းနေမိတယ်... သူက ကျွန်တော့်ဘ၀ထက် အရေးကြီးတယ်မလား... ကျွန်တော် ဘာမှ အတိမ်းအစောင်း မခံနိုင်...

ရုတ်တရက် မြင်လိုက်ရတဲ့ အလင်းနဲ့အတူ အရှိန်ပြင်းပြင်းတစ်ခု... နောက်ဆုံး သတိကြောင့် လှိုင်းကို ကျွန်တော်ကာ ပေးလိုက်တယ်...

ကျွီ !!!! !!!!

လောကနဲ့ ဘယ်လောက်ကြာအောင် အဆက်ပြတ်သွားလဲ မသိ...

“မောင်.....”

လှိုင်းရဲ့ အသံကြားလို့ နိုးထလာမိတယ်... ကျွန်တော် နဘေးမှာ လဲနေသော လှိုင်း .. “မောင်.....” လို့ တတွတ်တွတ် သူ တီတိုးစွာရေရွတ်နေတဲ့ ပါးစပ်က သွေးတွေစီးကျလို့... သူ ကျွန်တော့်ကို မြင်ရဲ့လား... သူ့ နှုတ်ဖျားက သွေးစက်တွေ ကျွန်တော် လှမ်းသုတ်ပေးချင်လိုက်တာ.....ဒါပေမယ့် ကျွန်တော်.. ကျွန်တော်.. မတတ်နိုင်ခဲ့ဘူး.....

ဝေဒနာတွေ ခံစားနေရတဲ့ သူနား ကျွန်တော်တိုးကပ်လို့ သွားတယ်... ကျိန်စာဆိုးတွေရယ်... သူ့အနားရောက်မှ ကျွန်တော် အသက်ကို နုတ်ယူပေးပါ....

ဆုတောင်း ပြည့်ခဲ့ဘူး.. ကျွန်တော် အာရုံတွေ... အမြင်တွေေ၀၀ါး လာလိုက်တာ..........


ကျွန်တော်ဟာ
လှိုင်းစေရာ နာခံမယ့် ကမ်း
ပင်လယ်အတွက် အနားသတ်မဖြစ်ချင်ဘူး

ပင်လယ်နဲ့တူသော ချစ်သူအတွက်
ကျွန်တော်ကို မြစ်တစ်စင်းလဲဖြစ်ခွင့်ပေးပါ
ပင်လယ်လဲ မငြင်းသော
မြစ်လဲ စီးဆင်းသော
အဆုံးမဲ့ အချစ်များကို ပေးဆပ်ခွင့်ပြုပါ....

ပင်လယ်နဲ့တူသော ကောင်မလေးအတွက်
ကောင်းကင်လဲ ဖြစ်ခွင့်ပေးပါ
အရိပ်တွေကို သူ ဖမ်းစား
အပြာရောင်နေ့ရက်များ ရှင်သန်ခွင့်ပေးပါ....


သောင်ပြင်မှာ ပြေးလွားချင်နေတဲ့ ခွေးလေးကို ကျွန်တော် မနဲဆွဲထားရတယ်... ဒီကောင်လေးက သန်မာလာလိုက်တာ ကျွန်တော်တောင် မနိုင်ချင်တော့ဘူး....

လှိုင်းတွေ နဲ့ ထိနိုင်လောက်တဲ့အထိ ကျွန်တော် လျှောက်သွားခဲ့တယ်... လှိုင်းတွေဟာ ကျွန်တော့် ခြေထောက်တွေကို ရိုက်ခတ်လိုက် ဆင်းသွားလိုက်... အဲ့ဒီ လှိုင်းလေးတွေ ပြန်အဆင်းမှာ ကျွန်တော် ခြေထောက်တွေ သဲတွေထဲ နစ်မြုပ်သွားတယ်... လှိုင်းတွေရယ်.. ကြမ္မာဆိုးတွေကို ဒီရေတွေက ဆေးကြောပေးပါ... ဒီသဲတွေအောက် နှစ်မြုတ်ပေးပါ....

လှိုင်းသံတွေကြားမှာ ကျွန်တော်ဟာ မေ့မြောနေခဲ့တယ်...

ရုတ်တရက်လှိုင်းကို သတိရလာတယ်...

နှင်းဆီတွေကို သတိရလာတယ်...

အတိတ်ဟောင်းတွေကို မြင်ယောင်လာတယ်...

“လှိုင်းရယ်”

“ပြောလေ... မောင်”

ဘယ်အချိန်ကတည်းက ရောက်နေလဲမသိတဲ့ လှိုင်းက ပြုံးပြတယ်... သောင်ပြင်မှာ ပြေးဖို့ ကြိုးစားနေတဲ့ ခွေးငယ်လေးကို လွတ်ပေးလိုက်တယ်... ဟိုပြေး ဒီပြေးနဲ့ ဒီကောင်လေး မြူးနေလေရဲ့... လှိုင်းရဲ့ လက်ကို တင်းတင်းဆုတ်ကိုင်လိုက်တယ်... လေတိုက်လို့ လွင့်ပါးလာတဲ့ သူဆံနွယ်တွေကို သပ်ပေးဖို့ ကျွန်တော့်မှာ လက်မအားတော့... လှည့်စားတတ်လွန်တဲ့ ကံကြမ္မာရဲ့ လောင်းကြေးအတွက် လက်တစ်ဖက် ပေးလိုက်တယ်... နက္ခတ်ဆိုးတွေ ကြီးဆိုးထားတဲ့ လက်နဲ့ လှိုင်းအသက်ကို လဲလိုက်တယ်... အဲ့ဒီအတွက် နောင်တမရခဲ့ဘူး....
နောက်ထပ် ကျိန်စာများ ရှိသေးရင် .. နောက်ထပ် လက်တစ်ဖက်ပေးဖို့ ကျွန်တော် အဆင့်သင့် ရှိနေတယ် မဟုတ်ပါလား....

“လှိုင်းနဲ့ အတူတွဲသွားဖို့ လက်တစ်ဖက် ကျန်သေးတယ်.. နှင်းဆီတွေ ခူးပေးဖို့ လက်တစ်ဖက်ကျန်သေးတယ်... ”

“ကျေးဇူးပဲ မောင်... ”

ဒီတစ်ခါ ညနေကတော့ နေမင်းက ရှက်ပြုံးတွေဝေရင်း ပင်လယ်ထဲ ခုန်ဆင်းသွားပြန်တယ်... ကျွန်တော်ကတော့ လှိုင်းရဲ့ လက်ကို ဆုတ်ကိုင်ရင်းပေါ့....

ပြီးပါပြီ ။ ။

စက္ကူလှေ



လေပြည်အေးတွေ တဖြည်းဖြည်းတိုက်နေတဲ့ ကန်ရေပြင်ဘေးက ခုံတန်းလေးမှာ ကျွန်တော် ထိုင်နေခဲ့တယ်…. ရာသီဥတုကလဲပူ သွားစရာ ကိစ္စလဲ မရှိတာမို့ သစ်ပင်ရိပ်အောက် မှာ ကျွန်တော် ရောက်နေခဲ့တာ အတော်တောင် ကြာနေပြီ… နာရီလဲ မကြည့်ချင်တော့ဘူး… ဘယ်သူမှ ဂရုမစိုက် လည်မြဲလည်နေတဲ့ လက်တံတွေကို ကျွန်တော်လဲ အရေး မစိုက်တော့…. ခေါင်းထဲက ကိစ္စတွေ မေ့ထားလိုက်ပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေမိသည်…. ကြာလာတော့ ပျင်းလာတာနဲ့ ပါလာတဲ့ စာအုပ်ထဲက စက္ကူလေးတွေကိုထုတ် လှေလုပ်ပြီး ကြည်နူးမိသည်… ကလေးတစ်ယောက်လိုတော့ မပျော်မြူတော့…. လှေကလေးတွေ ရေထဲချပြီး သူတို့ နှစ်မြုပ်သွားတာကို ကြည့်ပြီး… ရင်ထဲက အခက်အခဲတွေလဲ အဲ့သလို ပျောက်ပျက်သွားရင်ကောင်းမယ်လို့ တွေးနေမိသည်….

ထိုင်နေတာလဲ ကြာလာ သီချင်းတွေကလဲ ထပ်လာတာမို့ နားကြပ်ကို ဆွဲထုတ်လိုက်တယ်… ကျွန်တော့် ပတ်ဝန်းကျင်က ဘာအတွေးမှ မရှိလောက်အောင်ကို တိတ်ဆိတ်နေတယ်… ကျွန်တော် လှေတစင်းခေါက်ပြီး ထပ်လွတ်မယ် အလုပ်မှာ… ရှိက်သံ သဲ့သဲ့ ကြားရတာမို့ ဒီနေရာလေးမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်မှန်း သတိထားမိလိုက်တယ်… ကျွန်တော် နဲ့ မလှမ်းမကမ်း ခုန်တန်းရှည်လေးမှာ ကောင်မလေးတစ်ယောက် ငိုနေတယ်… ရှိက်ကြိးတငင်ပါပဲ.. လမင်းမရတဲ့ ကလေး တစ်ယောက်လို သူဆုံးရှုံးမှုတစ်ခုကို တမ်းတနေတယ် ထင်သည်… သူ့ ကြည့်ရတာ အသံမထွက်အောင်ထိန်းနေပုံရသည်… သို့သော်… သူ့ ငိုသံတွေက တစ်ချက်တစ်ချက် ထွက်လာမြဲ…. ကျွန်တော်လဲ သူစိတ်ကြိုက် အားရပါးရ ငိုလို့ရအောင် မသိချင်ယောင် ဆောင်နေပေးလိုက်သည်….

နားထဲကို နားကျပ်ထည့်ပြီး သီချင်းကို ကျယ်လောင်စွာဖွင့်လိုက်ပြီး.. လှေကလေးတစင်း ကျွန်တော် လွတ်လိုက်သည်…စိတ်ထဲ ကျွန်တော် ကြည်နူးသွားသည်.. စာရွက်ကလေးမှာ ကျွန်တော် အဆင်မပြေတာလေး ထည့်ရေးပြီး လှေလုပ် လွတ်လိုက်ခြင်းဖြစ်ပြီး… ထိုလှေကလေး မြုပ်တော့ .. ကျွန်တော့် အတွေးတွေ နဲနဲ ပေါ့သလို ခံစားလာရသလိုပါပဲ… လှေတစင်းထပ်လုပ်မယ် စဉ်းစားပြီး နောက်အဆုတ်… “အမလေး သေပါပြီ” ကျယ်လောင်တဲ့ အသံတစ်ခု ကျွန်တော့်နောက်က ထွက်လာတာရယ်.. ကျွန်တော့် ခြေထောက် အောက်က ခံစားချက်တစ်ခုရယ်ကြောင့် ကျွန်တော် ခြေထောက်တစ်ခုကို နင်းမိပြီဆိုတာသိလိုက်တယ်… ကျွန်တော် ချက်ခြင်းဖယ်ပြီး တောင်းပန်မယ် အလုပ် … နောက်လှည့်ကြည့်လိုက်တော့… မျက်ရည်စတွေ နဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ပြီး .. .. ကျွန်တော့်ကို ဒေါသ ချောင်းချောင်းထွက်နေသော ကောင်မလေးတစ်ယောက်…
သေချာတာက ကျွန်တော်နဲ့ မလှမ်းမကမ်းက ငိုနေသော ကောင်မလေးပဲ… သူမျက်ရည်တွေတောင် မသုတ်ရသေး… အခုတော့ သူ့ ဒေါသ အမျက်တွေ ကို သူမျှော်နေသောသူမှသည် ကျွန်တော့် ပေါ်သို့ ဖြန့်ကျက်ထားလိုက်ပြီ ထင်သည်… သူ ပါးစပ်က တတွတ်တွတ်ပြောနေပေမယ့် ကျွန်တော် မကြား… ကျွန်တော်က ပြုံးပြုံးလေး နားထောင်နေရင်းမှ .. နားထဲက နားကျပ်ကလေးဆွဲထုတ်ဖို့ သတိရလာတယ်… ဒါကြောင့် ကျွန်တော် မကြားတာကိုး…

သူ့အသံတွေက ထင်တာထက်တောင် ကျယ်လောင်နေပါသေးတယ်… ဘယ်ကစတောင်းပန်ရမှန်း မသိတာမို့.. ကျွန်တော် ငြိမ်နေမိသည်… ဒီငြိမ်သက်မှုတစ်ခုကပဲ.. သူရဲ့ ထနေတဲ့ ဒေါသကို ပိုကြွစေသည်လားမသိ… သူ တိုး၍ ဒေါသထွက်လာသည်…

“နင် တော်တော်ရိုင်းတဲ့ ကောင်ပဲ မထုံတတ်သေးနဲ့… … ….. ….. … ….. … .. . .. . ”

ကျွန်တော် တောင်းပန်ဖို့ ဟန်ပြင်မိသည်…

“စပ်ဖြီးဖြီးနဲ့.. နင့်ကိုနင် ဘာများထင်နေလဲ…”

“.........................................”

“ နင်တော်တော် ရိုင်းတယ်… …. …… .. . . .. . .. . .”

“……………………………………..”

“ နင် အ နေလား…….. .. … . . .. . .. . .. . .. . .. . ”

ရိုင်းတယ် ၊ ရိုင်းတယ် အလုံး ၂၀ လောက်အပြီးမှာ ကျွန်တော် ဟာ အ ပါ အ သွားပါပြီ… ကျွန်တော်လဲ မထူးပြီမို့ စာအုပ်ကလေးကို ကောက်ယူလိုက်သည်… ဒါကိုပဲ သူမ ပိုဒေါသထွက်သွား သည်ထင်သည်… သူ့ကို အရေးမစိုက် သလိုပိုဖြစ်သွားသည်… သူ ဒေါသတွေနဲ့ ကျွန်တော့် ကို ကပ်ကပ်လန်အောင် ရန်တွေနေခဲ့တာ ကျွန်တော် ပြသော စာရွက်ကလေး ကြည့်ပြီး မှပဲ သူ ငြိမ်ကျသွားတော့သည်… သူမျက်နှာမှာ တိမ်ညိုတွေ ကင်းသွားပါပြီ.. သူဒေါသတွေ လွင့်ပျောက်ကုန်ပြီ… သူရုတ်ချည်း နူးညံ့သွားသည်…

“နင် တကယ်ပဲ စကား မပြောတတ်တာလား … ”

ကျွန်တော် ခေါင်းညိမ့်ပြလိုက်သည်…

“ငါတောင်းပန်ပါတယ်… ငါ့ဒေါသတွေ နင့်အပေါ်ကျကုန်တယ် ”

- ကိစ္စမရှိပါဘူး ..
… ကျွန်တော်ပြန်ရေးပြလိုက်သည်…

“နင်က စကားမပြောတတ်ဘူးလဲပြောသေးတယ် ငါပြောတာလဲ ကြားတယ်လား ”..

သံသယများနဲ့ မေးခွန်းကို ကျွန်တော် ဖြေလိုက်သည်…

- ကျွန်တော် က အသက်ကြီးမှ မပြောတတ်တော့တာ အာရုံကြော ထိသွားတာ… အသံလုံးဝမထွက်တော့တာ…

သူ့ဂရုဏာတွေကို သူ့မျက်ဝန်းနက်တွေက တဆင့်ကျွန်တော် ခံစားလိုက်ရသည်… ရင်ထဲမှာတော့ နင့်သွားသလိုပါပဲ….

“ဒါနဲ့ နင်က ဒီမှာ ဘာလာလုပ်တာလဲ… ”

ကျွန်တော် အဖြေမရှိ ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်…

“နင် မကြီးမငယ်နဲ့ လှေလွတ်နေတာတော့ ငါတွေ့တယ်… ”

ကျွန်တော် တိုး၍ပြုံးမိသည်… စာအုပ်ထဲ ကျွန်တော် ငုံရေးပြီးပြလိုက်သည်…

- စိတ်ညစ်စရာရှိရင် ဒီကန်လေးနားလာတယ် …စိတ်ညစ်စရာတွေကို စာရွက်ကလေးမှာ ချရေး လှေလုပ်ပြီး.. ဒီရေထဲကို လွတ်လိုက်တယ်… ရေအတွေ့မှာ သူတို့တွေ ပျော့ပျက် ပျောက်ကွယ်ပြီ မြုပ်သွားရင် .. ကျွန်တော် ခံစားနေရတာလဲ တစ်နေ့ အဲသလိုပဲ တဖြေးဖြေး ပျောက်သွားမယ်လို့ ထင်တယ်.. ခံစားရတာလဲ ပေါ့လာတယ်လေ.. ဒါကြောင့် စိတ်ညစ်ရင် လှေလွတ်တယ်… ကျွန်တော့် သောကတွေကို လှေထဲထည့် ဒီရေပြင်အောက်မြုပ်ပြစ်တယ်…. မယုံရင်လွတ်ကြည့်ပါလား….

ကျွန်တော် ရှည်ရှည်လျားလျား ယူဆချက်တွေကို ရေးချလိုက်သည်… သူဖတ်ပြီး ကျေနပ်စွာ ခေါင်းအကြိမ်ကြိမ် ညိမ့်နေသည်… ကျွန်တော်လဲ အလိုက်သိစွာ စာရွက်ကလေးတစ်ရွက် သူလက်ထဲ ထည့်ပေးလိုက်သည်… သူခံစားချက်များ သူချရေးနေသည်… ပြီးတော့ လှေကလေး လုပ် သူလွတ်လိုက်သည်.. သူအနဲငယ်ပြုံးလာနိုင်သည်… သူလဲ လှေကလေးတွေကို သဘောကျသွားပါပြီ…. စာရွက်လေးတွေ ကျွန်တော်ပေး.. သူလှေကလေးတွေလွတ်နေရင်းမှ မထင်မှတ်တဲ့စကား တစ်ခွန်းမေးလိုက်သည်…

“စိတ်ညစ်စရာတွေကို လှေထဲထည့်ရင် မျှော်လင့်ချက်တွေကိုရော ဘယ်နားထည့်လဲ… ”

- မျော်လင့်ချက်တွေကို ကောင်းကင်မှာထားတယ်.. အလိုများတဲ့ ကျွန်တော်က မျော်လင့်ချက်တွေကို ကြယ်ပွင့်တွေမှာထားတယ်

ကျွန်တော်ရေးတဲ့စာလေးကို ဖတ်ပြီး သူမခို့တရို့ပြုံးပြီး ပြောလိုက်သည်….

“ ကြယ်ဆိုတာ ကြွေတတ်တယ်လေ… ”

- မျော်လင့်ချက်ဆိုတာလဲ သေတတ်တယ်

သူဘာ စကားမှ မပြောပဲ ခဏတိတ်ဆိတ်သွားပြန်သည်… နောက် သူ ခံစားချက်တွေ ထပ်ရေးသည်… လှေတစင်း ထပ်လွတ်သည်…

“ ဒီနေ့ ငါ့ ကြယ်တစင်း ကြွေကျသွားတယ်… ”

သူမ မျက်ရည်တွေ ရစ်ဝဲလာနေပြီ... သို့သော် သူ မငိုတော့…

“ ကျေးဇူးပဲ.. နင့်ကြောင့် ငါခံစားနေရတာတွေ နဲနဲသက်သာလာတယ်…. ”

စကားမပြောသော ကျွန်တော့် အစား သူစကားများစွာပြောနေခဲ့သည်… သူအချစ်ဇာတ်သိမ်းကို သူကြေကွဲ ဆို့နင့်စွာ ပြောပြနေသည်… သူမငိုအောင် ထိန်းနေခဲ့သည်… ကျွန်တော်လဲ အလိုလို သူနဲ့ထပ်သူ ၀မ်းနည်းလာသည် … နောက်ကျွန်တော်တို့ လှေတွေ ထပ်လွတ်ကြသည်… နေအတော်တောင် စောင်းသွားတော့ သူ နှုတ်ဆက်ထွက်သွားသည်… ခြေရာလေးတွေ သူချန်ရစ်သည်… စာအုပ်ထဲ gmail address တစ်ခု သူထားခဲ့သည် …. သေချာတာက ကျွန်တော့် ကောင်ကင်မှာ ကြယ်လေး တစ်ပွင့်တိုးလာပြန်ပြီ….

*****

ကာလကြာရှည်စွာ ပြစ်ထားခဲ့သော gmail တစ်ခု ထိုနေ့ညက စပြီး ကျွန်တော် အသက်သွင်းခဲ့သည်… သူနာမည်လေးကို ရိုက်ထည့်ပြီး တစ်ညလုံးစောင့်နေမိသည်… ပေါ်မလာပါ… ကျွန်တော့် နေ့ရက်တွေ ခေါ်သူမဲ့တဲ့ ကွန်ပျူတာလေး ရှေ့မှာပဲ နေ့ရက်တွေကို ကုန်ဆုံးနေခဲ့တယ်…. တစ်ပတ်လောက် အကြာမှသူမ ပေါ်လာသည်… သူက ချက်နေကြမဟုတ်.. ကလေးကလား အလုပ်လို့ သူမထင်သည်… သူမကို online မှာတွေ့ရခဲသည်… သူနဲ့ ပြောရင်း သူ့စိတ်ရင်းကို ကျွန်တ်ာမြင်လာသည်… သူ့ကို ပိုပြီး စိတ်ဝင်စားလာမိသည်… သူက တော်ရုံမိန်းကလေး မဟုတ်… ရည်မှန်းချက်ကြီးသလို တကယ်လက်တွေ အကောင်အထည် ဖော်နေသော သူမ…. ၀ါသနာပါသော အလုပ်ကိုသာ သူလုပ်သည်.. တစ်နေ့ကုန် ပန်းချီဆွဲရင်း သူအချိန်များစွာ သူသုံးနေတတ်သည်… ခံစားချက်ရှေ့တန်းတင်လွန်းလို့ .. သူ လူမှားချစ်ခဲ့ရတာပါလို့ အကြိမ်ပေါင်းများစွာ ညီးတွားမြဲ… ပြစ်သွားသော ချစ်သူအတွက် မျက်ရည် ထပ်မကျပါ သူငိုနေတာ သူအတွက်ပါလို့ ဆင်ခြေတွေလဲ သူပေးတတ်သည်… အခုတော့ သူမငိုတော့ … သူဘ၀မှာ လှေလေးတွေလဲ ရှိလာပြီတဲ့လေ.... ကြယ်လေးတွေလဲရှိလာပြီ.. သူမျော်လင့်ခြင်းများ တဖန်ရှင်သန်လာခဲ့ပြီ.. အဲ့ဒီအတွက် ကျွန်တော်ကို အမြဲ ကျေးဇူးတင်နေသည်..

ကျွန်တော့် ဘ၀ကိုစာနာသည်…. ကျွန်တော်ကို ဂရုစိုက်သည်… တစ်နေ့ ကျွန်တော် ပြန်စကားပြောနိုင်ရမည်… ကျွန်တော့် ကောင်းကင်မှာ ကြယ်လေးတွေ ထာဝရ ရှင်သန်နေမည်ဟု သူအမြဲ နှစ်သိမ့်သည်… သူရဲ့ စာနာမှုကရုဏာတွေဟာ အချိန်တွေ ကြာတဲ့ အခါ ချစ်ခြင်းမေတ္တာတစ်ခုသို့ အသွင်ပြောင်း လာခဲ့သည်.. မထင်မှတ်တဲ့ တစ်နေ့မှာ သူ ၀န်ခံခဲ့သည်… သူမ ကျွန်တော့်ကို ချစ်သည်တဲ့…. ကျွန်တော် ခံစားချက်တွေ ရောထွေးကုန်သည်.. ရင်တွင်း ပန်းပေါင်းများစွာ ပွင့်လန်းသလို မိုးကြိုးအစင်းပေါင်းများစွာ ပြစ်ခွင်းသလို ခံစားရသည်… သူချစ်ခြင်း ကို ကျွန်တော်ရတော့ ပျော်မိသည်.. ကျွန်တော် တောင့်တခဲ့သော အရာမဟုတ်ပါလား… သို့သော်… ကျွန်တော် … ကျွန်တော်က စကားမပြောနိုင်ဟု သူသိထားသည်… သူ ဂရုဏာနှင့် ဆွံအနေသော ကောင်လေးတစ်ယောက်ကို ချစ်မိသည်.. အမှန်မှာ ကျွန်တော် မ ‘အ’ ခဲ့… သူနဲ့ တွေ့သောနေ့က သူ့စကားသံအောက် ကျွန်တော်ပျောက်ပြီး အ ချင်ယောင် နေမိခဲ့သည်…

အခုတော့ ကျွန်တော်ဘာလုပ်ရမှန်းမသိတော့ … စိတ်ထဲမှာတော့ မှားမှန်းသိနေပြီ… သူမအနား မှာ ကျွန်တော် ချစ်တဲ့စကားတော့ ပြောနေချင်သည်… အခုတော့ ပြောခွင့်မရှိ.. မကြာခင် အလိမ်တွေ ပေါ်ကုန်တော့မည်…
ခေါင်းထဲ အတွေးများစွာ ၀င်လာသည်..

ကျွန်တော် အအ အတိုင်းဆက်နေရမလား..

ဒါမှမဟုတ် ရုတ်တရက် အသံပြန်ထွက်လာသည်ဟု ကျွန်တော် ညာရမလား…..

ဒါမှမဟုတ် ညာခဲ့ပါသည်လို့ ၀န်ခံရမလား..

ကျွန်တော် မညာရက်တော့… ခင်မင်မှုတွင် ပွင့်လင်းမှုမရှိလျှင် မရိုးသား.. ထိုအတူ ချစ်ခြင်းတွင်လဲ အလိမ်အညာပါလာ လျှင် မဖြူစင်… မရှည်ကြာ… မခိုင်မြဲ… တစ်ချိန်က အသဲကွဲဖူးသော သူမ… အရဲစွံပြီး နောက်တစ်ခါ ထပ်ချစ်ခဲ့တဲ့သူက လူညာတစ်ယောက်တော့ မဖြစ်စေချင်.. သူမ ဘ၀တွင် ကျွန်တော် က ခြောက်ပြစ်ကင်း စံပြပုဂ္ဂိုလ်လဲ မမှန်းပါ… အမှားမကင်းသေား လူများကြား… အမှား များသောလူသား တစ်ယောက်တော့ မဖြစ်ချင်… အမှားကို ရှောင်ပုန်း သရဲဘော ကြောင်သူတစ်ယောက်လဲ မဖြစ်ချင်… သူဘ၀လေး လှပဖို့ ကျွန်တော့် ဘ၀လေး ပေးဆပ်တတ်တဲ့ ရိုးသားတဲ့ ချစ်သူတစ်ယောက်ပဲ ဖြစ်ချင်သည်… ကျွန်တော် ပွင့်လင်းစွာ ၀န်ခံတော့မည်လို့ ဆုံးဖြတ်လိုက်သည်… သူချိန်းထားသော နေ့ရက်လေးကို ညတိုင်း ကြယ်ကြွေတွေမှာ ဆုတောင်းရင်း စောင့်နေခဲ့တယ်…. သူခွင့်လွတ်ဖို့ မျော်လင့်နေမိသည်… ကျွန်တော် အလိမ်အညာတွေကို သူရိုးသားမှုတွေကြောင့် ခွင့်လွတ်ပေးလိမ့်မည်ဟု မျော်လင့်နေမိသည်….

*****

သူ နှင့် ကျွန်တော် စတွေ့သော နေရာလေး.. အရင်အတိုင်းတိတ်ဆိတ်နေမြဲ… လှပနေမြဲ… ကန်ရေပြင်က လှိုင်းသေးသေးလေးတွေလဲ မခို့တရို့ ကမ်းတို့ကို ရိုက်ခက်နေမြဲ… လေနုအေးကလဲ ခပ်ဖြေးဖြေးတိုက်ခတ်နေမြဲ အရာရာဆိတ်ငြိမ် နေပေမယ့် … စောင့်စားနေတဲ့ ကျွန်တော် မောရနေရပြီ... အသက်ရှုရပ်လောက် အောင် ရင်တွေခုန်နေသည်… ရင်တွေ ကွဲထွက်သွားမလား မှတ်ရသည်… အတွေးထဲ ယောက်ယက်ခက်နေသည်… အမှန်ကို သိတဲ့အခါ သူမုန်းမှာလား သူလက်ခံမှာလား….

စတွေ့တဲ့နေက သူငိုနေသည်… ဒီနေ့ရော… သူပျော်မည်ထင်သည်…. ဒီနေရာလေးက ဒီနေ့လည်း ပုံစံမပြောင်း စတွေ့တုန်းကအတိုင်း ရှိနေရင်တောင် … ကျွန်တော်တို့ နှစ်ယောက်တော့ ဘ၀ပြောင်းပြီး ချစ်သူတွေ အဖြစ်ပေါင်းရတော့မည်… စိတ်ကူးထဲမှာ တစ်ယောက်တည်း ရူးနေမိသည်….

အပြုံးတစ်ခုနဲ့ သူရောက်လာပါပြီ .. ရှက်ပြုံးလေးနဲ့ သူမကို ကျွန်တော်လဲ အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်သည်… ထိုနောက် သူလက်ထဲကို ကျွန်တော် ၀န်ခံချက်စာတစ်စောင်ထည့်လိုက်သည်… ပြောချင်တာကို ရေးမှရသည့် ဘ၀ဟု မှတ်ယူထားဆဲ သူမက.. ထိုစာကို အံ့သြခြင်းမဲ့ ဖတ်ရင်း… ပျော်မြူးနေတဲ့ သူမျက်နှာလေး ညှိုးလာသည်.. မျက်ရည်လေးတွေ သူ့ပါးပြင်ပေါ်ခုန်ဆင်းလာသည်…. သူမ မပြောပေမယ့် ကျွန်တော် သိလိုက်သည်… ကျွန်တော်မှားခဲ့သည်… သူ့အသံတွေ တုန်ရီနေပြီ… သူ အားတင်းပြီး စကားကို ထိန်းပြောလိုက်သည်….

“နင်…. ဘာလို့ ညာခဲ့တာလဲ …. ဟင် ”

ကျွန်တော် ရေးပြစရာမလိုတော့ ရိုးသားစွာပဲ.. ကျွန်တော် ပြောလိုက်သည်.. အသံတွေကတော့ ဆို့နင့်နေသည်….

“ငါ မရည်ရွယ်ပါဘူးဟာ… ရုတ်တရက်မို့လို့.. ငါ .. လိမ်ညာမိတာပါ… ”

မျက်ရည်တွေ သူ့ပါးပေါ်က ထပ်လိမ့်ဆင်းလာသည်…

“ဘာလို့ နင်စောစောက ၀န်မခံတာလဲ.. နင်နဲ့ငါ ချက်နေကြတာပဲ… ”

“ငါတောင်းပန်ပါတယ်ဟာ.. ငါအခု ၀န်ခံပါတယ် ငါမှားခဲ့ပါတယ် … ခွင့်လွတ်ပေးပါဟာ.. နောက်ဆုံးမှာ ငါရိုးသားခဲ့ပါတယ် ”

“ဒါပေမယ့် နင်တစ်လျှောက်လုံး လိမ်ညာနေခဲ့တယ်… ”

“ငါလိမ်ညာပေမယ့်… နင့်ကို မထိခိုက်ခဲ့ဘူးထင်တာပဲ… ငါ့ညာခဲ့လို့ နင်စိတ်ညစ်တာတွေတောင် ပျောက်ခဲ့သေးတာပဲ”

“ဒါပေမယ့် နင့်အလိမ်အညာမှာ ငါ့ နှလုံးသားတစ်ခု ပါသွားတယ်ဆိုတာရော နင်သိလိုက်လား ”
ကျွန်တော် ငိုချင်မိသည်…. ရင်ထဲ နင့်နေအောင် ခံစားလာရသည်….

“ငါရော မခံစားရဘူးလို့ နင်ထင်နေလား… ငါ ရုတ်တရက် အသံ ပြန်ထွက်လာပါတယ်လို့ လိမ်ရင်ရသားနဲ့ ငါမလိမ်တော့တာ ငါနင့်အပေါ် ဖြူစင်လို့ နင့်ကို ချစ်လို့ ပေါ့ဟာ ”
ပြောနေရင်း ကျွန်တော့် မျက်ရည်တွေ ရစ်ဝဲလာသည်…

“နင် ညာအုံးမှာလား… တော်ပါပြီဟာ.. လုံလောက်သွားပါပြီ… ငါကြယ်တစင်းလဲ ကြွေကျသွားပါပြီ…”

ကျွန်တော့် နှလုံးသား ကို ကိုင်လှုပ်သလိုခံစားလိုက်ရသည်… ကျွန်တော် ရူးရတော့မည်….

“ငါ့ကို ခွင့်လွတ်ပါဟာ … ငါ့ရိုးသားမှုအတွက် .. နင့်ဆီက ခွင့်လွတ်ပါတယ် ဆိုတဲ့ စကားလေးတောင် မရတော့ဘူးလား ”

“မခွင့်လွတ်ရက်ဘူး.. တစ်ခါလိမ်ညာတဲ့သူကို တစ်ခါခွင့်လွတ်တယ်ဆိုရင်… နောင် .. နင် ဆက်လိမ်မှာ… ”

“ငါမလိမ်တော့ပါဘူး ဟာ… ကတိပေးပါတယ်… ”

“တစ်ခါသေဖူးရင် ပျဉ်ဖိုးနားလည်ရမယ်တဲ့…. ငါဘ၀ ဟာ ယောက်ျားတွေရဲ့ လိမ်ညာရာ အဖြစ်မခံနိုင်ဘူး.. ”

“ငါကို တစ်ကြိမ်လောက် အခွင့်အရေးပေးပါဟာ…. ငါဟာ နင့်အချစ်ကို ကြိုးစားဖို့ ထိုက်တန်ပါတယ်… ငါ နောက် မလိမ်တော့ပါဘူး…. ကတိပေးပါတယ် ဟာ….”

“နင့်ကတိတွေ လှေထဲ ထည့်လိုက်ပါတော့.. ငါ .. ဒီအချိန်မှာ နင့်နာမည်ကို လှေမှာရေးပြီး မြုပ်ပြစ်လိုက်ချင်တယ် ”

စကားအဆုံးမှာ သူ ပြေးထွက်သွားခဲ့တယ်…. ကျွန်တော် သူ့လက်ကလေးကို လှမ်းဆွဲလိုက်သည်….

“ငါ့ကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပြုပါဟာ… ငါကို မမုန်းလိုက်ပါနဲ့… ငါတကယ်ချစ်ခဲ့တာပါ… ”

“ကြိုးစားလဲ အလကားပဲ… လိမ်ညာတတ်တဲ့ သူတစ်ယောက်ကို ရင်ထဲကချစ်ခဲ့ရင်တောင် ငါဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး… နင့်ကို ဒီထက်ပို မချစ်သေးခင် နင့်အနားက ငါသွားရမယ်… ငါကို လွတ်ပါ….”

“တောင်းပန်ပါတယ်ဟာ… တစ်ကြိမ်လောက်ပဲ အခွင့်အရေးပေးပါ…. ”

ဒီစကားကလွဲလို့ ကျွန်တော်မှာ ပြောစရာက မထွက်တော့… ကျွန်တော် ရင်တွေပေါက်ကွဲသွားတော့မယ်…

“ငါ့ကို ထပ်မချီနှောင်ပါနဲ့တော့ဟာ…. ငါရင်ထဲမှာ ဒဏ်ရာတွေ အပြည့်အနှက်မို့ပါ….”

သူမျက်ဝန်းထဲက လိမ့်ဆင်းလာတဲ့ မျက်ရည်တွေရဲ့ဒဏ်ကို ကျွန်တော် မခံနိုင်တော့ … ကျွန်တော် လက်လျှော့လိုက်ပါပြီ… သူကို ကျွန်တော် အနားမှာ သံသယများနဲ့ နေစေမယ့်အစား.. ကျွန်တော့်အဝေးမှာ သူပူပင်ကင်းစွားနေစေချင်သည်….သူ့ကောင်းကင်မှာ ကျွန်တော်ဆိုတဲ့ ကြယ်လေး မရှိတော့သလို… သူ့ဘ၀ မှ ကျွန်တော်နာမည်နဲ့ လှေကလေး လဲ မြုပ်သွားခဲ့ပါပြီ…. သူရင်ထဲက ဒဏ်ရာတွေကို ကြွေသွားတဲ့ ကြယ်လေး.. မြုပ်သွားတဲ့လှေလေးများ က ကုစားပေးစေချင်သည်…

ကျွန်တော် ခံစားနေရသည်… ၀မ်းနည်းမှု ခံပြင်းမှုတွေ ရောနေသည်… အမှန်တရားတစ်ခုကို ရိုးသွားစွာ ၀န်ခံသူအဖို့ အမုန်းတစ်ခုဟာ ထိုက်တန်တဲ့ ဆုလာဒ်ပဲလား…. လိမ်ညာ ဟန်ဆောင်ခဲ့တဲ့ ဘ၀မှာ ပိုင်ဆိုင်ခဲ့သမျှဟာ… ရိုးသားတဲ့ တခဏမှာပဲ မြူခိုးတွေလို နေခြည်အတွေ့မှာ လွင့်ပျောက်ကုန်ပြီလား…. ဆက်ညာလိုက်ရင်ကောင်းသားဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာ နောင်တလို့ နာမည်တပ်ပြီး ၀င်ရောက်လာပြန်ပြီ… ကျွန်တော် ညှင်သာစွာ ငြင်းလိုက်သည်… ဟန်ဆောင်ခြင်းမဲ့ ဘ၀တစ်ခုနဲ့ သူမ ပြန်လည် ရောက်လာတဲ့ အထိ ကျွန်တော် စောင့်မျှော်နေမည်…. စမှတ်တစ်ခုမှာပဲ ဆုံး.. စုံမှတ်တစ်ခုမှာပဲ လွဲ.. နောက်ဆုံးတော့ ကွဲရတာပဲလား… ဒါပေမယ့် ကျွန်တော့် ဘ၀မှာ သူမကို အပျောက်မခံ ကောင်းကင်ယံမှာထာဝရ ထွန်းလင်းစေချင်သည်…. ကျွန်တော် သူမနာမည်နဲ့ လှေတစင်းလဲ မမြုပ်သလို… သူမအတွက် ကြယ်တစင်းလဲ မခြွေချတော့ပါဘူး… မျော်လင့်ရင်းပဲ ရူးနေတော့မယ်….

*****

လွမ်းရက်တွေ ရှည်လာပါတယ်… နေ့စဉ်မဟုတ်တောင်.. ခဏခဏ ဒီနေရာလေးတော့ ရောက်ဖြစ်ပါတယ်.. လှေကလေးတွေလဲ လွတ်ဖြစ်တယ်… ညညဆို ကြယ်လေးတွေလဲ ကြည့်မိတယ်…. သူမရော… ကြယ်ကလေးတွေကို ကြည့်နေမလား.. လှေကလေးတွေ လွတ်နေမလား….

တစ်ခါ လိမ်ညာဖူးသူတစ်ယောက် အတွက် သူမအချစ်ကို မျော်လင့်ခွင့်မရှိတော့ပြီလား…. ပြန်လည် ရိုးသားလာသူတစ်ယောက် အတွက် သူမရဲ့ အပြုံတစ်ခုနဲ့ မထိုက်တန်ဘူးလား…. ကျွန်တော်ကတော့ မျော်လင့်မြဲ မျော်လင့်ဆဲပါပဲ… သူမ ရင်ထဲက အစိုင်အခဲတွေ ပြေပျောက်ဖို့.. ကျွန်တော် ကန်ရေပြင်မှာတောင် လှေအစင်းပေါင်း ထောင်သောင်း မက မြုပ်ခဲ့ပြီးပြီ… ဒါပေမယ့် သူ့ကောင်းကင်မှာ ကျွန်တော့် ကြယ်တစင်းကတော့ သေမြဲ သေဆဲပဲလား…..

အချိန်တွေ ကြာလာပြီ… အတွေ့မခံသလို ပို့သမျှ message အကြောင်းမပြန်တဲ့ သူမ.. ကျွန်တော် ဘ၀ထဲကနေ ကြယ်ပွင့်လေးလို ကြွေလွင့်သွားပါပြီ… နောက် သူမနာမည်နဲ့ လှေတစင်းထဲ ရေပြင်ထဲ မျောလိုက်ပြီ… ရေအတွေ့ နှစ်မြုပ်ပျောက်ကွယ်သွားပါပြီ…..

ကျွန်တော် ကို သူမ ရက်စက်ခဲ့တာလား … ကျွန်တော် မသိ….

သူမကို ကျွန်တော် ရက်စက်ခဲ့တာလား… ကျွန်တော် မသိ…

အရာအားလုံး ဝေးလွင့်ခြင်းနဲ့ အဆုံးသတ်တာ ဘာကြောင့်လဲ…. ကျွန်တော် မသိ…

ကျွန်တော် သိလိုက်တာ တစ်ခုပဲရှိတယ် … သူမ ဆိုတဲ့ ကြယ်တစ်ပွင့် ကျွန်တော့် ကောင်းကင်က ကြွေကျသွားတယ်… အနက်ရှိုင်းဆုံးဆိုတဲ့… ကျွန်တော့် နှလုံးသား ရေပြင်အောက်ကိုပါပဲ …. အဲ့ဒီမှာ… သူမနာမည်နဲ့ လှေလေးတစ်စင်းလဲ မြုပ်နေတယ်လေ…

သူ့ကိုသတိရတိုင်း ကျွန်တော် လွမ်းတဲ့အကြောင်းတွေရေး လှေကလေးတွေ လွတ်တယ်… မြုပ်သွားတဲ့ လှေကလေးက ရေအောက်မှာ မြုပ်နေတဲ့ ကြယ်လေးကို သတင်းစကား ပါးပေးနိုင်မယ် ထင်တာပါပဲ….

အချိန်တွေ ကြာလာပေမယ့် သေချာတာက …. ကျွန်တော် အသက်ရှင်နေသမျှ … ကျွန်တော့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ… သူမ ရှိတယ်ဆိုတာပါပဲ….





ရာဇ၀င်ထဲက လူ

ကောင်းကင်မှာလသာတဲ့ည ..
ကလေးမဟုတ်တဲ့ သူ့ကို
ပုံပြင်လေးတွေ သီကုံးမရွတ်ပြခဲ့ဘူး….
မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့…
ကြယ်အပြုံးကို မမုန်းတမ်းကြည့်ပါဦး….
ဒဏ်ရာတွေ မရှိသေးတဲ့
အဖြူရောင်နှလုံးသားကို
အရောင်တွေ အထပ်ထပ်ဆိုး
သူ ငိုမှာတော့ စိုးတယ်…
နားတွေကို မပိတ်လိုက်ပါနဲ့ ဦး…
အသက်မရပ်ပဲ ရင်ခုန်သံထွက်သွားတဲ့
နေ့တွေအကြောင်း ပြောပြချင်သေးတယ်….


အချစ်တစ်ခုဆိုတာ ပျိုးပျိုးပျက်ပျက်နဲ့ အရောင်တွေလက်နေတဲ့ သူသိပ်ကြိုက်တဲ့ ရုပ်ရှင်တကွက်လိုပဲ မျော်လင့်ထားပေမယ့်… ကိုယ့်ကိုယ်ကို မှောင်ရိပ်ချ အဖြူအမဲ မသဲကွဲတဲ့ ကျွန်တော့်ဘ၀ထဲမှာ.. သူ့ ရဲ့စိတ်ဟာ နေရာထားမှားတဲ့ ရွေလို ခဏလေး မှိန်ကျ အရောင်တွေလွင့်လာတာ ကို သိတဲ့နောက်…

စကားသံတွေကို တိတ်ဆိတ်လိုက်တယ် .. ကျွန်တော်ပိုင်တဲ့ ကျွန်တော် နယ်နမိတ်ကို သတ်မှတ်ခဲ့တယ်…. ရက်စက်တယ်လို့ ပြောခဲ့တဲ့ သူ့ မျက်ရည်တစ်စက်အတွက် ကျွန်တော် နေ့ရက်တိုင်း ငိုကြွေးခဲ့တယ်.. အမြင့်ပျံမယ့် ငှက်ငယ်အတွက်… ကျွန်တော့် မနက်နဲ့ ညကို သူမ အတွက် တောင်ပံတစ်စုံ ရက်လုပ် ပေးလိုက်တယ်…

ဝေးကြမယ်ဆိုတာ သိခဲ့ခဏ…. လတစ်ခုမှာ အကြည့်ခြင်းဆုံနိုင်မယ်လို့ ပြောလိုက်တယ်….. အဲ့ဒီညမှာ သူ…. လကိုပဲငေးနေမယ် ထင်ရဲ့နော်… ကျွန်တော်ကတော့ လမင်း နဘေးက ကြွေသွားတဲ့ ကြယ်လေးအတွက် ကဗျာတွေဖွဲ့နေခဲ့တယ်….


“ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်မှာ
သိပ်လှတဲ့ မနက်ဖြန်ရှိတယ် ”
စကားသံတွေ အဆုံး မျက်ရည်တွေသီကုံးခဲ့တဲ့
သူ့ရင်ထဲမှာ နာကျဉ်းချက်တွေရှိနေမလား

“ တွယ်ရာမဲ စီးမျောသွားတဲ့
သစ်ရွက်ခြောက်မှာ စိမ်းမြတဲ့ ရာဇ၀င်ရှိတယ်”
စကားသံတွေ အဆုံး တိတ်ဆိတ်သွားတဲ့
ငါ့ရင်ထဲမှာ အနာဂတ်ကိုတွေး ငိုကြွေးနေတယ်



အနာဂတ်တစ်ခု ကျိုးပျက်သွားတဲ့နောက်.. ကျွန်တော့် မနက်ဖြန်တိုင်းဟာ မျော်လင့်ခွင့်မဲ့ သွားပါပြီ… ကျွန်တော့်လက်ထဲ သူအိပ်မက်လေးတွေ တည်ဆောက်ခဲ့တယ် လို့ပြောခဲ့ဖူးတယ်.. ကျွန်တော့်လက်ပဲ သူ့အိပ်မက်တွေကို ရိုက်ချိုးခဲ့တယ်လို့ပြောပြန်တယ်…. ဒါပေမယ့် သူ့အိပ်မက်တွေသူမြင်ဖို့ ကျွန်တော့် ဘ၀အစိတ် အပိုင်းတချို့ကို မီးထွန်းပေးဖူးတယ်…. သူဘ၀ဟာ ကျွန်တော့် ထွန်းပေးတဲ့ ဘ၀ မီးခိုးကြား နစ်မွန်းသွားတဲ့ခဏ… သူ့လဟာ ကျွန်တော်ဆိုတဲ့ တိမ်ဖုံး သွားတယ်…..


ကျွန်တော် နောက်ဆုတ်ခဲ့တယ်.. သူရှေ့ဆက်သွားတယ်.. အကွာအဝေးတစ်ခု တစ်ဖြေးဖြေး သေး လာတဲ့ မြင်ကွင်းက သက်သေပဲ …… သူထားသွားတဲ့ အတိတ်လှလှတွေမှာ ကျွန်တာ် နေရစ်ခဲ့တယ်… သူ့မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ အတားအဆီးမဲ့ ပျံသန်းခွင့်ပေးလိုက်တယ်…. ကျွန်တော် မြဲမြဲ ဆုပ်ကိုင်ထားခဲ့တဲ့ သူလက်ကလေးကို သူ့ကြယ်တွေ စွတ်ခူးဖို့ ကျွန်တော်လွတ်ပေးလိုက်တဲ့ခဏ…. ကျွန်တော့် ကြယ်လေး ကြွေသွားတယ်…..


အခုတော့ … ကျွန်တော်ဟာ ရာဇ၀င်ထဲက မပျော်တော့တဲ့ လူသား… သူကတော့ မနက်ဖြန်ကို ပျံသန်းသွားတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတပါးပါပဲ…. ဘ၀က သိပ်မခြားသေးပါဘူး… လွမ်းတဲ့ အခါတိုင်း မိုးမျှော်ကြည့်ခွင့်ရှိသလို… ရင်ကို တူးဆွပြီး အတိတ်ကို ပြန်ဖတ်ခွင့်လဲရှိသေးတယ်….. သတိရခြင်းတွေကို ကျွန်တော်ပိုင်တယ်…. မျှော်လင့်ခြင်းတွေကို သူပိုင်တယ်….



လတောင် အမြဲ မသာနိုင်သလို
နေခြည်မဖြာတဲ့ နေ့တွေလဲရှိတယ်…
မျက်ရည်ခတဲ့ နေ့
ပူလောင်နေတဲ့ ညတိုင်းမှာ
သူ့ ခြေအဆင်း အေးမြခြင်းတွေပေးမယ့်
တွယ်ရာမဲ့ စီးမျောနေတဲ့
ငါဆိုတဲ့ မြစ်တစင်းမှာ ရှိတယ်….



သူမျက်နှာကို မြင်ရတဲ့ရက်ကစ.. သူ့ကျောပြင်ဝေးသွားတဲ့ အဆုံးအထိ ကျွန်တော်ဟာ သူ့ကိုမမုန်းခဲ့ပါဘူး… သူလာရင်ပြုံးပြ အုံးမယ်လို့ ရည်ရွယ်ထားတဲ့ မဆုံးတဲ့ အိပ်မက်တွေနဲ့ ကျွန်တော်အသက်ဆက်နေဆဲပါ…. သူ့အတွက် ကျွန်တော့် ပါးစပ်က ကဗျာလေးတွေ ဖွဖွရွတ်နေခဲ့တယ်….


ဒီနေ့ဆုံးရင် နောက်တစ်နေ့လာအုံးမယ်
ကျွန်တော်မရှုံးပါဘူး…
သူမအမုန်းတစ်ခုပိုင်ဆိုင် ခွင့်ရပါတယ်….

သူမ နှုတ်ခမ်းမှာ ကျွန်တော်… အသက်ဆက်ထားတယ်…
သူမ ကိုမမုန်းပါဘူး သူ့အပြုံးဆိုတာ
ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ



ကာရံမဲ့ နေ့

နတ်သမီးပုံပြင်တွေနဲ့ အိပ်ပျော်ခဲ့တဲ့သူ
ဘယ်ကောင်မလေးမှ သူ့ရင်ထဲ မတိုးနိုင်တော့ဘူးတဲ့
နေလောက်မှ မသာရင် ဘယ်အလင်းမှ
သူ့အမှောင်ကို မဖြာဆင်းနိုင်တော့ဘူးတဲ့
အခုတော့ လအကြောင်းမသိတဲ့ ကောင်လေး
ယုန်ငယ်လေးအတွက် ကဗျာတွေရေးနေလေရဲ့

ကြယ်ပွင့်တွေ ခူးဆွတ်ဖို့ တောင့်တခဲ့တဲ့သူ
ဘယ်သူကိုမှ သူ့မျှော်လင့်ခြင်းထက် မရူးသွပ်နိုင်ဘူးတဲ့
အဝေးက အရာတွေ ခေါင်းမော့တမ်းတလို့
နဘေးကလူတွေကို အလေးမထားဘူးတဲ့
အခုတော့ ပန်းတွေအကြောင်း မသိတဲ့ ကောင်လေး
အိပ်မက်တွေအတွက် ခရေတွေ သီနေလေရဲ့

ကာရံတွေနဲ့ စည်းဝါးမကိုက်တဲ့သူ
ဘယ်ကဗျာမှာ သူ့ရင်နား မရှိခဲ့ဘူးတဲ့
ကိုယ့်ကိုယ်ကို အလည်မှာထားလို့
အလုပ်များလို့ လူတွေကို နှုတ်ဆက်မအားဘူးတဲ့
အခုတော့ သံစဉ်တွေကို ရင်မခုန်ဘူးတဲ့ ကောင်လေး
ကာရံလေးအတွက် ကဗျာတွေရေးနေလေရဲ့


မျက်ရည်တွေနဲ့ မလွမ်းတတ်တဲ့သူ
အထီးကျန်ခြင်းတွေကြား ငိုနေရပြီတဲ့
အရာဝတ္တုတွေ ဆုတ်ကိုင်ခဲ့တဲ့သူ့လက်
စိတ္တစ နာမ်တစ်ခုအတွက် ရူးသွပ်ရလေရဲ့
အခုတော့ ဘယ်သူမှ မကြည့်တတ်တဲ့ကောင်လေး
သူ့ရင်ခုန်သံတွေအတွက် ခြေလှမ်းတွေ တွန့်ဆုန်နေလေရဲ့

ငါနဲ့ငါပဲ အစေးကပ်ခဲ့တဲ့ သူ
အခုတော့ တစ်ဖြေးဖြေးဝေးလာလေရဲ့
တစ်ယောက်တည်းနိုးထလာရတဲ့မနက်
သူ တစတစ သွေးပျက်လာလေရဲ့
တစ်ယောက်တည်းနဲ့ တစ်ဘ၀ဖြစ်ချင်တဲ့ကောင်လေး
အခုတော့ ငါနဲ့သူလို့ အိပ်မက်များစွာကိုလဲ မက်တတ်လာလေရဲ့

အဲဒီကောင်လေးတစ်ယောက်ပေါ့....
နှစ်တွေကြာလာတဲ့အခါ သူ့မနက်က ခရေတွေ လွင့်နေလေရဲ့
ကာရံတွေ သံစဉ်ကြားထဲမျှော
အထီးကျန်ခြင်းတွေလဲ သူမေ့လျှော့နေတယ်တဲ့
မျက်ရည်ဆိုတာ မိုးစက်တွေလားလို့ မေးရတဲ့နောက်
ကောင်မလေးရဲ့လက်တစ်ဖက်ဟာ
တစ်ဘ၀တစ်သက်ဖြစ်လာလေရဲ့...

လိပ်ပြာငယ်ရဲ့ အိပ်မက်



အချစ်သီချင်းလေး တစ်ပုဒ်… တေးသံတွေ မဆုံးခင်မှာ .. ဖုန်းကောက်ကိုင်လိုက်တယ်…. တစ်နေကုန် ဝေးနေလို့ .. ဆွေးနေရတဲ့ ညနေလေးအတွက် .. အလွမ်းပြေ ဖုန်းပေါ့.. သူ့အသံကလေး.. ညင်သာဆဲ.. သူ မျက်နှာ ဖွေးဖွေးလေးကို တောင် လှမ်းမြင်ယောင်မိတယ်… ညင်သာတဲ့ အသံတွေက တိတ်ဆိတ်လာပြီး… တဖြေးဖြေးသွေးအေးလာတဲ့ စကားသံ အဆုံးမှာ…ကျွန်တော် မကြားချင်ဆုံး စကားနဲ့ အဆုံးသတ်လိုက်တယ်…. ကျွန်တော် .. တကိုယ်လုံး တုန်ရီလာတယ်.. အောင့်သက်သက်နဲ့ ရင်ဘက်က ခံရခက်လာတယ်… ဖုန်းကိုင်ထားတဲ့ ဟန်ပဲရှိပြီး မာန်မရှိတော့တဲ့ လက်ကြားက ဖုန်းကလေး ခုန်ချသွားတယ်…အဲ့ဒီ ညနေမှာ ကျွန်တော့် ဖုန်းကလေး သေဆုံးသွားတယ်… ဖုန်းကလေး နေ၀င်သွားတဲ့ ညနေခင်းတစ်ခု ထင်သလောက် မသပ်ရပ်ခဲ့ဘူး အစွန်းအထင်းတွေများခဲ့တယ်…

နာရီပိုင်းတောင် မခြားတဲ့ အချိန်လေးမှာ လောက တစ်ခုလုံး စုတ်ချက်ကြမ်းကြမ်း ထိသွားလား… အကျည်းတန်လှ မယ့် အခုလို ညနေချိန်မှာ ကျွန်တော်ရင်မှာ ရုပ်ပျက်ဆင်းပျက်ပဲ … ကြည်နူးစရာမရှိဘူး.. မိုးရွာနေတယ်.. မစိုစွတ်ဘူး.. ဒါပေမယ့် ကျွန်တော့် နှလုံးသား နစ်မွန်းနေတယ်… ဘယ်ဆီသွားနေလဲ.. ခြေဦးတည့်ရာလား… မဟုတ်ပါဘူး.. နှလုံးသားခေါ်ဆောင်ရာပေါ့ …. သူနဲ့ ဝေးတဲ့အခါ သူနဲ့ အမှတ်တရ ရှိမယ့်အရာတွေဆီကို သတိရတယ်လေ… ခြေကုန်တင်ပြေးမိတယ် ..တမြို့လုံးမှာ ကျွန်တော်ပဲ အရေးတကြီးနဲ့ ဖြစ်နေခဲ့တယ်… ရင်ခုန်သံတွေ မြန်လာတယ်.. နှလုံးသား တစ်ခု ခုန်ထွက်ဖို့ ကြိုးစားနေတယ်.. ကျွန်တော် မရပ်တော့ဘူး… အလွမ်းတွေနဲ့ ပြည့်နှက် ကွဲထွက်မယ့် အတူတူ.. ကျွန်တော့် နှလုံးသားကို အနားယူခွင့် မပေးတော့ဘူး… ….. …….

ခြေထောက်တွေ နာခံခြင်းမဲ့ ငြင်းဆန်တဲ့ အခါ .. ကျွန်တော်ဟာ မြေကြီးပေါ်မှာ မှောက်လျှက်သားပဲ.. အတွေးထဲမှာတော့ ကျွန်တော် မြေကြီးနဲ့ တသားတည်းသာ ဖြစ်လိုက်ချင်တယ်…. ကမ္ဘာမြေကြီး ကျွန်တော့်ကို ၀ါးမြိုလိုက်သင့်တယ်… မြေကြီးပေါ်ကို တစ်စက်တစ်စက်ကျ နေတယ်.. ချွေးတွေပါလို့ ဆင်ခြေပေးလိုက်ချင်တယ်.. ကျွန်တော့် မျက်လုံးကိုတော့ မကြည့်ကြနဲ့ပေါ့….

အတွေးတွေ ကဆင့်ကလျားနဲ့မို့ .. ကျွန်တော့်ကို အရူးတစ်ယောက်လို့ သတ်မှတ်ကြပါ… ကျွန်တော် အိမ်ကို ဘယ်လို ပြန်ရောက်ခဲ့လဲ မသိတော့ဘူး.. ကျွန်တော်ကို ဖတ်တွယ်ထားတဲ့ သဲလေးတွေကို ကျွန်တော့် အဝေး ဖယ်ထုတ် လိုက်တယ်… မြင်ကွင်းတွေ မှုန်ရီ နေပေမယ့်.. ကျွန်တော့် အကြည့်တွေ အခန်းထောင့်က အသက်ဆက်ဖို့ အားယူဆဲ.. ပန်းချီကားလေးကို ကြည့်နေမိတယ်.. အပြာရောင်.. ပန်းရောင်… ဒါ….. ဒါ…. သူကြိုက်တဲ့ အရောင်တွေပဲ… အနီမကြိုက်တဲ့ သူမအတွက် .. ဒီကားမှာ ပန်းရောင်က အက္ခရာပေါ့… သူစိမ်းကားမှာကြောက်တဲ့ ကျွန်တော်အတွက် ဒီကားမှာအစိမ်းရောင် မပါဘူး.. အဲ့ဒီပန်းချီကားလေးကို ကျွန်တော် အသက်သွင်းခွင့်မရှိတော့ဘူး.. ခြောက်နေတဲ့ ဆေး.. ကျွန်တော့် မျက်ရည်တွေနဲ့ မို့ စိုစွတ်ကုန်ပါပြီ… …. အသက်မဲ့နေတဲ့ ပန်းချီကားလေး ကို အညှာအတာမဲ့ အသက်နုတ်ဖို့.. ကျွန်တော် စုတ်တံကို ကိုင်လိုက်တယ်…. ….. ….. …… ရေးဆေးကားလေး မဟုတ်တော့တဲ့ မျက်ရည်တွေ ထုံမွန်းထားတဲ့ ဒီ ပန်းချီကားလေးဟာ…. သူမလက်ထဲ အပ်မယ်လို့ ရည်ရွယ်ထားတဲ့ … ကျွန်တော့် အသက်ပါပဲ…. ကျွန်တော် ..... မဖျတ်ရက်တော့ဘူး…. ကျွန်တော် မလုပ်ရက်ပါဘူး… ကျွန်တော် မ၀ံ့ ခဲ့ပါဘူး….

အပြာရောင် အဖုံးလေးနဲ့စာအုပ်… ဘယ်လိုလုပ်ပြီး ကျွန်တော့်လက်ထဲ ရောက်လာတာလဲ…. ဒါ…. ဒါ….. …. သူ့ကို ပေးဖို့ ကျွန်တော် လက်နှစ်ဖက်နဲ့ မွေးထုတ်ထားတဲ့ ရင်တိုက်ကြားထဲ ကဗျာစာအုပ်ကလေးလေ… လိပ်ပြာလေးတွေ… အကြီး.. အသေး.. အရောင်တွေစုံတဲ့… ဒီအဖုံးလေးမှာ… လိပ်ပြာတစ်ကောင်ချင်းဆီဟာ.. ကျွန်တော့် အချစ်.. သစ္စာ… ကျွန်တော့် ဘ၀.. အသက်.. အရာအားလုံးကို ရည်ညွန်းတယ်…. စာအုပ်လေးထဲမှာ ကျွန်တော် နှလုံးသားစကား ကို ဘာသာ ပြန်ထားတဲ့ ခပ်နုနု ယုယုယယ စာသားလေးတွေ ကဗျာလေးတွေရှိတယ် … … သူ…. သူ…….. …. သူမသိနိုင်တော့ပါလား…. လိပ်ပြာချစ်တတ်တဲ့ သူမအတွက် ကျွန်တော်လိပ်ပြာ တွေ လက်ဆောင်ပေးဖူးတယ် … လိပ်ပြာ အစစ်ဆိုလက်မခံ သနားတတ်တဲ့ သူမအတွက်… ကျွန်တော် ဖန်တီးထားတဲ့ လိပ်ပြာလေးတွေက သူ အပြုံးတွေကို ဖူးပွင့်စေခဲ့ဖူးတယ်… သက်တံ့ရောင် မနက်တစ်ခုမှာ “ရှင်သန်ချိန်တိုင်း နင့်အနားနေချင်တယ် ငါသေရင် နင့်နား လိပ်ပြာပဲ ဖြစ်ချင်တယ် ” လို့ ပြောခဲ့ဖူးတာ… မှတ်မိတယ်… မေ့မရတော့ဘူး….. ကျွန်တော် ရူးသွားတဲ့ အခါ လိပ်ပြာရူး ရူးမယ်ထင်တာပဲ….

တိတ်ဆိတ်ခြင်းတွေက ညံနေတဲ့ ညအမှောင် ထိန်ထိန်ထဲ တစ်ယောက်တည်း လိုက်ရောညီထွေ ထိုင်နေမိသည်… အခန်းထောင့်… ကျွန်တော် ထိုင်နေတာ ဒီအမှောင်တောင် မသိဘူး.. တိတ်ဆိတ်လွန်းတယ်… ရင်ခုန်သံတွေ ကျွန်တော့် နားနဲ့ စပ်စပ် ကြားနေတယ်… ကျွန်တော့်  အတွေးတွေ ရင်ခုန်သံလို့ပဲ ခုန်လိုက်.. ရပ်လိုက်…. ကြည်လင်တဲ့ မနက်ခင်းတစ်ခု မမွေးဖွားခင်ထိ ကျွန်တော့် ညတွေကို စိတ်ကူးတွေနဲ့ ဖြန့်ကျက်ထားလိုက်တော့မယ်… မျက်လုံးနှစ်ဖက် ပိတ်ရင် တားမရတဲ့ အတိတ်ဆိုး လာခြောက်မယ့်အတူတူ… ဒီတစ်ညတော့ ကျွန်တော် မျက်လုံဖွင့်ပြီး အိပ်မက်မက်လိုက်မယ်….

ကျွန်တော် အိပ်မက်ထဲမှာ လိပ်ပြာတွေ .. အရောင်တွေစုံလိုက်တာဗျာ.. အမှောင်ဆိုတာ.. သူတို့ အတောင်တွေကြားမှာ ပျောက်သွားတယ်… သိပ်လှတယ်… ပန်းလေးတွေကြား ပျံဝဲနေတယ်… ကျွန်တော်… ကျွန်တော်လဲ လိပ်ပြာလေး တစ်ကောင်တဲ့… လှလိုက်တာဗျာ.. ကျွန်တော် အတောင်တွေက မယုံနိုင်လောက်အောင် အရောင်တွေစုံနေတယ်… အနီမပါဘူး… ပျော်လိုက်တာဗျာ… အစိမ်း မပါဘူး.. ၀မ်းသာလိုက်တာဗျာ… ပန်းရောင်တွေ အတိ သိပ်လှတဲ့ ပန်းတပွင့်ရဲ့ လက်မှာခိုနားဖို့ ကြိုးစားခိုက်… ပန်းကလေးပေးတဲ့ သတင်း.. လေညင်းကြားထဲမှာပဲ လိပ်ပြာလေးရဲ့ မျော်လင့်ခြင်း နိဂုံးချုပ်သွားတယ်… မပျံနိုင်တော့ဘူး.. ကျဆုံးသွားတယ်… မြေပြင်အရောက် အသက်မပျောက်ခင်…. ကျွန်တော် အတောင်တွေ ဖြန့်ခင်းလိုက်တယ်… အဲ့ဒီ ပန်းပွင့်လေးရဲ ခြေရင်းမှာပဲ…




သူမ ၏ ဒိုင်ယာရီ



ကျွန်တော် ကျောင်းထဲကို အပြေးဝင်လာမိသည်.. ချိန်းထားတာ နောက်ကျတော့မည်. သူစိတ်ဆိုးသွားလို့ မဖြစ် သူ ကျွန်တော်ကို စိတ်မဆိုး တတ်ဘူးဆိုရင်တောင် ကျွန်တော် သူ့ကို စိတ်ကသိကအောက်ကလေးတောင် မဖြစ်စေချင် သူကို ကျွန်တော် ပျော်စေချင်သည်.. သူအနားကျွန်တော် နေချင်သည်. သို့သော် .. ကျွန်တော် သူနဘေး နေရာလေးနှင့် မထိုက်တန်.. ကျွန်တော် က မနက်ဝယ် ညရိုး စိတ်ထားမျိုးရှိတဲ့ အရာရာကို အရိုးလွယ်တဲ့ကောင် သူကတော့ တစ်သက်မှာ တစ်ယောက် ဆိုလောက်အောင်.. အချစ်ကို တန်ဖိုးထားတဲ့သူ . ထားခဲ့သူကိုတောင် အပြစ်မမြင် ဆက်ချစ်မယ့်သူ.. သူ့အချစ်ကို သူတန်ဖိုးထားသလို ကျွန်တော်လဲ တန်ဖိုးထားသည်. ထို့ကြောင့် မတည်ငြိမ်တဲ့ ကျွန်တော် အချစ်ကို ဘေးဖယ်.. သူ့ဘေးနား သူငယ်ချင်း ဘ၀နဲ့ပဲနေချင်တော့သည်

ထင်တဲ့အတိုင်း နောက်ကျခဲ့ပါသည်.သို့သော် ကျွန်တော် ထင်သလို သူငယ်ချင်းများမရှိ.. သူနဲ့ကျွန်တော် နှစ်ယောက်တည်းသာဖြစ်နေသည် ကျွန်တော် အသင့်ပါလာတဲ့ သူ့အတွက်လက်ဆောင် ကျွန်တော်ပေးလိုက်သည်.. သူ့ အတွက် ၁၈ နှစ်ပြည့် မွေးနေ့လက်ဆောင်ပေါ့. သူ ဖွင့်ကြည့်သည် သူလိုချင်သော အရုပ်ကလေးပါ သူကြည်နူးသွားသည်.. သူသိပ်ပျော်သွားသည်.. ကျွန်တော်တို့ နှစ်ယောက်တည်းလျှောက်သွားကြသည် ရုပ်ရှင်ကြည့်ကြသည်.. မုန့်ဝယ်စားကြသည်. ထိုနေ့ သည် ကျွန်တော့် ဘ၀အတွက် တသက်တာ မေ့မရမယ့် နေ့ရက်လေးပါပဲ.

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ပြောင်းပေမယ့် .. သူဘေးနား ကျွန်တော် သူငယ်ချင်းတစ်ယောက်အဖြစ် မပြောင်းမလဲ ရှိနေခဲ့သည်. ဆိုးတိုင်ပင် ကောင်းတိုင်ပင် .. သူဘေးနား အပူအပင် တွေ အတူတူ ဝေမျှရင်း .. ကျွန်တော် ပျော်နေခဲ့ဖူးသည် ကျွန်တော် သူ့အနား နေရင်း ချစ်တယ်လို့ ဖွင့်ပြောမိမှာတော့ စိုးသည် ဖြူစင်တဲ့ သူငယ်ချင်းအချစ်ကို စော်ကားသည်ဟု သူထင်ပြီး ကျွန်တော့်ကို မုန်းသွားမှာ ကြောက်သလို ကျွန်တော့်အချစ်ကို သူအချစ်တစ်ခုနှင့် ပြန်လည်တုံပြန်မှာကိုလဲ ကျွန်တော် ကြောက်သည်ကျွန်တော် ဟာ ရိုးတတ်လွန်းသည် မဟုတ်ပါလား.. သူ၏မပြောင်းလဲတဲ့ အချစ်တစ်ခုကို ကျွန်တော့် လက်ထဲ တန်ဖိုးမထားသလို ဖြစ်မှာ ကြောက်နေမိသည်

နောက် သူ့ကို ဘယ်သူလက်ထဲမှ အပါမခံနိုင်.. ကိုယ် ပိုင်ဆိုင်ခွင့် မရှိသည့်တိုင်.. သူ ကို ဘယ်သူလက်ထဲမှ ကျွန်တော်စိတ်ချ လက်ချ မထားနိုင်.. ကျွန်တော် လောဘကြီးလာသည် သူ့ကို ကျွန်တော် ပိုင်ဆိုင်ချင်လာသည် သို့သော် .. ကျွန်တော်၏ မရေမရာ ဝေး၀ါးနေတဲ့ အတွေးတွေထဲ ကျွန်တော် ဝေခွဲ မရဖြစ်ခဲ့သည် ပိုင်ဆိုင်ခွင့်ရခဲ့လျှင်လဲ ကျွန်တော် သူ့ကို အခုလို တန်ဖိုးမထားတော့မှာ တွေးကြောက်လာသည် တကယ်တော့ ကျောင်းအတူတူ တက်ခဲ့ကြတဲ့ နှစ်တွေမှာ .. သူ့ကို ဘယ်သူတွေ ၀င်ယူမလဲ.. ဘယ်သူတွေ ကျွန်တော့ ဘ၀ထဲကနေ သူ့ကို ဆွဲထုတ်သွားမလဲ ကျွန်တော် တွေးကြောက်ခဲ့ရသည် တကယ်တော့ ကျွန်တော် ဟာ ဒီနှစ်တွေအတွင်း သူနဘေး ကောက်ရိုးပုံ စောင့်ခဲ့သလို ဖြစ်ခဲ့ရသည် ……

နှစ်တွေ ကြာတော့ ကျောင်းနဲ့လဲ ခွဲရပြန်ပြီ.. ကျွန်တော် အခု အချိန်အထိ သူ့သူငယ်ချင်း အဖြစ်ဆက်ရှိနေသေးသည် ဘွဲ့ယူတဲ့နေက ဖွင့်ပြောဖို့ ကြိုးစားခဲ့သည် သို့သော် ကျွန်တော် အနှစ်နှစ် အလလ က ၀တ်ချင်ခဲ့သော ဘွဲ့ဝတ်စုံကို ရင်ခုန်ခြင်းမဲ့ ၀တ်လိုက်ရတော့ ကျွန်တော်သိလိုက်သည်. ကျွန်တော် အနှစ်နှစ် အလလ လိုချင်ခဲ့သော သူ့အချစ်လဲ ကျွန်တော့်လက်ထဲရောက်လာရင် ကျွန်တော် ရင်ခုန်ခြင်း မဲ့မည်သာ ရိုးမည်သာ ဖြစ်တော့သည် ဒါကြောင့် နောင်တွေ့ဖို့ ခက်မှန်းသိပေမယ့် ကျွန်တော် အပြုံးမပျက်လမ်းခွဲခဲ့သည် သူက သူ့အချစ်ကိုတန်ဖိုးထားသည် ကျွန်တော်လဲ သူ့အချစ်ကိုတန်ဖိုးထားခဲ့ပါသည်

**********

ထုံးစံအတိုင်းကျွန်တော် နောက်ကျပြန်ပြီ……. ကျွန်တော် ဆရာကန်တော့ပွဲ ကို စောရောက်ချင်သည်… မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများကိုတွေ့ချင်သည်.. အထူးသဖြင့် သူ့ကိုတွေ့ချင်သည်.. နှစ်တွေ ကြာတော့ ဘယ်လိုပြောင်းလဲသွားမလဲသိချင်သည်… သူနဲ့ ကျွန်တော်က တစ်နယ်စီဝေးနေ ခဲ့ကြသည်… တွေ့ချင်ရင် သွားခွင့်ရှိပေမယ့်.. တွေ့လျှင် မနေနိုင်.. ချစ်တယ်လို့ပြောမိမှာလဲ .. စိုးနေမိသည်… ဒါကြောင့် သူ့အဝေး ကျွန်တော် နေပြီး.. သူ့အကြောင်းတွေ ကျွန်တော် နားစွင့်နေခဲ့သည်…. တစ်ကိုယ်ထဲ အပျိုကြီး ဘ၀ နဲ့ နေ နေတဲ့ သူနဘေးမှာ ကွန်တော် ဘ၀ကို တည်ဆောက်ချင်သည်…. မျက်နှာချင်းဆိုင် ၁၀ ကြိမ်တောင် မပြည့်တပြည့်တွေ့ခွင့်သာရခဲ့သော ၁၀ နှစ်ကျော်ကာလကိုတောင် ကျွန်တော် နှမြောမိသည်….

အခုတော့ သူ့ကိုတွေ့ခွင့်ရပါပြီ.. ရင်ကျက်တဲ့အလှနဲ့ သူတစ်မျိုးလှနေသည်…. မတွေ့တာကြာ ခဲ့ပြီမို့ ပြောစရာ စကားက သိပ်များနေသည်.. သူနဲ့ မတွေ့ဖြစ်တဲ့နောက်ပိုင်း ကျွန်တော့် အခက်အခဲတွေ သူ့အရှေ့မှာ မငြီးညူချင်.. သူ့ကို အပူတွေ မကူးစက်စေချင် …. ကျွန်တော် သူ့ကို ဘယ်လောက် သတိရကြောင်း ပြောပြချင်သည်.. သို့သော် သင့်တော်ပါမည်လား… သူအကြောင်းတွေလဲ ကျွန်တော် မေးနေမိသည်… သူအဆင်ပြေရဲ့လား… မေခွန်းတွေ သိပ်များသွားတော့ .. သူစိတ်ပျက်သွားမလား… သူ့အရှေ့ရောက်တော့.. ကျွန်တော် အသက်နဲ့ မလိုက်အောင် တည်ငြိမ်မှုတွေ ပျောက်ပျက်ကုန်သည်.. ကျွန်တော် ရင်တွေ ခုန်နေသည်…

မတည်ငြိမ်တဲ့ ကျွန်တော် စိတ်ထဲ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်တစ်ခု ချမိသည်… ကျွန်တော် သူ့ဆီက လက်ထပ်ခွင့် တောင်းမည်….. ကျွန်တော် အရင်လို အရိုးမြန်အုံးမှာလား… မထင်မိတော့ပါ… ကျွန်တော် နှစ်ပေါင်းများစွာ မေ့မရ..သတိရခဲ့တဲ့သူ့ကို ..ကျွန်တော် တစ်ရက်မှ မရိုးဘူးခဲ့ပါ… ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်.. ကျွန်တော် ဖွင့်ပြောတော့မည်…. ချစ်တယ်လို့ ဖွင့်ပြောလိုက်မည်.. အသက်အရွယ်အရ သင့်တော်ပါ့မလားလို့ .. မတွေးချင်တော့… နှစ်ပေါင်းများစွာ.. သိမ်းထားခဲ့တဲ့ ဒီအချစ်တစ်ခုကို သူအသိအမှတ် ပြုစေချင်သည်…. သူလက်ခံလျှင် လက်ထပ်မည်… ငယ်တော့သည်မဟုတ်တော့သော ကျန်ရှိတဲ့ သက်တမ်းမှာ ဘ၀ကို သူနဲ့သာတည်ဆောက်လိုတော့သည်… ညတိုင်းကို ကြယ်ပွင့်ပေါင်းများစွာ ရေတွက်ရင်း သူနဲ့သာ အတူတူ ကုန်ဆုံးချင်သည်… နေ့သစ်တိုင်းကို အပြုံးကိုယ်စီနဲ့ အတူတူ နိုးထချင်သည်…

ကျွန်တော့်အတွေးထဲ အိမ်မက် ကမ္ဘာတစ်ခု နဲ့ ကြည်နူးခဲ့ပေမယ့်… ကျွန်တော့်လက်ထဲ ရောက်လာသော ရုပ်ထုလေး တစ်ခုကြောင့် ကျွန်တော့် အတွေးတွေ ပြောင်းလဲသွားပြန်ပြီ. ကျွန်တော့် သူငယ်ချင်း ယခု ပေးလိုက်သော ကျွန်တော် ငယ်စဉ်ကတည်းက လိုချင်ခဲ့သော . ဒီနေ့မနက်ကတောင် တောင့်တမိခဲ့သော အရာ.. အခု လက်ထဲ ရောက်လာပြီ.. ကျွန်တော် ပိုင်ဆိုင်ခွင့်ရှိနေပြီ.. နောက်ထပ်တောင့်တစရာ မျော်လင့်စရာ မလိုတော့.. သို့သော် ထို အရာကို ကျွန်တော် မြတ်နိုးမှုမရှိတော့.. လိုချင်မှုမရှိတော့ အခုကျွန်တော် သိလိုက်ပြီ… ကျွန်တော် သူ့ကို ရခဲ့လျှင်လဲ ရိုးသွားမည်သာ… သူ့ကို ကျွန်တော် မရိုးသွားချင်.. ကျွန်တော့် ဘ၀နဲ့ထပ်တူ တန်ဖိုးထားသည်… သူက အချစ်ကို တန်ဖိုးထားသည်… ကျွန်တော် ရိုးသွားလျှင် သူခံစားရမည်… ဒီအသက်အရွယ် မှ သူ့ကို စိတ်ဆင်းရဲမှု မပေးချင်တော့.. ကျွန်တော် လက်လျှော့လိုက်ပြီ… ကျွန်တော် ကျေနပ်စွာ နောက်ဆုတ်ခဲ့သည်… ရင်ထဲ က တောင့်တမှုတစ်ခုကို မျိုသိပ်ထားလိုက်ပြီ...

တကယ်တော့ ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်တာထက် … သူပျော်ရွင်တာကို ပိုလိုလားခဲ့သည်… သူ့ကို ကျွန်တော် နဘေးထား စိတ်ဆင်းရဲမှုတွေ ပေးမယ့်အစား … ကျွန်တော် အဝေးမှာ အပူအပင်ကင်းစွာ သူပျော်နေတာပဲ ကြားချင်သည်.. မြင်ချင်သည်.. ကျွန်တော့် ၀မ်းသာမှုထက် … သူ့ပျော်ရွင်မှုက အရေးကြီးသည်…. ကျွန်တော် ကျောခိုင်းခဲ့ပြန်သည်.. နောက်တကြိမ် ဝေးကြရပေအုံးမည်… ဘယ်အချိန် ပြန်တွေ့နိုင်မလဲ မသေချာတော့ ပေမယ့်.. အသေအချာ တစ်ခုတော့ သိနေသည်.. ကျွန်တော် သူ့ကို ချစ်သည်……

**********

နောက်ကျတတ်သော ကျွန်တော်ကို ကံကြမ္မာက ဘယ်တော့မှ စောခွင့်မပေးတော့ပြီလား… ဒီခရီး အဝေးကို ကျွန်တော် စောစီးစွာထွက်လာခဲ့သည်.. သို့သော်.. အကြောင်းကြောင်း ကြောင့်လို့ ပြောရအောင် ပြသနာပေါင်းစုံခဲ့သည်… နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်တော် နောက်ကျခဲ့ပြန်သည်… သူ့ကို မြင်တော့ မျက်ရည်တွေ ဖြေမဆည်နိုင်အောင် ကျွန်တော် ငိုမိသည်… ဒီအသက်အရွယ်ကြီးကျမှ ကျွန်တော် ကလေးတစ်ယောက်လို ၀မ်းနည်းစွာငိုနေရသည်…. သူ အရင်လို လှနေဆဲပါ… အခုအချိန်အထိ သူကျက်သရေအပေါင်းနဲ့ ပြည့်စုံဆဲပါ… သို့သော် သူကို ကျွန်တော် နောက်ထပ်မတွေ့နိုင်တော့… ဘယ်တော့မှ ချစ်တယ်လို့ပြောခွင့်မရှိတော့… သူ့ကို ကျွန်တော် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့… သူဒီကမ္ဘာကြီးကနေ စွန့်ခွာသွားခဲ့ပြီ…. အပြုံးမပျက် မျက်နှာလေးနှင့် လှဲလျောင်းနေသော သူ့ကို ကျွန်တော် နောက်ဆုံးအကြိမ်ကြည့်ပြီး.. ကျွန်တော် ကျောခိုင်းလိုက်သည်…

သူနဲ့ ကျွန်တော် အကြိမ်ပေါင်းများစွာ ဝေးခဲ့ရဖူးသည်… ဒီတစ်ကြိမ်တော့ ပြန်မဆုံနိုင်တော့…. အခုဆို သူ့ကို ကျွန်တော် တစ်နေ့မှ မေ့မရအောင် ချစ်ခဲ့တာ နှစ်ပေါင်း ၂၅ ကျော်ပြီ… ကျွန်တော် တစ်နေ့မှ မေ့မရသလို… သူ့ကို မြင်လိုက်တိုင်းအရင်ထက်ပို ချစ်မြဲ… သူအနားမှာ ကျွန်တော် နေချင်မြဲ.. ကျွန်တော့် ဘ၀ကို သူနဲ့ တည်ဆောက်ချင်မြဲ…

အခု ကျွန်တော် လက်ထဲ စာအုပ်တစ်အုပ် သူချန်သွားခဲ့သည်.. ကျွန်တော်နဲ့ ပတ်သတ်သော.. သူ၏ အမှတ်တရပေါ့… အဖြူရောင် အဖုံးလေနဲ့ စာအုပ်လေးကို ကျွန်တော် ယုယစွာကိုင်နေမိသည်… ဒါကျွန်တော့်အတွက် သူချန်ခဲ့သော အရာ… သူရဲ့ အငွေ့အသက်တွေ အများကြီး ရှိမည်… ကျွန်တော် စာအုပ်ကလေးကို ကြည့်ရင်း သူ့ကို ပိုသတိရလာမိသည်… ဘာတွေ ရေးထားမလဲ….

ကျွန်တော် စာအုပ်ကလေးကို ဟိုနဲနဲ ဒီနဲနဲ လှန်ကြည့်လိုက်သည်… နေ့ရက်တိုင်းမရေးထားပေမယ့် .. ကျွန်တော် နဲ့ သူ့အတွက် အမှတ်ရမယ့် နေ့ရက်တိုင်း ကို သူ တစ်ရက်မကျန်ရေးထားခဲ့သည်… ကျွန်တော် စာအုပ်ကလေးကို စဖတ်မိလိုက်သည်.. အော်… သူနဲ့ ကျွန်တော် စတွေ့တဲ့ရက်ကလေး အကြောင်းပါလား… ကျွန်တော် မျက်ရည်တွေ ရစ်ဝိုင်းနေလို့.. သူလက်ရေးလေးတွေတောင် တွန့်သလို ဖြစ်နေတယ်.. ကျွန်တော် မျက်ရည်တွေ သုတ်ပြီး ဆက် ဖတ်မိသည်… သူ နဲ့ ကျွန်တော် ကျောင်းပြေးခဲ့တာလဲပါသည်.. ကျွန်တော် တို့ ခရီးသွားခဲ့တာလဲ ပါသည်.. သူ ရဲ့ မွေးနေ့ပွဲလေးလဲပါသည်… ကျွန်တော် ပေးခဲ့တဲ့အရုပ်ကလေးအကြောင်းလဲပါသည်… ကျွန်တော် ဖတ်ရင်း နှမြောလာမိသည်.. ဒီစာအုပ်အကုန် ဖတ်ပြီးလျှင် … ကျွန်တော်ရိုးသွားမှာကြောက်သည်…. ကျွန်တော် မရိုးချင် … ဒီစာအုပ်ကလေးက သူချန်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရမလား… သူ့ကိုယ်ပွားတစ်ခုလို ကျွန်တော်မြတ်နိုးချင်သည်.. ကျွန်တော် မရိုးချင်… နေ့ရက်တိုင်း မငြီးမငွေ့ ဖတ်ချင်သည်.. ထိုကြောင့် တစ်နေ့ တည်းအကုန်ဖတ်လို့ မဖြစ် ကျွန်တော် စာအုပ်ပိတ်ဖို့ ကြိုစားခဲ့သည်..

သို့သော်.. ကျွန်တော် မြင်လိုက်သော စာတစ်ကြောင်းကြောင့် ကျွန်တော် စာအုပ်ကို မပိတ်မိတော့ မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျလာခဲ့သည်.. ကျွန်တော် သည်းထန်စွာ အော်ငို လိုက်မိသည်… သူကျွန်တော့် ကို ချစ်သည်တဲ့…. ကျွန်တော် တစ်အုပ်လုံးကို အကုန်ဖတ်မိလိုက်သည်.. ဟုတ်သည်.. သူ ကျွန်တော့်ကို ချစ်သည်.. သူကျွန်တော့်ကို စောင့်စားနေခဲ့သည်… ဒီနှစ်ပေါင်း များစွာ သူလဲကျွန်တော့်ကို မျော်နေခဲ့သည်… နေနိုင်လွန်းတဲ့ ကျွန်တော့်ကို သူတစ်ခါမှ အပြစ်မမြင်.. တစ်ရက်မှ မမေ့… ကျွန်တော်သူ့ကို ချစ်သလို… သူလဲ ကျွန်တော့်ကို ချစ်သည်… အခုတော့ ကျွန်တော့် ကို သူမစောင့်နိုင်တော့ သူကျွန်တော်ကို စွန့်ခွာသွားခဲ့ပြီ… ပြန်နောက်ဆုတ်မရနိုင်တော့တဲ့ လမ်းကို သူသွားပြီ… ကျွန်တော် ကျန်ခဲ့ပြီ….

သို့သော် သူသာ ကျွန်တော့် အချစ်ကို လက်ခံခဲ့လျှင် အခုလို သူငြိမ်းချမ်းစွာ ကမ္ဘာကြီးကို စွန့်ခွာ နိင်ပါ့မလား.. ရိုးမြန်လွန်းတဲ့ ကျွန်တော် ကြောင့် သူနေ့တိုင်းစိတ်ဆင်းရဲနေမည်လား…. နောက်ဆုံးတော့ သူ့အချစ်ကို မပိုင်လိုက်ရပေမယ့်.. ကျွန်တော် ကျေနပ်သည်… ကျွန်တော် ဆုံးဖြတ်ချက်ကို ကျွန်တော် မှန်တယ်ဟုထင်သည်… သူ့အချစ်ကို ကျွန်တော် သိခွင့်ရခဲ့သည်… သူ့ အချစ်ကို ကျွန်တော် တန်ဖိုးထားလိုက်နိုင်သည်….

 *********

အခုဆို ကျွန်တော့် နေ၀င်ချိန်ရောက်တော့မည်ထင်သည်… ကျန်းမာရေးကလဲ သိပ်မကောင်းချင်တော့ … ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစား ပမ်းစား ရှာခဲ့သော အရာတွေကို ကျွန်တော် စွန့်လွတ်ရတော့မည်… မည်သည့်အရာကမျှ ကျွန်တော့်အာရုံကို မဖမ်းစားနိုင်တော့.. တပ်မက်မှုမရှိတော့.. အရာအားလုံး ရိုးသွားခဲ့ပြီ… ကျွန်တော် သေတမ်းစာကို ကျွန်တော် အတည်ပြုဖို့ဖတ်လိုက်မိသည်.. အော် အခုမှသတိထားမိလိုက်သည်… သက္ကရာဇ်တစ်ခု… ကျွန်တော် နေ့တိုင်းမြင်နေပေမယ့် အခုမှ သတိထားမိတဲ့ သက္ကရာဇ်တစ်ခု.. အခုဆို သူနဲ့ကျွန်တော် တွေ့ခဲ့တာ…. နှစ်ပေါင်း ၅၀ ကျော်ပြီ… ဒါဆို သူကျွန်တော့် ကို ကျောခိုင်းသွားခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်တော့မည်… ဒါဆို ကျွန်တော် ဒီစာအုပ်ကလေး ပိုင်ဆိုင်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်တောင်ရှိတော့မည်… ကျွန်တော် အခုတိုင်မရိုးသေးပါလား…. စကားလုံးတိုင်း စကားလုံးတိုင်း.. စာကြောင်းတိုင်း စာကြောင်းတိုင်း..စာမျက်နှာတိုင်း စာမျက်နှာတိုင်း အားလုံးမှတ်မိနေပေမယ့် .. မရိုးနိုင်သေးပါလား…. အသိတစ်ချက်ကြောင့် ကျွန်တော် ရူးမတတ်ခံစားလိုက်ရသည်.. သူ့ကို ကျွန်တော် ပိုင်ဆိုင်ခဲ့လျှင်လဲ ဒီစာအုပ်ကလေးလို ကျွန်တော် ရိုးမည်မထင်… သူ့အချစ်ကို ကျွန်တော် နေ့တိုင်း စက္ကန့်မပြတ်ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တောင် ရိုးမည်မထင်… အမှားကြီးတစ်ခု ကျူးလွန်မိသလို ခံစားလိုက်ရသည်.. ကြိုက်နှစ်သက်ခြင်း နဲ့ ချစ်ခင်မြတ်နိုးခြင်းကို မှန်ကန်စွာ မခွဲခြားနိုင်ပဲ ရိုးမယ်လို့ ထင်ခဲ့တဲ့ ကျွန်တော် အမှားကြီးမှားခဲ့ပြီ…. သူကို ကျွန်တော်ချစ်သည်… သူလဲကျွန်တော်ကို ချစ်သည်.. သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့သည်… သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ….

ကျွန်တော် စာအုပ်ကလေးကို တုန်ရင်စွာ ကိုင်လိုက်သည်.. အခုဆို ဖြူဖွေးနေတဲ့ စာအုပ်ဖုံးကလေးတောင် ကျွန်တော့် လက်ရာတွေကြောင့် အရင်လို မဖြူနိုင်တော့.. ကျွန်တော် စာအုပ်ကလေးကို ထပ်ခါထပ်ခါဖတ်နေမိသည်…. အခု အချိန်မှာ ကျွန်တော့် နောက်ဆုံးထွက်သက် ဖြစ်မယ်ဆိုရင် .. နောက်ဆုံး စာမျက်နှာလေးအထိ အပြုံးမပျက်ဖတ်နေချင်သည်… စာအုပ်ကလေးကိုကျွန်တော် ဖတ်ရတိုင်း ကျွန်တော် သူ့ကိုသတိရမြဲ.. မျက်ရည် ရစ်ဝိုင်းရမြဲ… ငိုရမြဲဖြစ်သည်…

ကျွန်တော် သူ့ကို ချစ်သည်.. သူလဲ ကျွန်တော်ကိုချစ်ခဲ့သည်… သို့သော့် ကျွန်တော့် အချစ်ကိုလဲ ကျွန်တော် တန်ဖိုးမထားခဲ့ သူ့အချစ်ကို လဲ ကျွန်တော် တန်ဖိုးမထား ခဲ့.. ကျွန်တော့် အမြင်တွေ နှစ်ပေါင်းများစွာ မိုက်မဲနေခဲ့သည်…..

ရင်ဘက်ထဲက နာကျင်လာသည်…. စာအုပ်ကလေးတောင် ကျွန်တော့် လက်ထဲက လွတ်ကျသွားသည်… နာကျင်မှုတွေ မရပ်နိုင်တော့ .. ကျွန်တော် ဆေးပုလင်းလေးလဲ တုန်ရီနေတဲ့ကျွန်တော်လက်ကြောင့်.. မှောက်ကျကုန်ပြီ.. ကျွန်တော် ဂရုမစိုက်နိုင်တော့ ကျွန်တော့်လက်ကို လှမ်းလိုက်သည်… ပြန်ကျဲနေတဲ့ ဆေးလုံးလေးတွေကြားထဲက ကျွန်တော်မရိုးနိုင်သော စာအုပ်ကလေးတစ်အုပ်…. သို့သော် လက်လှမ်းလို့ မမှီ .. လေအတိုက် လွင့်သွားတဲ့ စာမျက်နှာလေးတွေကို ကျွန်တော် လှမ်းဖတ်နေမိသည်.. ရင်ထဲက နာကျင်မှုတွေ တိုးမြဲတိုးလာသည်… မခံမရပ်နိုင်အောင် နာကျင်လာသည်… ကျွန်တော် မျက်လုံးစုံးမှိတ်ပြီး.. စာကြောင်းလေးတွေကို တီးတိုး ရေရွတ်နေမိတော့သည်… ကျွန်တော်.. … စာအုပ်အဆုံးထိ … ပြီးအောင် ဖတ်ချင်သေးသည်.. ရွတ်နေချင်သေးသည်… ကျွန်တော့်မှာ အခွင့်ရှိပါဦးမလား… မိုက်မဲလွန်းတဲ့ နောက်ကျတတ်တဲ့ ကျွန်တော့်ကို ဒီတစ်ကြိမ်ရော နောက်ကျခွင့်ပြုပါ့မလား…

ဒီတကြိမ်တော့ ခဏနောက်ကျခွင့်ပြုပါ… နောက်ဆုံး စာကြောင်းလေးအထိ ကျွန်တော့်ကို ရွတ်ဖတ်ခွင့်ပြုပါ…. ကျွန်တော့် မိုက်မဲ မှုတွေကို ဒီစာအုပ်ကလေးနဲ့အတူ အဆုံးသတ်ခွင့်ပြုပါ… …… …….. ……… ……..

ပြီးပါပြီ ။ ။

rainmaker