အဝေး....

နှုတ်မဆက်ချင်ပေမယ့်
သွားရတော့မယ်လို့ ပြောခဲ့တယ်
ငါမရက်စက်ပါဘူး
လွဲမရတဲ့ အခြေအနေလို့ ဆင်ခြေပေး
ငါလေ.. ဟိုးအဝေး ထွက်သွားတယ်....

အခုဆို ငါဟာ အဝေး.....
တဖြေးဖြေးနဲ့ ဆွေးတတ်လာတယ်
ကောင်ကင်ကိုမျှော်ကြည့်
ဒီမိုးကောင်ကင်အောက်မှာ
နင်ရှိသေးတယ်လို့သတိရ
တစ်ချို့ညတွေ ငါငိုရတယ်

ဒါဟာအဝေး
ငါ့နဘေးလူတွေ ရှိနေပေမယ့်
မနွေးထွေးခဲ့ဘူး....
အတိတ်အကြောင်းကိုတွေး
ငါရင်က ငါ့ကို ဒဏ်ပေးနေတယ်...

ခရေတွေ.....



တကယ်ဆို... လို့ စလိုက်ပြီး ကျွန်တော်ကဗျာရေးမလို့ ဟန်ပြင်လိုက်တယ်... ကျွန်တော့် လက်တွေ အရင်လို ကီးဘုတ်ပေါ်မှာ ပြေးမနေတော့ဘူး..... ကျွန်တော့်အတွေးတွေ ရပ်ဆိုင်းနေတယ်.... လက်တွေ တုန်ရီလာတယ်... ကျွန်တော် စိတ်မလှုပ်ရှားပါဘူး.... ၀မ်းနည်းတာပါ... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် အလှဆုံးဆိုတဲ့ ကဗျာတွေ ကျွန်တော့် နှလုံးသားက မသီကုံးပေးတော့ဘူးလား.... ကျွန်တော် ဦးနှောက်ကို စေခိုင်းခဲ့တယ်... သူ မငြင်းဆန်ပေမယ့် .. ကျွန်တော် ငြင်းဆန်ခဲ့တယ်.. နှလုံးသားနဲ့ ချစ်တဲ့ ချစ်သူအတွက်.. နှလုံးသားက ကဗျာပဲပေးမယ်လို့ ....

ချစ်သူသွားတဲ့နောက် တစ်ကောက်ကောက် လိုက်ခွင့်မရှိတဲ့ နှလုံးသားဟာ ကုန်ကြမ်းမရှိပဲ ကဗျာလှလှလေးပေါင်းများစွာ မွေးဖွားဖူးတယ်... ဘယ်လောက်ပဲလှလှ ချစ်သူရဲ့ ဝေဖန်ချက်အဆုံးမှာ ကျရှုံးသွားတာပဲ... သူမရီနေတယ်... ကျွန်တော် ပြုံးပြတယ်... ကျွန်တော့် နှလုံးသား ငိုနေတယ်....
သူ့ချီးကျူးသံ အဆုံးမှာ ကျွန်တော့်နှလုံးသား မြူးရတာတွေလဲ ရှိခဲ့တယ်.... ပျော်ရွင်မှု ၀မ်းနည်းမှု မျက်ရည်စ.. ဒဏ်ရာ.. ဘာတွေပြောင်းပြောင်း ... ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာတော့ မပြောင်းခဲ့ဘူး....

အတိတ် ပစ္စုပ္ပန် မှာပဲ ပျော်နေရင်း .. သူအတွက် ခရေတစ်ကုံးသီကုံးမိတယ်.... တိမ်ညိုတွေ မှိုင်းတဲ့ဒီနေ့မှာတောင်.. သူကို သတိရမိတယ်... ခရေတွေသီနေတယ်... ကျွန်တော့်အတွေးတွေ အတိတ်ကိုမှီလိုက်မိတယ်....

ငှက်ကလေးတွေ ကောင်ကင်ပျံတက်သွားတဲ့ခဏ
ဝဲကျသွားတဲ့ သူ့ဆံနွယ်ဖျားမှာ
ကျွန်တော့် အိပ်မက်လေးတွေသီထားတယ်.....

စကားတစ်ခု သူနှုတ်ဖျားအတွက် သယ်ဆာင်လာတဲ့ခဏ
ပျံ့လွင့်သွားတဲ့ သူ့ရယ်သံလွင်လွင်ထဲ
ကျွန်တော်မျှော်လင့်ခြင်းတွေ စီးမျောလိုက်တယ်.....

တစ်ချိန်က သူ့ရှေ့ ရွတ်ပြခဲ့တဲ့ ကဗျာလေးရဲ့ အစပိုင်းလေးတစ်ခု... ကျွန်တော်နောက်တစ်ခေါက် အဲ့ဒီနေ့ထဲ စီးမျောကြည့်တယ်... အရူးအမူးပါပဲ... သူ့ဆံနွယ်ကြားကို လက်ဖျားလေးနဲ့ကိုင်ခွင့်ရတဲ့ ခဏ... ရနံ့တစ်ခုရဲ့ နှစ်သိမ့်မှုမှာ ကျွန်တော် ငြိမ်သက်စွာ ရူးခဲ့ရဖူးတယ်... ကမ္ဘာဦးမဟုတ်ပေမယ့်... ကျွန်တော့် စိတ်ထဲမှာ သူရယ် ကျွန်တော်ရယ် နှစ်ဦးပဲရှိတယ်လို့ ထင်နေတယ်... ကျေးငှက်တွေ တီးတိုးပြောသံတွေ ဘာသာပြန်စရာ မလိုပေမယ့်... ... သူမအကြောင်းပဲဖြစ်မှာပါပဲ... လို့ သိလိုက်တယ်....

အေးနေတဲ့ သူ့လက်ကလေးကို ကျွန်တော့် လက်နွေးနွေးနဲ့ ဆွဲကိုင် ပြီး တစ်နေကုန် လက်ကိုလွဲ လျှောက်သွားခဲ့တယ်... နွေးထွေးမှုတွေကူး သူနဲ့ပျော်မြူးခဲ့တဲ့ နေ့ရက်က မေ့မရနိုင်တော့ဘူး... ကျွန်တော့် မျော်လင့်ခြင်း သူ့လက်ထဲကို အပ်နှင်းလိုက်ပါပြီ... မပိုင်သေးပေမယ့် ဆိုင်နေခွင့်လေးတစ်ခု.. ကျွန်တော့် တစ်ဘ၀လုံး စိတ်တောင်မကူးဖူးတဲ့ ကြည်နူးမှုနဲ့ နေထိုင်လို့ရနေပါပြီ...

မိန်းမောစရာအတွေးတစ်ခု
ပန်းဆက်သတဲ့
မြူဆိုင်းတဲ့ မနက်တိုင်းမှာရှိတယ်
ရင်ခွင်ထဲ သူတိုး
သူ့ဆံနွယ်ကြားမှာ မှီနေတဲ့
ကျွန်တော် သီပေးတဲ့ ခရေရနံ့အိုးမှာ
မရိုးတဲ့ ဇာတ်သိမ်းတစ်ခု
အကြိမ်ကြိမ်တွေးကြည့်ဖူးတယ်....

ခရေပန်းကုံတွေနဲ့အတူ ပေးလိုက်တဲ့ ကဗျာအပိုင်းအစတစ်ခု... သူဖတ်ပြီး အဓိပ္ပါယ်အပြည့် ရှိတဲ့ ရီဝေတဲ့ မျက်ဝန်းညို အကြည့်အောက်မှာ ကျားတစ်ကောင် ကြောင်တစ်ကောင်ထက် ငြိမ်ကျသွားခဲ့တယ်.... ကျွန်တော် မြတ်နိုးတဲ့ သူ့ဆံနွယ်လေးကြား ခရေပန်းလေးကို နေရာပေးခဲ့တယ်... မွေးပျံတဲ့ ရနံ့တွေနဲ့ အဲ့ဒီနေ့က ထုံမွန်းနေခဲ့တယ်... ရူးသွပ်မှုက အတိုင်းအစ မရှိခဲ့ပါဘူး... ချစ်သူနှစ်ဦးတို့ နေပူပူအောက်မှာ ရင်ဖိုအောင် ပျော်ခဲ့ ကြတယ်....

ထပ်တူမကျသေးတဲ့ အနာဂတ်စိတ်ကူးနှစ်ခုကို အနီးစပ်ဆုံး ဘောင်ခတ် ကြည့်လိုက်တယ်... ရည်မှန်းချက်တွေ ဆုံမှတ်တစ်ခုကနေ ဖွာထွက်နေပေမယ့်... အပြုံးမပျက်ခဲ့ပါဘူး... တူညီတဲ့ ဆန္ဒတစ်ခုကြောင့် ကျွန်တော့်တို့ အနာဂတ်ဟာ အလှမပျက်ခဲ့ဘူး... မျော်လင့်ထားတဲ့ မိသားစု တစ်ခုဆိုတာ သူရယ် ကျွန်တော်ရယ်က အစပြုမယ်ဆိုတဲ့ ကတိတစ်ခု ကြောင့် လက်ဖ၀ါးခြင်းထပ် ဆက်လျှောက်ရမယ် နောက်နေ့တွေ အတွက် အားအင်တွေဖြစ်ခဲ့တယ်... ကျွန်တော့် နှလုံးသားတောင် မိန်းမောသွားတဲ့ အဲ့ဒီ နေ့မှာ ကျွန်တော် ထင်တာထက်တောင် ပျော်နေခဲ့ပါတယ်....

တက်လာတဲ့ ဖဲတစ်ချက်အောက်မှာ
ဘ၀တစ်ခုလုံး ပြားပြားဝပ်သွားတယ်
အမှားမရှိတဲ့ အဖြေတစ်ခုအပြီးမှာ
အဲ့ဒီပုစ္ဆာ အပယ်ခံလိုက်ရတယ်....
အတိတ်ကြားမှာ ပန်းပျိုးနေတဲ့ကောင်
မုန်တိုင်းသတင်းတစ်ခုမှာ ရူးသွားတယ်....

ခဏခဏ မူးမိုက်လွန်းတဲ့ ကျွန်တော်.... ဦးနှောက်က ကျွန်တော်လားရာနဲ့ ဆန့်ကျင်နေခဲ့တယ်.... သူစတဲ့ မေးခွန်းတစ်ခုကို သူကိုတိုင်ပဲ ဖြေပြသွားခဲ့တယ်... ကျွန်တော်မငြင်းသာခဲ့ဘူး... ဦးနှောက်ခေါ်ဆောင်ရာနောက် လိုက်သွားခဲ့တယ်... ငြင်းဆန်ခွင့်မရှိခဲ့ဘူး ... ဓါတ်မှန်တစ်ခုက စတဲ့ ပြဿနာ စမ်းသပ်မှုတွေ အဆုံးမှာ ဒီခေါင်းတစ်ခုလုံး သုံးစားလို့ မရတော့ဘူး.... အဲ့ဒီနေ့က ချစ်သူနှစ်ဦး လမ်းမခွဲခဲ့ပါဘူး... ဒါပေမယ့် အသိတရားတစ်ခုကြောင့် ကောင်လေး မပျော်တော့တာ ကောင်မလေး သတိမထားမိခဲ့ဘူး...

အနာဂတ်လို့ သူစိတ်ကူးထားတဲ့ နှလုံးသားထဲက နဂ္ဂတစ် တစ်ခု.. ပုံကောင်းတစ်ပုံမရခင် .. ပျက်သွားခဲ့ပြီ... ရည်မှန်းထားတဲ့ မိသားစုမှာ ကျွန်တော့်နေရာကို ကောင်လေးတစ်ယောက်လို့ပဲ နာမည်တပ်ထားလိုက်တယ်... သူမ သိရင်ရော... ပေးတော့ မသိချင်တော့ဘူး.. သူမ မသိလိုက်ချိန်မှာ... ဒါမှ မဟုတ် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ.... ကျွန်တော် ၀ှက်ထားတဲ့ သေမင်းဟာ ......... ......... ..... မတွေးရဲတော့ဘူး... ကျွန်တော့်ကို ရူးခွင့်ပေးပါ..... အကြိမ်ရေ စိတ်လာတဲ့ သတိမေ့ခြင်းတွေကြားမှာ... ကျွန်တော့် အတွက် ပြက္ခဒိန်ဆိုတာ မလိုမှန်းသိလာတယ်......

နောက်ဆုံး မနက်မှာတောင်
သူအပြုံး မပျက်ခဲ့ဘူး
သူ မရက်စက်ပါဘူး
လှမ်းထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်မရှိတဲ့နောက်....
တိုင်းညိုတွေ မှိုင်းတဲ့ ညနေမှာ
နောက်ဆုံးရက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
သူ့အတွက် ခရေတွေသီခဲ့တယ်...
သူကမ်းတဲ့လက်ထဲ
ခရေကုံးလေး ခုန်မဆင်းမီ
ပြို..... လဲ.......
သူကျတဲ့ မျက်ရည်အောက်
အသက်ရှုတောင် မဖြောင့်တော့ဘူး
ပွေ့ဖက်ထားတဲ့ သူ့လက်
ခရေတွေ ထွက်ထွက်ကျလာတယ်
အလှဆုံးပါပဲ.....
ခရေရနံ့အိုး အောက်
ကျွန်တော် မူးမေ့သွားတယ်
ခဏ.... ထာဝရ...
ဝေခွဲလို့မရတဲ့ တဒင်္ဂမှာ
ခရေတွေ ကြွေ......... ကျ........



ခရေတွေ... ရဲ့...



ခရေ ရနံ့တွေက ပဲ ကျွန်တော့်ကို ဒီကမ္ဘာထဲ ပြန်တွဲခေါ်ခဲ့တာပါ... မျက်လုံးတွေ ဖွင့်လိုက်တော့ ကျွန်တော် လဲကျနေခဲ့တဲ့ နေရာမဟုတ်တော့ပါဘူး.. ဒါပေမယ့် ရနံ့တွေ ထုံမွန်းဆဲမို့ ကျွန်တော် နဘေး သူရှိနေသေးတယ်ဆိုတာ သိလိုက်တယ်... ရှိုက်သံသဲ့သဲ့နဲ့ ကျို့တို့ကျဲတဲ ခရေကုံးလေးကို သူကိုင်ထားဆဲ... စကားတွေ... အဖြစ်မှန်တွေ... မပြောချင်တော့ဘူး သူသိနေလောက်ရောပေါ့...

အကြောင်းအရာပေါင်းများစွာ အကြိမ်ပေါင်းများစွာ တီးတိုးမေးဖြေလုပ်ပြီး အဆုံးမှာ... အသက်ဆက်ရှင်ပါမယ် ဆိုတဲ့ ကတိတစ်ခုကြောင့် သူကျေနပ်သွားတယ်.. သူ့ မျက်ဝန်းထဲက မိုးတွေဆဲသွားတဲ့အထိ သူပျော်ရွင်ခဲ့တယ်...
“ချစ်တယ်” သူ့နား နား ကျွန်တော် တိုးညင်းစွာပြောတဲ့ စကားအဆုံးမှာ သူ ခရေကုံးလေးကို ကျွန်တော့်လက်ထဲထည့် သူ မျက်ရည်မဲ့ ပြန်သွားခဲ့တဲ့ ညနေ... တကယ်ဆို ကျွန်တော် နောက်ဆုံး ညနေဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်.. ချစ်သူမျက်နှာကို မျက်ရည်တွေ ခဏခဏ ထပ်မစိုစေချင်တော့... တစ်ခေါက်လောက် သူ ငိုစေတော့.. ဒီတစ်ခုတော့ ကျွန်တော်လဲ မရပ်တန့်နိုင်... နေ့ရက်ပေါင်းများစွားတော့ ချစ်သူ့မျက်နှာမှာ မျက်ရည်တွေ အဓိပ္ပါယ်မဖွင့် စေချင်တော့... ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ခွင့်ပေးပါ... ကျွန်တော့် ဂျိုကာမဟုတ်တဲ့ ၀ှက်ဖဲတစ်ခု ဘယ်အချိန် ပွဲသိမ်းလိုက်မလဲ....

အသံတွေ သဲ့သဲ့
မသွားပါနဲ့တဲ့
ခြေလှမ်းတွေက ယဲ့ယဲ့
မလှမ်းလဲ ဆွဲခေါ်မယ့် လက်... ။ ။

နှုတ်ဆက်ခွင့် မရမယ့်
ရက်တွေအတွက် ...
ဒီညဟာ ငါပိုင်တဲ့
ငါ့ဘ၀ ဖြစ်ခွင့်ပေးပါ... ။ ။

တောင်းဆိုသံတွေကို အရေးမလုပ်ကြဘူး... ကျွန်တော့်ကို လက်မခံတဲ့ အချိန်ခဏ... နေရာတစ်ချို့ကြောင့် သေမင်း လက်ရှောင်နေတဲ့ တဒင်္ဂ... ကျွန်တော်ဟာ ခွဲခန်းထဲမှာပါ...

တီ..... တီ..... တီ.....

အချက်ကျကျ အဆက်မပြတ်ထွက်နေတဲ့ စက်သံလေးကြောင့် ကျွန်တော် မသေသေးဘူး ဆိုတာ သိခွင့်ရသေးတယ်... သတိရခြင်းများစွာနဲ့ ၀င်လာခဲ့သူတစ်ယောက် ထာဝရ သတိမေ့တဲ့ သူတစ်ယောက် ဖြစ်သွား နိုင်တယ်ဆိုတာလဲ သိထားတယ်... သူရော....

သူ့အတွက် နောက်ဆုံးအနေနဲ့ ကျွန်တော် ချန်ခဲ့တဲ့အရာတွေဟာ အခု ကျွန်တော့်အတွက် ပြန်ဖြစ်သွားတယ်... ပျောက်ကင်းဖို့ ရာခိုင်နှုန်း နည်းဆဲမမို့... ကုသမှုဘေးက လမ်းလေးကို ရွေးခဲ့တဲ့ ကျွန်တော်... သူကတော့ မျှော်လင့်ချက်ကြီးဆဲ... ကျွန်တော် အတွက်... သူ့အတွက်... ကျွန်တော့် မနက်ဖြန်အတွက်....သူ မျော်လင့်နေဆဲ....

ခရေရနံ့ မဟုတ်တဲ့ စူးရှတဲ့ အနံ့တစ်ခု... ကျွန်တော်ဟာ ခန္ဓာနဲ့ ခဏတာ ကင်းကွာသွားရတယ်....
ပထမဆုံးနဲ့ နောက်ဆုံးသော ဆုတောင်လေးတစ်ခု ပြုပါရစေ... သူ့နဘေး ရှင်သန်ခွင့်ပေးပါ....

ရင်ခုန်သံတွေ တိတ်ဆိတ်
စက္ကန့်တိုင်း ကျွန်တော်ပိတ်ထားတဲ့
ရင်တွင်းမြစ်တစင်းမှာ
နောင်တသံတွေ ညံနေတယ်... ။ ။

သူ့ကိုကျောခိုင်း
စိတ်ရိုင်းတွေ ကျိုးကျတဲ့ညမှာ
ခရေတွေ သီတဲ့လက်နှစ်ဖက်က
တွင်းနက်နက်တူးမိတယ်... ။ ။

ကဗျာအပိုင်းအစတစ်ခု.. အချိန်ယန္တာရားကို အတိအကျတောင်မမှတ်မိတော့ဘူး... ဘာလို့ ဒီအချိန်ကြီးမှာ ဒီအကြောင်း ကျွန်တော့် ခေါင်းထဲရောက်လာတာလဲ... သတိရခြင်းတွေကို ကျွန်တော် အစိုးမရတော့ဘူးတဲ့.. ဒါဟာ ရောဂါရဲ့ လက်ဆောင် ကျွန်တော် တနင့်တပိုး ရရှိခဲ့တယ်...

“ခွဲစိတ်ပြီးနောက်ပိုင်းရော အဲ့သလိုပဲဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမယ့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားးးးး” နားထဲ ပဲ့တင်ထပ်လာတဲ့ စကားတွေ... အားပေးစကားလား.. ခြောက်လှန့်စကားလား... ဆိုးကျိုးတွေကို ကြိုသိနေတဲ့ကောင်.. ကံကောင်းဖို့ အမှတ်မရှိ ဆုတောင်း နေမိပြန်တယ်... မပြည့်လောက်ပါဘူးတဲ့.. ငြင်းခုန်တတ်တဲ့ ဦးနှောက် နောက်ဆုံး အချိန်ထိတောင် ကျွန်တော့် ဆန့်ကျင်ဘက် သူရပ်နေဆဲ...

ဒါပေမယ့် ရင်ထဲမှာ မေ့မရတဲ့အရာတွေတော့ အချိန်တိုင်း မှတ်မိမယ်လို့ ယုံကြည်နေမိတယ်... အခုတော့ နားထဲမှာ တီ... တီ... တီ... ။ ။

မသေသေးတဲ့ လူတစ်ယောက်ရဲ နောက်ဆုံးအတွေးလားလို့ သံသယဖြစ်မိတယ်... သံသယတွေ မဆုံးပေမယ့် ကျွန်တော်အလိုချင်ဆုံး ပြကွက်တစ်ခု.. သူရယ်.. ကျွန်တော်ရယ်....
ဆန္ဒတွေ ရှင်သန်ချင်သေးချင်ပေမယ့်.... ဒီအချိန်မှာ ကျွန်တော် သေဆုံးသွားရင်......

ခရေရနံ့တွေ ပျံ့တဲ့ မနက်က
ကျွန်တော်ဟာ မှောင်အတိပဲ
ပေါ့ပါးသွားတဲ့ ခန္ဓာမှာ
လေးနက်တဲ့အတွေးတစ်ချို့
ထမ်းပိုးခွင့် ဆုံးရှုံးခဲ့တယ်...။ ။

သူမျော်လင့်တဲ့ တစ်တောလုံးမှာ
ခရေတစ်မျိုးပဲ ပျိုးမယ့်ကျွန်တော်...
သတိမဲ့ ခန္ဓာမှာ
ခရေလှိုင်မယ့် မနက်ကို
တောင့်တတုန်းပဲ... ။ ။

စုံမှတ်တစ်ခုကနေ မျောလွင့်
ပျံသန်းဖို့ အတောင်တွေဖွင့်တဲ့အခါ
ခရေသီတဲ့ ကြိုးမှာငြိ
သူနဘေး ကျွန်တော်ရှိသေးတာ
သိလိုက်ရတယ်... ။ ။

ခရေတွေ တစ်ယောက်တည်းကောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရတယ်... ၀မ်းသာလို့ မဆုံးပါဘူး... သူမျက်နှာမှာ မြင်နေကျ အပြုံးတွေ ရှိသေးတယ်... ခရေတွေကောက်နေကြ ခရေတွေသီနေကြ.. ညနေခင်းတိုင်း အလုပ်ရှုပ်ခဲ့တဲ့ ဟိုးအရင်ကျွန်တော့်ဘ၀ကို သတိရမိတယ်... ခရေအကြောင်း ကဗျာပေါင်းများစွာ သီကုံးချင်သေးတယ်... သူ့ဆံနွယ်တွေ လေယူရာ ယိမ်းတဲ့အကြောင်း ကဗျာတွေ ရေးနေချင်သေးတယ် သူ့ကို ရွတ်ပြခွင့်မရှိတော့ဘူးထင်တယ်....

ခရေတစ်သိုက်က တော့ ဟိုးအရင်အတိုင်း မွေးပျံ့နေတုန်းပဲ... ကျွန်တော့် နဘေး ခရေတွေ လာချပေးသွားတာ ကျွန်တော် အချစ်ဆုံးဆိုတဲ့ ချစ်သူ... သူ့စကားအားလုံးကို ကျွန်တော် မတုံ့ပြန်ဖြစ်တော့... သူ့ချပေးတဲ့ ခရေတွေ နှီးကြိုးလေးနဲ့ ကျွန်တော်သီနေမိတယ်... သူကတော့ အပြုံးမပျက် ကျွန်တော့် နဘေး အဖော်ပြုပေးနေဆဲ... ဟိုးအရင်ကအတိုင်း ခရေကုံးလေးကို သူ့ဆံနွယ်ကြား နေရာချပေးလိုက်တယ်... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် ကဗျာတွေ မသီကုံးနိုင်တဲ့ဘ၀.. အရင်လို ကဗျာတွေရေးချင်လိုက်တာ... အတွေးတွေ မပြေးတော့တဲ့ ခေါင်း.. သူ့အကြောင်း မှတ်မိသေးတာပဲ ကျေးဇူးတင်နေရတယ်... မမှတ်မိတဲ့ နေ့စွဲတစ်ချို့တောင် သူပြောပြမှ သိတော့တယ်...

ရင်ထဲက တောင့်တတဲ့ ဆန္ဒကြောင့်... ကျွန်တော် စာတစ်ကြောင်း ရေးပြလိုက်တယ်

- လမ်းလျှောက်ထွက်ကြရအောင်

“ခွဲထားတာ သိပ်မကြာသေးပဲနဲ့ အပြင်မထွက်နဲ့အုံးနော်... မောင့်အစား မောင်ရေးခဲ့တဲ့ကဗျာတွေ ဖတ်ပြမယ်... မောင်တစ်နေ့ ပြန်ဖတ်ပြနိုင်မှာပါ... အားတင်းထားနော် ”

ကဗျာတွေရေး မရအောင်အတွေးတွေ တန့်နေပေမယ့်... သူရွတ်ပြတဲ့ ကဗျာတွေကြားမှာ သူ မရွတ်ပြတဲ့ကဗျာတစ်ပုဒ် ခေါင်းထဲ ခဏခဏရောက်လာတယ်... တစ်ချိန်က စပ်ခဲ့တယ်ထင်တာပါပဲ အတွေးထဲမှာ တီးတိုးရွတ်နေမိသည်... တစ်နေ့တော့ သူ့ကို ရွတ်ပြနိုင်မယ်ထင်တာပါပဲ.....

အတွေးနက်နက်တွေနဲ့
ရေးရခက်တဲ့ကဗျာတွေ
ငါ့ရင်ထဲ အက္ခရာတင်ထားတယ်.... ။ ။

သူမျက်လုံး ၊ အပြုံး
ခြေလှမ်းအနုတ်အသိမ်းကအစ
သူဆံနွယ်လေထဲယိမ်းတာတွေအားလုံး
ငါ့ခေါင်းတစ်ခုလုံးမှာပြည့်နေတယ်.... ။ ။

ဘာကြောင့်ရယ်မသိပါဘူး... သူ ကျွန်တော့်ကို ပြုံးပြနေတယ်.... ..... .....


~ဘ၀နဲ့ ခတ်တဲ့ လက်စွပ်တို့ရဲ့ ရာဇ၀င်~



ငြိမ်နေတဲ့ ကန်ရေပြင်လှုပ်ခပ်သွားအောင် သူမ အညိုးတကြီးနဲ့ ပြစ်ခတ်ခဲ့တာ ခဲတစ်လုံး မဟုတ်ပါဘူး.. ကျွန်တော့် အနာဂတ်အတွက် ဟိုးတစ်ချိန်လောက်ကတည်းက ကျွန်တော့်လက်မှာ ခတ်ထားတဲ့ သူ ပေးခဲ့တဲ့ အမှတ်တရ လက်စွပ်လေးပါ... အခုတော့ သူကိုယ်တိုင် လွင့်ပစ်လိုက်ပြီ... တန်ဖိုးမကြီးပါဘူး.. ဒါပေမယ့် ဘ၀တစ်ခု ခတ်နိုပ်ထားတယ်.. အခုတော့ ကန်ရေပြင်အောက်မှာပေါ့... သူ့ကတော့ နာကြည်းချက်တွေတစ်ချို့ကြောင့် အပြုံးမပျက်ပါဘူး.. ဒါဟာ လက်ဝှေ့ ပွဲ တစ်ပွဲဆိုရင် ဒီတစ်ကွက်ဟာ ကျွန်တော့်ကို အလဲထိုးတဲ့တိုက်ကွက်ပါပဲ...

အခုတော့...

ကျွန်တော့် လက်မှာ ဟာတာတာရယ်ပါ.. အနှစ်နှစ်အလလ လက်စွပ်ကလေးနေရာယူခဲ့တဲ့ နေရာကတော့ ဖြူဖျော့ပြီးကျန်နေတယ်... ဒါအမှတ်တရလား.. ဘယ်အချိန် ပျောက်ကွယ်သွားမလဲ...

အခုတော့...

ကျွန်တော့် ဘ၀မှာ အရာရာ ပျောက်ကွယ်သွားသလိုပါပဲ... နေရာလွတ်တွေ.. ကျွန်တော့် နဘေး သူရှိနေသေးတယ်... ခုံတန်းရှည်တစ်ခု ကမ္ဘာတစ်ခု ခြားအောင် ကွာဝေးလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ဖူးဘူး... သူကရော... အခုထိ မတုန်လှုပ်သေးပါဘူး.. ကျွန်တော် ရူးလိုက်ချင်တယ် သူပြစ်လိုက်တဲ့ လက်စွပ် .. ကျွန်တော် ပြန်ဆယ်ရအောင် ရေတောင် မကူးတတ်... ကန်ရေပြင်အောက် မှာ ကျွန်တော်ဟာ လက်စွပ်နဲ့အတူ မြုပ်သွားတော့မယ့် ဘ၀ကို ရွေးချယ်လိုက်ချင်တယ်...

“နင် ရက်စက်လိုက်တာဟာ” ကျွန်တော်ပြောလိုက်တဲ့ ရင်ထဲက စကားပါ... သူကြားပါတယ်.. မတုန့်ပြန်ဘူး... ခဏခဏ စိတ်ကောက်တတ်တဲ့ သူ့ကို ကျွန်တော် ဒီတစ်ခါတော့ မချော့နိုင်တော့ဘူး...

“နင် စိတ်ဆိုးလဲ ငါတို့ အမှတ်တရကို မဖျတ်ဆီးသင့်ပါဘူး” သူကို ကျွန်တော်ကြည့်လိုက်သည်.. သွေးအေးတဲ့သူမက တည်ကြည်နေတဲ့ မျက်လုံတစ်ခုနဲ့ စူးစူးရှားရှားကြည့်နေတယ်... ဒီမျက်လုံး .. ကျွန်တော့် တစ်သက်လုံး ကြောက်ခဲ့ရတယ် မဟုတ်ပါလား...

“နင် ငါ့ကို ဘာကြောင့် အဲ့လောက်စိတ်ဆိုးနေတာလဲ”

“နင့်ဆုံးဖြတ်ချက်ကြောင့်” တိုတိုပြတ်ပြတ် ပထမဆုံး သူစပြောတဲ့ စကားသံတစ်ခု ဒါပေမယ့် ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးဆောင်တယ်

“ဒါ ငါ့ဘ၀လေဟာ”

“နင် နောက်မှ သွားလဲရသားနဲ့”

“ဒါပေမယ့် ငါ full scolar ရအောင် မနည်းကြိုးစားခဲ့တာ နင်သိသားပဲ အခုမသွားရင် ငါမရတော့ဘူးပေါ့”

“နင် အခုမသွားရလဲ ငါနင့်ကို ထားပေးမှာပေါ့ ငါ့အတွက် နင်ဘာမှမလိုဘူး”

ဟုတ်ပါတယ် သူက တော့ ကျွန်တော်ကို ကျောင်းထားပေးနိုင်ပါတယ်.. လိုချင်တာ ပေးနိုင်ပါတယ်.. တောင့်တသမျှဖြည့်ဆည်းပေးနိုင်ပါတယ်.. သူ ငွေကို ဘယ်လို သုံးရမလဲ သိတယ်.. လူကို ဘယ်လိုကျောင်းရမလဲ သိတယ်.. ဒါပေမယ့် ကျွန်တော့်အကြောင်း... ဟုတ်တယ် ကျွန်တော့်အကြောင်း သူအခုထိမသိသေးဘူး... ကျွန်တော် ရင်နာမိတယ်...

ကျွန်တော်ဟာ သူ့ကို လမ်းပြမယ့် လူတစ်ယောက်ပါ... သူ့ကို သူ့စိတ်ကြိုက် ထားနိုင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ... ကျွန်တော့် ဘ၀ အဖော်ကို ကျွန်တော် ခေါ်ထားတဲ့ မိုးတွေကြားမှာပဲပျော်စေချင်တယ်... ကျွန်တော့် အရိပ်ခိုစေချင်တာပေါ့... သူ့အရိပ်ကိုတော့ ကျွန်တော် မမှီချင်ဘူး.. အခုတော့ သူ့စကားမှာ. ကျွန်တော်ဟာ သူညွန်ရာသွားရမယ့် နွားသာသာ ဘ၀ပဲကျန်တော့တယ်... ကျွန်တော်ကို အထင်သေးတယ်.. ကျွန်တော် ရင်နာပေမယ့် သူ့ကို အပြစ်မတင်ရက်ဘူး.. ဘ၀ဆိုတာဘာလဲ သူကောင်းကောင်း မကြည့်ဖူးခဲ့ဘူး.. ကျွန်တော်ကတော့ ကောင်းကောင်းကခဲ့ဖူးတယ်...

“ငါ့အားငါကိုးပြီး ကျောင်းတတ်ချင်တာပေါ့ဟာ”

“မလိုဘူး... နင်ကျောင်းမတတ်နဲ့တော့ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ့အဖေ စီးပွားရေး နင်လုပ်ရမှာပဲ ဘာဘွဲ့မှထပ်မလိုဘူး”

သူစကားတွေ.. ဒီစကားတွေ.. ကျွန်တော့်ကို နားမလည်သေးဘူးဆိုတာ သေချာတယ် ... ကျွန်တော်ဟာ သူ့အဖေ စိုက်ခဲ့တဲ့လယ်ကို စောင့်ရမယ့် အလုပ်မလုပ်ချင်ဘူး... ကျွန်တော့် လယ် ကျွန်တော် စိုက်မယ့်ကောင် ... သူများဆောက်ပြီးသားအိမ်ကို မွန်းမံပြီးနေချင်တဲ့ ကောင်မဟုတ်ဘူး.. ကိုယ့် အိမ် ကိုယ်ဆောက်မယ့် ကောင်...

“ငါ့အတွက်လိုတယ်... ငါ့ဘ၀အတွက်လိုတယ်” ကျွန်တော် ခေါင်းမာပြရစေ...

“ဒါဆို နင်သွားပေါ့ နင့်ဘ၀မှာ ငါမလိုတော့ဘူး ဒါကြောင့် လက်စွပ်တွေ ကတိတွေ အမှတ်တရတွေ မလိုတော့ဘူး နင်သွားချင်ရာသွားတော့”

“နင်တကယ်ပဲ ပြတ်နိုင်ပြီလား .. နှစ်နဲနဲလေးပါဟာ .. ငါ့ကိုယ် ငါ... ”

“ငါမကြားချင်ဘူး... နင် သွားမယ်ဆို ငါ့ဆီမလာနဲ့ ငါဆီလာရင် နင်မသွားနဲ့ဒါပဲ”

“ငါ့မှာ တခြားနည်းလမ်းရွေးစရာ မရှိတော့ဘူးလား” ကျွန်တော်လေသံတွေ ပျော့ကျနေလိုက်တာ... full scolar ရတယ်ဆိုလို့ ပျော်ခဲ့တဲ့ နေ့က မာန်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး... သူနားမလည်ဘူး... ဒါကျွန်တော့် အောင်မြင်မှုတစ်ခု.. သူမခံစားတတ်ဘူး...

“အေး.. ဒါဆို ငါပြစ်လိုက်တဲ့လက်စွပ် နင် ပြန်ယူလာခဲ့ရင် နင်လုပ်ချင်တာ ငါလုပ်ခွင့်ပြုမယ်”

စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ သူမ ကျောပြင်ကို ကျွန်တော် ငေးရင်းကျန်ခဲ့တယ်... သူ ကျွန်တော် ရေမကူးတတ်တာတော့ သိနေတယ်... သူ့အချစ်ကိုလဲ ရ ကျွန်တော့် ဆန္ဒလဲ ပြည့်အောင် ကျွန်တော် ဒီလက်စွပ်ကို ဘယ်လိုရှာရမလဲ... ကန်ရေပြင်.. နက်တယ်... ကျွန်တော့်ဘ၀ကတော့ သူမရှိတော့ဘူးဆိုတာ သေချာသွားပါပြီ... ရည်မှန်းထားတဲ့ဘ၀ ကြွေမွပြိုပျက်သွားတယ်... ကျွန်တော် တွေဝေနေပါတယ်... ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိတော့ဘူး..

*********

လက်စွပ်လေးကို လည်မှာဆွဲဖို့ ဆွဲကြိုးမှာသီလိုက်တယ်... သူသိရင်ရော... သူကတော့ ရေထဲကျသွားပြီလို့ ထင်မှာပေါ့... တကယ်ပဲဝေးကြရင် အမှတ်တရတစ်ခုတော့ ကျွန်မပိုင်ချင်တယ်... အခုတော့ သူ့လက်စွပ်တစ်ခု ကျွန်မ လည်မှာနေရာယူလို့ပေါ့... အခုအချိန်အထိ သူ့ကို ကျွန်မ စိတ်ဆိုးနေမိတယ်.. အရေးမပါတော့မယ့် အရာတွေကို ဆုတ်ကိုင်ချင်နေတယ်... ကျွန်မအနားက အဝေးသွားချင်တယ်... ကျွန်မ လွတ်ပေးလိုက်တယ်... မဖမ်းရက်တော့ဘူး အတောင်ပံရှိတဲ့ငှက်... ကျွန်မ လှောင်ချိုင့်လှလှတွေ နဲ့ မဖြားယောင်းချင်တော့ဘူး.. ကျွန်မကျေနပ်ပါတယ်... သူ့ကိုယ်တိုင် ပေးထားတဲ့လက်စွပ်ကလေး အခုအချိန်အထိ ကျွန်မ လက်သူကြွယ်မှာ နေရာယူနေသေးတယ်... ကျွန်မလည်မှာတော့ သူ့လက်က လက်စွပ်လေးပေါ့... အခုတော့ ဝေးတော့မယ်... ဘာတွေနဲ့ ကျွန်မနှစ်သိမ့်ရမလဲ... သူမုန်းသွားမလား .. မတွေးတော့ဘူး.. ဝေးမယ့်အတူတူ.. သူ့အတွေးထဲ ကျွန်မကြောင့်ဘာမှ နှောင့်နှေးမနေစေချင်တော့ဘူး...

“ဘေးဖယ် ဘေးဖယ်”

အရေးကြီးနေတဲ့ လူတစ်သိုက်ကြောင့် ကျွန်မ အတွေးတွေ ပျောက်ကွယ်သွားတယ်... လူတစ်သိုက် သယ်ထုတ်သွားတဲ့ ဖြူဖျော့နေတဲ့ လူတစ်ယောက်... ကျွန်မ ဘ၀တစ်ခုလုံး ပြိုလဲ ကျသွားပါပြီ...


ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ



၂၀၀၄ ဇွန် ၁၈ ရက်

ဒီနေလဲ နေမသာ ပြန်ဘူး နေခြည်ရယ်... အခုလဲ မိုးတွေရွာနေတယ်... ငါလေ နင် ခဏခဏ ဆောင်ခိုင်း ထားတဲ့ ထီးလဲ မဆောင် မိပြန်ဘူး... နင့် ထီးလေးနား ငါ ကပ်ဆောင်း ရမလား ဆိုတဲ့ အတွေးနဲ့ ငါ မိုးနေ့ပေါင်းများစွာ နင့် အဆောင်ရှေ့ လမ်းမပေါ်မှာ ခေါက်တုတ်ခေါက်ပြန် စောင့်နေခဲ့ဖူးတယ်...


၂၀၀၅ မေ ၁၅ ရက်

နေခြည်ရယ်... ထီးတောင် မဆောင်းနိုင်တဲ့ ကောင်လေးရှေ့ကို နင် ကားလှလှကြီး တစ်စီးပေါ်ကနေ အပြုံးလှလှတွေနဲ့ ဆင်းလာတဲ့ နေ့က ငါ ရင်ကျိုးရတယ် ... ဒါတွေ နင်မသိပါဘူး နေခြည်ရယ်.. နင့်မျက်လုံးတွေ က နင့်အပြုံးတွေလိုပဲ ငါ့အတွက်မှ မဟုတ်တာ... ငါတောင့်တသမျှကို နင် ကားပိုင်ရှင်တစ်ယောက်ကို အတားအဆီးမဲ့ ပေးခဲ့တယ် မလား... ငါလေ... နင့်ထီးလေးနား ကပ်ဆောင်းနေကြ ကောင်လေးလေ... မိုးတွေကြားမှာ ငိုနေမိတယ်... နင်မသိပါဘူး... ဖော်ကောင် လုပ်မယ့် နင့်ထီးလှလှလေးအောက်က ငါပြေးထွက်ခဲ့တယ်... ဒါတွေ နင်မသိခဲ့ပါဘူး...


၂၀၀၅ သြဂုတ် ၁၁ ရက်

အဲ့ဒီနေ့က မိုးရွာတယ်.. နေခြည့်မျက်နှာ ပေါ်မှာပေါ့... ငါအခါခါ ချော့နေပေမယ့်.. နင်ငိုမြဲ ငိုပဲလေ.. သူ့အတွက်တဲ့... နင့် အပြုံးကို သူတို့ ခဏ ငှားသုံးတာပါ နေခြည်ရယ်... သူ့တို့ ပျော်ဖို့ နင့်အပြုံးတွေကို သူတို့ ငှားသုံးနေတာပါ.. နားလည်စမ်းပါ နေခြည်ရယ်... နင်ပျော်ဖို့ ငါဘ၀ အလကားပေး ထားတယ်ဆိုတာ... ငါ ချော့နေလဲ အလကားပဲ .. ငါနင့်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ နင်ပြောခဲ့တယ်... ငါလေ နင်အနားသူပြန်ရောက်လာအောင် ဖြောင်းဖြရင်းနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ဖူးတယ် ... နင့်ကိုတော့ ပေးမသိခဲ့ဘူး... ငါ အလျှော့ပေးခဲ့ပါတယ် နေခြည်ရယ်.. ဒဏ်ရာတွေကို ငါလှေကားပေါ်က ပြုတ်ကျတယ်လို့ ဆင်ခြေပေးတုန်းက နင်ရယ်သံလွင်လွင်လေးတောင် ငါအမှတ်ရသေးတယ်... ဒါပေမယ့် အခုတော့ နင်ငိုနေရပြီနော်... ငါ့ ဒဏ်ရာတွေအားလုံးထက် နာကျင်ပါတယ် နေခြည်ရယ်....


၂၀၀၅ ဒီဇင်ဘာ ၃ ရက်

ဒီနေ့တော့ နင်အပြုံးတွေနဲ့... ငါပျော်လို့ မဆုံးခင်.. နင့်စကားအဆုံး.. ငါမငိုမိအောင် ထိန်းထားခဲ့ရတယ်... နင် သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီတဲ့... ဘယ်သူလဲ ငါမသိချင်ဘူး နေခြည်ရယ်.. ငါ့ကို သူနဲ့ မိတ်မဆက်ပေးပါနဲ့... ငါချစ်ရတဲ့သူရဲ့ ချစ်သူဆိုတာ.. ငါ့အတွက် ရန်သူပဲ... ငါ လေ.. နင်ကို ပိုချစ်လေ.. သူ့ကို ပိုမုန်းလေပဲ... ငါသူ့ကို မုန်းတယ် နေခြည်ရယ်... နင့်ကို ငါချစ်တယ်... သူ့ကို ချစ်တဲ့ နင့်ကို မမုန်းနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်... တိုက်ဆိုင်စွာပဲနေခြည်ရယ်.. နင်ချစ်တဲ့ သူ့မှာ အရင်ကောင်တွေလိုပဲ ကားလှလှ ကြီး ရှိနေတယ်... ငါ မုန်းတယ် .. အဲ့ဒီကားတွေ ကို.. အဲ့ဒီငွေတွေကို....


၂၀၀၆ မတ်လ ၁ ရက်

နင် ငိုရပြန်ပြီ နေခြည်... သူထားသွားပြန်ပြီမလား လို့ နင့်ကိုငါ ခါးထောက်ရင်း လှောင်ရယ် လိုက်ချင်တယ်... တကယ်တမ်းကျတော့.. နင့်ဘေးနား ငါပဲ ကူငိုပေးခဲ့ရတယ်မလား... နင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုလေ.. ငါသူ့ကို မုန်းလေးပဲ နေခြည်ရယ်... နင့်ဘေးနား ငါနေပါရစေလို့ ငါရိုးသားစွာ နင့်ဆီခွင့်တောင်းလိုက် တယ်.. ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ရပါဘူး... နင် ခေါင်းကို သွင်သွင်ခါလိုက်တော့... ငါမျှော်လင့်သမျှတွေ ကျိုးကျေကျကုန်ပြီပေါ့ နေခြည်ရယ်... ဒီကောင်ဟာ နင်နားမှာ ဖ၀ါးတောင် သီခွင့်မရှိတော့ပါဘူး... ငါအဝေးကို လွင့်စင်သွားပါပြီ နေခြည်... နင်ပျော်ပါတော့... မဖြူစင်တဲ့ ခင်မင်မှုတွေနဲ့ ဖြူချင်ယောင်ဆောင်ခဲ့တဲ့ကောင်ဟာ.. နင့်အဝေးမှာပဲ နေသင့်ပါတယ်...


၂၀၀၆ သြဂုတ်လ ၆ ရက်

ငါ နင့်အဝေးမှာ ဘယ်လောက် နေနိုင်မှာလဲ နေခြည်... နောက်ဆုံးတော့ ငါ နင့်အဆောင်ရှေ့ပဲ ပြန်ရောက်ခဲ့တာပဲမလား... ဒီနေလဲ ထီးမပါပြန်ဘူး နေခြည်ရယ်... ဒါပေမယ့် အခါတိုင်းလိုပဲ မိုးရွာနေတယ်.. ငါလဲ အခါတိုင်းလိုပဲ နင့်ကိုစောင့်နေမိတယ်... ဒီနေ့တော့ နင်တစ်ယောက်တည်းပဲ.. နင့်ထီကလေးကတော့ နဲနဲတောင် ဟောင်းနေပြီ... နင် ဟာ ငါ့အတွက် အမြဲ သူငယ်ချင်းပါပဲ တဲ့.. ငါပျော်ရမယ့်စကားလား ၀မ်းနည်းရမယ့် စကားလား မဝေခွဲတတ်တော့ဘူး.. သေချာတာတော့ ငါနင့်အနားမှာ ထီးကလေး အတူဆောင်းရမယ့် ရက်ကို တောင့်တနေတုန်းပဲလေ...


၂၀၀၆ စက်တင်ဘာ ၁ ရက်

ဒီနေ့တော့ ထီးတစ်ချောင်းနဲ့ နင့်အဆောင်ရှေ့ရောက်ခဲ့တယ် နေခြည်ရယ်.. မိုးလင်းမိုးချုပ် ငါစောင့်နေခဲ့တယ်.. မိုးမရွာဘူး နေခြည်... ရွာလဲ ငါမဆောင်းဘူး.. နင့်ထီးဟောင်းလေးမှာ အစားထိုးဖို့ ငါဝယ်ထားခဲ့တာ... သေချာတာ ဒီလတော့ ငါ ချွေတာရတော့မယ်... ၀မ်းဝအောင်တော့ ငါ ကျောင်းနိုင်အုံးမှာပါ.. နင်စွန့်ကျဲရင် နင့်ထီးဟောင်းတောင် ငါပိုင်ဆိုင်ခွင့်ရအုံးမှာ... တန်ပါတယ် နေခြည်ရယ်... နင် ငါ့ထီးကလေးဆောင်းမယ်.. ငါ နင့် ထီဟောင်းလေး ကို သိမ်းထားမယ်.. ဒါငါ့ဘ၀ပဲ .. ငါကျေနပ်တယ်...


၂၀၀၆ စက်တင်ဘာ ၂ ရက်

ရင်နာလိုက်တာ နေခြည်.. ငါထီးလေးကို နင်လက်မခံခဲ့ဘူး.. ငါ့ဆီက နင်ဘာမှ မလိုချင်ဘူးတဲ့.. မပြည့်စုံတဲ့ ဘ၀ကို နင်သနားတတ်တာပဲ သိတယ်.. ဘယ်လိုသနားရမလဲ မသိဘူး.. နင့်ထီဟောင်းကို ငါမတောင်းပဲ နင်ပေးခဲ့တယ်.. ငါငြင်းပါရစေ နေခြည်... တစ်ခုပေးပြီး တစ်ခုယူချင်တာ.. တန်တယ်မတန်ဘူးဆိုတာ ငါ့ ဆုံးဖြတ်ချက်ပဲ...


၂၀၀၇ ဖေဖော်ဝါရီ ၁၄ ရက်

ချစ်သူများနေ့တဲ့ နေခြည်.. နင်ကတော့ ငါ့အဝေးမှာပဲ .. နင်နယ်ပြန်သွားတာ... ၃ လတောင် ပြည့်တော့မယ်နော်.. ငါ တဖြည်းဖြည်းငွေစုရင်း .. နင့်အတွက် အသည်းပုံ ချောကလတ် ဘူးလေး ၀ယ်ထားတယ် နေခြည်.. ငါဝယ်ဖူးသမျှ မုန့်ထဲမှာ ဈေးအကြီးဆုံးပဲထင်ပါရဲ့... ငါ ငွေကို တန်ဖိုးမထားဘူး နေခြည်.. ငါနင့်ကို တန်ဖိုးထားတယ်.. ငါ တတ်နိုင်သမျှထဲမှာ နင်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်စေရမယ်....


၂၀၀၈ မေလ ၂၀ ရက်

ငါ ဒိုင်ယာရီ မရေးဖြစ်တာကြာပြီ နေခြည်.. ငါအိမ်မကပ်တာလဲ ကြာပြီ... နင့်သတင်း နားစွင့်ရင်း ငါရူးနေခဲ့တာ ကြာပြီ... နင်မယူတဲ့ ထီးတစ်လက်... အခုထိ အသစ်စက်စက်ပဲ.. နင့်ကို မပေးရသေးတဲ့ ချောကလတ် အခုထိ လတ်လတ်ဆက်ဆတ်ပဲ... စာလဲ မလာဘူး.. အကြောင်းလဲမကြားဘူး.. ငါကြားတဲ့ သတင်းက ငါ့အတွက်လဲ မကောင်းဘူး.. နယ်မှာ နင်ရည်းစာတွေ ဘယ်လောက်တောင်ထားနေခဲ့လဲ... ငါသိတယ် မပြောတော့ဘူး.. အခုတော့ ငါမျှော်လင့်ချက်အားလုံး ဆုံးရပြီ... နင် စေ့စပ်တော့မယ်တဲ့.... ငါ ချစ်တဲ့ အကြောင်း လစဉ်ပို့ခဲ့တဲ့စာ.. နင်တစ်စောင်မှ မပြန်ခဲ့ဘူး... ငါရေးနေတုန်းပဲ နေခြည်.. အခုတော့ ငါလွမ်းတဲ့အကြောင်းပို့မယ်... ထီးတစ်ချောင်းရယ်... ချောကလတ်တစ်ဘူးရယ်.. ဒါအခု နောက်ဆုံး ငါပိုင်ဆိုင်သမျှပဲ ....


၂၀၀၈ မေလ ၂၂ ရက်

ဘယ်လို အကြောင်းပြချက်တွေနဲ့ ငါရှင်သန်ရမလဲ နေခြည် ... တကယ်ဆို မင်းထားခဲ့မှန်း သိရက်နဲ့ ငါဟာ ဒီနားက ဘာလို့ မခွာနိုင်ရတာလဲ ...


၂၀၀၈ မေလ ၂၉ ရက်

ဒါနောက်ဆုံးရက်လို့ ငါသိတယ်.. မနက်ဖြန်ဆို နင် စေ့စပ်ရောပေါ့... နင် မရှိမှန်းသိရက်နဲ့ နင်နေခဲ့ဖူးတဲ့ အဆောင်ရှေ့ကို ငါရောက်နေပြန်ပြီ နေခြည်... မိုးတွေကလဲ သဲကြီးမဲကြီးရွာတယ် .. လေတွေကလဲ တ၀ူးဝူး နဲ့ ငါကိုလှောင်ရယ်ပြုံးကြတယ်... ငါ မလျှော့ပါဘူး နေခြည်ရယ်.. ငါလေ နင့်ကိုပေးဖို့ ထီးတစ်လက် ချောကလက် တစ်ဘူးနဲ့ နေ့တိုင်းရောက်ခဲ့တယ်.. မိုးတွေကတော့ ငါရောက်တိုင်း ရွာတယ်ဟာ.. ငါ နင့်ကို သိစေချင်တယ် နေခြည်ရယ်.. နင်မရှိလဲ ငါရှိနေတယ်.. နင် မချစ်လဲ ငါချစ်နေတယ်.. နောက် ငါ့မှာ နင့်လက်မခံတဲ့ ထီးတစ်ချောင်းရှိတယ် မပေးရသေးတဲ့ ချောကလတ်တစ်ဘူးရှိတယ်.. မိုးရေတွေ ကြားထဲမှာ သူတို့တွေ မစိုအောင် ငါ့ကိုယ်နဲ့မိုးပေးထားတယ်.. နင် ငါ့ဆီလာ တောင်းတဲ့ အချိန်ထိပေါ့....



ကတိ



မိုးတွေ အငြိုးတကြီးနဲ့ ရွာနေပါလားနော်... အခါမဲ့မိုးနဲ့ ဒဲ့တိုးတဲ့ ကျွန်တော် တော်တော်ကံဆိုးနေပါတယ်.... မနက်က နေသာတော့ ထီးမယူခဲ့မိ... အခုတော့ မိုးရေထဲ အင်္ကျီပါးနဲ့ ခိုက်ခိုက်တုန်နေပါပြီ.... အခုဆို မိုးရေထဲ ရပ်နေမိတာ နေ့တစ်ဝက် နီးပါးရှိတော့မယ်.. သို့သော် ကျွန်တော် မျော်လင့်နေသော.. သူမ အခုအထိ အရိပ်အရောင်တောင် မမြင်ရသေး....
ကျွန်တော် သူ့အိမ်ရှေ့ လမ်းမတဖက်ခြမ်း ပလက်ဖောင်းပေါ်မှာ ရောက်နေတာ အတော်ကြာနေပြီ... သူမသိတာလား.. တကယ်တော့ မဖြစ်နိုင် သူနားမထောင်ချင်ဘူးလို့ ငြင်းခဲ့ပေမယ့်.. ကျွန်တော် ဖုန်းထဲမှာ ပြောဖြစ်အောင် ပြောခဲ့သည်.. သူ .. မခွင့်လွတ်မခြင်း သူ့အိမ်ရှေ့ မှာစောင့်နေမည် .. ခွင့်လွတ်တယ်ဆိုလျှင် ဆင်းတွေ့ပါလို့.. အခုတော့ သူမဆင်းလာ.. သူအိမ်ကို သွားမေးသော်လဲ သူ မရှိတဲ့.. သူ့ သူငယ်ချင်းတွေကိုမေးတော့လဲ.. သူ ဘယ်မှာလဲမသိတဲ့လေ.. အိပ်ချင်ယောက်ဆောင်သူ ကို နှိုးရခက်သလို.. တမင်တကာ ရှောင်ပုန်းနေသူကို ရှာရခက်ခဲပါတယ်.. သေချာတာက အပြင်သိပ်မထွက်တတ်တဲ့သူ... အိမ်ထဲမှာရှိနေပေမည်... မိုးရွာလို့ ထွက်မတွေ့တာလား.. သူ ခွင့်မလွတ်နိုင်သေးလို့လား.. ဒါမှမဟုတ် သူ ကျွန်တော့်ကို မမြင်လို့လား.. ဒါကပို၍ မဖြစ်နိုင်.. သူမမြင်မှာ စိုးလို့ ကျွန်တော် သစ်ပင်အောက်မှာတောင် မိုးမခို.. အကာအကွယ်မဲ့... ပလက်ဖောင်းပေါ်မှာ သူ့အိမ်ကို မျှော်ကြည့်ရင်ရပ်နေတာ... သူမမြင်ဘူးဆိုတာ မဖြစ်နိုင်... တကယ်တော့ မေးခွန်း အားလုံးရဲ့ အဖြေကတော့ သူခွင့်မလွတ်ဘူးဆိုတာကို သာဦးတည်နေပါတယ်...

သူ့ကို ခွင့်လွတ်ပါလို့ ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသည်.. အဖြစ်မှန်ကို ရှင်းပြဖို့ အခါပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်.. အရာမထင်... သှူဆီက ခွင့်လွတ်ပါတယ်လို့ ပြောတဲ့ စကားသံလေးကို ကျွန်တော် မျှော်လင့်နေမိသည်.. အိပ်မက်တွေထဲမှာတောင် ကြားယောင်နေမိသည်... တကယ်တော့ အပြစ်ရှိခဲ့တဲ့ ကျွန်တော် သူဆီက ခွင့်လွတ်ခြင်းနဲ့ မထိုက်တန်ပါဘူး ဆိုရင်တောင်.. ကျွန်တော့် အမှားတွေ အတွက် ပေးဆပ်ခွင့်တော့.. မျှော်လင့်နေမိသည်.. သူဆီက ကျွန်တော် တကယ်လိုချင်သော ခွင့်လွတ်မှု မရသည့်တိုင် သူလိုသမျှ သူအနားမှာ ပေးဆပ်ရင်း ကျွန်တော့် ဘ၀ကို သူလက်ထဲမှာ သာကုန်ဆုံးချင်သည်...

ခွင့်လွတ်ပါချစ်သူ... ကျွန်တော် မှားခဲ့ပါတယ်.. တကယ်တော့ သူကို ကျွန်တော် အခြားတစ်ယောက်အဖြစ် မမြင်သင့်... သူကို သူလို့သာ မြင်သင့်သည်.. အစားထိုး ချစ်ခံရတဲ့ မိန်းမတစ်ယောက်.. သူဘယ်လောက်ရင်နာနေမလဲ.. ကျွန်တော် သိတာ သိပ်နောက်ကျခဲ့ပါတယ်.. အခုတော့ သူမုန်းသွားခဲ့ပြီ... ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး မဖြစ်ခဲ့ရင်တောင် နောက်ဆုံး ချစ်သူဖြစ်ပါရစေလို့ တောင်းဆိုခဲ့သူ... သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့ပါသည်... မြတ်နိုးခဲ့ပါသည်... ကျွန်တော့် ဘ၀ရဲ့ ရှင်သန်ရာအဖြစ် ကျွန်တော် တန်ဖိုးထားခဲ့ပါသည်.. သို့သော် သိပ်နောက်ကျခဲ့နေပြီ.. သူအဝေးထွက်သွား မှ သူတန်ဖိုးနားလည်တဲ့ ကျွန်တော် သိပ်ညံ့လွန်း သည်... ဒါပေမယ့် ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး ချစ်သူဖြစ်ရပါစေမယ်လို့ ကတိပေးလိုက်ပါသည်... ထိုကတိ တည်ခွင့်ပြုပါ.. သူ့နဘေး ကျွန်တော့်ကို ရှင်သန်ခွင့်ပြုပါ....

အခုအချိန်မှာ သူသာ ကျွန်တော့် အဖြစ်ကို မြင်ပြီး သနားမျက်ရည် တပေါက်လောက်ကျခဲ့ရင် မိုးရေတွေကြောင့် အေးခဲနေတဲ့ ကျွန်တော့် နှလုံးသားနွေးထွေးစေမှာတော့ အမှန်... တကယ်တော့ မိုးရွာထဲသူ့မျက်ရည်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်.. ထိုအတူ သူ့နှုတ်ခမ်းဖျားက ခွင့်လွတ်ပါတယ်လို့ ပြောဖို့ ပိုတောင်ခက်ခဲနေမည်လား .. ဒါဆို သူ့နှလုံးသားထဲက ကျွန်တော့် အတွက် အချစ်လက်ကျန်ကိုရှာဖို့ ဆိုတာကတော့ အခက်ခဲဆုံးဖြစ်မည်ထင်သည်...

မိုးကလဲ ပိုတောင်သဲလာသလိုပါပဲ.. စောင့်စားသူကို ပင်ပန်းအောင်လုပ်ချင်တာလားမသိ... ကျွန်တော် ဆက်မစောင့်နိုင်တော့ သု့ကို တွေ့ချင်လာသည်... စိတ်မထိန်းနိုင်တဲ့အဆုံး.. ကျွန်တော် သူအိမ်ကလေးဆီသို့ လမ်းဖြတ်ကူးလိုက်သည်.. “တီ.... တီ .... တီ... ” ဟွန်းသံနဲ့အတူ ဘရိတ်အုပ်ဖို့ကြိုးစားနေသောကားတစင်း “ကျွီ...”. ကမ္ဘာကြီးရဲ့ အပြင်ဘက် ကျွန်တော် ရောက်သွားသလို တကိုယ်လုံ နားကျင်စေတဲ့ ရိုက်ခတ်မှုတစ်ခု.. ကြယ်လဲမြင်သည်.. လလဲမြင်သည်.. ကမ္ဘာ ကြီးနဲ့လဲ အဆက်အသွယ်ပြတ်သွားသည်..

ကျွန်တော် နားတွေအူနေတာလား.. လူတွေစကားပြောသံကို သဲသဲကွဲကွဲမကြား... သေချာတာက ကျွန်တော့်အနား လူတွေ များနေသည်ကအမှန်.. ကျွန်တော် မျက်နှာပေါ် ခပ်နွေးနွေး အရည်တွေ ကျဆင်းလာသည်.. သွေးတွေပဲလား... ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်... မြင်သမျှကတော့ အနီရောင် မသဲကွဲပေမယ့်.. သေချာသလောက်ရှိတာက .... ကျွန်တော် လှဲလှောင်းနေတာ ကျွန်တော့် ချစ်သူလက်ထဲမှာ... ကျွန်တော့် ပါးပေါ်ကို သူမျက်ရည်စက်တွေက တစက်ပြီးတစက်.. ... သူငိုနေသည်.. သူမျက်ရည်စတွေကို ကျွန်တော် မိုးရေထဲရှာတွေပါပြီ... သူ နှုတ်ခမ်းက ကျွန်တော်ကို စကားတွေပြောနေသည်.. ကျွန်တော် မကြားနိုင်.. သူ... ခွင့်လွတ်သည် လို့ပြောနေတာများလား... မေးဖို့ကြိုးစားကြည့်သည်.. ကျွန်တော် အသံတွေ မထွက်.. မိုးရေထဲမှာ မျက်ရည်စတောင် ရှာတွေ့နိုင်ရင် .. သူပြောနေတာ ခွင့်လွတ်တယ်ဆိုတာ ဖြစ်ရမည်.. ဒါဆိုသူ့ရင်ထဲမှာ ကျွန်တော့် အတွက် အချစ်တွေ ကျန်သေးတယ်ဆိုတာပါပဲ.... ဒါဆို ကျွန်တော် ကျေနပ်ပါပြီ

ကျွန်တော်ပေးခဲ့တဲ့ကတိ တည်သွားသလို ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝသွားပါပြီ... သူ ဟာကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးချစ်သူဖြစ်သလို... သူ့လက်ထဲမှာ ကျွန်တော့် ဘ၀ကို ကုန်ဆုံးခွင့် ရပါပြီ....

လိပ်ပြာ



အနာဂတ်ဆိုတဲ့ ဟိုးအဝေးကြီကို မျှော်တွေးမိတိုင်း... ကိုယ့်နဘေးကိုယ် ကြည့်မိတယ်.. နေရာကတော့ အခုထိ လစ်ဟာနေဆဲပါ.... ကိုယ့်ရင်ထဲ ကိုယ့် ပြန်ခံစားကြည့်လိုက်တော့ .. နေရာလွတ်မဲ့နေတဲ့ နှလုံးသားတစ်ခု... ... ... .... အချစ်တွေ အပြည့်အနှက် တစ်ခါတစ်ရံ အသက်ရှုတောင် ရပ်လောက်တယ်... ဒီခံစားချက်တွေ... သက်ဆိုင်သူမသိပဲ... ငါ ဒီကမ္ဘာကြီးက ထွက်သွားရနိုင်တယ်.... ငါရဲ့မ၀ံ့ရဲမှု ... ငါ့ရဲ့မပွင့်လင်းမှု.... ငါ့ရဲ့ ညံ့ဖျင်းမှုတွေက.. ငါ့ဘ၀နဲ့ ထပ်တူ တန်ဖိုးထားတဲ့... ချစ်ရတဲ့.. သူ့ကို ငါနဲ့ မနီးစပ်စေတဲ့ အကြောင်းအရင်းတွေပဲလား.....
“ချစ်တယ် ”... ဒီစကားလေးကို ငါ ပြောဖို့ ဘာကြောင့် စိုးရွိ့နေရတာလဲ.... သူ့အရှေ့ ငါဟာ ဘာကြောင့် အကြိမ်ပေါင်းများစွာ ကျဆုံးခဲ့ရတာလဲ.... သူအပြုံးအောက်မှာ ငါ့နှုတ်ခမ်းတစ်ခု ဘာကြောင့်စွံအ ခဲ့ရတာလဲ.... ဘာကြောင့်လဲ... ဘာလဲ.... ? .... ? ..... ? .... အတွေးပေါင်းများစွာ နဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

မေးခွန်းပေါင်းများစွာအတွက် အဖြေမရခဲ့ပေမယ့်.... သူ့ကို ချစ်တယ်ဆိုတာတော့ သိနေတယ်... ဖွင့်ပြောဖို့ ခက်နေတယ်... သူမုန်းမှာလား.... သူ့အချိုဆုံးသော အပြုံလေး ငါပိုင်ဆိုင်ခွင့်ရှိပါ့မလား .... သူမျက်လုံးအပင့် ဟာ ငါ့အတွက်ဖြစ်ပါ့မလား... သူနဘေး နေရာလွတ်ကလေးမှာ ... ငါရှင်သန်ခွင့်ရှိပါ့မလား .... သူပါးပြင်ဖွေးဖွေးလေး ငါ့နမ်းခွင့်ရပါ့မလား..... သူလက်ဖ၀ါး သေးသေးလေး... ငါလက်ဖ၀ါးနဲ့ ထပ်တူပြုခွင့်ရပါ့မလား.... ဖြစ်ပါ့မလား.... ရပါ့မလား.... ? ... ? ... ? ... မေးခွန်းပေါင်းများစွာနဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

အိပ်မက်တွေ မက်ခဲ့တယ်.. အိပ်မက်တွေ ဆိုးဆဲပဲ... သူမရှိတဲ့  ငါ့ဘ၀ မုန်တိုင်းထန်နေတယ်... အတွေးထဲ သူရောက်လာတဲ့ခဏ အေးချမ်းခဲ့တယ်.... ငါနဘေး သူမရှိတဲ့ဘ၀ သိလာပြန်တော့ အထီးကျန်တယ်....

တကယ်တော့ အရာအားလုံးအတွက် အဖြေမရပေမယ့် ဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရမယ်ဆိုရင် ငါ လိပ်ပြာတစ်ကောင်ပဲဖြစ်ချင်တယ်.... မ၀ံ့ရဲမှု ... မပွင့်လင်းမှု တွေကင်းတဲ့.. အရောင်တွေစုံတဲ့... သိပ်လှတဲ့.... သူ့အာရုံတွေကို ... ဖမ်းစားနိုင်တဲ့.. လိပ်ပြာလေးပဲ ဖြစ်ချင်တယ် ....
သူ အနားကို ငါပျံသန်းသွားမယ်.... သူနဘေး မှာ ငါတ၀ဲလည်လည်ပျံသန်း နေချင်တယ်... သူအနီးမှာ ငါ့ဘ၀ ရှင်သန်ရာဖြစ်ချင်တယ်....

သူ မျက်လုံးအကြည့်တွေဟာ.. ငါအတွက်ဖြစ်စေချင်တယ်.....

ငါ့ကို မြင်တဲ့အခါတိုင်း သူ့ အပြုံးပွင့်တွေ ဖူးပွင့်နေစေချင်တယ်.....

သူခွင့်ပြုခဲ့ရင်.. သူ့လက်ဝါး သေးသေးလေးပေါ် ငါနားမယ်... သူပုံခုံးပေါ်ငါနားမယ်... သူ့ရင်ခွင်မှာ ငါခိုနားမယ်.....

ငါ့ရှင်သန်ချိန်တွေကို သူအနားမှာပဲ ငါကုန်ဆုံးချင်တယ်... ဒီကမ္ဘာပေါ် သူရှင်သန်နေသမျှ ကာလပတ်လုံး သူ့ကို အလှဆုံးဆိုတာတွေကို ပဲ ပေးချင်တယ်... အပျော်ဆုံးဆိုတာတွေပဲ တွေ့စေချင်တယ်......

ငါသေခဲ့ရင်တောင်... သူ့အတွက် အမှတ်တရ သိမ်းထားစရာတွေပဲ ချန်ထားခဲ့ချင်တယ်....

ချစ်သူရေ.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်.... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ်.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်....... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ် .... ငါ... လိပ်ပြာပဲ ဖြစ်ချင်တယ်.......

အိပ်မက်လှလှ မက်ပါရစေ....



နှင်းဆီ ရနံ့တွေ သင်းပျံ့ နေတဲ့ နှင်းဆီတွေ ၀န်းရံထားတဲ့ မြက်ခင်းပြင်ပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ကျွန်တော် ရပ်နေခဲ့တယ်.. လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ အပွင့်လေး တစ်ပွင့်ကို ယုယစွာကိုင်ပြီး ... ကျွန်တော် သူ့ကို မျှော်နေတတ်တယ်... ကျွန်တော်ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ.... ကျွန်တော် နှင်းဆီပွင့်လေးကို ယုယစွာနမ်းရှိုက်လိုက်တယ်... ဒီရနံ့လေးက ကျွန်တော် ကို အလှပဆုံး အတိတ်ကို ခေါ်ဆောင်သွားခဲ့တယ်....

အဲ့ဒီ နေ့ပေါ့.... ကျွန်တော် မှတ်မိပါတယ်.... ကျွန်တော်နဲ့သူနဲ့ ချစ်သူစဖြစ်တဲ့နေ့.. ဒီနေရာမှာ.. ဒီ နှင်းဆီခြံကြီးရဲ့  အလယ်မှာပေါ့... ကျွန်တော် သိပ်ချစ်တဲ့သူ့ကို အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့ဖူးတယ်.. ဒါပေမယ့် ကျွန်တော်ချစ်သူက ပိုလှနေပါတယ် ... နှင်းဆီလေးကို ညင်သာစွာ နမ်းရှိုက်ခဲ့ဖူးတယ်... ဒါပေမယ့် သူပါးပြင်လေးကို ကျွန်တော် မြတ်နိုးစွား နမ်းရှိုက်လိုက်တော့ ... သူ့ပါးပြင်လေးက ပိုမွှေးခဲ့ပါတယ်... သိပ်လှခဲ့ပါတယ်... ဘယ်နှစ်ကြိမ်တွေးတွေး အလှဆုံးပုံပြင်လေးပါပဲ...

ရက်တွေ ကြာလာတော့ သူလဲပြောင်းလာတယ်... သူမျက်ဝန်းလေးတွေ အရောင်တွေမဲ့လာတယ်.. ဘာကြောင့်လဲ လို့မေးတော့... အိပ်မက်ဆိုးတွေကြောင့်တဲ့... သူ ညည သန်းခေါင်ကျော်ရင် အိပ်မရအောင် ၀င်လာတတ်တဲ့ အိပ်မက်ဆိုးတွေ ကြောင့် လို့ပြောတယ်... ငယ်စဉ်ကတည်းက သူမိဘတွေရဲ့  ဂရုစိုက်မှုကို မရလိုက်တော့ သူကိုထားသွားပြီလို့ အမြဲ အိပ်မက်မက်တတ်တယ်... သူအိပ်မက်ထဲ ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး သူနိုးလာစမြဲပေါ့... ငယ်စဉ်က သိပ်မမက်ဖြစ်ပေမယ့်.. အခု ခဏခဏ မက်လာတယ်တဲ့... ကျွန်တော် သူအိပ်မက်လှလှမက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်.. ဆရာဝန်တွေနဲ့လဲ တိုင်ပင်ကြည့်ပါတယ်... သိပ်တော့မထူးခြားခဲ့ပါဘူး... သူရုပ်က တဖြည်းဖြည်းပြောင်းလာသလို သူ့စိတ်လဲ တဖြည်းဖြည်းပြောင်းလာတယ်.. ကျွန်တော် အပေါ်ထားတဲ့ သူအချစ်တွေပြောင်းသွားမှာကိုလဲ ကြောက်လာတယ် ... သူ့ကိုလဲ သနားတယ်... အရင်ကထက်တောင် ပိုပြီး ကြင်နာမိပါတယ်...

တနေ့တော့ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော်တို့ နှစ်ယောက်ရောက်လာခဲ့တယ်... ကျွန်တော် အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့တယ်... ပြီးတော့ ကျွန်တော် ရုတ်တရက်စိတ်ကူးရလာတော့ ပြောလိုက်တယ်... သူကို ဒီနေရာကစောင့်နေမယ် လို့... ရုတ်တရက် ဆိုတော့ သူ နဲနဲတော့ ကြောင်သွားတယ်... ကျွန်တော် ဆက်ပြောလိုက်တယ်... ဒီနေရာက စောင့်နေမယ်.. ဒီလို အလှဆုံးနှင်းဆီလေးကို ကိုင်ပြီး စောင့်နေမယ် လို့ ပြောတော့ .. သူက ဘယ်သူကိုလဲလို့ ပြုံပြီးပြန်မေးတယ်... ကျွန်တော် သူ့အမေးကိုမဖြေပဲ ကျွန်တော့်စကားကို ဆက်လိုက်တယ်.... ဒီနေရာက စောင့်နေမယ်.. ဒါမှ အိပ်မက်ထဲ ဘယ်သွားလို့ ဘယ်လာရ မှန်းမသိတော့ ရင် ဒီမြက်ခင်းပြင်ကြီဆီကိုလာခဲ့.. ကျွန်တော် ကိုတွေ့လိမ့်မယ် .. ကျွန်တော် စောင့်နေမယ်လို့ ... ပြောလိုက်တော့ ... သူကျေနပ်သွားတယ်.. တကယ်လား လို့.. သူကမေးတော့ တကယ်ပါလို့... ကျွန်တော် ကတိပေးလိုက်တယ်...

ရက်နည်းနည်းကြာတော့ သူ ပြောင်းလဲသွားပါတယ်.. သူမျက်လုံးတွေ လင်းလက်လာသလို ... သူ့အပြုံးတွေ လှပလာတယ်.. သူ့စိတ်တွေ ရွင်လန်းလာတယ်... သူ အိပ်မက်လှလှတွေ မက်တတ်ပြီတဲ့.. ညတိုင်း အိပ်မက်ထဲသူမိဘတွေ ထားသွားရင် သူ က ဒီကွင်းပြင်ကြီးကို လာပြီ ကျွန်တော်ကို ရှာတယ်.. ကျွန်တော့်ကိုတွေ့တယ်... ကျွန်တော်တို့ အတူပျော်ကြတယ်တဲ့..... မနက်တိုင်း သူအပြုံးတစ်ခုနဲ့ နိုးထရတယ်တဲ့... ဒါကြောင့် ကျွန်တော်ကို သူပိုချစ်လာသလို တသက်လုံး ကျွန်တော့် နဘေး အဖော်ပြုပေးမယ်တဲ့လေ... တကယ်လား လို့.. ကျွန်တော်ကမေးတော့ တကယ်ပါလို့... သူကတိပေးခဲ့တယ်... ကျွန်တော်လဲ အပျော်လွန်ပြီး အိပ်မက်ဖြစ်နေမှာစိုးလို့ နှင်းဆီဆူးကိုတောင် လိုလိုချင်ချင် ကိုင်လိုက်တယ်လေ... ကျွန်တော့် သွေးတွေ သက်သေပြတာ ကတော့ “အလှဆုံးဆိုတဲ့ အိပ်မက်တွေထက် လှပတဲ့ တကယ့်နေ့ရက်ပါပဲ” တဲ့ ....
ဒါပေမယ့် အပြောင်းအလဲများတဲ့ သူ ... ပြောင်းလဲသွားပြန်တယ်... ကျွန်တော့်ရဲ့  သူ့အပေါ် ယုံကြည်မှု ခွင့်လွတ်မှု နားလည်မှု တွေကို သူ ... ဂရုမစိုက်မှုလို့ နာမည်ဆိုးတပ်ပြီး ကျွန်တော်အဝေး သူထွက်ပြေးသွားခဲ့တယ်...

ကျွန်တော် အခု အိပ်မက်ဆိုးတွေ မက်တတ်လာပါပြီ.. အိပ်မက်ထဲမှာ သူထားသွားတယ်... ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး ကျွန်တော် ဇောချွေးတလုံးလုံးနဲ့ သန်းခေါင်ယံ ဆို သူနာမည် တမ်းတပြီး နိုးထလာမြဲပေါ့.. နိုးထလာတိုင်းလဲ.. သူ အိပ်မက်လှလှမက်ပါစေလို့ ကျွန်တော် အမြဲဆုတောင်းတတ်တယ်... မနက်တိုင်းလဲ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော် ရောက်လာတတ်တယ်.. အမြဲတိုင်း သူ့ကို စောင့်နေတတ်တယ်...

တနေ့နေ့ သူ ဘယ်သွားလို့ ဘယ်လာရမှန်းမသိခဲ့ရင်...

သူ့အိပ်မက်ဆိုးတွေ မက်ခဲ့ရင်...

သူ ကျွန်တော်ကို ပေးခဲ့တဲ့ သူ့ကတိအတိုင်းတည်ခဲ့ရင်...

ကျွန်တော် အချစ်ကို သူနားလည်နိုင်ခဲ့ရင် ....

သူ ကျွန်တော်ဆီ ပြန်လာမယ်လို့ မျှော်လင့်နေမိတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ကတိ အတိုင်း စောင့်နေတတ်တယ်... လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ နှင်းဆီပွင့်လေး တစ်ပွင့်ကို ယုယစွာ ကိုင်လို့ပေါ့... ကျွန်တော် ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ....

အလွမ်း ငှက်ငယ် ....




အေးမြတဲ့ဆောင်း အကုန် ပူလောင်လောင်နွေအကူး မှာ လေတွေတောင် ရူးလောက်တယ်..... ဒီအချိန်ဆို မနေနိုင်ဘူး... ငါ့ရင်တွေ ပူနေတယ်... နှလုံးသွေးတွေ ဆူပွက်နေတယ်... ရှင်အတူ ... သေမကွာ ငါ့နဘေး အပူအပင်တွေ ခွဲဝေပြီး မညီးမညူ ငါ့အသဲနဲ့ထပ်တူ မမုန်းတန်း ချစ်နေမယ် ဆိုတဲ့မင်း... ဒီနွေအပြောင်းမှာ စိတ်ပြောင်းသွားတာလား....

နွေအရောက်မှာ နင်ပျောက်လို့ နွေအရောက်ကို ငါစောင့်နေတယ်... နွေရောက်ရင် နင်ပြန်လာမှာလားလို့ .... ငါ့ ညတိုင်းလဲမျှော်နေတယ်.. နေ့တိုင်းလဲ အော်နေတယ်... ငါ့နာမည်နင်ကြားရင် .. ငါ့အနားနင် ပြန်လာမလားပေါ့... မင်းမကြားပေမယ့် .. လူတွေကတော့ ကြားပါတယ်.... ကိုယ့်နာမည်ကိုယ်အော်လို့ င့ါကို မသူတော်လို့ သူတို့ခေါ် ချင်ခေါ်ပါစေ .. နင်ကြားမယ် ဆိုရင် ငါကျေနပ်နေတယ်လေ.. နင်ကြားပါစေ....

နွေရှိရင်ငါရှိမယ်.. ငါရှိရင် ငါ့အသံနင်ကြားမယ်... ငါ့ရင်ထဲက အလွမ်းတွေကြောင့် ငါ့ အသံတွေ ဆွေးမြေ့ နေတယ်.. နင်ကြားရင် နင်သနားမယ်... နင်သနားရင် ငါ့ရင်ခွင်ဆီကို မင်းပျံလာမယ်... ဒီမျှော်လင့်ချက်လေး တစ်ခုအတွက် နွေရှိရာ ငါ အရောက်လာခဲ့ပြီ ချစ်သူ... နင်လဲ နွေနဲ့အတူရှိနေပါစေ......

ဘ၀ပေးမကောင်းလို့ ငါ့အရောင်တွေ ကင်းနေတယ်.. အဆင်းကမဲနေတယ် မွဲနေတယ် ဒါပေမယ့် ငါ့အချစ်က ဖြူစင်တယ်...မေတ္တာရနံ့တွေ ထုံမွန်းထာတဲ့ ငါ့ အချစ်က မွေးပျံ့နေတယ် ... သစ္စာ တံတိုင်းတွေ ကာရံထားတဲ့ ငါအချစ်က ခိုင်မြဲတယ်... ဒါတွေကို နင်မြင်နိုင်တဲ့နေ့.. ဒါတွေကို နင်နားလည်တဲ့နေ့ .. ငါ့အသံတွေ နင်ကြားတဲ့နေ့ .... ငါ့ရင်ခွင်ဆီကို မင်းပြန်လာနိုင်ပါစေ.....

အခုလဲနွေရောက်နေတယ်.. ငါ့ရင်တွေ ပူနေတယ်... နှလုံးသွေးတွေ ဆူပွက်နေတယ်... မသူတော်လို့ ငါ့ကိုလူတွေ ခေါ်ချင်ခေါ်ပါစေတော့... ဒီနွေနဲ့အတူ ငါရှိတာနင်သိရင် ငါဆီပြန်လာမယ်ဆိုတဲ့ မှိန်ပြပြမျှော်လင့်ချက်လေးအတွက် .... ငါ့ နာမည်နင်သိအောင် အော်ပြောလိုက်တော့မယ်....

“ဥသြ..... ဥသြ..... ဥသြ.....”

နင်ကြားနိုင်ပါစေ.. ငါ့ဆီ ပျံသန်းလာနိုင်ပါစေ.....

အထီးကျန်



အရင်လို ပြန်ဖြစ်မယ်ဆိုရင် သူကို... အရာရာကို ကြောက်တတ်တဲ့ အမြဲသိမ်ငယ်နေတတ်တဲ့... တစ်ယောက်တည်း မနေရဲတဲ့... အလိုလိုနေရင် အားငယ်စွာငိုနေတတ်တဲ့ ကျွန်တော် လက်ကိုဆွဲ ကျွန်တော်နောက်မှာကွယ်ပြီး လောကကြီးကိုရင်မဆိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်တော့ ပြန်မဖြစ်စေချင် ... သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတွေလုံလောက်စွာပေးနိုင်တဲ့.. ကျွန်တော်နဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်မယ် ဆိုတဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ချစ်စရာအပြုံးပိုင်ရှင်ကောင်မလေး တစ်ယောက်တော့ ပြန်ဖြစ်စေချင်တယ်....

အတိတ်ဆိုတာ ပြန်မရနိုင်တော့တဲ့ အရာ ပြင်မရနိုင်တော့တဲ့ အရာ သူနဲ့ကျွန်တော်သာ ပိုင်ဆိုင်တဲ့အရာ ကျွန်တော့်အတွက်ကတော့ သိပ်လှတဲ့အိမ်မက်ပေါ့... အဲ့ဒီအတိတ်ကို ပြန်မရရင်တောင် အဲ့ဒီအတိတ်အိပ်မက်ကို ကျွန်တော် မနိုးတမ်းမက်နေချင်တယ်.... အဲဒီ အတိတ်မှာပဲ ကျွန်တော် တ၀ဲလည်လည် နေခဲ့လိုက်ချင်တယ်...
အခုတော့ သူဟာ... သူဘ၀ကို သူဦးဆောင်နိုင်နေပါပြီ... အရာရာကို ကျွန်တော်မပါပဲ ရင်ဆိုင်ရဲနေပါပြီ... အိပ်မက်တွေကို သူရဲရဲကြီးမက်တတ်လာသလို အိပ်မက်တွေကို သူ.. လက်တွေ့ အကောင်အထည် ဖော်နိုင်နေပါပြီ... ကျွန်တော့် လက်ကိုဆွဲ လောကကြီးကို ရင်မဆိုင်ရဲတဲသူတစ်ယောက်ကနေ.. ကျွန်တော် မပါပဲ လောကကြီးကိုရင်ဆိုင် ရဲနေပါပြီ... သူပြောတော့ ကျွန်တော့်ကြောင့်တဲ့လေ... ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာတဲ့... ဒါဆို ကျွန်တော် က ကျွန်တော့် အသဲကွဲမြိုတော်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်ပေါ့.. ကျွန်တော့် အထီးကျန်ကမ္ဘာကို ဖန်တီးတဲ့... ဖန်ဆင်းရှင်ပေါ့... ကျွန်တော့် အနာဂတ်ကို ပြိုကျစေတဲ့ မကောင်းဆိုးဝါးပေါ့... အခုဆို သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာလုံလောက်စွာမရှိတော့ .. သူအိပ်မက်များက နေရာယူကုန်ပြီ .. သူ့ဘ၀မှာ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်တော့... မလိုအပ်တော့သော.. တစ်ချိန်ကလိုအပ်ချက်သာ ဖြစ်တော့သည်...

တကယ်တော့ သူပြောသလို .. ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာမဟုတ်ပါဘူး.. ပေးလိုက်တာပါ... သူမရှိနိုင်တော့တဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော် ရင်မဆိုင်ရဲတော့ပါဘူး.. သူအချစ်တွေကို ပိုင်ဆိုင်ဖူးခဲ့တဲ့ နှလုံးသားကလဲ သူ့အချစ်ကို တောင့်တနေသလို သူလက်ကိုဆွဲခဲ့တဲ့ ကျွန်တော့်လက်တွေက လဲ သူ့လက်ကလေးကို တောင့်တနေပါတယ်... အခုတော့ ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပါဘူး.. သူ့ကို ဟိုးအဝေးကြီး မထွက်သွားပါနဲ့လို့ ပြောဖို့တောင် သတ္တိမရှိတော့ပါဘူး... သူအိပ်မက်တွေ လှပစေချင်တယ်.. သူဘ၀ကို သာယာစေချင်တယ်.. ဒါပေမယ့် သူရင်ထဲမှာ ကျွန်တော်ကို ထာဝရ ရှိနေစေချင်တယ်... ကျွန်တော့်ရင်ထဲ သူအမြဲ ရှိနေသလိုပေါ့.... ဒါကြောင့် သူ့ကို မတားရက်ခဲ့သလို.. တားဖို့လဲသတ္တိမရှိပါဘူး.. အမှန်တော့ သူမုန်းသွားမှာကို ကြောက်နေမိတာပါ....

အခုတော့ ကျွန်တော် ကျန်ရစ်ပြီလေ... သူလိုချင်တဲ့ ဘ၀ သူရဖို့ သူသွားတော့မှာပါ... ကျွန်တော်က တော့ လက်ပြရုံသက်သက် ကျန်ရစ်သူ အထီးကျန်လူသားပေါ့... သူမျက်ရည်တွေ ရစ်ဝိုင်းပြီး လက်ပြကျောခိုင်းသွားတော့... အပြုံးတုတွေ အထပ်ထပ် နဲ့ လက်ပြနှုတ်ဆက် နေခဲ့တဲ့ ကျွန်တော် မျက်ရည်မိုးတွေ တားမရအောင် မုန်တိုင်းထန်ခဲ့ပါတယ်.. သူမမြင်ပါစေနဲ့...သူခရီးဖြောင့်ဖြူးပါစေ.... မသွားပါနဲ့လို့ ကျွန်တော် တတွတ်တွတ် ရွတ်နေမိတယ်... သူမကြားပါစေနဲ့.. သူဘ၀လှပပါစေ...သူ.. မျှော်လင့်ချက် အလင်းရောင်တွေနဲ့ လင်းလက်တဲ့ဘ၀တစ်ခုဆီကို လျှောက်လှမ်းနိုင်ပါစေ... မှောင်အတိကျနေတဲ့ မျော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော့် ဘ၀ကို သူ... မေ့နိုင်ပါစေ.....



ဆောင်းခိုငှက်

ဆောင်းတွင်းအိပ်မက်တွေနဲ့
နိုးထရတဲ့ အခါတိုင်း
စိတ်ကူးတွေဟာ ဒဏ်ရာတွေနဲ့ရော
ဒီိကိုယ်ပေါ်ကို အညှာအတာမဲ့ အေးခဲလိုက်ကြ…

မြူဆိုင်းတဲ့ ညက
ခြေတစ်လှမ်း နောက်အကျမှာ
ဒီကောင့်ရင်ဟာ ဟိုတစ်စ ဒီတစ်စ
အဲ့ဒီညမှာ မြူခိုးတွေကြား မိုးမဲတွေရွာချ…..

အေးစက် တုံဆိုင်းခဲ့တဲ့ဆောင်းဟာ
ဘယ်တော့မှ နှင်းကျခွင့်မရ
တိမ်ဆိုင် အဆုတ်အဆုတ်တွေက
အနာဂတ်တွေကိုရင်ထဲက ဆွဲထုတ် မြေမြုပ်သွားကြ…..

နေပူလဲ ဆောင်း မိုးရွာလဲ ဆောင်း
တစ်ရာသီနဲ့ တစ်ဘ၀တည်တဲ့
လူသားတစ်ယောက်ရဲ့ ဇာတ်ကြောင်းမှာ
သူမျှော်နေဆဲ ဆောင်းခိုငှက်ငယ်လေးဟာ ဘယ်တော့မှမခိုနားကြ…..