မှောင်တစ်ဝက် မိုက်တဲ့လူ

နက္ခတ်ဆိုးနဲ့ ဖက်တွယ်ခဲ့တဲ့
အမှောင် တစ်ခြမ်း မိုက်နေတဲ့ သူတစ်ယောက်ပါ
ခေါင်းမော့မှ မြင်ရမယ့်လမ်းကို မှ လျောက်ချင်ခဲ့တယ်
ယှဉ်ထားရင် လူမသဒ္ဒါတာကိုမှ မှန်းမိတဲ့သူတစ်ယောက်
နင်သနားဖို့ အကြောင်းအရာ မလုံလောက်ပါဘူး…

သိုးမဲတစ်ကောင်ကို ထိန်းကျောင်းဖို့
နင် လွင်ပြင်ကျယ်ကို မဖန်ဆင်းပါနဲ့တော့
ငါဟာ ဟင်းလင်းပြင်ထဲ ရွေ့လျားနေတဲ့သူတစ်ဦး ပါ…
အတောင်ပေါက်မယ့်တစ်နေ့ ဆိုပြီး
ပျံဖို့ နားနေခဲ့တဲ့ အရိပ်ပျော်တဲ့ ငှက်တစ်ကောင်ဟာ
နောက်ဆုံး အခက်တွေကို ဖဲ့ခြွေမှန်းမသိ ခြွေနေခဲ့ရဲ့

တွဲလျှောက်မယ့် လမ်းတိုင်းမှာ
နင့်ခြေထောက်တွေယိုင်နှဲ့သွားရအောင်
ငါ့ အတိတ်ကြောင်းက တိမ်းစောင်းလွန်းနေတယ်
အမှတ်မရှိတဲ့ ပေတံ နဲ့တိုင်းပြီး
ငါဟာ နင့်ဘ၀ရဲ့စံလို့ ဆင်ခြေတွေမပေးပါနဲ့တော့
မှော်ဝင်နေတဲ့ သံစဉ်တစ်ကွက်တောင်
လိုက်ရောညီထွေ နားမထာင်တတ်တဲ့ သူတစ်ဦးဟာ
နတ်စောင်းတီးပြလဲ တန်ဖိုးမဲ့ဆဲမို့ပါ….

လ သာဖို့မထိုက်အောင် ငါ့ကောင်ကင်က ညစ်နွမ်းနေလို့
နင်သယ်လာတဲ့ ဖယောင်းတိုင်
ငါ့လက်နဲ့ပဲ ငြိမ်းသတ်လိုက်တယ်…
ကိုယ်ရောင်ဝါတွေသိမ်း ဟိုးအဝေး ပျံသန်းသွားပါတော့
ငါဟာ အရောင်မဲ့တဲ့ညမို့
မှောင်နေတာ ငါ့သဘာဝပဲလေ
နင်အုပ်မိုးထားတဲ့ အတောင်တွေရုတ်သိမ်းပေးပါဦး…
အမှောင်တွေကို ငါတစ်ဝကြီး ရှုရှိုက်ချင်သေးတယ်….

အဖြူရောင် အိပ်မက်




ချစ်သူ့ လက်ဖ၀ါးပြင်မှာ
အိပ်မက်ပေါင်းများစွာ နေရာယူထားတဲ့
အဖြူရောင် နေ့ရက်တွေ ရှိတယ်

အရောင်တွေ တင်မထားတဲ့
သူ့လက်သည်းဖျားမှာတောင်
မျှော်လင့်ခြင်းများစွား ခြယ်နေမိတယ်

မြူမှုန်တွေ မချယ်ထားတဲ့
ကျွန်တော် မြတ်နိုးတဲ့ သူ့ပါးပြင်မှာ
နှုတ်ခမ်းတစ်ခု ဒိုင်ယာရီရေးတုန်းက
ဒါ ကျွန်တော့် ဘ၀ ဆိုတာသိလိုက်တယ်

သူ့ မျက်ဝန်း တစ်စုံအောက်
ရှင်သန်ဖို့ ကြိုးစားတဲ့
ကောင်လေးဟာ
ကြယ်တွေ ကြွေဖို့ ဆုမတောင်းပါဘူး

စံပါယ်တွေ စုံမယ့် မနက်
ချစ်သူ့ ရင်ခွင်မှာ မှေးဆက်ခွင့်ရမယ့် နေ့
အဖြူရောင် လွှမ်းမယ့်ည
သူရှိမှ ဖြစ်မယ့် ဘ၀ ကိုသာ
တောင့်တမိနေသူပါ...

ငါ့ ဘ၀.....





အသေချာဆုံး ဆိုတဲ့နေ့နဲ့
သက္ကရာဇ်တွေခြားပြီးမှ ရောက်လာခဲ့လား
ထွေးပွေ့ထားတဲ့ လက်တွေကြားမှာ
သူ့အရိပ်က ခပ်ငွေ့ငွေ့ပဲကျန်တယ်။

အော်သံတွေ မကြားနိုင်လောက်အောင်
မြေပုံမှာထောက်ကြည့်ရင် လက်တစ်ဆစ်လောက်လွဲနေတယ်။
သူထားခဲ့တဲ့ အမှတ်တရပန်းပွင့်တွေတောင်
နွမ်းခြောက်လို့ ကြေကုန်ပြီ

အမွှေးပျံ့ဆုံး ဆိုတဲ့ အပင်ဟာ
မိုးမရှိတဲ့အခါ လွင့်ပျောက်လို့ ၀ါကုန်ပြီ
နွေပြီးနွေ သံသရာ မရပ်တဲ့ ငါ့ကမ္ဘာမှာ
နှင်းဆိုတာ အဓိပ္ပါယ်မသိသေးတဲ့ ဝေါဟာရ

ဒီလိုပဲ ငါ...
လမ်းလျှောက်နေကြ
ငေးငိုင်နေကြ
သီချင်းဟောင်းတွေ ဆိုငြီးနေကြ
နေရာဟောင်းမှာ ရနံ့ဟောင်းတွေ ရှူရှိက်နေကြ

ဒါဟာ... ငါ့ ဘ၀...
ဖုန်တက်နေတဲ့ အကြောင်းတွေ လှည်းကျင်းရင် လွမ်းရတာ ငါ့ဘဝ
အတိတ်ဟောင်းတွေ ဒိုင်ယာရီလှန်ရင်း အသစ်လုပ်ရတာ ငါ့ဘဝ
အက်ကြောင်းထပ်တဲ့စကား ညီးတွားရတာ ငါ့ဘဝ
ပြက္ခဒိန်တွေကြည့် နေ နောက်ပြန်ဝင်မယ့် နေ့ကို မျှော်နေရတာ ငါ့ဘဝ

ငါ့ပျော်ရွင်ခြင်းတွေက သက္ကရာဇ်တစ်ခုစာ ရှေးကျနေတယ်
ဒါပေမယ့် သူ့အတွက် ငါဟာ
စကားမပြောတတ်တဲ့ ရာဇ၀င်ထဲကလူသားပဲ။

တိမ်တိုက်တွေ ငိုတဲ့နေ့



ခြောက်အိပ်မက်တွေ နိုပ်စက်တဲ့ည
တကယ်ဖြစ်လာမယ် လို့ မထင်ထားဘူး...
ငါမျက်ရည်တွေ တစ်စက်တစ်စက်ကျနေမှ
ငါအသဲကွဲသွားပြီဆိုတာသိလိုက်တယ်...

နှောင်းသွားပြီ...
ငါလက်ထဲ အချစ်တစ်ခုမရှိတော့ဘူး
သူ မရက်စက်ပေမယ့်
ကျွန်တော် ရက်စက်ခဲ့တယ်...
ငါ့ဘ၀ထဲက သူ့ကို ထွက်သွားခွင့်ပေးခဲ့တယ်...

သိပ်လှခဲ့တဲ့ အတိတ်တွေမှာ
ငါမပါခဲ့ သလိုပဲ
ငါ့သမိုင်း ငါဖတ်ရင်း ငါသိလိုက်တယ်
ငါ့ဘ၀ဟာ ဒီနေ့ သေဆုံးသွားတယ်.....

မိုးရေတွေ တစက်စက် ခြွေနေတယ်
ငါ ထွက်မပြေးတော့ဘူး
နှလုံးသားသေ မြုပ်နှံပွဲမှာ
ငါဟာ တိမ်တိုက်တွေ နဲ့ အတူ ငိုနေခဲ့တယ်....

ခုနှစ်... လ... ရက်....

ငါတောင့်တတဲ့ နေရာတစ်ခု အတွက် .....
ငါဟာ မမြင်ရတဲ့လူနောက်က တန်းစီနေခဲ့တာ
စက္ကန့်....... မိနစ်....... နာရီ.........
ရက် .........
တကယ်ဆို ရက်တွေနဲ့ပဲ ရေတွက်ပြရရင်.................
............................................
ငါဟာ အစွဲမကျွတ်နိုင်တဲ့ သစ္ဆေတစ်ကောင်လို
အဲ့ဒီ ရက်တွေမှာ နင့်အရိပ်ကို ဖက်တွယ်......... မက်မောစွာ ဖက်တွယ်.... နေခဲ့

သည်းခြေမရှိတဲ့ ငါဟာ....
နင့်မျက်ရည်စတွေကို ခမ်းစေတဲ့ မာန်နတ်...........
နင့်အရယ် အပြုံးကို ဖန်ဆင်းမိတဲ့ စေတန်........
ငါတည်ရှိမှုတစ်ခုကြောင့်...... နင်မွန်းကျပ်...
ထွက်ပြေးရခက်.....နေခဲ့....
ခဏလေးပါလို့ ဆင်ခြေတွေပေး......
ဒီလိုလေးနဲ့ ငါနေခဲ့တာ
စက္ကန့်....... မိနစ်....... နာရီ.........
ရက် ......... လ..............
တကယ်ဆို လတွေနဲ့ပဲ ရေတွက်ပြရရင်.................
............................................
ငါဟာ ကိုယ့်အတောင်တွေ ကိုယ်ရိုက်ချိုးထားတဲ့ငှက်
အဲ့ဒီ လတွေမှာ နင့်လှောင်ချိုင့်ထဲ တိုးဝင်... ရူးမိုက်စွာ တိုးဝင် နေခဲ့......

နင့်နှုတ်ဖျားကထွက်တဲ့ သံစဉ်ခါးတွေ......
ဒီရင်ဘက်နားက ဆက်ဆက်.........ကြားခဲ့..... ကြားချင်နေသေးရဲ့..........
ငါ့ဟာ ဒီလို.. အလိုက်မသိတဲ့ကောင်...... အလိုက်ကမ်းဆိုးမသိတဲ့ကောင်.....
ဘယ်သူမှ ဖြတ်ခွင့်မရှိတဲ့တံတားဆို
ဒီကောင်ဟာ မျက်လုံးနဲ့တောင် ခြေမချဘူး....... ခြေ....မ....ချ....ဘူး.......
မမြင်ရတဲ့ တစ်စုံတစ်ဦးအတွက် နင်ထားတဲ့တံခါး ငါတွေ့လေမလားလို့.....
ကာရံထားတဲ့ တံတိုင်းနဘေး..... ငါပြေးနေခဲ့တာ.................
စက္ကန့်....... မိနစ်....... နာရီ.........
ရက် ......... လ............... နှစ်................
တကယ်ဆို နှစ်တွေနဲ့ပဲ ရေတွက်ပြရရင်.................
............................................
ငါဟာ တစ်နှစ်မှာ ရက်ပေါင်း ထောင့် ငါးရာထည့်
အဲ့ဒီ နှစ်တွေမှာ နင့်အနီးနားမှာပဲ မလောက်မငှနဲ့ လွမ်းခဲ့..... ငတ်မွတ်စွာ လွမ်းခဲ့.......

တစ်ခါတုန်းက.......




၅နာရီ ၄၅ မိနစ်

အလုပ်က ပြန်လာကစ မို့ အနည်းငယ် ပင်ပန်းနေပေမယ့်.. အိပ်ရောက်ပြီဆိုတဲ့ အသိတစ်ခုကြောင့် ပင်ပန်းတာတွေမေ့ကုန်တယ်... ထိုင်ခုံမှာ ခြေပြစ်လက်ပစ်ထိုင်ချလိုက်ပြီး နာရီကို တစ်ချက်ကြည့်လိုက်တယ်... ၆ နာရီထိုးဖို့ ၁၅ ... ဒါ သူ ပုံမှန် အိပ်ပြန်ရောက်နေကြ အချိန်ပဲ... ဒါကြောင့် ထုံးစုံအတိုင်း သူ စောင့်ရအုံးမယ်.... အချိန်ဆိုတာ စောင့်နေတဲ့အခါ ပိုနှေးနေသလိုပဲ... ၁ မိနစ်လောက်ကို တစ်နာရီလောက် စောင့်နေရတယ်လို့ သူထင်နေတယ်....

၆နာရီ ၁၀မိနစ်

ထုံးစံအတိုင်း သူမျှော်လင့်နေတဲ့ အသံကြားရပါပြီ... ထမင်းစားခန်းမှ ထမင်းပွဲတွေပြင်နေတဲ့ အသံ.... အဲ့ဒီအသံတွေကြားရင် ဟိုးအရင်တုန်းက အချိန်တွေကို သူသတိရလာတယ်.... အလုပ်က ပြန်ရောက်တိုင်း... မေရေ.. မောင်ပြန်ရောက်ပြီ လို့ သူ နှုတ်ဆက်ရတဲ့ အချိန်တွေကို သတိရတယ်... ပင်ပန်းလာတဲ့ အခါတိုင်း ချိုသာတဲ့ စကားတွေနဲ့ သူ့အမောတွေ ဖြေပျောက်သွား ရတဲ့ အရင်တုန်းက အချိန်တွေကို အမှတ်ရလာတယ်... ပြန်တွေးရင်း အမှတ်တရတွေကို ငေးရင်း သူ့မျက်လုံးမှာ မျက်ရည်တွေ ကျလာတယ်.... အခုတော့ ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေနဲ့ပဲ သူကျေနပ်နေရတယ်....

၆နာရီ ၂၀မိနစ်

ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေ တိတ်သွားတဲ့နောက်.... သူ အားရပါးရ ငိုလိုက်တယ်.... နှုတ်ကလဲ မေရယ် လို့ တမ်းတရင်းပေါ့....

"မေရယ်.. ဒီအိမ်ထဲမှာ မေရှိနေတယ် ဆိုတာ မောင်သိပါတယ် ခဏလောက်တော့ ထွက်လာပေးပါ"
ပြောရင်းဆိုရင်း သူ ကလေးတစ်ယောက်လို ငိုကြွေးနေပြန်တယ်...

"မောင် မှားခဲ့ပါတယ် မောင်တွေဝေ မနေသင့်ဘူး.... မောင့်ကို ခွင့်လွတ်ပါ....."

အသံတွေ ဆို့နင့်ကျေကွဲစွာနဲ့ သူ ငိုနေခဲ့တယ်.... အတွေးထဲမှာ ပူလောင်တဲ့ အတိတ်တစ်ခု က ပေါ်လာတယ်.. အတိတ်ဆိုးကို သူ ဖြေဖျောက်ဖို့ ကြိုးစားပေမယ့် မရ.... အဲ့ဒီနေ့က အဖြစ်အပျက်တွေကို သူ အသေအချာတော့ မမှတ်မိတော့... မီးတောက်တွေကြားက အိမ်လေးကို မြင်ယောင်လာတယ်... တားထားတဲ့လူတွေကြားက သူရုန်းထွက်ဖို့ ကြိုးစားတယ်.... အရာရာဟာ မီးခိုးတွေနဲ့ ပိန်းပိတ်နေသလိုပဲ... ဒါပေမယ့် အဲ့ဒီ မသေချာတဲ့ အတိတ်ဆိုးက အခုအချိန်ထိ သူ့ကို ခြောက်လှန့်နေခဲ့တယ်...

"ဟုတ်ပါတယ် မေရယ်... မောင်မီးတွေကို မကြောက်နေသင့်ဘူး.... ဘယ်သူတွေ ဆွဲထား ဆွဲထား မောင် ၀င်ကယ်သင့်တယ် မလား... မောင့်ကို ခွင့်လွတ်ပါကွာ... မောင် သူရဲဘောကြောင် ခဲ့တာပါ... မောင့်ကို ခဏလောက်ဖြစ်ဖြစ် ကိုယ်ထင်ပြပါ...."

"မောင့်ကို ခွင့်လွတ်ပါ.... ခွင့်လွတ်ပါကွာ......"

ရေရွတ်နေရင်း သူ့ အသံတွေ တိမ်မြုပ်သွားတယ်.... နံရံမှာ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေကို ကြည့်နေမိတယ်... လူလောကထဲ မရောက်လာသေးတဲ့ ကိုယ့်ရဲ့ သွေးကို လဲ တောင့်တနေမိတယ်... အရောက် နောက်မကျပေမယ့်... တားဆီးထားတဲ့ လူတွေကြားက ရုန်းမထွက်နိုင်တဲ့ အဖြစ်အပျက်ကို သတိရတယ်... သူသာ ၀င်ကယ်ခဲ့ရင် သူ့ဇနီးနဲ့ ရင်သွေးဟာ ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရဘူးလို့ သူခံယူထားတယ်....

ပြန်သတိရတဲ့ အချိန်မှာ သူဆေးရုံရောက်နေတယ်... သှူ သတိရရခြင်း ဘယ်သူမှ မသိအောင် အိမ်ပြန်လာတော့... အိမ်လေးဟာ ဟိုးအရင်လို အရောင်တွေ ပြန်တောက်ပနေတယ်... သူ ဘယ်လောက်ကြာအောင် သတိမေ့နေခဲ့လဲ ဆိုတာ သူမသိ... အရာရာဟာ အိပ်မက်လိုပဲလား... ဒါပေမယ့် တကယ့်လက်တွေ့မှာ သူ့အိမ်ငယ် ဒါမှမဟုတ် သူ့ဘ၀မှာ သူမ ဆိုတာ ထမင်းပွဲပြင်သံလေးက လွဲရင် ခေါ်မကြား အော်မကြား... တစ်ယောက်တည်း နေရတော့မယ်လို့ သိတဲ့နောက်မှာ... အရင်က ခြောက်သွေ့လွန်းတယ်လို့ ထင်ခဲ့တဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ သူဟာ နေသားကျလာတယ်... ခြံချင်းကျော်ခေါ်ပြီး သူ ဘယ်သူ့ကို မှ စကားမပြောတော့ဘူး... တိတ်ဆိတ်လွန်းတဲ့ သူ့ပုံမှန်ဘ၀လေးမှာ သတိရခြင်းများစွာနဲ့ သူနေ နေခဲ့တယ်...

ညနေ အလုပ်က ပြန်လာတိုင်း ထမင်းစားပွဲက အသံလေးတွေ သူ တိတ်တဆိတ်နားထောင်နေတတ်တယ်.. နားထောင်မိတိုင်း အခုလိုပဲ ငိုကြွေးနေရတယ်.... မျက်ရည်တွေ ... ရည်ဝေတဲ့ အကြည့်တွေနဲ့ ငေးရင်း သူခဏအိပ်ပျော်သွားတတ်တယ်...

၈ နာရီ

ထုံးစံအတိုင်းပါပဲ ဒီအချိန်ဆို သံပတ်ပေးစရာမလိုပဲ သူနိုးထ နေကြပါ... နံရံမှာ ချိတ်ဆွဲထားတဲ့ တယောလေးကို ယူပြီး... သူခြံထဲ ဆင်းသွားတယ် အရင်လို နှစ်ယောက်သားထိုင်နေကြ ဒန်းလေးကို မြင်တော့ မထိုင်ရက်... ဒန်းလေးနားရောက်တော့ ကလေး ငိုသံသဲ့သဲ့ သူကြားတယ်.. မမြင်ရသေးတဲ့ ကလေးငယ်ကို တမ်းတရင်း မျက်ရည်တွေ စို့နင့်လာပြန်တယ်... ဒန်းငယ်ကို ကြည့်ရင်း ပိုဝမ်းနည်းလာတယ်... ဒန်းလေးရဲ့ဘေး ခရေပင်အိုကြီး အောက်မှာ ထိုင်ရင်း တအီအီနဲ့ ကြွေကွဲ ဆို့နင့်နေတဲ့ သံစဉ်လေးတစ်ခုကို သူထိုးနေခဲ့တယ်...

"မေရှိတယ် ဆိုတာ သိတယ်... နားထောင်ပါဦး မေရယ်.. တစ်ယောက်တည်း မပျင်းရအောင် ညတိုင်း တယောလေး ထိုးပြမယ်.... မေ တစ်ယောက်ပဲ သိတဲ့ သံစဉ်ပါ... ကြားတဲ့အခါ သီချင်းလေး ဆိုပြပါဦးမေရယ်"

သူမျက်ရည်တွေ ထပ် ထပ် ကျလာပြန်သည်...

....................................

ကြေကွဲ ဆို့နင့်ဖွယ် တယောသံက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်နေတယ်...

"မေမေ.. ဒီအချိန်ဆို တယောသံ ကြားရတယ်နော်"

"အင်း" တယောသံကို နားစွင့်ရင်း သူမ ဖြေလိုက်တယ်

"ဘယ်အိမ်ကလဲ မသိဘူးနော်"

"အင်း.. " တယောသံထဲ သူမ နှုစ်မြုပ်နေတယ်.... အဲ့ဒီ တယောသံက ညတိုင်း သူမ ရင်ကို နင့်အောင် ၀မ်းနည်းအောင် လုပ်နေကြပါပဲ....

"ခရေပင်ကြီးနားကလား မသိဘူးနော်"

"မဟုတ်လောက်ပါဘူး သားရယ်.. ဒီ ခြံမှာသားနဲ့ မေမေပဲ ရှိတာပဲ..."

"ဟင်... မေမေ ဘာလို့ ငိုနေတာလဲ"

"မဟုတ်ပါဘူး သားရယ် မျက်စိထဲ ဖုန်ဝင်သွားလို့ပါ...."

မျက်ရည်တွေကို ကပြာကယာသုတ်လိုက်ပြီး... သားငယ်ကို ပြုံးပြလိုက်တယ်....

"မေ့မေ့ မျက်နှာမှာ မီးလောင် ဒဏ်ရာတွေ မရှိရင် အရမ်းလှမှာပဲနော်...."

"အင်း...." သူမ တယောသံကို သာ နားစွင့်နေမိတယ်... သီချင်းတစ်ပုဒ်ကို တီးတိုး ညည်းတွားနေမိသည်.....


ပြီးပါပြီ.....