~ကျွန်တော်တို့ ဒီလို ခရီးသွားကြသည်~

နဲနဲပေးပြီး များများလိုချင်တဲ့ လောဘသမားများ
တစ်လုံးသီ နှစ်လုံးသီ သုံးလုံးချီ၍
ငါးမျှားထွက်ကြ၏…
နောက်ဆုံး သူတို့အားလုံးကို သိမ်းကြုံး
လူတစ်ချို့ ပိုက်တွေနဲ့ ဖမ်းကြ၏…
ဒီလူတွေဟာ ငါး
ဒီလိုပဲ သူတို့ကူးခတ်သွားကြ၏…

တောင့်တချက်တွေများလာလို့
လူ့ဘ၀မှာ ရေဆာသူများလာပြီ…
အမှောင်မှာမွေးတဲ့သူ အမှောင်မှာပျော်သည်..
မှောင်နေတဲ့ ကောင်မလေးများ မိုက်ကုန်ကြသည်…
အလင်းမဲ့ည သူတို့ကျက်စား
စက္ကူကို ခပ်ထူထူကိုင်နိုင်ကြသူနောက် လိုက်
သူတို့တွေ ဤသို့ ခရီးဆက်နေကြသည်…

မြို့ပြ… အစိမ်းရောင်က ပါးလျှလွန်းလို့
အ၀ါရောင်က အနီသန်းလို့ နေ့ဘက်တွေနေရခက်ပြီ…
လူထက် အသက်ကြီးတဲ့ကား လူများစီးကြသည်..
ပြတိုက်ဝင်ရထားခေါင်း ဒီအချိန်အထိပြေးကောင်းဆဲဖြစ်၏
မီးစက်သံတွေက ညံ လူတစ်ချို့မီးမှန်ကြတော့
မှောင်မဲတဲ့ အိမ်ကကျွန်တော် ..ဒါကို မြို့ပြဒဏ်ဟုခေါ်သည်…
ကျွန်တော်တို့ ဒီလိုပဲ ခရီးသွားကြသည်…

လေကောင်းရဖို့ တောဘက်ကို သွားစရာမလို
မြို့နဲ့ ခပ်လှန်းလှန်းမှာရှိသည်…
အသက်ရှုဖို့မေ့.. လူတစ်ချို့ နွားနေရာဝင်ရုန်းရင်း
မနက် ည နှစ်နှပ်ပေါင်း.. ဆန်ပြုပ်တစ်ခွက်တော့ နေ့လည်လျှက်ခွင့်ရှိ၏…
အလကားရတာ မိန်းမဗိုက်ထဲက ကလေးဟု သူတို့သိ၏
ထုတ်ကုန်ကို နှစ်ဆတိုး ရတနာလို့ သူတို့တွေ ခေါ်သော
ကလေးတစ်ချို့ ရတာနာတဲ့ ဘ၀ကို ငိုရမှန်းမသိ ပျော်မြူးနေကြ၏…
ဒါဆင်ခြေဖုန်း ကျွန်တော်တို့ ဒီလိုပဲ တရုန်းရုန်းခရီးဆက်ကြသည်…

တစ်နေကုန် ချွေးနီကာဖွဲ့ အလုပ်မက်တဲ့ လူတစ်ယောက်
တပတ်လောက် ထမင်းငတ်ချင်ငတ်မည်….
ကာလနဂါးလိုအိပ် မသဒ္ဒါရေစာ စား လူတစ်ချို့ကတော့
အကြောင်းမဲ့ ကြီးပွားနေ၏
အိမ်မှာမမြင်ချင်ဆုံး ပိုက်ဆံဟု သူဆိုသည်…
ဒေါ်လာကို ခင်းအိပ် လို့ သူ့ခါးလဲ အတော်ကိုက်နေပြီ…
ဗေဒါပေါက်တဲ့ ရေကိုသောက်တဲ့ လူတွေကြောင့်
သူတို့သိက္ခာကျတယ်လို့ ရေသန့်ချိုးတဲ့လူတစ်စု
ခွက်ထိုးခွက်လှန်လှောင်ရယ်ပြုံးကြပေမယ့်
ဝါကျင့်ကျင့်နီဆွေးဆွေး သွားတွေကိုဖြဲ မြေနိုမ့်ကလူတစ်ချို့လဲရယ်နေနိုင်၏
ကံဆိုးလို့ ပေဘ၀ရောက် တူဖြစ်ဖို့ မျှော်နေသူလဲရှိသည်…
သဗ္ဗေသတ္တာ ကမ္မဿကာ ဟု သူတို့ ခံယူသည်…
ခေါင်းမှာလဲ မျှော်လင့်ခြင်းမီးခိုးတွေ အူနေပြီ…
ကျွန်တော်တို့… ဒီလိုပဲ ခရီးဆက်ကြသည်…