ကြယ်မဲ့ကောင်းကင်




သန်းခေါင်ယံည
လ မသာ ခဲ့တာ
မင်းမရှိ ကတည်းကပဲ...
ငါ့ညတွေတိုင်း လောင်မြိုက်
နေဆယ်ဆင်းထက်
ပူလောင်နေခဲ့တယ်...

အထီးကျန်သူ ငါ့အတွက်
ဒီညမှောင်တွေက ပိုမိုက်တယ်...

ခံစားစရာ အချစ်တစ်ခု
ဒီရင်ဘက်ထဲမရှိတော့ဘူးတဲ့
အသိတစ်ခုကြောင့်
ငါမပြုံးတော့တာ
နှုတ်မဆက်ပဲ ငါ့အဝေး
နင်ထွက်ပြေးကတည်းကပါပဲ...

တိတ်ဆိတ်တဲ့ညမှာ
အလွမ်းတွေ အဆွေးတွေ
သောက ဗျာပါဒတွေ
ဒဏ်ရာ အနာတရတွေက
တိုးတိတ်စွာ အဖော်ပြု
မျက်ရည်တစ်စုတောင် ပါသေးတယ် ....

မသိမသာ တို့နှစ်ယောက်
တစ်ဖြေးဖြေးဝေးလာ
ပိုဝေးမှာ တွေးကြောက်တဲ့ ငါ
ကြယ်ကြွေမြင်တိုင်း ဆုတောင်းမိတယ်
ဒီကြယ်သေတွေကြောင့်ပဲ
ငါ့ အချစ်တစ်ခု ရှင်သန်မလာခဲ့ဘူး ချစ်သူ...

အခုတော့ ငါ့ကောင်းကင်မှာ
ကြယ်တွေတောင် မဲ့ကုန်ပြီ...

အရာရာ မှောင်မိုက် တိတ်ဆိတ်ဆဲပါပဲ
ငါလိုချင်တဲ့ အချစ်တစ်ခု နဲ့
ငါ့အဝေးနင်ပျော်တဲ့အခါ
ငါ့မှာ ရွေးစရာလမ်းမရှိခဲ့
ဒီ သတိရခြင်း အဆုံးမဲ့လမ်းမှာ
ငါဟာ တ၀ဲလည်လည်ပဲရှိနေခဲ့တယ်...

တိတ်ဆိတ်မှုက မင်းမူတဲ့
အမှောင်ထုကြား
အသက်တစ်ချက်.. တစ်ချက် ... ရှုတိုင်း
ရင်ထဲက အသည်းခိုက်အောင်
နာတတ်တဲ့ ဘ၀နဲ့ နေသားကျနေပါပြီ..

ငါ့အဝေးမှာ နင်နေပျော်ရင်
နင့်အတွေးမှာ ငါသေပျော်ပါပြီ....

အိပ်မက်သောက်တဲ့ ပိတုန်း




သူ....
အိပ်မက်တွေ ကွန်ချက်ပြသွားတယ်
ငါ...
အိပ်မက် မုဆိုးပေါ့
သူဆော့ကစားတဲ့ ခဲတစ်လုံး
ဘ၀တစ်ခုလုံး လှိုင်းတန်ဘိုးထန်သွားတယ်
မျှော်လင့်တတ်နေပါပြီ...
သူဘယ်အချိန် ပျားရည်တိုက်မလဲလို့.....

မနက်..
ရှင်သန်ဖို့ အဓိပ္ပါယ်ရှိလာတယ်..
ည...
သူမှေးစက်မယ့် ငါ့ရင်ဘက်ကို အသက်ရှုမရပ်အောင်ထိန်းခဲ့တယ်...
နတ်မိမယ်အပြုံးတစ်ခုအတွက်...
သူယောင်မယ်တွေ စွန့်လွတ်ခဲ့ပါပြီ.....
သူမှတပါး.. အခြားခြားကနေ ငါပြေးထွက်ခဲ့တယ်...
စိုးရွံတတ်နေပါပြီ
သူ ဘယ်အချိန် အဆိပ် ခတ်မလဲလို့...

ပန်းတပွင့်ကို ပျိုးဖို့ ငါပိတုန်းလေးဖြစ်ရပါပြီ...
ကျောမှာတော့ ပန်းပွင့်အိပ်မက်တွေ ပေါ့
တောင်ပံတွေ ဖြတ်ဖြတ်လူး
သူအနားမှာပဲ ပျော်မြူးနေမိတယ်.....

သူ့ကမ်းမယ့် ခွက်တစ်ခွက် မျှော်လင့်နေပါပြီ
အဆိပ်ခတ်မယ်ဆိုရင်တောင်
သူပေးခဲ့တဲ့ အိပ်မက်များစွာအတွက်...
ရုံးကန်ခြင်းမဲ့ မော့သောက်လိုက်ပါ့မယ်....

ပိတုန်းတစ်ကောင် ပန်းပျိုးရမယ့် မနက်...
သူကမ်းပေးမယ်အဆိပ်တစ်ခွက်...
ဝေခွဲရခက်နေတဲ့ အဆုံးသတ်အတွက်
ပိတုန်းတစ်ကောင် ဘယ်နေ့ပျားတုတ်ခံရမလဲလို့ မတွေးတော့ပါဘူး

ငါ... အိပ်မက်သောက်တဲ့ ပိတုန်းတစ်ကောင်ပါ
သူ... အိပ်မက်တွေ နဲ့ မျှားနေဆဲပါ....

ကောင်းကင်မဲ့ ကြယ်




နင့်အချစ်တစ်ခုကို
ကောင်းကင်တစ်ခုလို
မျော်လင့်ထားတဲ့ကောင်...

ငါ့အချစ်ကိုကြယ်တပွင့်လို
နင့်ကောင်းကင်ယံမှာ
ထွန်းလင်းချင်တဲ့ကောင်....

ငါ့ညတွေမှာ လမသာရင်တောင်
နင့်ဘ၀မှာ လမ်းပြကြယ်အဖြစ်
တောင့်တခဲ့တဲ့ကောင်....

တကယ်တမ်းကျတော့
နင့်အနား ငါရှင်သန်ခွင့်မရ
ကောင်းကင်မဲ့တဲ့ ကြယ်တပွင့်ဘ၀နဲ့
ငါကြွေလွင့်ခဲ့ရင်တောင်
မျှော်သူမရှိ ဆုတောင်းသူနတ္ထိ
ငါရှင်သန်ခဲ့မှန်းတောင် နင်မသိပဲ
ငါငိုခဲ့တဲ့ မျက်ရည် သမုဒ္ဒရာအောက်မှာ
ငါကိုယ်တိုင် နစ်မြုပ်သွားတော့မယ်....