~ စိတ်ရမ္မက်~

အပေါ်ယံအရေပြားအောက်က
ဖောင်းကြွနေတဲ့ ရေဒီယို သတ္တုကြွတွေ
ကင်ဆာလို ဖြန့်ကျက် ရုန်းမရတဲ့ ညတွေ…
အတွေးထဲလှိုက်စား
လိုချင်တာက မြင်သမျှများလာတယ်..

နေကို ပြောင်ပြမယ့် ရှူးဖိနပ်
အချိန်ထက် တန်ဖိုးရှိနေတဲ့ နာရီ
မနေ့ကထုတ်လိုက်တဲ့ ဟန်းဖုန်း(ဒီဇိုင်းအသစ်နဲ့)
လမ်းနဲ့ မတန်တဲ့ လမ်းပေါ်ပျံနေတဲ့ ကား
ရဲတိုက်နဲ့ မှားလောက်တဲ့ အိမ်ကြီးရခိုင်
ဒါတွေ ငါ ဖမ်းဆုတ်ဖို့ပြင်ထားတဲ့အရာ….

သူရူးတစ်ယောက်ရဲ့ စိတ်ကူးလှမယ့်မနက်
သူတောင်းစားတစ်ယောက်ရဲ့ ခွက်ပြည့်မယ့် နေ့
မီးခံသေတ္တာ နံပါတ်တွေနဲ့ အိပ်ပျက်တဲ့ သူကြွယ်တစ်ယောက်ရဲ့ည
ငါဘာဖြစ်လာမလဲ….
ဘယ်သူတွေက ရော .. ဘာဖြစ်လာကြမလဲ….

ပူတဲ့နေ အေးတဲ့နှင်း
မိုးစက်တွေ လေပြေတွေ
သာတူညီမျှ ခံစားလို့ရတဲ့ဘ၀ မှာ
သူနောက်ကျောက အဲယားကွန်းမျိုး
အရောင်တောက်နေတဲ့ သူ့အိမ်တံတိုင်းမျိုး
ငါအရေးဆို တောင့်တ
ကျိုးတို့ကျဲတဲ မိုးယိုနေတဲ့ ခေါင်းမိုးအောက်က ဘ၀ကို မေ့နေခဲ့ဖူးရဲ့

ငါလက်ထဲက ရေတစ်ခွက်ထက်
သူ့လက်ထဲက ရေခဲကို တောင့်တခဲ့တယ်…
ကင်ဆာလိုပြန့် နှံ့
လောဘတွေ အသောမသတ်နိုင်တော့တဲ့ညနေမှာ
ကျွန်တော့်လက်မှာ ရေတွေရွှဲနေလေရဲ့………




rainmaker


No comments:

Post a Comment