Showing posts with label Fiction. Show all posts
Showing posts with label Fiction. Show all posts

ရာဇ၀င်ထဲက လူ





ကောင်းကင်မှာလသာတဲ့ည ..
ကလေးမဟုတ်တဲ့ သူ့ကို
ပုံပြင်လေးတွေ သီကုံးမရွတ်ပြခဲ့ဘူး….

မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့…
ကြယ်အပြုံးကို မမုန်းတမ်းကြည့်ပါဦး….

ဒဏ်ရာတွေ မရှိသေးတဲ့
အဖြူရောင်နှလုံးသားကို
အရောင်တွေ အထပ်ထပ်ဆိုး
သူ ငိုမှာတော့ စိုးတယ်…

နားတွေကို မပိတ်လိုက်ပါနဲ့ ဦး…
အသက်မရပ်ပဲ ရင်ခုန်သံထွက်သွားတဲ့
နေ့တွေအကြောင်း ပြောပြချင်သေးတယ်….

အချစ်တစ်ခုဆိုတာ ပျိုးပျိုးပျက်ပျက်နဲ့ အရောင်တွေလက်နေတဲ့ သူသိပ်ကြိုက်တဲ့ ရုပ်ရှင်တကွက်လိုပဲ မျော်လင့်ထားပေမယ့်… ကိုယ့်ကိုယ်ကို မှောင်ရိပ်ချ အဖြူအမဲ မသဲကွဲတဲ့ ကျွန်တော့်ဘ၀ထဲမှာ.. သူ့ ရဲ့စိတ်ဟာ နေရာထားမှားတဲ့ ရွေလို ခဏလေး မှိန်ကျ အရောင်တွေလွင့်လာတာ ကို သိတဲ့နောက်…

စကားသံတွေကို တိတ်ဆိတ်လိုက်တယ် .. ကျွန်တော်ပိုင်တဲ့ ကျွန်တော် နယ်နမိတ်ကို သတ်မှတ်ခဲ့တယ်…. ရက်စက်တယ်လို့ ပြောခဲ့တဲ့ သူ့ မျက်ရည်တစ်စက်အတွက် ကျွန်တော် နေ့ရက်တိုင်း ငိုကြွေးခဲ့တယ်.. အမြင့်ပျံမယ့် ငှက်ငယ်အတွက်… ကျွန်တော့် မနက်နဲ့ ညကို သူမ အတွက် တောင်ပံတစ်စုံ ရက်လုပ် ပေးလိုက်တယ်…

ဝေးကြမယ်ဆိုတာ သိခဲ့ခဏ…. လတစ်ခုမှာ အကြည့်ခြင်းဆုံနိုင်မယ်လို့ ပြောလိုက်တယ်….. အဲ့ဒီညမှာ သူ…. လကိုပဲငေးနေမယ် ထင်ရဲ့နော်… ကျွန်တော်ကတော့ လမင်း နဘေးက ကြွေသွားတဲ့ ကြယ်လေးအတွက်
ကဗျာတွေဖွဲ့နေခဲ့တယ်….

“ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်မှာ
သိပ်လှတဲ့ မနက်ဖြန်ရှိတယ် ”
စကားသံတွေ အဆုံး မျက်ရည်တွေသီကုံးခဲ့တဲ့
သူ့ရင်ထဲမှာ နာကျဉ်းချက်တွေရှိနေမလား

“ တွယ်ရာမဲ စီးမျောသွားတဲ့
သစ်ရွက်ခြောက်မှာ စိမ်းမြတဲ့ ရာဇ၀င်ရှိတယ်”
စကားသံတွေ အဆုံး တိတ်ဆိတ်သွားတဲ့
ငါ့ရင်ထဲမှာ အနာဂတ်ကိုတွေး ငိုကြွေးနေတယ်
အနာဂတ်တစ်ခု ကျိုးပျက်သွားတဲ့နောက်.. ကျွန်တော့် မနက်ဖြန်တိုင်းဟာ မျော်လင့်ခွင့်မဲ့ သွားပါပြီ… ကျွန်တော့်လက်ထဲ သူအိပ်မက်လေးတွေ တည်ဆောက်ခဲ့တယ် လို့ပြောခဲ့ဖူးတယ်.. ကျွန်တော့်လက်ပဲ သူ့အိပ်မက်တွေကို ရိုက်ချိုးခဲ့တယ်လို့ပြောပြန်တယ်…. ဒါပေမယ့် သူ့အိပ်မက်တွေသူမြင်ဖို့ ကျွန်တော့် ဘ၀အစိတ် အပိုင်းတချို့ကို မီးထွန်းပေးဖူးတယ်…. သူဘ၀ဟာ ကျွန်တော့် ထွန်းပေးတဲ့ ဘ၀ မီးခိုးကြား နစ်မွန်းသွားတဲ့ခဏ… သူ့လဟာ ကျွန်တော်ဆိုတဲ့ တိမ်ဖုံး သွားတယ်…..

ကျွန်တော် နောက်ဆုတ်ခဲ့တယ်.. သူရှေ့ဆက်သွားတယ်.. အကွာအဝေးတစ်ခုကို တစ်ဖြေးဖြေး သေး လာတဲ့ မြင်ကွင်းတစ်ခုက သက်သေပြုပေးခဲ့တယ် …… သူထားသွားတဲ့ အတိတ်လှလှတွေမှာ ကျွန်တာ် နေရစ်ခဲ့တယ်… သူ့မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ အတားအဆီးမဲ့ ပျံသန်းခွင့်ပေးလိုက်တယ်…. ကျွန်တော် မြဲမြဲ ဆုပ်ကိုင်ထားခဲ့တဲ့ သူလက်ကလေးကို သူ့ကြယ်တွေ စွတ်ခူးဖို့ ကျွန်တော်လွတ်ပေးလိုက်တဲ့ခဏ…. ကျွန်တော့် ကြယ်လေး ကြွေသွားတယ်…..

အခုတော့ … ကျွန်တော်ဟာ ရာဇ၀င်ထဲက မပျော်တော့တဲ့ လူသား… သူကတော့ မနက်ဖြန်ကို ပျံသန်းသွားတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတပါးပါပဲ…. ဘ၀က သိပ်မခြားသေးပါဘူး… လွမ်းတဲ့ အခါတိုင်း မိုးမျှော်ကြည့်ခွင့်ရှိသလို… ရင်ကို တူးဆွပြီး အတိတ်ကို ပြန်ဖတ်ခွင့်လဲရှိသေးတယ်….. သတိရခြင်းတွေကို ကျွန်တော်ပိုင်တယ်…. မျှော်လင့်ခြင်းတွေကို သူပိုင်တယ်….
လတောင် အမြဲ မသာနိုင်သလို
နေခြည်မဖြာတဲ့ နေ့တွေလဲရှိတယ်…

မျက်ရည်ခတဲ့ နေ့
ပူလောင်နေတဲ့ ညတိုင်းမှာ
သူ့ ခြေအဆင်း အေးမြခြင်းတွေပေးမယ့်
တွယ်ရာမဲ့ စီးမျောနေတဲ့
ငါဆိုတဲ့ မြစ်တစင်းမှာ ရှိတယ်….
သူမျက်နှာကို မြင်ရတဲ့ရက်ကစ.. သူ့ကျောပြင်ဝေးသွားတဲ့ အဆုံးအထိ ကျွန်တော်ဟာ သူ့ကိုမမုန်းခဲ့ပါဘူး… သူလာရင်ပြုံးပြ အုံးမယ်လို့ ရည်ရွယ်ထားတဲ့ မဆုံးတဲ့ အိပ်မက်တွေနဲ့ ကျွန်တော်အသက်ဆက်နေဆဲပါ…. သူ့အတွက် ကျွန်တော့် ပါးစပ်က ကဗျာလေးတွေ ဖွဖွရွတ်နေခဲ့တယ်….

ဒီနေ့ဆုံးရင် နောက်တစ်နေ့လာအုံးမယ်
ကျွန်တော်မရှုံးပါဘူး…
သူမအမုန်းတစ်ခုပိုင်ဆိုင် ခွင့်ရပါတယ်….

သူမ နှုတ်ခမ်းမှာ ကျွန်တော်… အသက်ဆက်ထားတယ်…
သူမ ကိုမမုန်းပါဘူး သူ့အပြုံးဆိုတာ
ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ

ကြယ်စင်ခတဲ့ နတ်သမီးည



ကဗျာတွေ စာတွေ ဖွဲ့မနေတော့ပါဘူး…. အရှင်းဆုံးပဲ ပြောတော့မယ်… သူမက လှတယ်…. ကျွန်တော့် ကဗျာတွေ သူ့အလှကိုစော်ကားသလို ဖြစ်မှာစိုးလို့… သူ့အလှဖွဲ့တောင် ကျွန်တော် မတို့ဖူးဘူး…. မမြင်ဖူးတဲ့ ကီလီယိုပတ်ထရာနဲ့ မခိုင်းနှိုင်းတော့ဘူး.. venus လဲ ခေါ်မကြည့်တော့ဘူး… သူတို့ကို နိုမ်သလိုဖြစ်နေမယ်… ၁၀၀ မှာ ၉၉ ယောက် လောက်က လှတယ်လို့ ပြောယုံနဲ့ ကျွန်တော်က လှလွန်းပါတယ်လို့  မပြောပါဘူး … သူမကို လှလားလို့ လူ ၁၀၀ ကိုမေးရင် ၉၉ ယောက်ကတော့ လှတယ်ပြောပါတယ်… ကျန်တစ်ယောက်ကတော့ သူမ အလှမှာ မိန်းမောသွားလို့ မဖြေလိုက်ရရှာဘူး …. အဲ့သလိုကောင်မလေးကို… ကျွန်တော် အရိုးဆုံးပြောခဲ့တယ်… လှတယ် လို့…. ကြားရပါများလွန်းလို့ သူအတွက် ဒီစကားက ထုံနေပါပြီ… ၀တ်ကျေတန်းကျေ.. နှုတ်ခမ်းလေးကို လှပစွာ ကော့ညွတ်ပြခဲ့တယ်… မရူးရုံတမယ်ပါပဲ… ကျွန်တော့် စကားလေးတွေ သူ့ရင်ထဲ တီးတိုးသံတောင် မရောက်ခဲ့ပေမယ့်… သူ့အပြုံးက ကျွန်တော့်နှလုံးမှာ သေရာပါ အမှတ်တရတစ်ခုပါပဲ… ဒီအချိန်မှာ ကျွန်တော့်ရင်ကိုခွဲ အဲ့ဒီ အသဲနှလုံးကြည့်မယ်ဆိုလဲ … ကိုယ်တိုင်ရင်ကိုခွဲပြီး ထုတ်ပေးလိုက်ချင်တယ်… သူမြင်ရင် နောက်တစ်ခေါက်ပြုံးဦးမလားနော်… သိချင်ပေမယ့် ကျွန်တော် မမှီလိုက်မှာတော့ စိုးတယ်…. ဒါ ပထမနေ့ပဲ ရှိပါသေးတယ်… နောင် နေများထပ်မြင့်လာရင်… ကျွန်တော် ခံနိုင်မယ် မထင်တော့ပါဘူး…

*****************
အား... တော်တော်ပူတာပဲ… နေရခက်တယ်… နေဆယ်စင်း ကို ငရဲမီးနဲ့ ငါတို့စားမိတာလား မသိဘူး… မိုးရေတွေတောင် ကျွန်တော်ကို ထိပြီး အငွေ့ပျံလောက်တယ်… ထင်းအစားထိုးလောင်စာအဖြစ် ကျွန်တော့် နှလုံးသားကို ယူသုံးသင့်တယ်လို့တောင် ထင်လာတယ်… သူမ ကျွန်တော့် မြင်ကွင်းက ပျောက်နေတယ်…. ဘာလို့များ မလာသေးပါလိမ့်… စောင့်နေရင်း… သူဘာလုပ်နေမလဲ တွေးရလွန်းလို့ ခေါင်းတွေတောင် ပူလာတယ်… မိုးရေကြောင့် စိုနေတဲ့ ဆံပင်တောင် ခြောက်လောက်တယ်…. ဟူး… အခုမှ သက်ပြင်းချနိုင်တယ် … လာမယ့် လာတော့လဲ… ရင်ထဲ အေးစိမ့်သွားတာပါပဲ…. အော် .. ထီးကလေး.. ဒီလောက်လှတဲ့ ကောင်မလေး လက်ထဲမှာတောင် အငြိမ်မနေနိုင်ဘူးနော်.. လေခေါ်ရာကို လိုက်ချင်သေးတယ်…. တယ်… နေရာချင်းသာ လဲလိုက်ချင်တယ်…. သူခြေအကျ.. ဖြာကျသွားတဲ့ ရေတွေက ကျွန်တော့် မျက်စိထဲ သိပ်လှတဲ့ ပန်းပွင့်လေးတွေပါပဲ… သေချာတာက ဘယ်သူမှ ပန်ခွင့်မရခဲ့ဘူး… တော်ပါတော့ မိုးရယ်… သူမ ခြေထောက်ဖွေးဖွေးတွေ အေးနေရော့မယ်… နေခြည်နွေးနွေးတွေ သူခြေကလေးကို ထွေးပွေ့ပေးကြပါအုံး… ဆုတောင်းတိုင်းမပြည့်ခဲ့ပါဘူး.. ဒါပေမယ့် သူထီးကလေး အောက် ကျွန်တော်မှာ တစ်ထောက်နားခွင့်ရခဲ့တယ်… ကျွန်တော်… ပျံသန်းနေတာလား… ဟင်………… ကျွန်တော်ဟာ သူ့ကိုယ်သင်းရနံ့တွေထဲ … ပန်းမျိုးစုံပွင့်တဲ့ ပန်းခြံကြီးထဲ ရောက်သွားသလိုပါပဲ… ကျွန်တော် ရုံးမထွက်ချင်တော့ဘူး…. အချိန်တွေကို ရပ်တန့်ပေးကြပါဦး … ကျွန်တော် ဆုတောင်းမပြည့်ခဲ့ပါဘူး…… ဒါ.. သူကျူရှင်နောက်ကျတဲ့ နေ့ကလေ…. ကျွန်တော့်အသဲတခြမ်း အဲ့ဒီရက်က မီးကြွမ်းသွားတယ်… တော်သေးတယ်… သူမ အပြုံးလေး ကယ်ပေလို့…

*****************
သူ့လက်ထဲကို စာအုပ်ကလေး ကမ်းပေးလိုက်တယ်… သူလိုချင်မှန်းသိလို့ ပေးတဲ့ အရာတစ်ခုကို သူမငြင်းတာ အဆန်းမဟုတ်ပေမယ့်… ဒီစာအုပ်ကလေးက ဆန်းတယ်လေ…. စာအုပ်ထဲမှာ ကဗျာတွေ… နှလုံးသား တစ်ခုတည်းနဲ့ ရေးထားတာပေါ့… အသံသာသာနဲ့ သူကဗျာလေး ဖတ်လိုက်တော့… ကျွန်တော် အပိုမပြောပါဘူးဗျာ… ကမ္ဘာချီပြီးပြောရင် လွန်တယ်ထင်မယ်… သံစဉ်မလိုပဲ… သူပြောသမျှဟာ.. အသာယာဆုံးဆိုတဲ့ တေးသွားတွေထက် ကောင်းနေတယ်… သူ့အသံနဲ့ လိုက်ဖက်အောင် ဗေလုဝ နတ်စောင်းလေးများ ကျွန်တော်ရရင် သူ့ကိုသီချင်းဆိုဖို့ တိုက်တွန်းမိထင်မယ် …. ကဗျာတွေဖတ် သူကပြုံး.. ကျွန်တော်က သူမျက်ဝန်းတစ်စုံအောက်မှာ အကြိမ်ကြိမ်ကျဆုံးခဲ့တယ်… မလင်းတလင်း လရောင်အောက်မှာ သူ့ဆံနွယ်တွေ တဖိတ်ဖိတ်တောက်နေလေရဲ့.. လွင့်နေတဲ့ သူ့ဆံနွယ်ကြား.. ဖြတ်သွားတဲ့ လေပြည်လေး ကျွန်တော် ခဏလောက် ဖြစ်ခွင့်ရချင်တယ်… မနေနိုင်တဲ့ အဆုံးကောင်ကင်ကို မော့ကြည့်ပြီး ဆုတောင်းမိတယ်… နတ်မိမယ်လေးကို ပြန်မခေါ်သွားပါနဲ့လို့…. သူကတော့ အပြုံးသဲ့သဲ့ပဲ ပြုံးပါတယ်… ကျွန်တော့်အတွက်တော့ ပိုသေချာသွားတယ်…. သူမဟာ အတောင်မပါတဲ့ နတ်သမီးတပါးပါပဲ… ကြယ်တွေ အပေါ်ပြေးလွား ကစားရင်း .. ကြယ်ကြွေတော့ သူမပါ ပါလာတာဖြစ်မယ်…. အဲ့ဒီကြယ်လေးတွေ အခု သူ့မျက်လုံးထဲမှာရှိတယ်… အခု အရောင်တွေ တလဲ့လဲ့ ရွန်းရွန်းစို နေလေရဲ့… အဲ့ဒီ မျက်လုံးဟာ သူမ မဆင်ထားပေမယ့်… လူတကာ ကျဆုံးရတဲ့.. နတ်သမီးထောင်ချောက်ပါပဲ…. ဒါ … သူမကို လက်ဆောင်ပေးတဲ့ညပါပဲ…. အဲ့ဒီညပဲ ကျွန်တော် ထောင်ချောက်ထဲ ခုန်ချခဲ့တယ်….. ကျွန်တော် သူ့ကို ချစ်တယ်….

*****************
နေမင်းလဲ သူမ အလှကို ကြည့်မဆုံး နောက်ဆုံးမှ ရှက်ပြုံးကြီးကို မျက်နှာနီအောင် ပြုံးပြီး.. တိုက်တွေကြားထဲ ၀င်ပုန်းလိုက်တယ်..… လမင်းကတော့ မထွက်ရဲသေးဘူး… အေးလေ.. မယှဉ်သာတဲ့ ပန်းဆိုတာ အလိုက်သိသိ နောက်ဆုတ်ပေးရတယ်…. သူမ မရှိမှ သာနိုင်မယ့် လကိုတော့ သနားမိပါရဲ့… အခုတော့ .. ကျွန်တော်တို့ လမိုင်ညမှာ (လ လက်မိုင်ချရတဲ့ ည) အအေးဆိုင်ထိုင် နေတယ်လေ …. လှလိုက်တဲ့ နေရာလေးပါပဲ.. မှုန်နေတယ်… အလင်းဆိုလို့ .. မှိန်ပြပြ ဓါတ်တိုင်မီးလေးပဲရှိတယ်… လေပြေတွေက အေးပါတယ်ဆိုတဲ့ လူကို သဒ္ဒါတွေပိုနေတယ်… ဒါပေမယ့်.. သူ့အကြိုက် ကျွန်တော် အအေးတစ်ခွက်ပဲ သောက်ခဲ့တယ်… ကောင်းလိုက်တဲ့ အရသာ… ဒီနေ့ အရာရာဟာ လှပ … လောက က ဒီနေ့မှ ကျွန်တော့်အပေါ် မျက်နှာသာပေးတယ်… အသုံးမကျတဲ့ လက်တံတွေ … အလိုက်မသိ လည်နေလိုက် ကြတာ… အခုတော့ ညသိပ်မစောင်းခင် သူ့ကို အိမ်ပြန်ပို့ ပေးလိုက်ရတယ်…လက်ပြပြီး အိမ်ထဲ ၀င်သွားတဲ့… သူမ… ကျွန်တော့် ရင်တွေ ဟာလိုက်တာဗျာ…. ဟာ!…. သူပြတဲ့ လက်မှာ ကျွန်တော့် နှလုံးသားက ကောက်ကောက်ပါအောင် လိုက်သွားတာကိုး… မပြောမဆိုနဲ့ ထွက်သွားတဲ့ နှလုံးသားကို သူမနဲ့တွေ့တဲ့နေမှပဲ ပြန်ယူရတော့မယ် ထင်ပါရဲ့.. ဒီညတော့ အသက်မဲ့ ရင်ခုန်သံတွေနဲ့ အိပ်စက်ရအုံးမယ်… လွမ်းလိုက်တာဗျာ… သူမလဲ အိမ်ထဲဝင်သွားပါပြီ… အထီးကျန်တဲ့ ငါ့ကို အဖော်ပြုပေးပါဦး လမင်းရယ်… မ၀င့်မရဲနဲ့ မင်းမကြည့်လိုက်ရတဲ့ သူမ အလှကို ကျွန်တော် ညတိုင်း ပြောလို့ကုန်မယ် မထင်ဘူး… ဒါ… သူမနဲ့ အတူတူ အအေးသောက်ဖူးတဲ့ညပေါ့…. အဲ့ဒီညက ကျွန်တော် အထီးကျန်တယ်လေ…. သူ့ဘေးနာ အိပ်နေမယ့် ကျွန်တော် နှလုံးသားကိုလဲ သတိရတယ်… သူမကို အိပ်မက်လှလှ ပေးလိုက်ပါကွယ်….

*****************
သူမကို ကျွန်တော် အဓိပ္ပါယ် မဖွင့်ချင်တော့…. စကားလုံးရှားတဲ့ ကျွန်တော့်အတွက် ခိုင်းနှိုင်းဖို့ ခက်နေခဲ့တယ်… လောကမှာ အကောင်းဆုံးဆိုတာတွေ တွေးလိုက်တိုင်း ကျွန်တော်ကတော့ သူမကိုပဲ မြင်တယ်… ကျွန်တော် မပိုပါဘူး… သူမ က အတောင်မပါတဲ့ နတ်သမီးဆိုတော့ .. အတောင်ပါတဲ့ နတ်သမီးတွေလောက်တော့ မပြည့်စုံဘူးပေါ့ဗျာ… ကျွန်တော့်အတွက်တော့ အတောင်တွေ မလိုဘူးလေ… သူအပြုံးနဲ့ ကျွန်တော့် တစ်ဘ၀လုံး အသက်ဆက်လို့ရတယ်… သူမက နှုတ်မဆက်ပဲ ထွက်သွားရလောက်အောင် ရက်စက်ခဲ့ပေမယ့်… ခင်မင်မှုအသုံး အနှုန်းလေးတွေနဲ့ ပြန်နှုတ်ဆက်ပြန်တော့ ကျွန်တော့် နှလုံးသားလဲ သကာရည်ပုံးထဲ နှစ်မွန်းသွားတယ်…. ခက်တယ်ဗျာ.. သူက မလွယ်တဲ့ ပုစ္ဆာပါပဲ… ဖြစ်နိုင်ရင် ကျွန်တော့် ဘ၀နဲ့ ရင်းပြီး အဖြေထိုင်ရှာချင်တယ်…. ကျွန်တော်ကလဲ ခက်တယ်လေ… ကိုယ့်အဖြေကို ကိုယ်ပြန်သိမ်းထားတယ်.. သူမကို ဖွင့်မပြောရဲတာပါ… သူမအချစ်ကို အချစ်တစ်ခုနဲ့ ချိတ်ဆွဲဖို့ ကျွန်တော့ အချစ်မှာ အကွေ့အကောက် ချိတ်ကောက်တွေ ပါမနေခဲ့ဘူး… ရိုးဖြောင့်တဲ့ ချစ်ခြင်းကို သူမ ခံစားတတ်လာမယ့် နေ့အထိတော့ စောင့်နေအုံးမယ် … ဒီလိုပဲ သူအနား ကျွန်တော် အရိုးထုတ် နေလိုက်တော့မယ်လေ.. … ကျေနပ်ပါတယ်… သူမ ရှိရင် အရာရာပြည့်စုံတယ်မလား….

ကျွန်တော်ဘာကြောင့် သူ့အပေါ်ဒီလောက်ရူးသွပ်ရတာလဲ.. အဖြေမပြောတော့ဘူးဗျာ…. ဥပမာ တစ်ချို့ပေးမယ်

ဟိုးမားကို သူမရဲ့အလှဖွဲ့ ကဗျာလေး တောင်းဆိုလိုက်ရင် ဟိုးမားငိုသွားလိမ့်မယ်… သူမမြင်ပဲ စိတ်ကူးနဲ့ လှချင်တိုင်း လှခဲ့တယ် ဟယ်လင်ဟာ ကျွန်တော့် နတ်မိမယ်လေးရဲ ခြေဖျားမှာ တွဲလဲခိုနေရတာကိုး…. ဟိုးမားလဲ အဲ့ဒီ အခါမှ သူ့ မျက်မမြင်ဘ၀ကို ယူကြိုးမရ ဖြစ်မယ်ထင်ပါရဲ့…..

နောက်.. အလှဆုံး အပြုံးပိုင်ရှင်ဆိုတာ မိုနာလီဇာလား… တကယ်ဆို မိုနာလီဇာ အပြုံးဟာ သူမ မဲ့သလောက်ပဲ ရှိပါသေးတယ်… မိုနာလီဇာလဲ လူဖြစ်စောသွားတာ ကံအတော်ကောင်းသွားလေရဲ့…..

ဒီလောက်လှတဲ့ ကောင်မလေးကို မင်းကဘယ်လောက်ရူးသွပ်လို့လဲ လို့ မေးချင်တာလား…
စကြာဝဠာထောင့်စွန်းမှာ ကျွန်တော့်ကို အလေးပြုနေတဲ့ ဗင်ဂိုး ကိုသာ မေးကြည့်ပါတော့ဗျာ…..

လွင့်မျောသူ…





ကျွန်တော့်ခေါင်းထဲမှာ အတွေးပေါင်းများစွာဖြတ်သန်းစီဆင်းနေကြတယ်… ကျွန်တော် ခြေရာခံလို့မရအောင်ကို မြန်လွန်းတယ် … ဘာတွေလဲလို့ မေးခွန်းထိုင်ထုတ်နေခဲ့တယ်… တစ်ခါတစ်လေသူတို့ နောက်ကျွန်တော်လိုက်သွားတယ်.. တစ်ခါတစ်လေ ကျွန်တော် ညွန်ရာသူတို့သွားကြတယ်…. ကျွန်တော်နေရာ ကျွန်တော်ရောက်တော့ တော်တော်များများကို ကျွန်တော် နာမည်တောင် မမှတ်မိတော့ပါဘူး…. ဒါပေမယ့် အမေကတော့ ကျွန်တော်အတွက်နာမည်တပ်ပေးခဲ့တယ် စိတ်ကူးယဉ်သမား တဲ့…

အချိန်တော်တော်များများ တွေဝေငေးမောနေတယ်လို့ ကျွန်တော်ကို မြင်တာနဲ့ ကောက်ချက်ချလို့ရပါတယ်… ကျွန်တော်ဟာ အချိန်တိုင်းတွေးနေသူပါ… ကျွန်တော့် ကမ္ဘာထဲမှာ ကျွန်တော်ပျော်ပါတယ်….တစ်ခါတစ်လေ ထမင်းမေ့ ဟင်းမေ့ပါပဲ… အတွေးတွေကို ကျွန်တော်ပုံဖော်ပါတယ်.. ကျွန်တော် ပန်းချီဆွဲပါတယ်… အမေကတော့ မွဲမယ်လို့ ပြောပါတယ်… ဆရာကတော့ မင်းပါရမီပါတယ်လို့ ပြောတတ်တယ်… ကျွန်တော့် စိတ်ကူးအောက်မှာ ပန်းချီကားဟာ မြူးနေပါတယ်… ဒါပေမယ့် ဆရာတစ်ဦးရဲ့ကောက်ချက်မှာ ကျွန်တော့် ပန်းချီဟာ တန်ဖိုးမဲ့သွားပါတယ်… “ခံစားချက်လိုနေတယ်” တဲ့…

နောက် ကျွန်တော်စာရေးပါတယ်… ရေးသမျှစာတွေ ကို စာအုပ်တစ်အုပ်ထဲ ထည့်ထားပါတယ်.. စာအုပ်အဖုံးကို လက်ရေးလှလှလေးနဲ့ ရေးလိုက်ပါတယ်… “ ချစ်သူဖတ်ဖို့ ”…. အဲ့ဒီနေ့ကတည်းကစပြီး ကျွန်တော့်စာအုပ် မျက်နှာငယ်လေးနဲ့ပါ… ဖတ်ပေးမယ်သူဆိုတာ ကျွန်တော့်ဘ၀မှာမရှိသေးတာကို ကျွန်တော်သိလာတော့ ကျွန်တော့်စာအုပ်ဆိုတာ ဟန်ကွန့်ဖို့ ဖြစ်နေသလို ခံစားလာရတယ်… အဲ့ဒီအချိန်မှာ ကျွန်တော်သိလိုက်တယ်.. ကျွန်တော် ရေရွတ်လိုက်တယ်.. “ ချစ်သူ ” အဲ့ဒီစကားလုံးနှစ်လုံးမှာ ကျွန်တော့် နှလုံးသား ရုံးရင်းဆန်ခတ်ဖြစ်လာတာပါပဲ… စကြာဝဠာတိုက်တစ်သောင်းက ငှက်အပေါင်းထပြန်သလို ကျွန်တော့် အသွေးထဲ အသားထဲ ရှိန်းကနဲပါ.. ထလာတဲ့ ခံစားချက်ကို ကင်းဘတ်ပေါ်တင်လိုက်တယ်… နောင်တစ်ချိန် ရွေရောင်နေ့ရက်လို့ နာမည်တွင်လာမည့် ကားတစ်ခုပါ…

အဲဒီညက စလို့ ကျွန်တော့်ဘ၀ ပြောင်းခဲ့ရတယ်… လမ်းချိုးတစ်ခုပါ…. ကောင်လေးတစ်ယောက် လွယ်အိတ်တစ်လုံး အတွေးတစ်စုနဲ့ ကောင်းကင်မရှိတော့တဲ ဘ၀ထဲ ခရီးစခဲ့တယ်… အသွေးအသားနဲ့ ချစ်ခဲ့တဲ အိမ်ဆိုတာ ၁၀ အောင်ပြီး တက္ကသိုလ်မတတ်ချင်တဲ့ ညမှာ ကျောခိုင်းလိုက်ရပါတယ်…. ကောင်လေးတစ်ယောက် အတွေးများနဲ့ ခရီးစနေပြီ….

*********

ခရီးအစက နေမင်းတောင် အားမရှိတော့တဲ့ ညနေခင်းလျော့လျော့မှာပါ…. ကျွန်တော့် စိတ်ဓါတ်တွေလဲ အားပျော့နေခဲ့တယ်… နောက်ကျောမှာ ကျွန်တော် အပူအပင်ကို မေးခွန်းထုတ်စရာမလိုတဲ့ ဘ၀တစ်ခုရှိတယ်… မျက်နှာမှုလိုက်တဲ့ နေရာမှာ အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာရှိနေတယ်… ဦးတည်ရာသွားဖို့ စိတ်ကူးမရှိပါဘူး… ဟာနေတဲ့ ၀မ်းတစ်ထွာ ပြည့်ဖို့ဆိုတာ အခုအချိန်မှာ ကျွန်တော့် အဓိက ရည်မှန်းချက်ပဲ…

လက်တစ်ဆုပ်စာမပြည့်တဲ့ ငွေတစ်အုပ်က တဖြည်းဖြည်းလျှော့လာပါပြီ… ချစ်သူတွေ ထိုင်စရာနေရာဟာ ကျွန်တော့် တစ်ယောက်တည်း တွေးရောရာနေရာ.. ခုံတန်းရှည်ဟာ ကျွန်တော့် အိပ်ယာဖြစ်လာသလိုပါပဲ…. အပြာရောင် မတောက်တော့တဲ့ အင်္ကျီအောက်က ဒီကောင်လေးရင်ထဲမှာ ဟိုးတစ်ချိန်သူမျော်နေခဲ့တာဟာ အရောင်တွေလွင့်လာတယ်…

လမ်းတွေလျှောက်.. လူတွေကြားထဲတိုး.. ဒါဘ၀ရဲ့ အရသာတစ်မျိုးပဲလို့ .. ခံစားမိသလို.. ဒါ ဒုက္ခအိုးထဲမှာ ပါလားလို့ ခံစားမိတဲ့အခါ … တင်းနေတဲ့ စိတ်ဆန္ဒကြိုးတွေ ဖြေလျော့လာဖူးတယ်… လမ်းတစ်ဆုပ်စာ မပြည့်တဲ့ ငွေတစ်အုပ်ဆိုတာ အခုအချိန်မှာ လေထက်တောင်ပါးလွာကုန်ပါပြီ… လွင့်မျောနေတဲ့ လူတစ်ယောက်ဟာ အိမ်က ပြန်ခေါ်မလားဆိုတဲ့ အတွေးနဲ့ သတင်းစာတောင် မဖတ်နိုင်တော့ပါဘူး…

ငှက်တစ်ကောင်လို အတောင်တွေပါဖို့ ဆုတောင်းဖူးတဲ့အထိ လွတ်လပ်စွာ ပျံသန်းချင်တဲ့ ကျွန်တော်… ဒီနေ့ဟာ ကောင်ကင်ကို မျော်လင့်ခွင့်နောက်ဆုံး ဖြစ်မယ်လို့ထင်လာတယ်… ကျွန်တော် ကောင်းကင်ကို မော့ကြည့်ခဲ့တယ်… ငှက်တွေနောက် စိတ်ကူးတွေ လိုက်သွားတယ်… ငှက်တွေရဲ့ တီးတိုးသံတွေ ကြားတစ်ချက် မကြားတစ်ချက်… ကြားထဲက ဟာနေတဲ့ ၀မ်းဗိုက်ရဲ့ အရေးဆိုသံတစ်ချို့ ……

အရောင်တွေ တောက်ပနေဆဲ ကျွန်တော့် နောက်ကျောကို ဆက်လက်ကျော ခိုင်းထားခဲ့တယ်.. အားအင်ချိနဲ့နေတဲ့ ဒူးတွေဟာ အမေ့ရှေ့မှာ ထောက်ဖို့ သူပြင်နေပုံရတယ်… အံကိုတင်းတင်း ကြိတ်ထားတယ်… လောကမှာ တစ်ယောက်တည်းလှမ်းလို့မရတဲ့ အခါတွေမှာ အရင်က ထိန်ကျောင်းပေးဖူးတဲ့ လူတွေကို ကျွန်တော်တန်ဖိုးသိလာမိတယ်… မှားပြီဆိုတာ သိခဲ့ပေမယ့်.. မလျှော့ချင်တော့ဘူး… ဒီအချိန်အိမ်ပြန်ရင် အရင်းပါဆုံးမယ်ဆိုတာ တွေးပြီးသားပါ… ကျောင်းမတတ်ချင်လို့ ထွက်ခဲ့တဲ့ လူတစ်ယောက်… တစ်မြို့ပတ်ပြီး ကျောင်းတော်ကို ပြန်ခြေချရမယ့် အဖြစ်ကိုတွေးမိတော့ ရင်လေးမိတယ်… အစကတည်းက ခေါင်ညိမ့်လိုက်ရင်ကောင်းသားလို့ အရောင်တွေလွင့်ပြီး နေ့စဉ် ထမင်းမမြင်ရတဲ့ အဖြစ်တွေကို သတိရမိတယ်…. အနိုင်အရှုံးမရှိတဲ့ ပွဲမှာ ကျွန်တော့် မာနအတွက် ကျွန်တော် နောက်မလှည့်တော့ဘူး.. လမ်းတစ်ခုပဲရွေးလိုက်တယ်… ကျွန်တော့် စိတ်ကူးတွေအောက်မှာ ကျွန်တော်ဟာ ပန်းချီတွေဆက်ဆွဲမယ် ဆိုတာပါပဲ… ငယ်စဉ်ကတည်းက ရည်ရွယ်ခဲ့သူမို့ ဒါမခက်လောက်ဘူးလို့ ကျွန်တော် ထင်ထားခဲ့တယ်… ကောင်လေးတစ်ယောက် လောကအလယ်မှာ တ၀ဲလည်လည်ပါပဲ.. ဒါပေမယ့် ခရီးတစ်ခုကို အစပြုမိနေပြီ….


*********


ဆရာပန်းချီပြခန်းဆီကို ဦးတည်လာမိတယ်… ခြေလှမ်းတွေက တုံ့ဆိုင်းဆဲ… အတွေးထဲမှာ ဗလောင်ဆူနေ မိတယ်… ကိုယ့်ခြေပေါ်ကို ကိုယ်တိုင် ရပ်ဖို့.. ကိုယ့်ခြေရာ ကိုယ်ဖော်ဖို့… မှတ်တိုင်များစွာ စိုက်ဖို့.. မျော်လင့်ရင်ထွက်လာတဲ့ ကောင်လေးတစ်ယောက်ဟာ အခုတော့ သူများကို ပြန်မှီရအုံးမှာလား… ရည်မှန်းထားတဲ့ ခြေလှမ်းတိုင်းကို ဘေးလူတွေ ဖေးကူနေရတဲ့ ဘ၀ကို ကျွန်တော် ပြန်လှမ်းမိပြီလား… ဘာပဲဖြစ်ဖြစ် ကျွန်တော် အနုပညာပေါ်မှာ ရပ်တည်ဖို့… ခြေလှမ်းတစ်ခု အဖြစ် ဆရာကို ပန်းချီကားလေးတော့ ပြချင်သေးတယ်… ဆရာ့ ဝေဖန်ချက်ကိုတော့ ကြားချင်သေးတယ်…

“မင်းဒီမှာ ဘာရပ်လုပ်နေတာလဲ ”

မြင်ရုံနဲ့မှတ်မိသေးတဲ့ ဆရာကို ကျွန်တော် ချီးကျူးမိပါတယ်.. မိုးရွာမှ မျက်နှာသစ်ဖြစ်တဲ့ ဘ၀မှာ သူငယ်ချင်းအရင်းတောင် မမှတ်မိကြပါဘူး.. (မကူညီချင်၍ ဟန်ဆောင်သွားသူများလဲရှိပါသည်) … မမှတ်မိတဲ့လူတွေကြားမှာ အမှတ်မရှိတဲ့ လူတစ်ယောက်အဖြစ် ကျွန်တော် လျှောက်ဖူးခဲ့ပြီးပြီ… မှီရာ ခုံ.. ထိုင်ရာ ကြမ်း…. လှဲရာ ကုတင် .. ကျွန်တော် အရာအားလုံးကို ကိုယ်မြင်ချင်သလို နေခဲ့ပြီးပြီ… ဆရာ မှတ်ချက် ကြောင့် ကျွန်တော် လွင့်ထွက်သွားလဲ မမှုတော့.. .. အဆိုးဆုံးမျော်လင့်လာတဲ့ ကောင်… ဘယ်အရာကမှ ဒဏ်ရာတွေ ထပ်မပေးနိုင်တော့… ကျွန်တော် ဆရာဆီလှမ်းလာခဲ့တဲ့ လမ်းက ကျွန်တော်ကို အချိန်မရွေး ဖိတ်ခေါ်နေဆဲ မဟုတ်ပါလား….

“ကျွန်တော် ပန်းချီကားလာပြတာ ဆရာ”

“လာလေကွာ ပြခန်းထဲ ၀င်လာပါလား”

“ကျွန်တော်….”

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်… အရောင်တွေလွင့်ပြီး အနံ့တွေ မတသီစရာကောင်းလောက်အောင် ထွက်နေတဲ့ ကျွန်တော်… ဘယ်လိုလုပ် ဆရာအသိုက် အမြုံထဲ ခြေချရဲမှာလဲ…. ကျွန်တော့် ခြေလှမ်းဟာ ပန်းချီပြခန်းကို ညစ်နွမ်းသွားစေမလား… နိုမ့်ကျနေတဲ့ကောင်တစ်ကောင်ပါ… ကိုယ့်ဘေးက အရာအားလုံးကို ကိုယ့်နေရာထဲတော့ ဆွဲမသွင်းချင်…. ကျွန်တော် လူနိုမ့်နေပေမယ့်.. စိတ်ဓါတ်တွေက မြင့်ဆဲလို့ ယုံကြည်ထားဆဲပါ…

“လာကွာ…”

ပြောပြောဆိုဆိုနဲ့ ပုခုံးဖက်ဆွဲခေါ်သွားသော ဆရာ့ နွေးထွေးမှုနောက် ကျွန်တော် မရုံးထွက်နိုင်တော့ပါဘူး… ဝေးကွာခဲ့တဲ့ အိမ်ဆိုတဲ့ အရသာကို ကျွန်တော် ခဏတာ ခံစားခွင့်ရလိုက်တယ်… နွေးထွေးရာ အရာရာပြည့်စုံ ခဲ့တဲ့ အသိုက်တစ်ခုက ပျံထွက်လာတဲ့ ငှက်ဟာ ခဲမြင်ရုံနဲ့ ကြောက်တတ်နေပြီ… အိမ်ဆီပြန်လှည့်ဖို့ ခြေဦးက ညွန်နေခဲ့ပေမယ့် မာနတွေက ကျွန်တော် နှလုံးသားကို တားဆီးနေတယ်… အခုတော့.. ကျွန်တော်… မငြင်းသာတော့…

“မင်း အိမ်ကထွက်သွားတာ မင်းအမေပြောတယ်.. ငါက မင်းငါ့ဆီလာမယ်ထင်နေတာ”

“ကျွန်တော်….”

စကားတွေ မဆက်ဖြစ်ပေမယ့်အတွေးတွေ နှစ်နေမိသည်… အမေ့ဆီက အကုန် အမွေဆက်ခံခွင့် မရတော့ပေမယ့်.. အမေ့ဆီက မာနတစ်ခုတော့ ကျွန်တော်ယူလာမိသည်… အမေ့ဆီက ယူလာတဲ့ မာနဟာ ဒီနေ့ ကျွန်တော် တည့်မတ်စွာရပ်နေခြင်းရဲ့ အခြေခံအကြောင်းတရားတစ်ခုဆိုတာ သိလာမိတယ်….

“သိပါတယ်.. မင်းက မာနက ခပ်ကြီးကြီးပဲ.. တော်ရုံမလာလောက်ဘူးဆိုတာ ငါတွက်ပြီးသားပါ… အခုမင်း အိမ်ပြန်မလား… ”

“မပြန်ချင်သေးဘူး ဆရာ.. အမေ စိတ်ဆိုးနေမယ်ဆိုတာ ကျွန်တော်သိတယ်…”

“စိတ်ဆိုးစရာလားကွ.. အမေပဲစိတ်ပူမှာပေါ့”

“ တခြားအမေနဲ့ မတူဘူးဆရာ … အမေက သူချတဲ့ ဘောင်ထဲမ၀င်ရင် ထွက်နေတဲ့အရာကို ဘယ်တော့မှ ညှာတာရိုးမရှိဘူး.. ကျွန်တော်သိတယ်”

တစ်သက်မှာ ၉ တန်းကျောင်းသားဘ၀မှာ တစ်ခါပဲကျောင်းပြေးဖူးတဲ့ ခဏကို သတိရမိတယ်… အိမ်ပြန်အရောက်မှာ ကြိမ်လုံးနဲ့ မစောင့်နေပေမယ့်.. ကျွန်တော့် ဘ၀မှာ အနာကျင်ဆုံး ဖြစ်ရမယ့် နည်းနဲ့ အမေအပြစ်ပေးခဲ့တယ်… ကျွန်တော့် ပန်းချီတွေကို မီးရှို့ပြစ်လိုက်တယ်… ကျောင်းတစ်ရက်ပြေးမိတဲ့ ကျွန်တော့်အတွက် တစ်သက်သာဆွဲထားသေား ပန်းချီကား မှန်သမျှ ပြာဘ၀ပြောင်းသွား ပြီ…. ကျွန်တော်ပေါက်ကွဲတယ် ငိုကြွေးတယ်… (တန်ဖိုးကြီး လက်ရာကောင်းများ မဟုတ်သော်လဲ ကျွန်တော် မြတ်နိုးသည် တန်ဖိုးထားသည်… ) အမေကတော့ လစ်လျှူရှုထားတယ်… ထမင်းစားပွဲကို နှစ်ရက်လောက် ၀င်ခွင့်မရခဲ့ဘူး… “ကျွန်တော် မှားပါတယ် … ခွင့်လွတ်ပါအမေ ” လို့တောင်းပန်တဲ့ ညက ခွင့်လွတ်ခဲ့ပေမယ့်… လွတ်လပ်ခွင့် တစ်ချို့ အမေဥပဒေတွေ ထပ်ထုတ်တာခံလိုက်ရတယ်… နာကျင်နေတဲ့ ကျွန်တော့် အတွက် အမေမျက်နှာ တစ်ချက်မှ မပျက်ဘူး… “ငါသားလုပ်ချင်ရင် ငါထားသလိုနေရမယ်… နင့်အတွက် ငါမျက်နှာ မပျက်ချင်ဘူး” လို့ စကားတစ်ခွန်းကြောင့် ကျွန်တော့် စိတ်ကူပေါင်းများစွားကို စတေးခဲ့ဖူးတယ်…

“မင်းမပြန်ရင် ဘယ်မှာနေမှာလဲ.. မင်းအခု ဘယ်မှာနေလဲ”

ဆရာစကားမှာ သတိတွေ ပြန်ဝင်လာပေမယ့်… တွေးစရာတွေက ထပ်ထွက်လာပြန်ပါတယ်….. ကျွန်တော် ဘယ်မှာနေမှာလဲ.. ကမ္ဘာကျယ်ရင် ကျယ်သလောက် ကျွန်တော်နေလို့ရပါတယ် လို့ ဖြေချင်လိုက်တယ်… ဒါပေမယ့် လက်တွေ့ ဆန်တဲ့ဘ၀ကို ၁ လလောက်ပဲ ဖြတ်သန်းခဲ့တဲ့ ကျွန်တော်ဟာ ဒဏ်ရာတွေ အမျိုးစုံအောင် သင့်ခဲ့သူပါ… မငြင်းတော့ပါဘူး.. လောကကို ကျွန်တော့် ကြောက်နေမိတယ်….

“မသိဘူးဆရာ…. ”

“မင်းမပြန်ချင်သေးရင် ဒီမှာနေပေါ့.. ငါ့ပြခန်းမှာနေ… နောက် မင်းငါဆီမှာ အလုပ်လုပ်ပေါ့.. ပြခန်းစောင့် … နောက် အချိန်ပိုင်း ပန်းချီသင်ပေါ့.. ငါလက်ထောက်အနေနဲ့ ”

“ကျေးဇူးတင်ပါတယ်ဆရာ”

ကျွန်တော် ကျေးဇူးထက်သာမယ့်စကားလုံးရှာနေမိတယ်… ဒီအချိန်မှာ ကျွန်တော့်အတွက် ဒါက အိုအေစစ်ဆိုတာ သေချာတယ်… ကျေးဇူး ကျေးဇူး… ကျွန်တော့် ဘ၀တစ်ခုလုံးနဲ့ တင်လိုက်ချင်တယ်….

“ ဆရာ ဒီကားလေး ကြည့်ပါအုံး ”

သေသပ်စွာထုတ်ပိုးထားတဲ့ ရွေရောင်နေ့ရက်များဆိုတဲ့ ပန်းချီကားလေးကို ထုတ်ပြခဲ့တယ်… ဆရာ့ ကိုပြရတာ စိုးထိတ်မိတယ်.. တချိန်က ခံစားချက်လိုနေပါတယ်လို့ ပြောခဲ့တာ .. ဒီဆရာပဲမဟုတ်ပါလား… အချိန်ကြာမြင့်စာ သူကြည့်နေသည်… မျက်မှောင်ကြုတ်ရင်း(အာရုံစိုက် ကြည့်ခြင်း) ကြည့်နေရာက တဖြေးဖြေး ဖြေလျှော့လာပြီ…

“အေကွာ…. ဆရာပြောတာ ဒီလိုမျိုးကွ.. တကယ်ခံစားချက်နဲ့ပဲ… မင်းဆွဲခဲ့သမျှမှာ ဒါအကောင်းဆုံးပဲ…ကဲ မင်းရေမိုးချိုးထား ငါညစာကို အိမ်က ကောင်လေးကို ပို့ခိုင်းလိုက်မယ်… မိုးချုပ်နေပြီ.. နောက်နေ့မှဆက်ဆွေးနွေးတာပေါ့… မင်းလဲ ကောင်းကောင်းစဉ်းစားကြည့်ပေါ့.. မင်းဘ၀အတွက်… ”

ကျွန်တော့် ဘ၀အတွက်.. အခုတော့ ပူစရာ သိပ်မလိုတော့ဟု ကျွန်တော်ခံစားရသည်.. ပန်းချီပြခန်းတွင်နေရမည်… ပန်းချီလက်ရာများ လေ့လာခွင့်ရမည်… ပန်းချီသင်ပေးခွင့်ရမည်… ကျွန်တော် လုပ်ချင်တဲ့ အရာ.. ကျွန်တော် ရည်မှန်းချက်… ကျွန်တော် ခရီး စတင်ရခြင်း ရဲ့ အကြောင်း အရင်း မဟုတ်ပါလား…. အခုတော့ ကောင်လေးတစ်ယောက် လွယ်အိတ်တစ်လုံး အတွေးတစ်စုနဲ့ ကောင်းကင်မရှိတော့တဲ ဘ၀ထဲ ခရီးစခဲ့သည်… ထိုကောင်လေး.. ပန်းချီဆရာ တစ်ယောက် အသွင်ပြောင်း ပန်းချီကားတစ်ချပ် (ရွေရောင်နေ့ရက်များ) နှင့် ခရီးဆက်နေသည်….

*********

လှုံခြုံမှုအရသာကို တစ်ညတာ အချိန်လွန်စွာ ခံစားမိလိုက်သည်.. အိပ်မက်တောင် မက်ခွင့်မရလိုက်ပဲ တစ်ညတာကိုနှစ်ခြိုက်စွာ ကုန်ဆုံးပြစ်လိုက်တော့.. ကျွန်တော် အိပ်ယာထနောက်ကျသွားပါတယ်.. ပြခန်းတောင် ဖွင့်ပြီးနေပြီထင်တယ်… ကျွန်တော် နဘေး နရံကို ငေးကြည့်မိသည်.. ကျွန်တော်လန့်သွားသည်.. ပန်းချီကားလေး ပျောက်နေပြီ.. ကျွန်တော့် အခန်းကျဉ်းလေးထဲ ရှာနေမိတယ်… ဘယ်ပျောက်သွားလဲ.. ဖွင့်ထားတဲ့ ပြတင်းပေါက်ကို မြင်မိတော့ .. ကျွန်တော် တုန်လှုပ်သွားတယ်… သွားပါပြီ… ဒီပန်းချီကားလေး သူခိုးလက်ထဲပါသွားပြီလား… နောက် ပြခန်းထဲက ပန်းချီတွေရော.. အားလုံး တန်ဖိုးကြီးတဲ့ကားတွေကြီးပဲ… ကျွန်တော် အရူးမီးဝိုင်းသလိုဖြစ်နေပြီ… ကိုယ့်ဘာသာကိုယ် လမ်းပေါ်မှာနေရင်းကောင်းသား.. အခုတော့ … ၀မ်းနည်းခြင်း စိုးထိတ်ခြင်းများ ရင်ဘက်ထဲဆောင့် ၀င်လာသည်… စိတ်ချလက်ချအပ်ခဲ့တဲ့ နွေးထွေးတဲ့ ဆရာ့မျက်နှာ ပြန်မြင်ယောင်မိတယ်… ကျွန်တော်…. မှားပြီ….

“ဒေါက်ဒေါက် ”

ဆရာထင်သည်… ကျွန်တော် စိုးရိမ်တကြီး တံခါဖွင့်လိုက်တော့

“မင်းမဖွင့်ရင် ငါဝင်လာတော့မလို့”

“ဆရာ ကျွန်တော် … ”

“အေး မင်းကိုငါပြောရအုံးမယ်… ”

ကျွန်တော် စိုးရိမ်တကြီးနားထောင်မိသည်… ဒေါသသံမပါသော ဆရာအသံက အရင်ကတည်းက အေးစက်မြဲမို့ ကျွန်တော် ထိပ်လန့်နေမိသည်… တိတ်ဆိတ်မှု အေးဆက်မှုတွေဟာ တစ်ခါတစ်ရံ ဆူညံမှု ပူလောင်မူတွေထက် ခြောက်လှန့်မြဲ…. အခုတော့ ကျွန်တော့် ဆရာ အေးဆက်မှုတွေကြား တိုးတိတ်နေမိတယ်… ဆရာ ဘယ်လို အပြစ်တင်မလဲ….

“ မင်းကားလေးကို ငါပြခန်းမှာချိတ်ထားလိုက်တယ်… မနက်က ငါတံခါးခေါက်တာအကြာကြီးပဲ မင်းမနိုးတာနဲ့ ငါအခန်းထဲ ၀င်လာရင်း မင်းကားလေးကို တွေ့လို့ ချိတ်ထားလိုက်တယ်… ငါစိတ်ထင်ဈေးကောင်းရမယ်ထင်တာပဲ…”

ကျွန်တော် နံရံမှာ တင်ခွင့်ရနေတဲ့ ကျွန်တော့် ကားလေးအတွက် ဂုဏ်ယူနေမိသည်… ရင်ထဲက အပူလုံးကြီးကျသွားရုံမက.. ကျွန်တော်ပျော်ရွင်မှုပါ ထပ်ဆောင်းရမိသည်… ပျော်ရွင်စရာ အကောင်းဆုံး နေ့ရက်ပါပဲ.. ပန်းချီဆရာကြီးများနောက်က အခန်းထောင့်မှာနေခွင့်ရနေတဲ့ ပန်းချီကားလေးဟာ ..ဘာပဲဖြစ်ဖြစ် ကျွန်တော့် မှတ်တိုင်ပါပဲ… လက်ရာမှီတယ် မမှီတယ် မမှီ ဘူးဆိုတာထက်… ကျွန်တော်ပိုင်တဲ့ ကျွန်တော့် နေရာရှိသလို ခံစားလိုက်ရတယ်… ကျွန်တော့် ရပ်စရာတစ်နေရာရသလို … အသက်ရှုဖို့ နေရာရောက်သလို.. ခံစားချက်တွေ အားလုံးပေါ့ပါးနေခဲ့တယ်… တိမ်ပေါ်ရောက်နေတဲ့ ငှက်လား.. ကျွန်တော် ပျံဖို့တောင် မေ့သွားမိခဲ့တယ်…

အဲ့ဒီနေ့က ကျွန်တော့် ဘ၀ကို အသွင်တစ်မျိုးနဲ့ စတဲ့ နေ့ပေါ့ .. အမှတ်ရလို့ မဆုံးပါဘူး… ဆရာ့ ပန်းချီသင်တန်းမှာ ကျွန်တော်ဟာ အကူအနေနဲ့လဲ လုပ်ခွင့်ရခဲ့ပါတယ်… တပည့်အငယ်တွေကို နည်းပြခွင့်လဲရခဲ့တယ်… အဆင်ပြေမှုတွေစတွေပြီလို့ ထင်လာမိတယ်… စိုးရိမ်စရာအတွေးတွေ ခေါင်းထဲ ၀င်မလာတော့… ကျွန်တော့် ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်.. ဆရာ ယုံကြည်မှု ဆရာ လက်လွဲမှုတွေ ကို ရယူခဲ့တဲ့ သူဟာ ထိုက်တန်တယ်ဆိုတာ ကျွန်တော်ပြဖို့ အမြဲကြိုးစားနေခဲ့တယ်… အခုအချိန်မှာ ကျွန်တော့်ဟာ ပန်းချီကားတွေနဲ့ တသားတဲ့ကျနေခဲ့သလို.. ပန်းချီပြခန်းကြီးဟာလဲ ကျွန်တော် နားခိုရာနေရာဆိုတာထက် ကျွန်တော့် ဘ၀တစ်စိတ်တစ်ဒေသဖြစ်လာပြန်ပါတယ်…..

ညဘက်ဆို ပန်းချီပြခန်းထဲက ပုံတွေကိုကျွန်တော် ကူးဆွဲမိတယ်… ဘာရယ်မဟုတ်ပေမယ်… ပုံကောင်းမှန်ရင် သိမ်းထားချင်တဲ့ အကျင့်လေးကြောင့်ပါ… အခုကျွန်တော့်မှာ ဆရာကြီးတွေရဲ့ ပန်းချီကား အသေးလေးတွေရှိနေပါတယ်…

ဒီလိုပဲ မနက်ဖြန်ကိုမတွေးပဲ စုတ်တံကို ကျွန်တော့် ဘ၀တစ်စိတ်တစ်ဒေသ မကပေးခဲ့တဲ့ ၁ လနီးပါးကြာတဲ့ နေ့မှာတော့… ဝေခွဲစရာ ဆုံးဖြတ်ခက်ရတဲ့ နေ့တစ်နေ့ ပေါ်လာပါတယ်… ဒါကတော့

“မနေ့က မင်းဆေးတွေသွားဝယ် နေတုန်း မင်းကားကို ဈေးမေးသွားတယ် သူကတော့….. ”

ကျွန်တော့်နားမယုံနိုင်လောက်အောင်ပါပဲ… ဈေးက ပန်းချီကားကြီးတွေအတွက် မများဘူးဆိုပေမယ့် ကျွန်တော့် ဘ၀အတွက်များလွန်းလှပါတယ်… အဲ့ဒီ ငွေတွေနဲ့ ကျွန်တော့် အမေဆီပြန်သွားပြီး အမေ့တရားဝင် ခွင့်ပြုချက်နဲ့ ကျွန်တော် မမွဲပါဘူး ပန်ချီဆရာပဲလုပ်မယ်လို့ ပြောချင်တယ်… အဲ့ဒီငွေတွေနဲ့ ကျွန်တော် အမေ့ဆီ မပြန်ရင်တောင် အခန်းလေးငှား ကားကောင်းလေးတွေဆွဲပြီ.. တစ်ယောက်တည်းနေသွားလို့ရတယ်.. အဲ့ဒီငွေတွေနဲ့ ဆေးအကောင်းစားတွေ ၀ယ်လို့ရသည်… အဲ့ဒီငွေတွေနဲ့.. အဲ့ဒီငွေတွေနဲ့….

ဟာ…. လောဘတွေ လောဘတွေ… မနက်ကအထိတောင် ကျွန်တော့် နှလုံးသွေးနဲ့ ထပ်တူ ချစ်နေဆဲ ခံစားချက် အပြည့်အနှက်ဆွဲထားတဲ့ ကားလေးကို… ကျွန်တော့် လောဘက ထုတ်ရောင်းဖို့ ဆွယ်နေပါလား…. မဖြစ်နိုင်ဘူး… အဲ့ဒီကားလေးက ကျွန်တော့် ဘ၀အလှည့်အပြောင်း လက်တွေပြောင်းလို့ ကျွန်တော် ဒီထက်ကောင်းလာရင်တောင်.. ဒီကားလေးက.. မပြောင်းမလဲ ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ကားလေးပဲ…. ဒါပေမယ့်.. တစ်သက်လုံး ဆရာဆီမှာကပ်နေသွားမလားဆိုတဲ့ အတွေးကလဲ ကြိုကြားကြိုကြား ဖြတ်ဝင်လာတတ်သေး… ကျွန်တော့် တစ်ခေါင်းလုံး လွန်ဆွဲတဲ့ ကြိုးတွေ ရစ်သိုင်းလို့နေပြီ… ဆုံးဖြတ်ရခက်နေပါပြီ…

“မင်းစဉ်းစားအုံးပေါ့.. ပန်းချီဆရာအသစ်တစ်ယောက်ကို ဒီဈေးပေးတယ်ဆိုတာ များတော့များတယ်ကွ.. ဒါပေမယ့် သူကတော့ အဲ့ဒီကားကို အတော်ကြိုက်ပုံပေါ်တယ်… မင်းစဉ်းစားအုံးပေါ့..ဆရာကို ဖုန်းနံပါတ်ပေးသွားတယ်.. ရောင်းမရောင် အကြောင်းပြန်ပေးမယ်… ”

ကျွန်တော့် တစ်ညလုံး အိပ်ရေးမ၀ခဲ့ပါဘူး… စိတ်ကူးယဉ်ဆန်ဆန်အိပ်မက်တွေထွက်လာသလို… ပန်းချီကားကို ကျွန်တော့် ဘ၀ထဲကဆွဲထုတ်မယ့် လက်တွေကလဲ အမှောင်ညထဲ တိုးဝင်လာတယ်… ကျွန်တော်နဲ့ ကျွန်တော် မမျှတဲ့ညမှာ ကျွန်တော်ဟာ ရွေရောင်နေ့ရက်များဆိုတဲ့ အ၀ါရောင်တောက်တောက် ပန်းချီကားအရှေ့မှာ တစ်ညလုံးကုန်ဆုံးခဲ့တယ်… အာရုံမရောက်ခင်မှာ အာရုံထဲရောက်လာတဲ့ အတွေးတစ်ခုကြောင့်.. ပန်းချီကားအတွက် သတ်မှတ်ချက်တစ်ခု ကျွန်တော်ကပ်လိုက်တယ်…. “ရောင်းရန်မဟုတ်ပါ”

ဒီကားလေးကို ဆွဲပြီး အိမ်ပေါ်ကဆင်းခဲ့ရသည်… အမှတ်တရတစ်ခုပေါ့… အမေကို တစ်စိတ်တစ်ဒေသ ပေးပိုင်ထားသည်.. ဒီကားကို ဆွဲတုန်းက မရှိသေးတဲ့ ချစ်သူ …. မသိသေးတဲ့ အနာဂတ်ကို ရည်ရွယ်ခဲ့သည်.. ကျွန်တော် တစ်စိတ်တစ်ဒေသ ပိုင်သည်… ချစ်သူ တစ်စိတ်တစ်ဒေသပိုင်သည်… ပိုင်သူတွေခွဲပေးထားပေမယ့် ယူသူမရှိသေး… အသွေးအသားနဲ့ ဆွဲခဲ့တဲ့ကားလေးပါ…. ငွေနဲ့ ၀ယ်ယူလို့မရတာတွေထဲကို ကျွန်တော် ထည့်သွင်းတန်ဖိုးထားခဲ့တယ်… ဒီညမှာ ရွေရောင်တောက်မယ့် နေ့ရက်တွေ မျှော်လင့်ထားတဲ့ ကောင်လေး တစ်ယောက် အရောင်တွေ ပျောက်နေခဲ့သည်….

*********

ပန်းချီကားကိစ္စက မေ့မေ့ပျောက်ပျာက်ဖြစ်သွားပါပြီ… (၀ယ်ချင်သူကိုတော့ မတွေ့လိုက်ရ ဆရာ မရောင်းဘူးဟု ပြန်အကြောင်းကြားလိုက်တယ်လို့တော့ ကြားလိုက်မိတယ် )… ပန်းချီဆရာတစ်ချိုရဲ့ ပညာရှင် အဆင့် ဝေဖန်မှုတွေအောက် ထိုကားလေးက မားမားမတ်မတ်ရပ်တည်နိုင်ခဲသည်အထိ ကောင်းခဲ့တယ်… အားလုံးကတော့ ယူဆကြသည်… ကျွန်တော့် masterpiece ပေါ့ … ကျွန်တော့် တစ်သက်တာ ဒါမျိုးကား ထပ်ရေးဖို့ဆိုတာ ခက်တော့မယ်ဆိုတာ မှန်းလို့ရနေပါပြီ.. ဒါကြောင့် မရောင်းမိလိုက်တဲ့ အတွက်နောင်တ မရမိ… ဆုံးဖြတ်ချက်အတွက် တွေးမိတိုင်းပီတိ ဖြစ်ရတဲ့ကားလေဟာ.. မြင်တာထက် ဆေးစုံတယ်.. မြင်တာထက် တန်ဖိုးရှိတယ် … ထင်တာထက် ကျွန်တော်ရဲ့ သွေးသားတွေပါနေခဲ့တယ်….

အခုဆို ဆရာအိမ်မှာနေလာခဲ့တာ ၁ လကျော်နေပြီ… အခုဆို ကျွန်တော်က ဆရာ့ တပည့်အသစ်တွေကို သင်ရသည်… တပည့်မလေးတစ်ယောက် ရောက်လာတဲ့နေ့ကို သတိရမိတယ်.. သူက ကျွန်တော်နဲ့ အသက် အတူတူလောက်ပါပဲ… ဒါပေမယ့် ကျွန်တော့် ရွေရောင်နေ့ရက်များဆိုတဲ့ ပန်းချီကားကို လက်ညိုးထိုးပြီး… ဒါမျိုးဆွဲတတ်ဖို့ ဘယ်လောက်ကြာမလဲဟင်လို့ မေးလိုက်တဲ့နေ့က ကျွန်တော် အံ့အားသင့်သွားသည်…

“အဲဒီ ပန်းချီဆရာ ကတစ်မျိုးပဲသိလား ၀ယ်မယ်လို့ကြိုက်ဈေးပေးတော့ မရောင်းဘူး”

ပြစ်တင်သံလေးနှင့် သူပြောလိုက်တဲ့ခဏ ကျွန်တော့် မျက်လုံးလဲ ပန်းချီကားထဲရောက်သွားခဲ့တယ်…. ပန်းချီဆရာနေရာမှာ ကျွန်တော်လက်မှတ်မထိုးမိလိုက်… ဒါကြောင့်ဘယ်သူလဲ ခန့်မှန်းရခက်မည့် ပန်းချီကားတစ်ကားပါပဲ… စတိုင်ကို ကြည့်ပြန်လျှင်လဲ ကျွန်တော် မှာ တစ်ကားပဲရှိသေးတာမို့..ဘယ်သူမှ မသိနိုင်… ဆရာကိုလဲ သူမမေးရဲဘူး ထင်တယ်… ဒါကြောင့် ဆရာလက်ထောက် ကျွန်တော့်ကို မေးနေခြင်းလား…. ကျွန်တော် ဘယ်လိုဖြေရမလဲ..

“၀ယ်မယ်ပြောမှပဲ ရောင်းရန်မဟုတ်ပါလို့ စာကပ်တော့တယ်”

“ညီမက ဒီကားကို ဘာလို့ကြိုက်တာလဲ”

ကျွန်တော် အရဲစွန့်ပြီးမေးမိလိုက်ပြီ… သူဝေဖန်မှုကိုတော့ ကျွန်တော် ခံနိုင်ရတော့မှာပေါ့.. ပညာရှင်မဟုတ်ပေမယ့်.. အပြင်လူတစ်ယောက်ရဲ့ ဝေဖန်မှုကိုလဲ ကြားချင်မိသည်… အထူးသဖြင့် ဒီကောင်မလေးရဲ့ ဝေဖန်သံပေါ့… သူက ဒီကားကိုကြိုက်သည်ဟု ပြောနေတဲ့သူ.. ဒါကြောင့် သူ့ခံစားချက်ကြားချင်မိသည်…

“မသိဘူး… ဒါပေမယ့်.. ဒီကားလေးကြည့်လိုက်ရင် ရင်ထဲမှာ တစ်မျိုးပဲ… မပြောပြတတ်ဘူး.. ဘယ်အချိန်ကြည့်ကြည့် အဲ့သလိုခံစားရတယ်”

ကျွန်တော် ကြည်နူးမိပါတယ်.. ကျွန်တော့်ကားလေးကို ခံစားပေးမယ့်လူလို့ မြင်လာမိသည်… ကျွန်တော် ထိုနေ့က စပြီး အဲ့ဒီကောင်မလေးကို သတိထားမိသည်… ရွေရည်တဲ့.. နာမည်နဲ့ ဆင်လို့ ကျွန်တော့်ကားလေးကို သူကြိုက်တာဖြစ်နိုင်သည်… ဘာပဲဖြစ်ဖြစ်ပေါ့.. ကျွန်တော်ကတော့ ပရိတ်သတ်တစ်ယောက်ရလို့ ၀မ်းသာမိသည်…

အဲ့ဒီညက သူကျေနပ်အောင် ကျွန်တော် ရွေရောင်ညနေ ဆိုသော ပန်းချီကားကို ဆွဲဖြစ်တယ်… ၁ ပတ်လောက်အကြာမှာတော့ အဲ့ဒီကားလေးကို ဆရာခွင့်ပြုချက်နှင့် တစ်နေရာတင်လိုက်သည်… ရွေရည် မြင်လျှင် ဘယ်လိုပြောမလဲ သိချင်မိတယ်…. ရွေရည် ၀ယ်မလား… ၀ယ်မယ်ဆိုလျှင် အလကား ပေးမိလိမ့်မည် ထင်သည်… ရွေရောင်နေ့ရက်များကို ဆွဲတာလဲ ကျွန်တော်ပါလို့ ၀င်ခံမိလိမ့်မည်… ထိုနေ့ ရွေရည် အဲ့ဒီ ရွေရောင် ညနေကို ကြည့်နေသည်… ခဏအကြာမှာတော့ …

“အဲ့ဒီ ပန်းချီဆရာ ဘယ်တုန်းကပေးသွားတာလဲဟင်”

သူက ပန်းချီဆရာကိုသိချင်ပုံပေါ်သည်…

“သူက နယ်ကလေ… တစ်ခါတစ်ခါလာရင် တစ်ကားလောက်ပေးတတ်တယ်.. ညီမရော ဒီကားကို ဘယ်လိုသဘောရလဲ”

“ရွေရောင်နေ့ရက်များလိုပဲ လှပါတယ်.. ”

ပညာရှင်မဟုတ်သော သူမ မှတ်ချက်နဲ့ပဲ ကျွန်တော် ၀မ်းသားမိတယ်….သူ့အတွက်ရည်ရွယ်ပြီး ဆွဲခဲ့တာမလား… သူကြိုက်ဖို့အရေးကြီးတယ်…. သူလိုချင်တယ် ၀ယ်မယ်လို့ သူ့နှုတ်ခမ်းပါက ဖွင့်ပြောလျှင် လက်ဆောင်အဖြစ်ပေးလိုက်မယ်လို့ ကျွန်တော် ပြင်နေမိတယ်…. သို့သော်

“ဒါပေမယ့် ရွေရောင် နေ့ရက်များ ဆိုတာကိုပဲ ညီမက ကြိုက်တယ်”

“ဒီကားက ဘာဖြစ်လို့လဲ”

“မသိဘူး.. ခံစားလို့မရဘူး…..”

“အေကွ.. ဒီကားက ခံစားချက်ပျောက်နေတယ်”

ဆရာ မှတ်ချက်တစ်ခုကို ဖြတ်သွားရင်း ပေးသွားသည်… ကျွန်တော်လဲ ပန်းချီကားလေးကို ပြန်ကြည့်မိသည်.. ဟုတ်ပါရဲ့.. ခံစားချက်တွေ ဘယ်ရောက်သွားလဲ….အဲ့ဒီညနေက စလို့ ကျွန်တော် ကားပေါင်းများစွာ စရေးတော့သည်.. ရွေရောင်နေ့ရက်များကိုပဲ ၁၀ ပုံကျော်ခဲ့ပေမယ့် .. အကုန်လုံး မမှီနိုင်တဲ့အဆုံး ချောင်ထိုးပြစ်လိုက်သည်…. ရွေရောင်နေ့ရက်များကို ကျွန်တော် ဘယ်လိုဆွဲခဲ့သလဲ… အဲ့ဒီညကို ကျွန်တော် တစ်ခေါက်ပြန်ခံစားကြည့်လိုက်တယ်…. ဒါပေမယ့် နောက်တစ်ခေါက် ရင်ဘက်နံရံကို လာခေါက်သွား ပြန်ပြီ… “ချစ်သူ” ….. ဟုတ်တယ် ချစ်သူ…. နောက်တစ်ကြိမ် ခံစားချက်အစရောက်လာပေမယ့် ဆက်ခံစားလို့မရ… ရွေရည့် မျက်နှာ က ခဏခဏ ၀င်လာတတ်သည်…. ချစ်သူ… ကျွန်တော် ရေရွှတ်နေမိတယ် …. ရွေရည်….ဟုတ်တယ် ရွေရည်… ကျွန်တော် ရေရွတ်မှုကို အဆုံးမသတ် နိုင်တော့ …. ကျွန်တော် နှလုံးသား တစ်ခုလုံး သူမ မထောင်ထားတဲ့ သူမ မဖြန်ကျက်ထားတဲ့ ကျော့ကွင်းပေါင်းများစွာ မှာ ကျဆုံးနေပါပြီ….

*********

အဲ့ဒီကာလအတွင်းမှာ ရွေရောင်ညနေကို ထိုက်သင့်တဲ့ ဈေးတစ်ခုနဲ့ရောင်းလိုက်ရသည်.. (ရွေရောင်နေ့ရက်များ ဆိုသောကားနှင့်ယှဉ်လိုက်လျှင် အလွန်နည်းသော ငွေဖြစ်သည်… )ကျွန်တော့် ၁ လစာလောက် အေးဆေး ဖူလုံခဲ့တယ်… နဲပါးတဲ့ ကြေးတစ်ခုကို ကျွန်တော် ဘယ်လိုမှ မခံစားမိတော့.. ပန်းချီဆရာတွေ စိတ်မ၀င်စားလောက်အောင် လက်ရာကျနေတဲ့ ကားတစ်ကား ထွက်သွားတာဟာ … ကျွန်တော် အနေနဲ့ ဈေးနိုမ်ခံရတယ်ဆိုတာထက်… ဈေးကောင်းတစ်ခုလို့ ရင်ကော့ပြောချင်နေပေမယ့်… အနုပညာအရ ကျွန်တော် ခါးကျိုးသွားခဲ့ပြီ…. ရွေရောင်နေ့ရက်များနောက်… သူ့လောက် အဖျားမမှီတဲ့ ပန်းချီကားတွေနဲ့ ပဲကျွန်တော်ဟာ တ၀ဲလည်လည် နေ နေမိတယ်…

ကျွန်တော် နောက်ထပ် ရွေရောင် အတိတ် ဆိုတဲ့ကားကို တင်လိုက်ပြန်သည်… သို့သော် ရွေရည်လဲ ခံစားလို့မရ.. ဆရာကလဲ ခံစားချက် မရှိဆိုတဲ့ ဝေဖန်သံများကြားမှာပဲ အဲ့ဒီကားလေး ရောင်းထွက်သွားပြန်သည်…

ကျွန်တော် ၃ လအတွင်း ၂ကားရောင်းထွက်ခဲ့သည်.. ဆရာကတော့ လက်ကို တတ်အောင်လုပ်ဖို့ ငွေနောက်မလိုက်ဖို့တားသည်… ရွေရောင်နေ့ရက်များကို မှီအောင်ဆွဲခိုင်းသည်… ကျွန်တော်ကတော့ တစ်လတစ်ကားရောင်းရဖို့ စိတ်ကူးနေမိတယ်… ရွေရောင်နေ့ရက်များကို မမှီနိုင်တော့ ဟု ဆုံးဖြတ်ထားလိုက်တယ်… ကျွန်တော်မမှီနိုင်တဲ့ ကျွန်တော့် မှတ်တိုင်ကိုအချိန်တိုင်း ကြည့် ကြည်နူးခြင်းတွေ အကြိမ်တိုင်း ရရှိခဲ့တဲ့အထိ အဲ့ဒီကားလေးကို ကျွန်တော် မြတ်နိုးသည်… အခုတော့ ရွေရောင် အနာဂတ်ဆိုတဲ့ ကားလေးကိုတောင် ဆွဲဖို့ ဆိုင်းပြင်းနေမိတယ် .. တော်ရုံ ပန်းချီဆရာတွေတောင် တစ်လတစ်ကားဆိုတာ အင်မတန်အဆင်ပြေနေတဲ့ ပန်းချီဆရာပါပဲ လို့ မှတ်ချက်ပြုရမည်…

မထင်မှတ်တဲ့ တစ်နေ့မှာ ကျွန်တော့် တစ်စုံတစ်ယောက် အတွက် ရည်ရွယ်ထားတဲ့ ချစ်သူဖတ်ဖို့ ဆိုသော ကဗျာစာအုပ်ကလေး ပျောက်သွားသည်…. ပန်းချီ သင်တန်း ပြန်ပြင်တဲ့နေ့ကတည်းက ပျောက်နေတဲ့ ချစ်သူဖတ်ဖို့ ဆိုတဲ့စာအုပ်ကလေး ရွေရည်လက်ထဲမှာ တွေ့လိုက်ရသည်…

“ရွေရည် ဒါကို ဘယ်ကရတာလဲ”

“ဆရာက သူ့အခန်းထဲကတွေ့လို့ ပေးလိုက်တာ”

ဆရာ.. ဟာ .. ဆရာက သူနဲ့မဆိုင်ရင် ကျွန်တော်ကို မမေးပဲ ရွှေရည်ကို ပေးလိုက်ရလား… ကျွန်တော် အပြစ်တင်မိသည်… အခု ရွေရည်… သူဖတ်ပြီး ကျွန်တော့် ကဗျာတွေကို ဟားနေမလား… ကလေး ကဗျာတွေလို့  သူ ဘယ်သူ့မျက်နှာမှ မထောက်ပဲ ဝေဖန်တော့မလား…. ခံစားသူမရှိရင် ကဗျာဟာ တန်ဖိုးမဲ့စမြဲပါလို့ တစ်ချို့ပြောကြတယ်…. ခံစားချက်မတူလို့ ကဗျာဟာ အလကားမဖြစ်ပါဘူး… ကဗျာမှာ သူ့တန်ဖိုးနဲ့သူပါလို့ ကျွန်တော် ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမလား … ဒါပေမယ့် ရည်ရွယ်သူ ခံစားလို့မရရင် အဲ့ဒီကဗျာတင်မက ကဗျာဆရာပါ သေရလောက်တဲ့ ရင်ထဲမှာ နာကျင်မှုခံစားရနိုင်တယ်လို့ ကျွန်တော်ခံယူလိုက်မိတယ်… သူ….. ဘယ်လိုပြော မလဲ….

“ဆရာကတော့ သူ့တပည့်တစ်ယောက်ဟာဖြစ်မယ်ထင်တယ်တဲ့… ဒါနဲ့ ရွေရည် က ခဏလက်ခံပေးမယ်လို့ .. ဟဲ ဟဲ ကဗျာဖတ်ချင်တာနဲ့ ခဏယူထားလိုက်တာ”

ရယ်ပြုံးလေးနှင့်စာအုပ်လေးကို ကျွန်တော့်ထံ ကမ်းပေးတော့ အေးစက်နေပေမယ့် ချွေးစို့နေတဲ့ လက်တစ်ဖက်နဲ့ လက်ခံလိုက်ရင်း

“အကိုလဲ ဖတ်ကြည့်ပါလား ကဗျာလေးတွေက ကောင်းတယ်”

ကျွန်တော် ၀မ်းမြှောက်မိသည်.. ပရိတ်သတ်မရှိတဲ့ မျက်နှာငယ်စာအုပ်တစ်အုပ်ဟာ အဲ့ဒီနေ့က စလို့ အသက်ဝင်လာခဲ့သည်… အသက်ရှုချောင်သွားသည်.. ချစ်သူမရှိခင် ချစ်သူအတွက်ရေးခဲ့တဲ့ ကဗျာစာအုပ်ဟာ.. အခုတော့ အမှတ်တရတစ်ခု အဖြစ်သူ အသွင်ပြောင်းခဲ့ပြီ.. ကဗျာစာအုပ်လေး အရောင်တွေ စုံလာပြီ….

“မဖတ်တော့ပါဘူး…”

“ကဗျာ ၀ါသနာမပါလို့လား… ဒီထဲက ကဗျာတွေက လှတယ်နော်… ရွေရောင် နေ့ရက်များဆိုတဲ့ ပန်းချီကားလေးနဲ့ လိုက်တဲ့ တစ်ပုဒ်တောင်ပါသေးတယ် ”

“ခဏလေးစောင့် နော်”

ကျွန်တော် အခန်းထဲ ပြန်ဝင်သွားပြီ…. ခြေလှမ်းတိုင်း မြေနဲ့များထိရဲ့လားလို့ သံသယဖြစ်မိတယ်… ကျွန်တော် သူ့မ ချိုသာတဲ့စကားသံ အကြားမှာ အပျော်ကြီး ပျော်နေမိတယ်…

ပန်းချီကားတစ်ခု ကို ရွေရည်ကိုပေးလိုက်ရင်း

“ရွေရည့်အတွက် လက်ဆောင်…”

ရွေရည် ၀မ်းသာအားရဖောက်ကြည့်လိုက်ပြီး … အံ့သြမှုတွေကြောင့် သူမျက်နှာတစ်ခုလုံး ၀င်းလတ်သွားသည်…

“ဒါ…..”

“ဟုတ်တယ်.. ဒါရွှေရည် ပုံတူပဲ……”

“ရွေရည် လဲ မော်ဒယ်မထိုင်လိုက်ရပါဘူး.. ဒါဘယ်လိုလုပ်….”

မော်ဒယ် ထိုင်စရာမလိုလောက်အောင် ရွေရည်အကြောင်း ရင်ဘက်တစ်ခုလုံးနဲ့ ပြည့်နေတဲ့အကြောင်း ရင်ဖွင့်ပြီး အဆုံးမှာ ကျွန်တော့် ဘ၀တစ်မျိုးပြောင်းသွားခဲ့ပါတယ်….

ဟုတ်ပါတယ်.. အဲဒီနေ့ကတည်းက စလို့ ကျွန်တော့်ဟာ ရွေရောင်အနာဂတ်ဆိုတဲ့ပုံကို လူတိုးဆွဲလိုက်ရတယ်… ကျွန်တော် ပျော်မဆုံးပါဘူး.. အိမ်မရှိတစ်ကောင် ကြွက် ပန်းချီဆရာ ပေါက်စတစ်ကောင်ကို လက်ခံရဲတဲ့ ရွေရည်ကို ကျွန်တော် တစ်သက်လုံး လက်တွဲဖို့အထိရည်ရွယ်နေမိခဲ့ပါတယ်… ကျွန်တော် အိပ်မက်တွေ မက်နေမိခဲ့တယ်…. ကျွန်တော် စိတ်ကူးတွေယဉ်နေမိခဲ့တယ်….

ကျွန်တော့် ဘ၀ကတော့ အမြင့်မဟုတ်ပေမယ့် ငြိမ်နေတယ်ဆိုတာတော့ သတိထားမိလိုက်တယ်… မပြည့်စုံပေမယ့် လိုအပ်ချက်တွေနဲလာတယ်… တစ်လကို တစ်ကားနှုန်းလောက်ရောင်းရမြဲ ကျွန်တော့် ကံကို ဆရာကိုယ် တိုင် ချီးကျူးလိုက်ရသည်…


*********

အခုဆို ကျွန်တော်ဆရာအိမ်မှာ နေခဲ့တာ ၈ လလောက်တောင်ရှိနေပြီ… ပန်းချီကား ၅ ကားရောင်းရသည်… နောက်ထပ် ကားအသစ်ဆွဲဖို့ တာဆူနေမိသည်… ရွေရောင် ကားတွေကြားက ရုံးထွက်ချင်နေမိသည်.. စိတ်ကူးအောက်က ပန်းချီကားတွေကို ကျွန်တော်လိုသလို ဆွဲခေါ်ချင်သည်.. ရွေရောင်နေ့ရက်များဆိုတဲ့ ဘောင်ထဲ ကျွန်တော် နေခဲ့တာ ၁ နှစ်ပါးရှိနေပြီ…. ကျွန်တော်ကိုယ်တိုင် ကျွန်တော့် ဆွဲတဲ့ ပန်းချီကားအောက်မှာ အတုံးအရုံးမဟုတ်ပါလား… မမှီနိုင်တဲ့ကား လို့ ဆင်ခြေ ခပ်ပေါ့ပေါ့တွေနဲ့ ကားကောင်းတွေဆွဲဖို့ ပတ်ပြေးနေတဲ့ စိတ်တွေကို ပြန်စုစည်းချင်ပြီ… အရင်လို စိတ်ကူးနဲ့ ရူးပြီး စိတ်ကူအောက် မြူးတဲ့ကားမျိုးတွေကို ကျွန်တော် သဘောကျသည်…. ဘာကားဆွဲရင်ကောင်းမလဲ

“အမေ”

ဆရာက တစ်ခွန်းထဲပြောလိုက်သည်… ကျွန်တော် ရင်နင့်သွားသည်… အမေ… အဲ့ဒီအသံ တစ်ခုကြောင့် ရင်တစ်ခုလုံး ကြေမွှသွားရသည်… ကျွန်တော် အိမ်က ထွက်လာတာ ၉ လလောက်ပြည့်တော့မည်.. အမေဆီက အကြောင်းကြားသံ အမေ့သတင်းမကြားရသေး.. အမေ အတော်နေနိုင်သည်… အမေကျွန်တော့်ကို တကယ် စွန့်ရက်ပြီလား….

“မင်းအမေဆီ မပြန်သေးဘူးလား”

“ကျွန်တော် မပြန်ချင်သေးဘူး.. အမေ ကျွန်တော်ကို သတိတောင်ရမှာ မဟုတ်ဘူး”

“မင်းကွာ အမေနဲ့ မာနပြိုင်စရာလားကွ… မင်းလူလောကထဲကို ဘယ်လိုရောက်လားမလဲတောင်မသိဘူး မင်းကို ၀မ်းနဲ့လွယ်ခဲ့တာ မင်းကတော့ အမေအပြင်မှာ သက်ရှိထင်ရှားရှိနေတာတောင်မှ ဂရုမစိုက်ဘူး”

“ဟုတ်တယ် အကို အမေ့ဆီကိုတော့ ပြန်သင့်တယ်… အမေက လက်မခံဘူးဆိုတာ မရှိလောက်ပါဘူး”

ရွှေရည် အကြံပြုချက်တစ်ခုကိုလဲရလိုက်သည်.. တွေဝေနေမိသည်.. ကိုးလ… ဒီကိုးလလုံးလုံးကျွန်တော့် သတင်းဆရာဆီကတောင် အမေ မမေးခဲ့… ကျွန်တော် ဘယ်လိုဖြစ်နေပြီလဲ အမေလှည့်မကြည်… ဒီ ကိုးလ… ဒီ ကိုးလ… .ဟုတ်တယ် ကိုးလ …. အမေ ကျွန်တော့်ကို ၀မ်းနဲ့လွယ်ခဲ့တာလဲ ကိုးလပါပဲ… အမေ ကျွန်တော်ကို ကျွန်တော်မှန်းမသိခင်ကတည်းက ဂရုစိုက်ခဲ့တဲ့ သားဟာ… အမေ့ကို အမေမှန်းမသိတဲ့ကောင်….

“အကို အမေနေကောင်းမကောင်းမသိချင်ဘူးလား”

“ရွေရည် ကို့အမေကိ သိလို့လား”

“ဘ၀ လက်တွဲဖော်တစ်ယောက်ကို ရွေရည် ပေါ့ပေါ့သဘောမထားဘူး… အကို့အမေ ရွေရည်ဆီလာတွေဖူးတယ်…”

“ဟင်.. သူဘာလာလုပ်တာလဲ…”

“အကို့ကို ဂရုစိုက်ဖို့ပေါ့”

“အမေ……”

ကျွန်တော် မျက်ရည်တွေ စီးကျလာပြီ… မတားဆီးနိုင်တော့ အမေ…

“ရွေရည် ဒါတွေဘာကြောင့် စောစောက မပြောတာလဲ….”

“မင်းကို မသိစေချင်လို့ မင်းလုပ်ချင်တာတွေ စိတ်တိုင်းကျလုပ်နိုင်ဖို့ပေါ့ကွ မင်းအမေမပြောခိုင်းတာ”

ဆရာအစားဝင်ဖြေကတည်းက သဘောပေါက်လိုက်ပါတယ်… အမေဟာ ကျွန်တော်ကလွဲရင် ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော့် စိတ်ကြိုက်ဖန်တီးပေးခဲ့တယ်… အမေ… ကျွန်တော့် ခေါင်းထဲက တီးတိုးသံတွေ ထွက်လာတယ်… အားလုံး ကျွန်တော့်ကို အပြစ်တင်တဲ့ အသံတွေပါပဲ… ရွေရောင်နေ့ရက်များဆိုတဲ့ တစ်ကားကောင်း ဘ၀နဲ့ ကျေနပ်နေတဲ့ ကျွန်တော်ကို … အမေ ဟာ အရောင်တွေ ထိန်းပေးနေခဲ့တယ်…. တကယ်တော့ အမေ့မေတ္တာ ဆေးစက်တွေနဲ့ ကျွန်တော်ဖြစ်ခဲ့တယ်… ကျွန်တော် ရွေရောင်တောက်ခဲ့တာ အမေ့ စုတ်ချက်တွေပါလား … ကျွန်တော် အသိနောက်ကျပြီလား…. အမေရော…..

ကျွန်တော် ပြောမနေတော့ပဲ ပြခန်းထဲက ပြေးထွက်လာမိတယ်… အမေ.. အမေရော နေကောင်းရဲ့လား… အမေကို ဘယ်သူတွေ ဂရုစိုက်ကြလဲ… ဒီကိုးလ.. ကျွန်တော် အမေ့ကို မေ့ထားမိလိုက်တယ် မာနတွေကြောင့် အမေ့ကို သတိမေ့ချင်ယောင်ဆောင်နေခဲ့တယ်.. အမေ့သတင်းကို မမေးမိဘူး… အမေ့ဆီ ငွေလဲမပို့ စာလဲ မပို့ .. ဖုန်းလဲ မဆက်… ကျွန်တော်မိုက်မိပြီ အမေ…..

ကျွန်တော်မောနေပေမယ့် မရပ်ချင်တော့ အမေ့ဆီအရောက်ပြန်ရမယ်… အမေ့ရှေ့မှာ အမေ ကျေနပ်လောက်အောင် တောင်းပန်ရမယ်… အမေ……..

အမေ….

အမေ……..

ကျွန်တော် မျက်ရည်စတွေ ချွေးစက်တွေနဲ့ ရော်ယှက်လျှက်ပါပဲ.. အိမ်ရှေ့ကို ကျွန်တော်ရောက်နေခဲ့တယ်… “အမေရေ ” လို့ လှန်းအော်ခေါ်တတ်တဲ့ ကလေး ဘ၀ကို သတိရမိတယ် .. အခုတော့ ခေါ်ဖို့အား မရှိတော့သလို.. မခေါ်ရဲ… “အမေရယ်.. သားကိုခွင့်လွတ်ပါ” တိုးညင်းစွာ ရေရွတ်မိတယ်….

တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ခြံထဲကို လှမ်းလာမိတယ်… တံခါးကို မခေါက်ရဲတော့ ကျွန်တော် တွေဝေစွာ အကြာကြီးရပ်နေမိတယ်.. မှားခဲ့တဲ့နေ့ရက်တွေကြောင့် ကျွန်တော် ပြိုကျသွားခဲ့တယ်.. အမေ့အိမ်တံခါရှေ့မှာ ဒူးထောက်ရက်ပါပဲ… အမေမျက်နှာ.. အမေ့ အပြုံးတွေ… ပန်းချီကားတွေ… ကဗျာတွေ.. နောက် ငွေတွေ.. နောက် .. နောက် .. နောက်… အတွေးတွေ စီးမျောဝင်လာပြန်တယ်…

“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ”

အမေ့အသံ…. ဒေါသတွေကြားထဲက အမေ့ဂရုနာသံ… ကျွန်တော့် ရင်တစ်ခုလုံး နွေးထွေးသွားမယ့် အမေ့အသံ….

“ကျွန်တော်ကို ခွင့်လွတ်ပါအမေ……”

အမေ့ခြေအစုံကိုဖတ်ရင် ကလေးတစ်ယောက်လို ကျွန်တော်ငိုလိုက်မိတယ်…

“ငါ့သားက ဒီလို အရာရာကို ဒူးထောက်ဖြေရှင်းတတ်တဲ့သူမဟုတ်ဘူး…. ငါ့သားက သူဖြစ်ချင်တဲ့ ဆန္ဒကို အရှုံးမပေးပဲ လုပ်တတ်တဲ့သူ…”

စကားသံအဆုံးမှာ အမေ အိမ်ထဲဝင်သွားတယ်.. အမေ့မျက်နှာကို ကျွန်တော် ခိုးကြည့်မိသည်… မျက်ရည်တွေမကျပေမယ့် ရစ်ဝဲနေတဲ့ အမေ့မျက်ဝန်းကြောင့်.. ကျွန်တော် ကို ကျွန်တော် ခွင့်မလွတ်နိုင်တော့… ကျွန်တော်.. အမေနောက်ကနေ ခွင့်လွတ်ဖို့ တစ်ခွန်းပြီး တစ်ခွန်းရေရွတ်နေမိတယ်… အမေ ကျွန်တော့် အခန်းတံခါးကို ဖွင့်ပြီး လက်ညိုးညွန်ပြလိုက်တယ်… ကျွန်တော် ကို လက်ခံတယ်လို့ ကျွန်တော်ထင်နေမိတယ်... ကျွန်တော်ဟာ အမေ့ ဘ၀အတွက် masterpiece ဖြစ်စေရမယ်အမေ… အမေ့ ဆေးစက်အောက်မှာ အမေမွေးခဲ့တဲ့ သားဟာ…. အမေ ပြောခဲ့တဲ့ “ စိတ်ကူးယဉ်သမား ” ဆိုတဲ့ သားဟာ အမေ့ ရွေရောင်နေ့ရက်များ ဖြစ်စေရပါမယ် အမေလို့ ကတိတွေ တတွတ်တွတ်ပေးနေမိတယ်…

“သားအတွက် အမေဂုဏ်ယူနေတယ် သား…”

အမေ့လက်ညိုးညွန်ရာကို ကျွန်တော်ကြည့်လိုက်တော့…. ကျွန်တော်အခန်းနံရံမှာ ကျွန်တော်ငယ်စဉ်က ဆွဲဖူးတဲ့ကားလေးတွေ.. အဲဒီကြားထဲမှာ…. လွန်ခဲ့တဲ့ ၉ လအတွင်း ရောင်းလိုက်တဲ့ ပန်းချီကားလေး ၅ကား …..….



ပြီးပါပြီ။ ။




တစ်ခါတုန်းက.......




၅နာရီ ၄၅ မိနစ်

အလုပ်က ပြန်လာကစ မို့ အနည်းငယ် ပင်ပန်းနေပေမယ့်.. အိပ်ရောက်ပြီဆိုတဲ့ အသိတစ်ခုကြောင့် ပင်ပန်းတာတွေမေ့ကုန်တယ်... ထိုင်ခုံမှာ ခြေပြစ်လက်ပစ်ထိုင်ချလိုက်ပြီး နာရီကို တစ်ချက်ကြည့်လိုက်တယ်... ၆ နာရီထိုးဖို့ ၁၅ ... ဒါ သူ ပုံမှန် အိပ်ပြန်ရောက်နေကြ အချိန်ပဲ... ဒါကြောင့် ထုံးစုံအတိုင်း သူ စောင့်ရအုံးမယ်.... အချိန်ဆိုတာ စောင့်နေတဲ့အခါ ပိုနှေးနေသလိုပဲ... ၁ မိနစ်လောက်ကို တစ်နာရီလောက် စောင့်နေရတယ်လို့ သူထင်နေတယ်....

၆နာရီ ၁၀မိနစ်

ထုံးစံအတိုင်း သူမျှော်လင့်နေတဲ့ အသံကြားရပါပြီ... ထမင်းစားခန်းမှ ထမင်းပွဲတွေပြင်နေတဲ့ အသံ.... အဲ့ဒီအသံတွေကြားရင် ဟိုးအရင်တုန်းက အချိန်တွေကို သူသတိရလာတယ်.... အလုပ်က ပြန်ရောက်တိုင်း... မေရေ.. မောင်ပြန်ရောက်ပြီ လို့ သူ နှုတ်ဆက်ရတဲ့ အချိန်တွေကို သတိရတယ်... ပင်ပန်းလာတဲ့ အခါတိုင်း ချိုသာတဲ့ စကားတွေနဲ့ သူ့အမောတွေ ဖြေပျောက်သွား ရတဲ့ အရင်တုန်းက အချိန်တွေကို အမှတ်ရလာတယ်... ပြန်တွေးရင်း အမှတ်တရတွေကို ငေးရင်း သူ့မျက်လုံးမှာ မျက်ရည်တွေ ကျလာတယ်.... အခုတော့ ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေနဲ့ပဲ သူကျေနပ်နေရတယ်....

၆နာရီ ၂၀မိနစ်

ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေ တိတ်သွားတဲ့နောက်.... သူ အားရပါးရ ငိုလိုက်တယ်.... နှုတ်ကလဲ မေရယ် လို့ တမ်းတရင်းပေါ့....

"မေရယ်.. ဒီအိမ်ထဲမှာ မေရှိနေတယ် ဆိုတာ မောင်သိပါတယ် ခဏလောက်တော့ ထွက်လာပေးပါ"
ပြောရင်းဆိုရင်း သူ ကလေးတစ်ယောက်လို ငိုကြွေးနေပြန်တယ်...

"မောင် မှားခဲ့ပါတယ် မောင်တွေဝေ မနေသင့်ဘူး.... မောင့်ကို ခွင့်လွတ်ပါ....."

အသံတွေ ဆို့နင့်ကျေကွဲစွာနဲ့ သူ ငိုနေခဲ့တယ်.... အတွေးထဲမှာ ပူလောင်တဲ့ အတိတ်တစ်ခု က ပေါ်လာတယ်.. အတိတ်ဆိုးကို သူ ဖြေဖျောက်ဖို့ ကြိုးစားပေမယ့် မရ.... အဲ့ဒီနေ့က အဖြစ်အပျက်တွေကို သူ အသေအချာတော့ မမှတ်မိတော့... မီးတောက်တွေကြားက အိမ်လေးကို မြင်ယောင်လာတယ်... တားထားတဲ့လူတွေကြားက သူရုန်းထွက်ဖို့ ကြိုးစားတယ်.... အရာရာဟာ မီးခိုးတွေနဲ့ ပိန်းပိတ်နေသလိုပဲ... ဒါပေမယ့် အဲ့ဒီ မသေချာတဲ့ အတိတ်ဆိုးက အခုအချိန်ထိ သူ့ကို ခြောက်လှန့်နေခဲ့တယ်...

"ဟုတ်ပါတယ် မေရယ်... မောင်မီးတွေကို မကြောက်နေသင့်ဘူး.... ဘယ်သူတွေ ဆွဲထား ဆွဲထား မောင် ၀င်ကယ်သင့်တယ် မလား... မောင့်ကို ခွင့်လွတ်ပါကွာ... မောင် သူရဲဘောကြောင် ခဲ့တာပါ... မောင့်ကို ခဏလောက်ဖြစ်ဖြစ် ကိုယ်ထင်ပြပါ...."

"မောင့်ကို ခွင့်လွတ်ပါ.... ခွင့်လွတ်ပါကွာ......"

ရေရွတ်နေရင်း သူ့ အသံတွေ တိမ်မြုပ်သွားတယ်.... နံရံမှာ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေကို ကြည့်နေမိတယ်... လူလောကထဲ မရောက်လာသေးတဲ့ ကိုယ့်ရဲ့ သွေးကို လဲ တောင့်တနေမိတယ်... အရောက် နောက်မကျပေမယ့်... တားဆီးထားတဲ့ လူတွေကြားက ရုန်းမထွက်နိုင်တဲ့ အဖြစ်အပျက်ကို သတိရတယ်... သူသာ ၀င်ကယ်ခဲ့ရင် သူ့ဇနီးနဲ့ ရင်သွေးဟာ ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရဘူးလို့ သူခံယူထားတယ်....

ပြန်သတိရတဲ့ အချိန်မှာ သူဆေးရုံရောက်နေတယ်... သှူ သတိရရခြင်း ဘယ်သူမှ မသိအောင် အိမ်ပြန်လာတော့... အိမ်လေးဟာ ဟိုးအရင်လို အရောင်တွေ ပြန်တောက်ပနေတယ်... သူ ဘယ်လောက်ကြာအောင် သတိမေ့နေခဲ့လဲ ဆိုတာ သူမသိ... အရာရာဟာ အိပ်မက်လိုပဲလား... ဒါပေမယ့် တကယ့်လက်တွေ့မှာ သူ့အိမ်ငယ် ဒါမှမဟုတ် သူ့ဘ၀မှာ သူမ ဆိုတာ ထမင်းပွဲပြင်သံလေးက လွဲရင် ခေါ်မကြား အော်မကြား... တစ်ယောက်တည်း နေရတော့မယ်လို့ သိတဲ့နောက်မှာ... အရင်က ခြောက်သွေ့လွန်းတယ်လို့ ထင်ခဲ့တဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ သူဟာ နေသားကျလာတယ်... ခြံချင်းကျော်ခေါ်ပြီး သူ ဘယ်သူ့ကို မှ စကားမပြောတော့ဘူး... တိတ်ဆိတ်လွန်းတဲ့ သူ့ပုံမှန်ဘ၀လေးမှာ သတိရခြင်းများစွာနဲ့ သူနေ နေခဲ့တယ်...

ညနေ အလုပ်က ပြန်လာတိုင်း ထမင်းစားပွဲက အသံလေးတွေ သူ တိတ်တဆိတ်နားထောင်နေတတ်တယ်.. နားထောင်မိတိုင်း အခုလိုပဲ ငိုကြွေးနေရတယ်.... မျက်ရည်တွေ ... ရည်ဝေတဲ့ အကြည့်တွေနဲ့ ငေးရင်း သူခဏအိပ်ပျော်သွားတတ်တယ်...

၈ နာရီ

ထုံးစံအတိုင်းပါပဲ ဒီအချိန်ဆို သံပတ်ပေးစရာမလိုပဲ သူနိုးထ နေကြပါ... နံရံမှာ ချိတ်ဆွဲထားတဲ့ တယောလေးကို ယူပြီး... သူခြံထဲ ဆင်းသွားတယ် အရင်လို နှစ်ယောက်သားထိုင်နေကြ ဒန်းလေးကို မြင်တော့ မထိုင်ရက်... ဒန်းလေးနားရောက်တော့ ကလေး ငိုသံသဲ့သဲ့ သူကြားတယ်.. မမြင်ရသေးတဲ့ ကလေးငယ်ကို တမ်းတရင်း မျက်ရည်တွေ စို့နင့်လာပြန်တယ်... ဒန်းငယ်ကို ကြည့်ရင်း ပိုဝမ်းနည်းလာတယ်... ဒန်းလေးရဲ့ဘေး ခရေပင်အိုကြီး အောက်မှာ ထိုင်ရင်း တအီအီနဲ့ ကြွေကွဲ ဆို့နင့်နေတဲ့ သံစဉ်လေးတစ်ခုကို သူထိုးနေခဲ့တယ်...

"မေရှိတယ် ဆိုတာ သိတယ်... နားထောင်ပါဦး မေရယ်.. တစ်ယောက်တည်း မပျင်းရအောင် ညတိုင်း တယောလေး ထိုးပြမယ်.... မေ တစ်ယောက်ပဲ သိတဲ့ သံစဉ်ပါ... ကြားတဲ့အခါ သီချင်းလေး ဆိုပြပါဦးမေရယ်"

သူမျက်ရည်တွေ ထပ် ထပ် ကျလာပြန်သည်...

....................................

ကြေကွဲ ဆို့နင့်ဖွယ် တယောသံက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်နေတယ်...

"မေမေ.. ဒီအချိန်ဆို တယောသံ ကြားရတယ်နော်"

"အင်း" တယောသံကို နားစွင့်ရင်း သူမ ဖြေလိုက်တယ်

"ဘယ်အိမ်ကလဲ မသိဘူးနော်"

"အင်း.. " တယောသံထဲ သူမ နှုစ်မြုပ်နေတယ်.... အဲ့ဒီ တယောသံက ညတိုင်း သူမ ရင်ကို နင့်အောင် ၀မ်းနည်းအောင် လုပ်နေကြပါပဲ....

"ခရေပင်ကြီးနားကလား မသိဘူးနော်"

"မဟုတ်လောက်ပါဘူး သားရယ်.. ဒီ ခြံမှာသားနဲ့ မေမေပဲ ရှိတာပဲ..."

"ဟင်... မေမေ ဘာလို့ ငိုနေတာလဲ"

"မဟုတ်ပါဘူး သားရယ် မျက်စိထဲ ဖုန်ဝင်သွားလို့ပါ...."

မျက်ရည်တွေကို ကပြာကယာသုတ်လိုက်ပြီး... သားငယ်ကို ပြုံးပြလိုက်တယ်....

"မေ့မေ့ မျက်နှာမှာ မီးလောင် ဒဏ်ရာတွေ မရှိရင် အရမ်းလှမှာပဲနော်...."

"အင်း...." သူမ တယောသံကို သာ နားစွင့်နေမိတယ်... သီချင်းတစ်ပုဒ်ကို တီးတိုး ညည်းတွားနေမိသည်.....


ပြီးပါပြီ.....



ခရေတွေ.....



တကယ်ဆို... လို့ စလိုက်ပြီး ကျွန်တော်ကဗျာရေးမလို့ ဟန်ပြင်လိုက်တယ်... ကျွန်တော့် လက်တွေ အရင်လို ကီးဘုတ်ပေါ်မှာ ပြေးမနေတော့ဘူး..... ကျွန်တော့်အတွေးတွေ ရပ်ဆိုင်းနေတယ်.... လက်တွေ တုန်ရီလာတယ်... ကျွန်တော် စိတ်မလှုပ်ရှားပါဘူး.... ၀မ်းနည်းတာပါ... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် အလှဆုံးဆိုတဲ့ ကဗျာတွေ ကျွန်တော့် နှလုံးသားက မသီကုံးပေးတော့ဘူးလား.... ကျွန်တော် ဦးနှောက်ကို စေခိုင်းခဲ့တယ်... သူ မငြင်းဆန်ပေမယ့် .. ကျွန်တော် ငြင်းဆန်ခဲ့တယ်.. နှလုံးသားနဲ့ ချစ်တဲ့ ချစ်သူအတွက်.. နှလုံးသားက ကဗျာပဲပေးမယ်လို့ ....

ချစ်သူသွားတဲ့နောက် တစ်ကောက်ကောက် လိုက်ခွင့်မရှိတဲ့ နှလုံးသားဟာ ကုန်ကြမ်းမရှိပဲ ကဗျာလှလှလေးပေါင်းများစွာ မွေးဖွားဖူးတယ်... ဘယ်လောက်ပဲလှလှ ချစ်သူရဲ့ ဝေဖန်ချက်အဆုံးမှာ ကျရှုံးသွားတာပဲ... သူမရီနေတယ်... ကျွန်တော် ပြုံးပြတယ်... ကျွန်တော့် နှလုံးသား ငိုနေတယ်....
သူ့ချီးကျူးသံ အဆုံးမှာ ကျွန်တော့်နှလုံးသား မြူးရတာတွေလဲ ရှိခဲ့တယ်.... ပျော်ရွင်မှု ၀မ်းနည်းမှု မျက်ရည်စ.. ဒဏ်ရာ.. ဘာတွေပြောင်းပြောင်း ... ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာတော့ မပြောင်းခဲ့ဘူး....

အတိတ် ပစ္စုပ္ပန် မှာပဲ ပျော်နေရင်း .. သူအတွက် ခရေတစ်ကုံးသီကုံးမိတယ်.... တိမ်ညိုတွေ မှိုင်းတဲ့ဒီနေ့မှာတောင်.. သူကို သတိရမိတယ်... ခရေတွေသီနေတယ်... ကျွန်တော့်အတွေးတွေ အတိတ်ကိုမှီလိုက်မိတယ်....

ငှက်ကလေးတွေ ကောင်ကင်ပျံတက်သွားတဲ့ခဏ
ဝဲကျသွားတဲ့ သူ့ဆံနွယ်ဖျားမှာ
ကျွန်တော့် အိပ်မက်လေးတွေသီထားတယ်.....

စကားတစ်ခု သူနှုတ်ဖျားအတွက် သယ်ဆာင်လာတဲ့ခဏ
ပျံ့လွင့်သွားတဲ့ သူ့ရယ်သံလွင်လွင်ထဲ
ကျွန်တော်မျှော်လင့်ခြင်းတွေ စီးမျောလိုက်တယ်.....

တစ်ချိန်က သူ့ရှေ့ ရွတ်ပြခဲ့တဲ့ ကဗျာလေးရဲ့ အစပိုင်းလေးတစ်ခု... ကျွန်တော်နောက်တစ်ခေါက် အဲ့ဒီနေ့ထဲ စီးမျောကြည့်တယ်... အရူးအမူးပါပဲ... သူ့ဆံနွယ်ကြားကို လက်ဖျားလေးနဲ့ကိုင်ခွင့်ရတဲ့ ခဏ... ရနံ့တစ်ခုရဲ့ နှစ်သိမ့်မှုမှာ ကျွန်တော် ငြိမ်သက်စွာ ရူးခဲ့ရဖူးတယ်... ကမ္ဘာဦးမဟုတ်ပေမယ့်... ကျွန်တော့် စိတ်ထဲမှာ သူရယ် ကျွန်တော်ရယ် နှစ်ဦးပဲရှိတယ်လို့ ထင်နေတယ်... ကျေးငှက်တွေ တီးတိုးပြောသံတွေ ဘာသာပြန်စရာ မလိုပေမယ့်... ... သူမအကြောင်းပဲဖြစ်မှာပါပဲ... လို့ သိလိုက်တယ်....

အေးနေတဲ့ သူ့လက်ကလေးကို ကျွန်တော့် လက်နွေးနွေးနဲ့ ဆွဲကိုင် ပြီး တစ်နေကုန် လက်ကိုလွဲ လျှောက်သွားခဲ့တယ်... နွေးထွေးမှုတွေကူး သူနဲ့ပျော်မြူးခဲ့တဲ့ နေ့ရက်က မေ့မရနိုင်တော့ဘူး... ကျွန်တော့် မျော်လင့်ခြင်း သူ့လက်ထဲကို အပ်နှင်းလိုက်ပါပြီ... မပိုင်သေးပေမယ့် ဆိုင်နေခွင့်လေးတစ်ခု.. ကျွန်တော့် တစ်ဘ၀လုံး စိတ်တောင်မကူးဖူးတဲ့ ကြည်နူးမှုနဲ့ နေထိုင်လို့ရနေပါပြီ...

မိန်းမောစရာအတွေးတစ်ခု
ပန်းဆက်သတဲ့
မြူဆိုင်းတဲ့ မနက်တိုင်းမှာရှိတယ်
ရင်ခွင်ထဲ သူတိုး
သူ့ဆံနွယ်ကြားမှာ မှီနေတဲ့
ကျွန်တော် သီပေးတဲ့ ခရေရနံ့အိုးမှာ
မရိုးတဲ့ ဇာတ်သိမ်းတစ်ခု
အကြိမ်ကြိမ်တွေးကြည့်ဖူးတယ်....

ခရေပန်းကုံတွေနဲ့အတူ ပေးလိုက်တဲ့ ကဗျာအပိုင်းအစတစ်ခု... သူဖတ်ပြီး အဓိပ္ပါယ်အပြည့် ရှိတဲ့ ရီဝေတဲ့ မျက်ဝန်းညို အကြည့်အောက်မှာ ကျားတစ်ကောင် ကြောင်တစ်ကောင်ထက် ငြိမ်ကျသွားခဲ့တယ်.... ကျွန်တော် မြတ်နိုးတဲ့ သူ့ဆံနွယ်လေးကြား ခရေပန်းလေးကို နေရာပေးခဲ့တယ်... မွေးပျံတဲ့ ရနံ့တွေနဲ့ အဲ့ဒီနေ့က ထုံမွန်းနေခဲ့တယ်... ရူးသွပ်မှုက အတိုင်းအစ မရှိခဲ့ပါဘူး... ချစ်သူနှစ်ဦးတို့ နေပူပူအောက်မှာ ရင်ဖိုအောင် ပျော်ခဲ့ ကြတယ်....

ထပ်တူမကျသေးတဲ့ အနာဂတ်စိတ်ကူးနှစ်ခုကို အနီးစပ်ဆုံး ဘောင်ခတ် ကြည့်လိုက်တယ်... ရည်မှန်းချက်တွေ ဆုံမှတ်တစ်ခုကနေ ဖွာထွက်နေပေမယ့်... အပြုံးမပျက်ခဲ့ပါဘူး... တူညီတဲ့ ဆန္ဒတစ်ခုကြောင့် ကျွန်တော့်တို့ အနာဂတ်ဟာ အလှမပျက်ခဲ့ဘူး... မျော်လင့်ထားတဲ့ မိသားစု တစ်ခုဆိုတာ သူရယ် ကျွန်တော်ရယ်က အစပြုမယ်ဆိုတဲ့ ကတိတစ်ခု ကြောင့် လက်ဖ၀ါးခြင်းထပ် ဆက်လျှောက်ရမယ် နောက်နေ့တွေ အတွက် အားအင်တွေဖြစ်ခဲ့တယ်... ကျွန်တော့် နှလုံးသားတောင် မိန်းမောသွားတဲ့ အဲ့ဒီ နေ့မှာ ကျွန်တော် ထင်တာထက်တောင် ပျော်နေခဲ့ပါတယ်....

တက်လာတဲ့ ဖဲတစ်ချက်အောက်မှာ
ဘ၀တစ်ခုလုံး ပြားပြားဝပ်သွားတယ်
အမှားမရှိတဲ့ အဖြေတစ်ခုအပြီးမှာ
အဲ့ဒီပုစ္ဆာ အပယ်ခံလိုက်ရတယ်....
အတိတ်ကြားမှာ ပန်းပျိုးနေတဲ့ကောင်
မုန်တိုင်းသတင်းတစ်ခုမှာ ရူးသွားတယ်....

ခဏခဏ မူးမိုက်လွန်းတဲ့ ကျွန်တော်.... ဦးနှောက်က ကျွန်တော်လားရာနဲ့ ဆန့်ကျင်နေခဲ့တယ်.... သူစတဲ့ မေးခွန်းတစ်ခုကို သူကိုတိုင်ပဲ ဖြေပြသွားခဲ့တယ်... ကျွန်တော်မငြင်းသာခဲ့ဘူး... ဦးနှောက်ခေါ်ဆောင်ရာနောက် လိုက်သွားခဲ့တယ်... ငြင်းဆန်ခွင့်မရှိခဲ့ဘူး ... ဓါတ်မှန်တစ်ခုက စတဲ့ ပြဿနာ စမ်းသပ်မှုတွေ အဆုံးမှာ ဒီခေါင်းတစ်ခုလုံး သုံးစားလို့ မရတော့ဘူး.... အဲ့ဒီနေ့က ချစ်သူနှစ်ဦး လမ်းမခွဲခဲ့ပါဘူး... ဒါပေမယ့် အသိတရားတစ်ခုကြောင့် ကောင်လေး မပျော်တော့တာ ကောင်မလေး သတိမထားမိခဲ့ဘူး...

အနာဂတ်လို့ သူစိတ်ကူးထားတဲ့ နှလုံးသားထဲက နဂ္ဂတစ် တစ်ခု.. ပုံကောင်းတစ်ပုံမရခင် .. ပျက်သွားခဲ့ပြီ... ရည်မှန်းထားတဲ့ မိသားစုမှာ ကျွန်တော့်နေရာကို ကောင်လေးတစ်ယောက်လို့ပဲ နာမည်တပ်ထားလိုက်တယ်... သူမ သိရင်ရော... ပေးတော့ မသိချင်တော့ဘူး.. သူမ မသိလိုက်ချိန်မှာ... ဒါမှ မဟုတ် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ.... ကျွန်တော် ၀ှက်ထားတဲ့ သေမင်းဟာ ......... ......... ..... မတွေးရဲတော့ဘူး... ကျွန်တော့်ကို ရူးခွင့်ပေးပါ..... အကြိမ်ရေ စိတ်လာတဲ့ သတိမေ့ခြင်းတွေကြားမှာ... ကျွန်တော့် အတွက် ပြက္ခဒိန်ဆိုတာ မလိုမှန်းသိလာတယ်......

နောက်ဆုံး မနက်မှာတောင်
သူအပြုံး မပျက်ခဲ့ဘူး
သူ မရက်စက်ပါဘူး
လှမ်းထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်မရှိတဲ့နောက်....
တိုင်းညိုတွေ မှိုင်းတဲ့ ညနေမှာ
နောက်ဆုံးရက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
သူ့အတွက် ခရေတွေသီခဲ့တယ်...
သူကမ်းတဲ့လက်ထဲ
ခရေကုံးလေး ခုန်မဆင်းမီ
ပြို..... လဲ.......
သူကျတဲ့ မျက်ရည်အောက်
အသက်ရှုတောင် မဖြောင့်တော့ဘူး
ပွေ့ဖက်ထားတဲ့ သူ့လက်
ခရေတွေ ထွက်ထွက်ကျလာတယ်
အလှဆုံးပါပဲ.....
ခရေရနံ့အိုး အောက်
ကျွန်တော် မူးမေ့သွားတယ်
ခဏ.... ထာဝရ...
ဝေခွဲလို့မရတဲ့ တဒင်္ဂမှာ
ခရေတွေ ကြွေ......... ကျ........



ခရေတွေ... ရဲ့...



ခရေ ရနံ့တွေက ပဲ ကျွန်တော့်ကို ဒီကမ္ဘာထဲ ပြန်တွဲခေါ်ခဲ့တာပါ... မျက်လုံးတွေ ဖွင့်လိုက်တော့ ကျွန်တော် လဲကျနေခဲ့တဲ့ နေရာမဟုတ်တော့ပါဘူး.. ဒါပေမယ့် ရနံ့တွေ ထုံမွန်းဆဲမို့ ကျွန်တော် နဘေး သူရှိနေသေးတယ်ဆိုတာ သိလိုက်တယ်... ရှိုက်သံသဲ့သဲ့နဲ့ ကျို့တို့ကျဲတဲ ခရေကုံးလေးကို သူကိုင်ထားဆဲ... စကားတွေ... အဖြစ်မှန်တွေ... မပြောချင်တော့ဘူး သူသိနေလောက်ရောပေါ့...

အကြောင်းအရာပေါင်းများစွာ အကြိမ်ပေါင်းများစွာ တီးတိုးမေးဖြေလုပ်ပြီး အဆုံးမှာ... အသက်ဆက်ရှင်ပါမယ် ဆိုတဲ့ ကတိတစ်ခုကြောင့် သူကျေနပ်သွားတယ်.. သူ့ မျက်ဝန်းထဲက မိုးတွေဆဲသွားတဲ့အထိ သူပျော်ရွင်ခဲ့တယ်...
“ချစ်တယ်” သူ့နား နား ကျွန်တော် တိုးညင်းစွာပြောတဲ့ စကားအဆုံးမှာ သူ ခရေကုံးလေးကို ကျွန်တော့်လက်ထဲထည့် သူ မျက်ရည်မဲ့ ပြန်သွားခဲ့တဲ့ ညနေ... တကယ်ဆို ကျွန်တော် နောက်ဆုံး ညနေဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်.. ချစ်သူမျက်နှာကို မျက်ရည်တွေ ခဏခဏ ထပ်မစိုစေချင်တော့... တစ်ခေါက်လောက် သူ ငိုစေတော့.. ဒီတစ်ခုတော့ ကျွန်တော်လဲ မရပ်တန့်နိုင်... နေ့ရက်ပေါင်းများစွားတော့ ချစ်သူ့မျက်နှာမှာ မျက်ရည်တွေ အဓိပ္ပါယ်မဖွင့် စေချင်တော့... ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ခွင့်ပေးပါ... ကျွန်တော့် ဂျိုကာမဟုတ်တဲ့ ၀ှက်ဖဲတစ်ခု ဘယ်အချိန် ပွဲသိမ်းလိုက်မလဲ....

အသံတွေ သဲ့သဲ့
မသွားပါနဲ့တဲ့
ခြေလှမ်းတွေက ယဲ့ယဲ့
မလှမ်းလဲ ဆွဲခေါ်မယ့် လက်... ။ ။

နှုတ်ဆက်ခွင့် မရမယ့်
ရက်တွေအတွက် ...
ဒီညဟာ ငါပိုင်တဲ့
ငါ့ဘ၀ ဖြစ်ခွင့်ပေးပါ... ။ ။

တောင်းဆိုသံတွေကို အရေးမလုပ်ကြဘူး... ကျွန်တော့်ကို လက်မခံတဲ့ အချိန်ခဏ... နေရာတစ်ချို့ကြောင့် သေမင်း လက်ရှောင်နေတဲ့ တဒင်္ဂ... ကျွန်တော်ဟာ ခွဲခန်းထဲမှာပါ...

တီ..... တီ..... တီ.....

အချက်ကျကျ အဆက်မပြတ်ထွက်နေတဲ့ စက်သံလေးကြောင့် ကျွန်တော် မသေသေးဘူး ဆိုတာ သိခွင့်ရသေးတယ်... သတိရခြင်းများစွာနဲ့ ၀င်လာခဲ့သူတစ်ယောက် ထာဝရ သတိမေ့တဲ့ သူတစ်ယောက် ဖြစ်သွား နိုင်တယ်ဆိုတာလဲ သိထားတယ်... သူရော....

သူ့အတွက် နောက်ဆုံးအနေနဲ့ ကျွန်တော် ချန်ခဲ့တဲ့အရာတွေဟာ အခု ကျွန်တော့်အတွက် ပြန်ဖြစ်သွားတယ်... ပျောက်ကင်းဖို့ ရာခိုင်နှုန်း နည်းဆဲမမို့... ကုသမှုဘေးက လမ်းလေးကို ရွေးခဲ့တဲ့ ကျွန်တော်... သူကတော့ မျှော်လင့်ချက်ကြီးဆဲ... ကျွန်တော် အတွက်... သူ့အတွက်... ကျွန်တော့် မနက်ဖြန်အတွက်....သူ မျော်လင့်နေဆဲ....

ခရေရနံ့ မဟုတ်တဲ့ စူးရှတဲ့ အနံ့တစ်ခု... ကျွန်တော်ဟာ ခန္ဓာနဲ့ ခဏတာ ကင်းကွာသွားရတယ်....
ပထမဆုံးနဲ့ နောက်ဆုံးသော ဆုတောင်လေးတစ်ခု ပြုပါရစေ... သူ့နဘေး ရှင်သန်ခွင့်ပေးပါ....

ရင်ခုန်သံတွေ တိတ်ဆိတ်
စက္ကန့်တိုင်း ကျွန်တော်ပိတ်ထားတဲ့
ရင်တွင်းမြစ်တစင်းမှာ
နောင်တသံတွေ ညံနေတယ်... ။ ။

သူ့ကိုကျောခိုင်း
စိတ်ရိုင်းတွေ ကျိုးကျတဲ့ညမှာ
ခရေတွေ သီတဲ့လက်နှစ်ဖက်က
တွင်းနက်နက်တူးမိတယ်... ။ ။

ကဗျာအပိုင်းအစတစ်ခု.. အချိန်ယန္တာရားကို အတိအကျတောင်မမှတ်မိတော့ဘူး... ဘာလို့ ဒီအချိန်ကြီးမှာ ဒီအကြောင်း ကျွန်တော့် ခေါင်းထဲရောက်လာတာလဲ... သတိရခြင်းတွေကို ကျွန်တော် အစိုးမရတော့ဘူးတဲ့.. ဒါဟာ ရောဂါရဲ့ လက်ဆောင် ကျွန်တော် တနင့်တပိုး ရရှိခဲ့တယ်...

“ခွဲစိတ်ပြီးနောက်ပိုင်းရော အဲ့သလိုပဲဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမယ့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားးးးး” နားထဲ ပဲ့တင်ထပ်လာတဲ့ စကားတွေ... အားပေးစကားလား.. ခြောက်လှန့်စကားလား... ဆိုးကျိုးတွေကို ကြိုသိနေတဲ့ကောင်.. ကံကောင်းဖို့ အမှတ်မရှိ ဆုတောင်း နေမိပြန်တယ်... မပြည့်လောက်ပါဘူးတဲ့.. ငြင်းခုန်တတ်တဲ့ ဦးနှောက် နောက်ဆုံး အချိန်ထိတောင် ကျွန်တော့် ဆန့်ကျင်ဘက် သူရပ်နေဆဲ...

ဒါပေမယ့် ရင်ထဲမှာ မေ့မရတဲ့အရာတွေတော့ အချိန်တိုင်း မှတ်မိမယ်လို့ ယုံကြည်နေမိတယ်... အခုတော့ နားထဲမှာ တီ... တီ... တီ... ။ ။

မသေသေးတဲ့ လူတစ်ယောက်ရဲ နောက်ဆုံးအတွေးလားလို့ သံသယဖြစ်မိတယ်... သံသယတွေ မဆုံးပေမယ့် ကျွန်တော်အလိုချင်ဆုံး ပြကွက်တစ်ခု.. သူရယ်.. ကျွန်တော်ရယ်....
ဆန္ဒတွေ ရှင်သန်ချင်သေးချင်ပေမယ့်.... ဒီအချိန်မှာ ကျွန်တော် သေဆုံးသွားရင်......

ခရေရနံ့တွေ ပျံ့တဲ့ မနက်က
ကျွန်တော်ဟာ မှောင်အတိပဲ
ပေါ့ပါးသွားတဲ့ ခန္ဓာမှာ
လေးနက်တဲ့အတွေးတစ်ချို့
ထမ်းပိုးခွင့် ဆုံးရှုံးခဲ့တယ်...။ ။

သူမျော်လင့်တဲ့ တစ်တောလုံးမှာ
ခရေတစ်မျိုးပဲ ပျိုးမယ့်ကျွန်တော်...
သတိမဲ့ ခန္ဓာမှာ
ခရေလှိုင်မယ့် မနက်ကို
တောင့်တတုန်းပဲ... ။ ။

စုံမှတ်တစ်ခုကနေ မျောလွင့်
ပျံသန်းဖို့ အတောင်တွေဖွင့်တဲ့အခါ
ခရေသီတဲ့ ကြိုးမှာငြိ
သူနဘေး ကျွန်တော်ရှိသေးတာ
သိလိုက်ရတယ်... ။ ။

ခရေတွေ တစ်ယောက်တည်းကောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရတယ်... ၀မ်းသာလို့ မဆုံးပါဘူး... သူမျက်နှာမှာ မြင်နေကျ အပြုံးတွေ ရှိသေးတယ်... ခရေတွေကောက်နေကြ ခရေတွေသီနေကြ.. ညနေခင်းတိုင်း အလုပ်ရှုပ်ခဲ့တဲ့ ဟိုးအရင်ကျွန်တော့်ဘ၀ကို သတိရမိတယ်... ခရေအကြောင်း ကဗျာပေါင်းများစွာ သီကုံးချင်သေးတယ်... သူ့ဆံနွယ်တွေ လေယူရာ ယိမ်းတဲ့အကြောင်း ကဗျာတွေ ရေးနေချင်သေးတယ် သူ့ကို ရွတ်ပြခွင့်မရှိတော့ဘူးထင်တယ်....

ခရေတစ်သိုက်က တော့ ဟိုးအရင်အတိုင်း မွေးပျံ့နေတုန်းပဲ... ကျွန်တော့် နဘေး ခရေတွေ လာချပေးသွားတာ ကျွန်တော် အချစ်ဆုံးဆိုတဲ့ ချစ်သူ... သူ့စကားအားလုံးကို ကျွန်တော် မတုံ့ပြန်ဖြစ်တော့... သူ့ချပေးတဲ့ ခရေတွေ နှီးကြိုးလေးနဲ့ ကျွန်တော်သီနေမိတယ်... သူကတော့ အပြုံးမပျက် ကျွန်တော့် နဘေး အဖော်ပြုပေးနေဆဲ... ဟိုးအရင်ကအတိုင်း ခရေကုံးလေးကို သူ့ဆံနွယ်ကြား နေရာချပေးလိုက်တယ်... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် ကဗျာတွေ မသီကုံးနိုင်တဲ့ဘ၀.. အရင်လို ကဗျာတွေရေးချင်လိုက်တာ... အတွေးတွေ မပြေးတော့တဲ့ ခေါင်း.. သူ့အကြောင်း မှတ်မိသေးတာပဲ ကျေးဇူးတင်နေရတယ်... မမှတ်မိတဲ့ နေ့စွဲတစ်ချို့တောင် သူပြောပြမှ သိတော့တယ်...

ရင်ထဲက တောင့်တတဲ့ ဆန္ဒကြောင့်... ကျွန်တော် စာတစ်ကြောင်း ရေးပြလိုက်တယ်

- လမ်းလျှောက်ထွက်ကြရအောင်

“ခွဲထားတာ သိပ်မကြာသေးပဲနဲ့ အပြင်မထွက်နဲ့အုံးနော်... မောင့်အစား မောင်ရေးခဲ့တဲ့ကဗျာတွေ ဖတ်ပြမယ်... မောင်တစ်နေ့ ပြန်ဖတ်ပြနိုင်မှာပါ... အားတင်းထားနော် ”

ကဗျာတွေရေး မရအောင်အတွေးတွေ တန့်နေပေမယ့်... သူရွတ်ပြတဲ့ ကဗျာတွေကြားမှာ သူ မရွတ်ပြတဲ့ကဗျာတစ်ပုဒ် ခေါင်းထဲ ခဏခဏရောက်လာတယ်... တစ်ချိန်က စပ်ခဲ့တယ်ထင်တာပါပဲ အတွေးထဲမှာ တီးတိုးရွတ်နေမိသည်... တစ်နေ့တော့ သူ့ကို ရွတ်ပြနိုင်မယ်ထင်တာပါပဲ.....

အတွေးနက်နက်တွေနဲ့
ရေးရခက်တဲ့ကဗျာတွေ
ငါ့ရင်ထဲ အက္ခရာတင်ထားတယ်.... ။ ။

သူမျက်လုံး ၊ အပြုံး
ခြေလှမ်းအနုတ်အသိမ်းကအစ
သူဆံနွယ်လေထဲယိမ်းတာတွေအားလုံး
ငါ့ခေါင်းတစ်ခုလုံးမှာပြည့်နေတယ်.... ။ ။

ဘာကြောင့်ရယ်မသိပါဘူး... သူ ကျွန်တော့်ကို ပြုံးပြနေတယ်.... ..... .....


~ဘ၀နဲ့ ခတ်တဲ့ လက်စွပ်တို့ရဲ့ ရာဇ၀င်~



ငြိမ်နေတဲ့ ကန်ရေပြင်လှုပ်ခပ်သွားအောင် သူမ အညိုးတကြီးနဲ့ ပြစ်ခတ်ခဲ့တာ ခဲတစ်လုံး မဟုတ်ပါဘူး.. ကျွန်တော့် အနာဂတ်အတွက် ဟိုးတစ်ချိန်လောက်ကတည်းက ကျွန်တော့်လက်မှာ ခတ်ထားတဲ့ သူ ပေးခဲ့တဲ့ အမှတ်တရ လက်စွပ်လေးပါ... အခုတော့ သူကိုယ်တိုင် လွင့်ပစ်လိုက်ပြီ... တန်ဖိုးမကြီးပါဘူး.. ဒါပေမယ့် ဘ၀တစ်ခု ခတ်နိုပ်ထားတယ်.. အခုတော့ ကန်ရေပြင်အောက်မှာပေါ့... သူ့ကတော့ နာကြည်းချက်တွေတစ်ချို့ကြောင့် အပြုံးမပျက်ပါဘူး.. ဒါဟာ လက်ဝှေ့ ပွဲ တစ်ပွဲဆိုရင် ဒီတစ်ကွက်ဟာ ကျွန်တော့်ကို အလဲထိုးတဲ့တိုက်ကွက်ပါပဲ...

အခုတော့...

ကျွန်တော့် လက်မှာ ဟာတာတာရယ်ပါ.. အနှစ်နှစ်အလလ လက်စွပ်ကလေးနေရာယူခဲ့တဲ့ နေရာကတော့ ဖြူဖျော့ပြီးကျန်နေတယ်... ဒါအမှတ်တရလား.. ဘယ်အချိန် ပျောက်ကွယ်သွားမလဲ...

အခုတော့...

ကျွန်တော့် ဘ၀မှာ အရာရာ ပျောက်ကွယ်သွားသလိုပါပဲ... နေရာလွတ်တွေ.. ကျွန်တော့် နဘေး သူရှိနေသေးတယ်... ခုံတန်းရှည်တစ်ခု ကမ္ဘာတစ်ခု ခြားအောင် ကွာဝေးလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ဖူးဘူး... သူကရော... အခုထိ မတုန်လှုပ်သေးပါဘူး.. ကျွန်တော် ရူးလိုက်ချင်တယ် သူပြစ်လိုက်တဲ့ လက်စွပ် .. ကျွန်တော် ပြန်ဆယ်ရအောင် ရေတောင် မကူးတတ်... ကန်ရေပြင်အောက် မှာ ကျွန်တော်ဟာ လက်စွပ်နဲ့အတူ မြုပ်သွားတော့မယ့် ဘ၀ကို ရွေးချယ်လိုက်ချင်တယ်...

“နင် ရက်စက်လိုက်တာဟာ” ကျွန်တော်ပြောလိုက်တဲ့ ရင်ထဲက စကားပါ... သူကြားပါတယ်.. မတုန့်ပြန်ဘူး... ခဏခဏ စိတ်ကောက်တတ်တဲ့ သူ့ကို ကျွန်တော် ဒီတစ်ခါတော့ မချော့နိုင်တော့ဘူး...

“နင် စိတ်ဆိုးလဲ ငါတို့ အမှတ်တရကို မဖျတ်ဆီးသင့်ပါဘူး” သူကို ကျွန်တော်ကြည့်လိုက်သည်.. သွေးအေးတဲ့သူမက တည်ကြည်နေတဲ့ မျက်လုံတစ်ခုနဲ့ စူးစူးရှားရှားကြည့်နေတယ်... ဒီမျက်လုံး .. ကျွန်တော့် တစ်သက်လုံး ကြောက်ခဲ့ရတယ် မဟုတ်ပါလား...

“နင် ငါ့ကို ဘာကြောင့် အဲ့လောက်စိတ်ဆိုးနေတာလဲ”

“နင့်ဆုံးဖြတ်ချက်ကြောင့်” တိုတိုပြတ်ပြတ် ပထမဆုံး သူစပြောတဲ့ စကားသံတစ်ခု ဒါပေမယ့် ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးဆောင်တယ်

“ဒါ ငါ့ဘ၀လေဟာ”

“နင် နောက်မှ သွားလဲရသားနဲ့”

“ဒါပေမယ့် ငါ full scolar ရအောင် မနည်းကြိုးစားခဲ့တာ နင်သိသားပဲ အခုမသွားရင် ငါမရတော့ဘူးပေါ့”

“နင် အခုမသွားရလဲ ငါနင့်ကို ထားပေးမှာပေါ့ ငါ့အတွက် နင်ဘာမှမလိုဘူး”

ဟုတ်ပါတယ် သူက တော့ ကျွန်တော်ကို ကျောင်းထားပေးနိုင်ပါတယ်.. လိုချင်တာ ပေးနိုင်ပါတယ်.. တောင့်တသမျှဖြည့်ဆည်းပေးနိုင်ပါတယ်.. သူ ငွေကို ဘယ်လို သုံးရမလဲ သိတယ်.. လူကို ဘယ်လိုကျောင်းရမလဲ သိတယ်.. ဒါပေမယ့် ကျွန်တော့်အကြောင်း... ဟုတ်တယ် ကျွန်တော့်အကြောင်း သူအခုထိမသိသေးဘူး... ကျွန်တော် ရင်နာမိတယ်...

ကျွန်တော်ဟာ သူ့ကို လမ်းပြမယ့် လူတစ်ယောက်ပါ... သူ့ကို သူ့စိတ်ကြိုက် ထားနိုင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ... ကျွန်တော့် ဘ၀ အဖော်ကို ကျွန်တော် ခေါ်ထားတဲ့ မိုးတွေကြားမှာပဲပျော်စေချင်တယ်... ကျွန်တော့် အရိပ်ခိုစေချင်တာပေါ့... သူ့အရိပ်ကိုတော့ ကျွန်တော် မမှီချင်ဘူး.. အခုတော့ သူ့စကားမှာ. ကျွန်တော်ဟာ သူညွန်ရာသွားရမယ့် နွားသာသာ ဘ၀ပဲကျန်တော့တယ်... ကျွန်တော်ကို အထင်သေးတယ်.. ကျွန်တော် ရင်နာပေမယ့် သူ့ကို အပြစ်မတင်ရက်ဘူး.. ဘ၀ဆိုတာဘာလဲ သူကောင်းကောင်း မကြည့်ဖူးခဲ့ဘူး.. ကျွန်တော်ကတော့ ကောင်းကောင်းကခဲ့ဖူးတယ်...

“ငါ့အားငါကိုးပြီး ကျောင်းတတ်ချင်တာပေါ့ဟာ”

“မလိုဘူး... နင်ကျောင်းမတတ်နဲ့တော့ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ့အဖေ စီးပွားရေး နင်လုပ်ရမှာပဲ ဘာဘွဲ့မှထပ်မလိုဘူး”

သူစကားတွေ.. ဒီစကားတွေ.. ကျွန်တော့်ကို နားမလည်သေးဘူးဆိုတာ သေချာတယ် ... ကျွန်တော်ဟာ သူ့အဖေ စိုက်ခဲ့တဲ့လယ်ကို စောင့်ရမယ့် အလုပ်မလုပ်ချင်ဘူး... ကျွန်တော့် လယ် ကျွန်တော် စိုက်မယ့်ကောင် ... သူများဆောက်ပြီးသားအိမ်ကို မွန်းမံပြီးနေချင်တဲ့ ကောင်မဟုတ်ဘူး.. ကိုယ့် အိမ် ကိုယ်ဆောက်မယ့် ကောင်...

“ငါ့အတွက်လိုတယ်... ငါ့ဘ၀အတွက်လိုတယ်” ကျွန်တော် ခေါင်းမာပြရစေ...

“ဒါဆို နင်သွားပေါ့ နင့်ဘ၀မှာ ငါမလိုတော့ဘူး ဒါကြောင့် လက်စွပ်တွေ ကတိတွေ အမှတ်တရတွေ မလိုတော့ဘူး နင်သွားချင်ရာသွားတော့”

“နင်တကယ်ပဲ ပြတ်နိုင်ပြီလား .. နှစ်နဲနဲလေးပါဟာ .. ငါ့ကိုယ် ငါ... ”

“ငါမကြားချင်ဘူး... နင် သွားမယ်ဆို ငါ့ဆီမလာနဲ့ ငါဆီလာရင် နင်မသွားနဲ့ဒါပဲ”

“ငါ့မှာ တခြားနည်းလမ်းရွေးစရာ မရှိတော့ဘူးလား” ကျွန်တော်လေသံတွေ ပျော့ကျနေလိုက်တာ... full scolar ရတယ်ဆိုလို့ ပျော်ခဲ့တဲ့ နေ့က မာန်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး... သူနားမလည်ဘူး... ဒါကျွန်တော့် အောင်မြင်မှုတစ်ခု.. သူမခံစားတတ်ဘူး...

“အေး.. ဒါဆို ငါပြစ်လိုက်တဲ့လက်စွပ် နင် ပြန်ယူလာခဲ့ရင် နင်လုပ်ချင်တာ ငါလုပ်ခွင့်ပြုမယ်”

စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ သူမ ကျောပြင်ကို ကျွန်တော် ငေးရင်းကျန်ခဲ့တယ်... သူ ကျွန်တော် ရေမကူးတတ်တာတော့ သိနေတယ်... သူ့အချစ်ကိုလဲ ရ ကျွန်တော့် ဆန္ဒလဲ ပြည့်အောင် ကျွန်တော် ဒီလက်စွပ်ကို ဘယ်လိုရှာရမလဲ... ကန်ရေပြင်.. နက်တယ်... ကျွန်တော့်ဘ၀ကတော့ သူမရှိတော့ဘူးဆိုတာ သေချာသွားပါပြီ... ရည်မှန်းထားတဲ့ဘ၀ ကြွေမွပြိုပျက်သွားတယ်... ကျွန်တော် တွေဝေနေပါတယ်... ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိတော့ဘူး..

*********

လက်စွပ်လေးကို လည်မှာဆွဲဖို့ ဆွဲကြိုးမှာသီလိုက်တယ်... သူသိရင်ရော... သူကတော့ ရေထဲကျသွားပြီလို့ ထင်မှာပေါ့... တကယ်ပဲဝေးကြရင် အမှတ်တရတစ်ခုတော့ ကျွန်မပိုင်ချင်တယ်... အခုတော့ သူ့လက်စွပ်တစ်ခု ကျွန်မ လည်မှာနေရာယူလို့ပေါ့... အခုအချိန်အထိ သူ့ကို ကျွန်မ စိတ်ဆိုးနေမိတယ်.. အရေးမပါတော့မယ့် အရာတွေကို ဆုတ်ကိုင်ချင်နေတယ်... ကျွန်မအနားက အဝေးသွားချင်တယ်... ကျွန်မ လွတ်ပေးလိုက်တယ်... မဖမ်းရက်တော့ဘူး အတောင်ပံရှိတဲ့ငှက်... ကျွန်မ လှောင်ချိုင့်လှလှတွေ နဲ့ မဖြားယောင်းချင်တော့ဘူး.. ကျွန်မကျေနပ်ပါတယ်... သူ့ကိုယ်တိုင် ပေးထားတဲ့လက်စွပ်ကလေး အခုအချိန်အထိ ကျွန်မ လက်သူကြွယ်မှာ နေရာယူနေသေးတယ်... ကျွန်မလည်မှာတော့ သူ့လက်က လက်စွပ်လေးပေါ့... အခုတော့ ဝေးတော့မယ်... ဘာတွေနဲ့ ကျွန်မနှစ်သိမ့်ရမလဲ... သူမုန်းသွားမလား .. မတွေးတော့ဘူး.. ဝေးမယ့်အတူတူ.. သူ့အတွေးထဲ ကျွန်မကြောင့်ဘာမှ နှောင့်နှေးမနေစေချင်တော့ဘူး...

“ဘေးဖယ် ဘေးဖယ်”

အရေးကြီးနေတဲ့ လူတစ်သိုက်ကြောင့် ကျွန်မ အတွေးတွေ ပျောက်ကွယ်သွားတယ်... လူတစ်သိုက် သယ်ထုတ်သွားတဲ့ ဖြူဖျော့နေတဲ့ လူတစ်ယောက်... ကျွန်မ ဘ၀တစ်ခုလုံး ပြိုလဲ ကျသွားပါပြီ...


ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ



၂၀၀၄ ဇွန် ၁၈ ရက်

ဒီနေလဲ နေမသာ ပြန်ဘူး နေခြည်ရယ်... အခုလဲ မိုးတွေရွာနေတယ်... ငါလေ နင် ခဏခဏ ဆောင်ခိုင်း ထားတဲ့ ထီးလဲ မဆောင် မိပြန်ဘူး... နင့် ထီးလေးနား ငါ ကပ်ဆောင်း ရမလား ဆိုတဲ့ အတွေးနဲ့ ငါ မိုးနေ့ပေါင်းများစွာ နင့် အဆောင်ရှေ့ လမ်းမပေါ်မှာ ခေါက်တုတ်ခေါက်ပြန် စောင့်နေခဲ့ဖူးတယ်...


၂၀၀၅ မေ ၁၅ ရက်

နေခြည်ရယ်... ထီးတောင် မဆောင်းနိုင်တဲ့ ကောင်လေးရှေ့ကို နင် ကားလှလှကြီး တစ်စီးပေါ်ကနေ အပြုံးလှလှတွေနဲ့ ဆင်းလာတဲ့ နေ့က ငါ ရင်ကျိုးရတယ် ... ဒါတွေ နင်မသိပါဘူး နေခြည်ရယ်.. နင့်မျက်လုံးတွေ က နင့်အပြုံးတွေလိုပဲ ငါ့အတွက်မှ မဟုတ်တာ... ငါတောင့်တသမျှကို နင် ကားပိုင်ရှင်တစ်ယောက်ကို အတားအဆီးမဲ့ ပေးခဲ့တယ် မလား... ငါလေ... နင့်ထီးလေးနား ကပ်ဆောင်းနေကြ ကောင်လေးလေ... မိုးတွေကြားမှာ ငိုနေမိတယ်... နင်မသိပါဘူး... ဖော်ကောင် လုပ်မယ့် နင့်ထီးလှလှလေးအောက်က ငါပြေးထွက်ခဲ့တယ်... ဒါတွေ နင်မသိခဲ့ပါဘူး...


၂၀၀၅ သြဂုတ် ၁၁ ရက်

အဲ့ဒီနေ့က မိုးရွာတယ်.. နေခြည့်မျက်နှာ ပေါ်မှာပေါ့... ငါအခါခါ ချော့နေပေမယ့်.. နင်ငိုမြဲ ငိုပဲလေ.. သူ့အတွက်တဲ့... နင့် အပြုံးကို သူတို့ ခဏ ငှားသုံးတာပါ နေခြည်ရယ်... သူ့တို့ ပျော်ဖို့ နင့်အပြုံးတွေကို သူတို့ ငှားသုံးနေတာပါ.. နားလည်စမ်းပါ နေခြည်ရယ်... နင်ပျော်ဖို့ ငါဘ၀ အလကားပေး ထားတယ်ဆိုတာ... ငါ ချော့နေလဲ အလကားပဲ .. ငါနင့်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ နင်ပြောခဲ့တယ်... ငါလေ နင်အနားသူပြန်ရောက်လာအောင် ဖြောင်းဖြရင်းနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ဖူးတယ် ... နင့်ကိုတော့ ပေးမသိခဲ့ဘူး... ငါ အလျှော့ပေးခဲ့ပါတယ် နေခြည်ရယ်.. ဒဏ်ရာတွေကို ငါလှေကားပေါ်က ပြုတ်ကျတယ်လို့ ဆင်ခြေပေးတုန်းက နင်ရယ်သံလွင်လွင်လေးတောင် ငါအမှတ်ရသေးတယ်... ဒါပေမယ့် အခုတော့ နင်ငိုနေရပြီနော်... ငါ့ ဒဏ်ရာတွေအားလုံးထက် နာကျင်ပါတယ် နေခြည်ရယ်....


၂၀၀၅ ဒီဇင်ဘာ ၃ ရက်

ဒီနေ့တော့ နင်အပြုံးတွေနဲ့... ငါပျော်လို့ မဆုံးခင်.. နင့်စကားအဆုံး.. ငါမငိုမိအောင် ထိန်းထားခဲ့ရတယ်... နင် သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီတဲ့... ဘယ်သူလဲ ငါမသိချင်ဘူး နေခြည်ရယ်.. ငါ့ကို သူနဲ့ မိတ်မဆက်ပေးပါနဲ့... ငါချစ်ရတဲ့သူရဲ့ ချစ်သူဆိုတာ.. ငါ့အတွက် ရန်သူပဲ... ငါ လေ.. နင်ကို ပိုချစ်လေ.. သူ့ကို ပိုမုန်းလေပဲ... ငါသူ့ကို မုန်းတယ် နေခြည်ရယ်... နင့်ကို ငါချစ်တယ်... သူ့ကို ချစ်တဲ့ နင့်ကို မမုန်းနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်... တိုက်ဆိုင်စွာပဲနေခြည်ရယ်.. နင်ချစ်တဲ့ သူ့မှာ အရင်ကောင်တွေလိုပဲ ကားလှလှ ကြီး ရှိနေတယ်... ငါ မုန်းတယ် .. အဲ့ဒီကားတွေ ကို.. အဲ့ဒီငွေတွေကို....


၂၀၀၆ မတ်လ ၁ ရက်

နင် ငိုရပြန်ပြီ နေခြည်... သူထားသွားပြန်ပြီမလား လို့ နင့်ကိုငါ ခါးထောက်ရင်း လှောင်ရယ် လိုက်ချင်တယ်... တကယ်တမ်းကျတော့.. နင့်ဘေးနား ငါပဲ ကူငိုပေးခဲ့ရတယ်မလား... နင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုလေ.. ငါသူ့ကို မုန်းလေးပဲ နေခြည်ရယ်... နင့်ဘေးနား ငါနေပါရစေလို့ ငါရိုးသားစွာ နင့်ဆီခွင့်တောင်းလိုက် တယ်.. ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ရပါဘူး... နင် ခေါင်းကို သွင်သွင်ခါလိုက်တော့... ငါမျှော်လင့်သမျှတွေ ကျိုးကျေကျကုန်ပြီပေါ့ နေခြည်ရယ်... ဒီကောင်ဟာ နင်နားမှာ ဖ၀ါးတောင် သီခွင့်မရှိတော့ပါဘူး... ငါအဝေးကို လွင့်စင်သွားပါပြီ နေခြည်... နင်ပျော်ပါတော့... မဖြူစင်တဲ့ ခင်မင်မှုတွေနဲ့ ဖြူချင်ယောင်ဆောင်ခဲ့တဲ့ကောင်ဟာ.. နင့်အဝေးမှာပဲ နေသင့်ပါတယ်...


၂၀၀၆ သြဂုတ်လ ၆ ရက်

ငါ နင့်အဝေးမှာ ဘယ်လောက် နေနိုင်မှာလဲ နေခြည်... နောက်ဆုံးတော့ ငါ နင့်အဆောင်ရှေ့ပဲ ပြန်ရောက်ခဲ့တာပဲမလား... ဒီနေလဲ ထီးမပါပြန်ဘူး နေခြည်ရယ်... ဒါပေမယ့် အခါတိုင်းလိုပဲ မိုးရွာနေတယ်.. ငါလဲ အခါတိုင်းလိုပဲ နင့်ကိုစောင့်နေမိတယ်... ဒီနေ့တော့ နင်တစ်ယောက်တည်းပဲ.. နင့်ထီကလေးကတော့ နဲနဲတောင် ဟောင်းနေပြီ... နင် ဟာ ငါ့အတွက် အမြဲ သူငယ်ချင်းပါပဲ တဲ့.. ငါပျော်ရမယ့်စကားလား ၀မ်းနည်းရမယ့် စကားလား မဝေခွဲတတ်တော့ဘူး.. သေချာတာတော့ ငါနင့်အနားမှာ ထီးကလေး အတူဆောင်းရမယ့် ရက်ကို တောင့်တနေတုန်းပဲလေ...


၂၀၀၆ စက်တင်ဘာ ၁ ရက်

ဒီနေ့တော့ ထီးတစ်ချောင်းနဲ့ နင့်အဆောင်ရှေ့ရောက်ခဲ့တယ် နေခြည်ရယ်.. မိုးလင်းမိုးချုပ် ငါစောင့်နေခဲ့တယ်.. မိုးမရွာဘူး နေခြည်... ရွာလဲ ငါမဆောင်းဘူး.. နင့်ထီးဟောင်းလေးမှာ အစားထိုးဖို့ ငါဝယ်ထားခဲ့တာ... သေချာတာ ဒီလတော့ ငါ ချွေတာရတော့မယ်... ၀မ်းဝအောင်တော့ ငါ ကျောင်းနိုင်အုံးမှာပါ.. နင်စွန့်ကျဲရင် နင့်ထီးဟောင်းတောင် ငါပိုင်ဆိုင်ခွင့်ရအုံးမှာ... တန်ပါတယ် နေခြည်ရယ်... နင် ငါ့ထီးကလေးဆောင်းမယ်.. ငါ နင့် ထီဟောင်းလေး ကို သိမ်းထားမယ်.. ဒါငါ့ဘ၀ပဲ .. ငါကျေနပ်တယ်...


၂၀၀၆ စက်တင်ဘာ ၂ ရက်

ရင်နာလိုက်တာ နေခြည်.. ငါထီးလေးကို နင်လက်မခံခဲ့ဘူး.. ငါ့ဆီက နင်ဘာမှ မလိုချင်ဘူးတဲ့.. မပြည့်စုံတဲ့ ဘ၀ကို နင်သနားတတ်တာပဲ သိတယ်.. ဘယ်လိုသနားရမလဲ မသိဘူး.. နင့်ထီဟောင်းကို ငါမတောင်းပဲ နင်ပေးခဲ့တယ်.. ငါငြင်းပါရစေ နေခြည်... တစ်ခုပေးပြီး တစ်ခုယူချင်တာ.. တန်တယ်မတန်ဘူးဆိုတာ ငါ့ ဆုံးဖြတ်ချက်ပဲ...


၂၀၀၇ ဖေဖော်ဝါရီ ၁၄ ရက်

ချစ်သူများနေ့တဲ့ နေခြည်.. နင်ကတော့ ငါ့အဝေးမှာပဲ .. နင်နယ်ပြန်သွားတာ... ၃ လတောင် ပြည့်တော့မယ်နော်.. ငါ တဖြည်းဖြည်းငွေစုရင်း .. နင့်အတွက် အသည်းပုံ ချောကလတ် ဘူးလေး ၀ယ်ထားတယ် နေခြည်.. ငါဝယ်ဖူးသမျှ မုန့်ထဲမှာ ဈေးအကြီးဆုံးပဲထင်ပါရဲ့... ငါ ငွေကို တန်ဖိုးမထားဘူး နေခြည်.. ငါနင့်ကို တန်ဖိုးထားတယ်.. ငါ တတ်နိုင်သမျှထဲမှာ နင်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်စေရမယ်....


၂၀၀၈ မေလ ၂၀ ရက်

ငါ ဒိုင်ယာရီ မရေးဖြစ်တာကြာပြီ နေခြည်.. ငါအိမ်မကပ်တာလဲ ကြာပြီ... နင့်သတင်း နားစွင့်ရင်း ငါရူးနေခဲ့တာ ကြာပြီ... နင်မယူတဲ့ ထီးတစ်လက်... အခုထိ အသစ်စက်စက်ပဲ.. နင့်ကို မပေးရသေးတဲ့ ချောကလတ် အခုထိ လတ်လတ်ဆက်ဆတ်ပဲ... စာလဲ မလာဘူး.. အကြောင်းလဲမကြားဘူး.. ငါကြားတဲ့ သတင်းက ငါ့အတွက်လဲ မကောင်းဘူး.. နယ်မှာ နင်ရည်းစာတွေ ဘယ်လောက်တောင်ထားနေခဲ့လဲ... ငါသိတယ် မပြောတော့ဘူး.. အခုတော့ ငါမျှော်လင့်ချက်အားလုံး ဆုံးရပြီ... နင် စေ့စပ်တော့မယ်တဲ့.... ငါ ချစ်တဲ့ အကြောင်း လစဉ်ပို့ခဲ့တဲ့စာ.. နင်တစ်စောင်မှ မပြန်ခဲ့ဘူး... ငါရေးနေတုန်းပဲ နေခြည်.. အခုတော့ ငါလွမ်းတဲ့အကြောင်းပို့မယ်... ထီးတစ်ချောင်းရယ်... ချောကလတ်တစ်ဘူးရယ်.. ဒါအခု နောက်ဆုံး ငါပိုင်ဆိုင်သမျှပဲ ....


၂၀၀၈ မေလ ၂၂ ရက်

ဘယ်လို အကြောင်းပြချက်တွေနဲ့ ငါရှင်သန်ရမလဲ နေခြည် ... တကယ်ဆို မင်းထားခဲ့မှန်း သိရက်နဲ့ ငါဟာ ဒီနားက ဘာလို့ မခွာနိုင်ရတာလဲ ...


၂၀၀၈ မေလ ၂၉ ရက်

ဒါနောက်ဆုံးရက်လို့ ငါသိတယ်.. မနက်ဖြန်ဆို နင် စေ့စပ်ရောပေါ့... နင် မရှိမှန်းသိရက်နဲ့ နင်နေခဲ့ဖူးတဲ့ အဆောင်ရှေ့ကို ငါရောက်နေပြန်ပြီ နေခြည်... မိုးတွေကလဲ သဲကြီးမဲကြီးရွာတယ် .. လေတွေကလဲ တ၀ူးဝူး နဲ့ ငါကိုလှောင်ရယ်ပြုံးကြတယ်... ငါ မလျှော့ပါဘူး နေခြည်ရယ်.. ငါလေ နင့်ကိုပေးဖို့ ထီးတစ်လက် ချောကလက် တစ်ဘူးနဲ့ နေ့တိုင်းရောက်ခဲ့တယ်.. မိုးတွေကတော့ ငါရောက်တိုင်း ရွာတယ်ဟာ.. ငါ နင့်ကို သိစေချင်တယ် နေခြည်ရယ်.. နင်မရှိလဲ ငါရှိနေတယ်.. နင် မချစ်လဲ ငါချစ်နေတယ်.. နောက် ငါ့မှာ နင့်လက်မခံတဲ့ ထီးတစ်ချောင်းရှိတယ် မပေးရသေးတဲ့ ချောကလတ်တစ်ဘူးရှိတယ်.. မိုးရေတွေ ကြားထဲမှာ သူတို့တွေ မစိုအောင် ငါ့ကိုယ်နဲ့မိုးပေးထားတယ်.. နင် ငါ့ဆီလာ တောင်းတဲ့ အချိန်ထိပေါ့....



ကတိ



မိုးတွေ အငြိုးတကြီးနဲ့ ရွာနေပါလားနော်... အခါမဲ့မိုးနဲ့ ဒဲ့တိုးတဲ့ ကျွန်တော် တော်တော်ကံဆိုးနေပါတယ်.... မနက်က နေသာတော့ ထီးမယူခဲ့မိ... အခုတော့ မိုးရေထဲ အင်္ကျီပါးနဲ့ ခိုက်ခိုက်တုန်နေပါပြီ.... အခုဆို မိုးရေထဲ ရပ်နေမိတာ နေ့တစ်ဝက် နီးပါးရှိတော့မယ်.. သို့သော် ကျွန်တော် မျော်လင့်နေသော.. သူမ အခုအထိ အရိပ်အရောင်တောင် မမြင်ရသေး....
ကျွန်တော် သူ့အိမ်ရှေ့ လမ်းမတဖက်ခြမ်း ပလက်ဖောင်းပေါ်မှာ ရောက်နေတာ အတော်ကြာနေပြီ... သူမသိတာလား.. တကယ်တော့ မဖြစ်နိုင် သူနားမထောင်ချင်ဘူးလို့ ငြင်းခဲ့ပေမယ့်.. ကျွန်တော် ဖုန်းထဲမှာ ပြောဖြစ်အောင် ပြောခဲ့သည်.. သူ .. မခွင့်လွတ်မခြင်း သူ့အိမ်ရှေ့ မှာစောင့်နေမည် .. ခွင့်လွတ်တယ်ဆိုလျှင် ဆင်းတွေ့ပါလို့.. အခုတော့ သူမဆင်းလာ.. သူအိမ်ကို သွားမေးသော်လဲ သူ မရှိတဲ့.. သူ့ သူငယ်ချင်းတွေကိုမေးတော့လဲ.. သူ ဘယ်မှာလဲမသိတဲ့လေ.. အိပ်ချင်ယောက်ဆောင်သူ ကို နှိုးရခက်သလို.. တမင်တကာ ရှောင်ပုန်းနေသူကို ရှာရခက်ခဲပါတယ်.. သေချာတာက အပြင်သိပ်မထွက်တတ်တဲ့သူ... အိမ်ထဲမှာရှိနေပေမည်... မိုးရွာလို့ ထွက်မတွေ့တာလား.. သူ ခွင့်မလွတ်နိုင်သေးလို့လား.. ဒါမှမဟုတ် သူ ကျွန်တော့်ကို မမြင်လို့လား.. ဒါကပို၍ မဖြစ်နိုင်.. သူမမြင်မှာ စိုးလို့ ကျွန်တော် သစ်ပင်အောက်မှာတောင် မိုးမခို.. အကာအကွယ်မဲ့... ပလက်ဖောင်းပေါ်မှာ သူ့အိမ်ကို မျှော်ကြည့်ရင်ရပ်နေတာ... သူမမြင်ဘူးဆိုတာ မဖြစ်နိုင်... တကယ်တော့ မေးခွန်း အားလုံးရဲ့ အဖြေကတော့ သူခွင့်မလွတ်ဘူးဆိုတာကို သာဦးတည်နေပါတယ်...

သူ့ကို ခွင့်လွတ်ပါလို့ ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသည်.. အဖြစ်မှန်ကို ရှင်းပြဖို့ အခါပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်.. အရာမထင်... သှူဆီက ခွင့်လွတ်ပါတယ်လို့ ပြောတဲ့ စကားသံလေးကို ကျွန်တော် မျှော်လင့်နေမိသည်.. အိပ်မက်တွေထဲမှာတောင် ကြားယောင်နေမိသည်... တကယ်တော့ အပြစ်ရှိခဲ့တဲ့ ကျွန်တော် သူဆီက ခွင့်လွတ်ခြင်းနဲ့ မထိုက်တန်ပါဘူး ဆိုရင်တောင်.. ကျွန်တော့် အမှားတွေ အတွက် ပေးဆပ်ခွင့်တော့.. မျှော်လင့်နေမိသည်.. သူဆီက ကျွန်တော် တကယ်လိုချင်သော ခွင့်လွတ်မှု မရသည့်တိုင် သူလိုသမျှ သူအနားမှာ ပေးဆပ်ရင်း ကျွန်တော့် ဘ၀ကို သူလက်ထဲမှာ သာကုန်ဆုံးချင်သည်...

ခွင့်လွတ်ပါချစ်သူ... ကျွန်တော် မှားခဲ့ပါတယ်.. တကယ်တော့ သူကို ကျွန်တော် အခြားတစ်ယောက်အဖြစ် မမြင်သင့်... သူကို သူလို့သာ မြင်သင့်သည်.. အစားထိုး ချစ်ခံရတဲ့ မိန်းမတစ်ယောက်.. သူဘယ်လောက်ရင်နာနေမလဲ.. ကျွန်တော် သိတာ သိပ်နောက်ကျခဲ့ပါတယ်.. အခုတော့ သူမုန်းသွားခဲ့ပြီ... ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး မဖြစ်ခဲ့ရင်တောင် နောက်ဆုံး ချစ်သူဖြစ်ပါရစေလို့ တောင်းဆိုခဲ့သူ... သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့ပါသည်... မြတ်နိုးခဲ့ပါသည်... ကျွန်တော့် ဘ၀ရဲ့ ရှင်သန်ရာအဖြစ် ကျွန်တော် တန်ဖိုးထားခဲ့ပါသည်.. သို့သော် သိပ်နောက်ကျခဲ့နေပြီ.. သူအဝေးထွက်သွား မှ သူတန်ဖိုးနားလည်တဲ့ ကျွန်တော် သိပ်ညံ့လွန်း သည်... ဒါပေမယ့် ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး ချစ်သူဖြစ်ရပါစေမယ်လို့ ကတိပေးလိုက်ပါသည်... ထိုကတိ တည်ခွင့်ပြုပါ.. သူ့နဘေး ကျွန်တော့်ကို ရှင်သန်ခွင့်ပြုပါ....

အခုအချိန်မှာ သူသာ ကျွန်တော့် အဖြစ်ကို မြင်ပြီး သနားမျက်ရည် တပေါက်လောက်ကျခဲ့ရင် မိုးရေတွေကြောင့် အေးခဲနေတဲ့ ကျွန်တော့် နှလုံးသားနွေးထွေးစေမှာတော့ အမှန်... တကယ်တော့ မိုးရွာထဲသူ့မျက်ရည်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်.. ထိုအတူ သူ့နှုတ်ခမ်းဖျားက ခွင့်လွတ်ပါတယ်လို့ ပြောဖို့ ပိုတောင်ခက်ခဲနေမည်လား .. ဒါဆို သူ့နှလုံးသားထဲက ကျွန်တော့် အတွက် အချစ်လက်ကျန်ကိုရှာဖို့ ဆိုတာကတော့ အခက်ခဲဆုံးဖြစ်မည်ထင်သည်...

မိုးကလဲ ပိုတောင်သဲလာသလိုပါပဲ.. စောင့်စားသူကို ပင်ပန်းအောင်လုပ်ချင်တာလားမသိ... ကျွန်တော် ဆက်မစောင့်နိုင်တော့ သု့ကို တွေ့ချင်လာသည်... စိတ်မထိန်းနိုင်တဲ့အဆုံး.. ကျွန်တော် သူအိမ်ကလေးဆီသို့ လမ်းဖြတ်ကူးလိုက်သည်.. “တီ.... တီ .... တီ... ” ဟွန်းသံနဲ့အတူ ဘရိတ်အုပ်ဖို့ကြိုးစားနေသောကားတစင်း “ကျွီ...”. ကမ္ဘာကြီးရဲ့ အပြင်ဘက် ကျွန်တော် ရောက်သွားသလို တကိုယ်လုံ နားကျင်စေတဲ့ ရိုက်ခတ်မှုတစ်ခု.. ကြယ်လဲမြင်သည်.. လလဲမြင်သည်.. ကမ္ဘာ ကြီးနဲ့လဲ အဆက်အသွယ်ပြတ်သွားသည်..

ကျွန်တော် နားတွေအူနေတာလား.. လူတွေစကားပြောသံကို သဲသဲကွဲကွဲမကြား... သေချာတာက ကျွန်တော့်အနား လူတွေ များနေသည်ကအမှန်.. ကျွန်တော် မျက်နှာပေါ် ခပ်နွေးနွေး အရည်တွေ ကျဆင်းလာသည်.. သွေးတွေပဲလား... ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်... မြင်သမျှကတော့ အနီရောင် မသဲကွဲပေမယ့်.. သေချာသလောက်ရှိတာက .... ကျွန်တော် လှဲလှောင်းနေတာ ကျွန်တော့် ချစ်သူလက်ထဲမှာ... ကျွန်တော့် ပါးပေါ်ကို သူမျက်ရည်စက်တွေက တစက်ပြီးတစက်.. ... သူငိုနေသည်.. သူမျက်ရည်စတွေကို ကျွန်တော် မိုးရေထဲရှာတွေပါပြီ... သူ နှုတ်ခမ်းက ကျွန်တော်ကို စကားတွေပြောနေသည်.. ကျွန်တော် မကြားနိုင်.. သူ... ခွင့်လွတ်သည် လို့ပြောနေတာများလား... မေးဖို့ကြိုးစားကြည့်သည်.. ကျွန်တော် အသံတွေ မထွက်.. မိုးရေထဲမှာ မျက်ရည်စတောင် ရှာတွေ့နိုင်ရင် .. သူပြောနေတာ ခွင့်လွတ်တယ်ဆိုတာ ဖြစ်ရမည်.. ဒါဆိုသူ့ရင်ထဲမှာ ကျွန်တော့် အတွက် အချစ်တွေ ကျန်သေးတယ်ဆိုတာပါပဲ.... ဒါဆို ကျွန်တော် ကျေနပ်ပါပြီ

ကျွန်တော်ပေးခဲ့တဲ့ကတိ တည်သွားသလို ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝသွားပါပြီ... သူ ဟာကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးချစ်သူဖြစ်သလို... သူ့လက်ထဲမှာ ကျွန်တော့် ဘ၀ကို ကုန်ဆုံးခွင့် ရပါပြီ....

လိပ်ပြာ



အနာဂတ်ဆိုတဲ့ ဟိုးအဝေးကြီကို မျှော်တွေးမိတိုင်း... ကိုယ့်နဘေးကိုယ် ကြည့်မိတယ်.. နေရာကတော့ အခုထိ လစ်ဟာနေဆဲပါ.... ကိုယ့်ရင်ထဲ ကိုယ့် ပြန်ခံစားကြည့်လိုက်တော့ .. နေရာလွတ်မဲ့နေတဲ့ နှလုံးသားတစ်ခု... ... ... .... အချစ်တွေ အပြည့်အနှက် တစ်ခါတစ်ရံ အသက်ရှုတောင် ရပ်လောက်တယ်... ဒီခံစားချက်တွေ... သက်ဆိုင်သူမသိပဲ... ငါ ဒီကမ္ဘာကြီးက ထွက်သွားရနိုင်တယ်.... ငါရဲ့မ၀ံ့ရဲမှု ... ငါ့ရဲ့မပွင့်လင်းမှု.... ငါ့ရဲ့ ညံ့ဖျင်းမှုတွေက.. ငါ့ဘ၀နဲ့ ထပ်တူ တန်ဖိုးထားတဲ့... ချစ်ရတဲ့.. သူ့ကို ငါနဲ့ မနီးစပ်စေတဲ့ အကြောင်းအရင်းတွေပဲလား.....
“ချစ်တယ် ”... ဒီစကားလေးကို ငါ ပြောဖို့ ဘာကြောင့် စိုးရွိ့နေရတာလဲ.... သူ့အရှေ့ ငါဟာ ဘာကြောင့် အကြိမ်ပေါင်းများစွာ ကျဆုံးခဲ့ရတာလဲ.... သူအပြုံးအောက်မှာ ငါ့နှုတ်ခမ်းတစ်ခု ဘာကြောင့်စွံအ ခဲ့ရတာလဲ.... ဘာကြောင့်လဲ... ဘာလဲ.... ? .... ? ..... ? .... အတွေးပေါင်းများစွာ နဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

မေးခွန်းပေါင်းများစွာအတွက် အဖြေမရခဲ့ပေမယ့်.... သူ့ကို ချစ်တယ်ဆိုတာတော့ သိနေတယ်... ဖွင့်ပြောဖို့ ခက်နေတယ်... သူမုန်းမှာလား.... သူ့အချိုဆုံးသော အပြုံလေး ငါပိုင်ဆိုင်ခွင့်ရှိပါ့မလား .... သူမျက်လုံးအပင့် ဟာ ငါ့အတွက်ဖြစ်ပါ့မလား... သူနဘေး နေရာလွတ်ကလေးမှာ ... ငါရှင်သန်ခွင့်ရှိပါ့မလား .... သူပါးပြင်ဖွေးဖွေးလေး ငါ့နမ်းခွင့်ရပါ့မလား..... သူလက်ဖ၀ါး သေးသေးလေး... ငါလက်ဖ၀ါးနဲ့ ထပ်တူပြုခွင့်ရပါ့မလား.... ဖြစ်ပါ့မလား.... ရပါ့မလား.... ? ... ? ... ? ... မေးခွန်းပေါင်းများစွာနဲ့ နေ့ဘက်တွေမှာ အိပ်မက်ခဲ့သလို.... ညဘက်တွေလဲ အိပ်ပျက်ခဲ့ပေါင်းများခဲ့ပါတယ်....

အိပ်မက်တွေ မက်ခဲ့တယ်.. အိပ်မက်တွေ ဆိုးဆဲပဲ... သူမရှိတဲ့  ငါ့ဘ၀ မုန်တိုင်းထန်နေတယ်... အတွေးထဲ သူရောက်လာတဲ့ခဏ အေးချမ်းခဲ့တယ်.... ငါနဘေး သူမရှိတဲ့ဘ၀ သိလာပြန်တော့ အထီးကျန်တယ်....

တကယ်တော့ အရာအားလုံးအတွက် အဖြေမရပေမယ့် ဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရမယ်ဆိုရင် ငါ လိပ်ပြာတစ်ကောင်ပဲဖြစ်ချင်တယ်.... မ၀ံ့ရဲမှု ... မပွင့်လင်းမှု တွေကင်းတဲ့.. အရောင်တွေစုံတဲ့... သိပ်လှတဲ့.... သူ့အာရုံတွေကို ... ဖမ်းစားနိုင်တဲ့.. လိပ်ပြာလေးပဲ ဖြစ်ချင်တယ် ....
သူ အနားကို ငါပျံသန်းသွားမယ်.... သူနဘေး မှာ ငါတ၀ဲလည်လည်ပျံသန်း နေချင်တယ်... သူအနီးမှာ ငါ့ဘ၀ ရှင်သန်ရာဖြစ်ချင်တယ်....

သူ မျက်လုံးအကြည့်တွေဟာ.. ငါအတွက်ဖြစ်စေချင်တယ်.....

ငါ့ကို မြင်တဲ့အခါတိုင်း သူ့ အပြုံးပွင့်တွေ ဖူးပွင့်နေစေချင်တယ်.....

သူခွင့်ပြုခဲ့ရင်.. သူ့လက်ဝါး သေးသေးလေးပေါ် ငါနားမယ်... သူပုံခုံးပေါ်ငါနားမယ်... သူ့ရင်ခွင်မှာ ငါခိုနားမယ်.....

ငါ့ရှင်သန်ချိန်တွေကို သူအနားမှာပဲ ငါကုန်ဆုံးချင်တယ်... ဒီကမ္ဘာပေါ် သူရှင်သန်နေသမျှ ကာလပတ်လုံး သူ့ကို အလှဆုံးဆိုတာတွေကို ပဲ ပေးချင်တယ်... အပျော်ဆုံးဆိုတာတွေပဲ တွေ့စေချင်တယ်......

ငါသေခဲ့ရင်တောင်... သူ့အတွက် အမှတ်တရ သိမ်းထားစရာတွေပဲ ချန်ထားခဲ့ချင်တယ်....

ချစ်သူရေ.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်.... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ်.... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်....... ငါလိပ်ပြာပဲ ဖြစ်ချင်တယ်... ငါ နင့်ဆီပဲ ပျံသန်းလာခဲ့မယ် .... ငါ... လိပ်ပြာပဲ ဖြစ်ချင်တယ်.......

အိပ်မက်လှလှ မက်ပါရစေ....



နှင်းဆီ ရနံ့တွေ သင်းပျံ့ နေတဲ့ နှင်းဆီတွေ ၀န်းရံထားတဲ့ မြက်ခင်းပြင်ပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ကျွန်တော် ရပ်နေခဲ့တယ်.. လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ အပွင့်လေး တစ်ပွင့်ကို ယုယစွာကိုင်ပြီး ... ကျွန်တော် သူ့ကို မျှော်နေတတ်တယ်... ကျွန်တော်ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ.... ကျွန်တော် နှင်းဆီပွင့်လေးကို ယုယစွာနမ်းရှိုက်လိုက်တယ်... ဒီရနံ့လေးက ကျွန်တော် ကို အလှပဆုံး အတိတ်ကို ခေါ်ဆောင်သွားခဲ့တယ်....

အဲ့ဒီ နေ့ပေါ့.... ကျွန်တော် မှတ်မိပါတယ်.... ကျွန်တော်နဲ့သူနဲ့ ချစ်သူစဖြစ်တဲ့နေ့.. ဒီနေရာမှာ.. ဒီ နှင်းဆီခြံကြီးရဲ့  အလယ်မှာပေါ့... ကျွန်တော် သိပ်ချစ်တဲ့သူ့ကို အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့ဖူးတယ်.. ဒါပေမယ့် ကျွန်တော်ချစ်သူက ပိုလှနေပါတယ် ... နှင်းဆီလေးကို ညင်သာစွာ နမ်းရှိုက်ခဲ့ဖူးတယ်... ဒါပေမယ့် သူပါးပြင်လေးကို ကျွန်တော် မြတ်နိုးစွား နမ်းရှိုက်လိုက်တော့ ... သူ့ပါးပြင်လေးက ပိုမွှေးခဲ့ပါတယ်... သိပ်လှခဲ့ပါတယ်... ဘယ်နှစ်ကြိမ်တွေးတွေး အလှဆုံးပုံပြင်လေးပါပဲ...

ရက်တွေ ကြာလာတော့ သူလဲပြောင်းလာတယ်... သူမျက်ဝန်းလေးတွေ အရောင်တွေမဲ့လာတယ်.. ဘာကြောင့်လဲ လို့မေးတော့... အိပ်မက်ဆိုးတွေကြောင့်တဲ့... သူ ညည သန်းခေါင်ကျော်ရင် အိပ်မရအောင် ၀င်လာတတ်တဲ့ အိပ်မက်ဆိုးတွေ ကြောင့် လို့ပြောတယ်... ငယ်စဉ်ကတည်းက သူမိဘတွေရဲ့  ဂရုစိုက်မှုကို မရလိုက်တော့ သူကိုထားသွားပြီလို့ အမြဲ အိပ်မက်မက်တတ်တယ်... သူအိပ်မက်ထဲ ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး သူနိုးလာစမြဲပေါ့... ငယ်စဉ်က သိပ်မမက်ဖြစ်ပေမယ့်.. အခု ခဏခဏ မက်လာတယ်တဲ့... ကျွန်တော် သူအိပ်မက်လှလှမက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်.. ဆရာဝန်တွေနဲ့လဲ တိုင်ပင်ကြည့်ပါတယ်... သိပ်တော့မထူးခြားခဲ့ပါဘူး... သူရုပ်က တဖြည်းဖြည်းပြောင်းလာသလို သူ့စိတ်လဲ တဖြည်းဖြည်းပြောင်းလာတယ်.. ကျွန်တော် အပေါ်ထားတဲ့ သူအချစ်တွေပြောင်းသွားမှာကိုလဲ ကြောက်လာတယ် ... သူ့ကိုလဲ သနားတယ်... အရင်ကထက်တောင် ပိုပြီး ကြင်နာမိပါတယ်...

တနေ့တော့ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော်တို့ နှစ်ယောက်ရောက်လာခဲ့တယ်... ကျွန်တော် အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့တယ်... ပြီးတော့ ကျွန်တော် ရုတ်တရက်စိတ်ကူးရလာတော့ ပြောလိုက်တယ်... သူကို ဒီနေရာကစောင့်နေမယ် လို့... ရုတ်တရက် ဆိုတော့ သူ နဲနဲတော့ ကြောင်သွားတယ်... ကျွန်တော် ဆက်ပြောလိုက်တယ်... ဒီနေရာက စောင့်နေမယ်.. ဒီလို အလှဆုံးနှင်းဆီလေးကို ကိုင်ပြီး စောင့်နေမယ် လို့ ပြောတော့ .. သူက ဘယ်သူကိုလဲလို့ ပြုံပြီးပြန်မေးတယ်... ကျွန်တော် သူ့အမေးကိုမဖြေပဲ ကျွန်တော့်စကားကို ဆက်လိုက်တယ်.... ဒီနေရာက စောင့်နေမယ်.. ဒါမှ အိပ်မက်ထဲ ဘယ်သွားလို့ ဘယ်လာရ မှန်းမသိတော့ ရင် ဒီမြက်ခင်းပြင်ကြီဆီကိုလာခဲ့.. ကျွန်တော် ကိုတွေ့လိမ့်မယ် .. ကျွန်တော် စောင့်နေမယ်လို့ ... ပြောလိုက်တော့ ... သူကျေနပ်သွားတယ်.. တကယ်လား လို့.. သူကမေးတော့ တကယ်ပါလို့... ကျွန်တော် ကတိပေးလိုက်တယ်...

ရက်နည်းနည်းကြာတော့ သူ ပြောင်းလဲသွားပါတယ်.. သူမျက်လုံးတွေ လင်းလက်လာသလို ... သူ့အပြုံးတွေ လှပလာတယ်.. သူ့စိတ်တွေ ရွင်လန်းလာတယ်... သူ အိပ်မက်လှလှတွေ မက်တတ်ပြီတဲ့.. ညတိုင်း အိပ်မက်ထဲသူမိဘတွေ ထားသွားရင် သူ က ဒီကွင်းပြင်ကြီးကို လာပြီ ကျွန်တော်ကို ရှာတယ်.. ကျွန်တော့်ကိုတွေ့တယ်... ကျွန်တော်တို့ အတူပျော်ကြတယ်တဲ့..... မနက်တိုင်း သူအပြုံးတစ်ခုနဲ့ နိုးထရတယ်တဲ့... ဒါကြောင့် ကျွန်တော်ကို သူပိုချစ်လာသလို တသက်လုံး ကျွန်တော့် နဘေး အဖော်ပြုပေးမယ်တဲ့လေ... တကယ်လား လို့.. ကျွန်တော်ကမေးတော့ တကယ်ပါလို့... သူကတိပေးခဲ့တယ်... ကျွန်တော်လဲ အပျော်လွန်ပြီး အိပ်မက်ဖြစ်နေမှာစိုးလို့ နှင်းဆီဆူးကိုတောင် လိုလိုချင်ချင် ကိုင်လိုက်တယ်လေ... ကျွန်တော့် သွေးတွေ သက်သေပြတာ ကတော့ “အလှဆုံးဆိုတဲ့ အိပ်မက်တွေထက် လှပတဲ့ တကယ့်နေ့ရက်ပါပဲ” တဲ့ ....
ဒါပေမယ့် အပြောင်းအလဲများတဲ့ သူ ... ပြောင်းလဲသွားပြန်တယ်... ကျွန်တော့်ရဲ့  သူ့အပေါ် ယုံကြည်မှု ခွင့်လွတ်မှု နားလည်မှု တွေကို သူ ... ဂရုမစိုက်မှုလို့ နာမည်ဆိုးတပ်ပြီး ကျွန်တော်အဝေး သူထွက်ပြေးသွားခဲ့တယ်...

ကျွန်တော် အခု အိပ်မက်ဆိုးတွေ မက်တတ်လာပါပြီ.. အိပ်မက်ထဲမှာ သူထားသွားတယ်... ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး ကျွန်တော် ဇောချွေးတလုံးလုံးနဲ့ သန်းခေါင်ယံ ဆို သူနာမည် တမ်းတပြီး နိုးထလာမြဲပေါ့.. နိုးထလာတိုင်းလဲ.. သူ အိပ်မက်လှလှမက်ပါစေလို့ ကျွန်တော် အမြဲဆုတောင်းတတ်တယ်... မနက်တိုင်းလဲ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော် ရောက်လာတတ်တယ်.. အမြဲတိုင်း သူ့ကို စောင့်နေတတ်တယ်...

တနေ့နေ့ သူ ဘယ်သွားလို့ ဘယ်လာရမှန်းမသိခဲ့ရင်...

သူ့အိပ်မက်ဆိုးတွေ မက်ခဲ့ရင်...

သူ ကျွန်တော်ကို ပေးခဲ့တဲ့ သူ့ကတိအတိုင်းတည်ခဲ့ရင်...

ကျွန်တော် အချစ်ကို သူနားလည်နိုင်ခဲ့ရင် ....

သူ ကျွန်တော်ဆီ ပြန်လာမယ်လို့ မျှော်လင့်နေမိတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ကတိ အတိုင်း စောင့်နေတတ်တယ်... လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ နှင်းဆီပွင့်လေး တစ်ပွင့်ကို ယုယစွာ ကိုင်လို့ပေါ့... ကျွန်တော် ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ....

အထီးကျန်



အရင်လို ပြန်ဖြစ်မယ်ဆိုရင် သူကို... အရာရာကို ကြောက်တတ်တဲ့ အမြဲသိမ်ငယ်နေတတ်တဲ့... တစ်ယောက်တည်း မနေရဲတဲ့... အလိုလိုနေရင် အားငယ်စွာငိုနေတတ်တဲ့ ကျွန်တော် လက်ကိုဆွဲ ကျွန်တော်နောက်မှာကွယ်ပြီး လောကကြီးကိုရင်မဆိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်တော့ ပြန်မဖြစ်စေချင် ... သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာတွေလုံလောက်စွာပေးနိုင်တဲ့.. ကျွန်တော်နဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်မယ် ဆိုတဲ့ ကလေးတစ်ယောက်လို ဖြူစင်တဲ့ ချစ်စရာအပြုံးပိုင်ရှင်ကောင်မလေး တစ်ယောက်တော့ ပြန်ဖြစ်စေချင်တယ်....

အတိတ်ဆိုတာ ပြန်မရနိုင်တော့တဲ့ အရာ ပြင်မရနိုင်တော့တဲ့ အရာ သူနဲ့ကျွန်တော်သာ ပိုင်ဆိုင်တဲ့အရာ ကျွန်တော့်အတွက်ကတော့ သိပ်လှတဲ့အိမ်မက်ပေါ့... အဲ့ဒီအတိတ်ကို ပြန်မရရင်တောင် အဲ့ဒီအတိတ်အိပ်မက်ကို ကျွန်တော် မနိုးတမ်းမက်နေချင်တယ်.... အဲဒီ အတိတ်မှာပဲ ကျွန်တော် တ၀ဲလည်လည် နေခဲ့လိုက်ချင်တယ်...
အခုတော့ သူဟာ... သူဘ၀ကို သူဦးဆောင်နိုင်နေပါပြီ... အရာရာကို ကျွန်တော်မပါပဲ ရင်ဆိုင်ရဲနေပါပြီ... အိပ်မက်တွေကို သူရဲရဲကြီးမက်တတ်လာသလို အိပ်မက်တွေကို သူ.. လက်တွေ့ အကောင်အထည် ဖော်နိုင်နေပါပြီ... ကျွန်တော့် လက်ကိုဆွဲ လောကကြီးကို ရင်မဆိုင်ရဲတဲသူတစ်ယောက်ကနေ.. ကျွန်တော် မပါပဲ လောကကြီးကိုရင်ဆိုင် ရဲနေပါပြီ... သူပြောတော့ ကျွန်တော့်ကြောင့်တဲ့လေ... ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာတဲ့... ဒါဆို ကျွန်တော် က ကျွန်တော့် အသဲကွဲမြိုတော်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်ပေါ့.. ကျွန်တော့် အထီးကျန်ကမ္ဘာကို ဖန်တီးတဲ့... ဖန်ဆင်းရှင်ပေါ့... ကျွန်တော့် အနာဂတ်ကို ပြိုကျစေတဲ့ မကောင်းဆိုးဝါးပေါ့... အခုဆို သူ့ရင်ထဲမှာ ကျွန်တော့်အတွက် နေရာလုံလောက်စွာမရှိတော့ .. သူအိပ်မက်များက နေရာယူကုန်ပြီ .. သူ့ဘ၀မှာ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်တော့... မလိုအပ်တော့သော.. တစ်ချိန်ကလိုအပ်ချက်သာ ဖြစ်တော့သည်...

တကယ်တော့ သူပြောသလို .. ကျွန်တော့် သတ္တိတွေ သူဆီကူးစက်သွားတာမဟုတ်ပါဘူး.. ပေးလိုက်တာပါ... သူမရှိနိုင်တော့တဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော် ရင်မဆိုင်ရဲတော့ပါဘူး.. သူအချစ်တွေကို ပိုင်ဆိုင်ဖူးခဲ့တဲ့ နှလုံးသားကလဲ သူ့အချစ်ကို တောင့်တနေသလို သူလက်ကိုဆွဲခဲ့တဲ့ ကျွန်တော့်လက်တွေက လဲ သူ့လက်ကလေးကို တောင့်တနေပါတယ်... အခုတော့ ကျွန်တော့်မှာ သတ္တိတွေ မရှိတော့ပါဘူး.. သူ့ကို ဟိုးအဝေးကြီး မထွက်သွားပါနဲ့လို့ ပြောဖို့တောင် သတ္တိမရှိတော့ပါဘူး... သူအိပ်မက်တွေ လှပစေချင်တယ်.. သူဘ၀ကို သာယာစေချင်တယ်.. ဒါပေမယ့် သူရင်ထဲမှာ ကျွန်တော်ကို ထာဝရ ရှိနေစေချင်တယ်... ကျွန်တော့်ရင်ထဲ သူအမြဲ ရှိနေသလိုပေါ့.... ဒါကြောင့် သူ့ကို မတားရက်ခဲ့သလို.. တားဖို့လဲသတ္တိမရှိပါဘူး.. အမှန်တော့ သူမုန်းသွားမှာကို ကြောက်နေမိတာပါ....

အခုတော့ ကျွန်တော် ကျန်ရစ်ပြီလေ... သူလိုချင်တဲ့ ဘ၀ သူရဖို့ သူသွားတော့မှာပါ... ကျွန်တော်က တော့ လက်ပြရုံသက်သက် ကျန်ရစ်သူ အထီးကျန်လူသားပေါ့... သူမျက်ရည်တွေ ရစ်ဝိုင်းပြီး လက်ပြကျောခိုင်းသွားတော့... အပြုံးတုတွေ အထပ်ထပ် နဲ့ လက်ပြနှုတ်ဆက် နေခဲ့တဲ့ ကျွန်တော် မျက်ရည်မိုးတွေ တားမရအောင် မုန်တိုင်းထန်ခဲ့ပါတယ်.. သူမမြင်ပါစေနဲ့...သူခရီးဖြောင့်ဖြူးပါစေ.... မသွားပါနဲ့လို့ ကျွန်တော် တတွတ်တွတ် ရွတ်နေမိတယ်... သူမကြားပါစေနဲ့.. သူဘ၀လှပပါစေ...သူ.. မျှော်လင့်ချက် အလင်းရောင်တွေနဲ့ လင်းလက်တဲ့ဘ၀တစ်ခုဆီကို လျှောက်လှမ်းနိုင်ပါစေ... မှောင်အတိကျနေတဲ့ မျော်လင့်ချက်မဲ့သွားတဲ့ ကျွန်တော့် ဘ၀ကို သူ... မေ့နိုင်ပါစေ.....



ကြယ်ကြွေစောင့်သူ





ကြယ်တွေ စုံပါတယ် ... လမင်းလဲပြုံးနေတယ် ... တိမ်တွေလဲ အဝေးကိုဖယ်နေတယ်... သိပ်လှတဲ့ဒီလိုညမှာ ကျွန်တော်.. ကြယ်တွေကို ရင်မောစွာရေတွက်နေမိတယ်.... ရေတွက်လိုက် ရောသွားလိုက် အစကပြန်ရေလိုက်နဲ့ ဒီလိုလှပတဲ့ညကို ခံစားချက်မဲ့စွာ ကုန်ဆုံးစေနေတယ်... တကယ်တော့ ကျွန်တော် လိုချင်တာ လမင်းရဲ့အပြုံး မဟုတ်သလို ကြယ်တွေအရေအတွက်လဲမဟုတ် ပါဘူး... ကျွန်တော် လိုချင်တာ ကြယ်ကြွေတာပဲ စိတ်ထဲကလဲ ကြယ်တွေမြန်မြန်ကြွေပါတော့လို အားမလို အားမရ ဆုတောင်းနေမိတယ် ...

ဟော ကြယ်ပွင့်လေးကြွေပါပြီ... ကျွန်တော် စိတ်ထဲကပဲ အသိရော သတိရောကင်းမဲ့နေတဲ့ ဖြူဖျော့ဖျော့ ချစ်သူမျက်နှာလေးကို အာရုံပြုပြီး ဆုတောင်းလိုက်တယ်... “ချစ်သူ နေအမြန်ကောင်းပါစေ .. ချစ်သူ အသက်ရှည်ပါစေ” လို့ .... ဆရာဝန်တွေလက်လျော့ ထားတဲ့ ချစ်သူရဲ့အခြေအနေအတွက် ကျွန်တော် ဆုတောင်းရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူးလေ... အမှန်တော့ ကျွန်တော် ချစ်သူနားမှာ တစက္ကန့်မခွာပဲ အဖော်ပြုနေချင်တာပါ.. ဒါပေမယ့် .. သူ့မိဘကခွင့်မပြုတော့ ..အခုလိုကွင်းပြင်ကျယ်ကြီးမှာ ကြယ်ကြွေစောင့်ရင်း ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး ....

ကြယ်ကြွေရင် ဆုတောင်းသမျှပြည့်တယ်လို့ လူတွေပြောတာကို ကျွန်တော် မျက်စိမှိတ် ယုံလိုက်တယ်.... ဒီအချိန်မှာ ကျွန်တော်ချစ်သူ နေကောင်းဖို့ဆိုရင် ဘာမဆို ကျွန်တော် လုပ်မှာပါပဲ.... ချစ်သူမကြိုက်တာကလွဲရင်ပေါ့...

တကယ်ပါ... ချစ်သူနေကောင်းမယ်ဆိုရင် သူနဲ့အတူ မနေရဘူးဆိုရင်တောင် ကျေနပ်တယ်... သူ့မျက်နှာလေးမြင်ရုံနဲ့ကျွန်တော် ရှင်သန်နိုင်တယ်... သူ့မျက်နှာမမြင်ရဘူး ဆိုရင်တောင် သူ့ အသံလေးကြားရင်လဲ ကျွန်တော် ကျေနပ်ပါတယ်.... နောက်ဆုံး သူ့မျက်နှာလဲမမြင်ရ သူ့အသံလဲမကြားရဘူး ဆိုရင်တောင် သူ အသက်ရှင်နေတယ်ဆိုတဲ့ အသိကလေးနဲ့ ကျွန်တော် ရှင်သန်နေချင်တယ်.....

အတွေးတွေ သူ့ဆီရောက်သွားပေမယ့် ကျွန်တော် မျက်လုံးတွေ ကြယ်တွေဆီကနေ မခွာနိုင်သေးဘူး.... ကျွန်တော် ဆုတောင်းရဦးမယ်... ဟော... နောက်ထပ်ကြယ်လေးတပွင့် ကြွေပြန်ပြီ... ကျွန်တော် ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်....

ညကလဲ ကြယ်တွေကြွေလိုက်တာ လို့တောင် ထင်မိတယ်... ဒါ.. ကျွန်တော်ကို ဆုတောင်းဖို့ အခွင့်အရေးပေးနေတာလားပဲ... ကျွန်တော်ကို နမိတ် ပြတာပဲလား... မတွေသင့်တဲ့ အတွေးတွေ ခေါင်းထဲ ၀င်လာသလို... message တခုလဲ ဖုန်းထဲဝင်လာတယ်.... သြော် .... ကျွန်တော့် ချစ်သူ... သူလဲ ကြယ်တွေလို ကြွေလွင့်သွားပြီတဲ့.... ကျွန်တော် အရုပ်ကြိုးပြတ်သလို မြေပြင်ပေါ် ဒူးထောက်ကျသွားတယ် ... ကျွန်တော် ငိုတယ်... မျက်ရည်တွေ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့ကောင်းကင်ကို မော့ကြည့်ရင်း.... တစ်သက်မှာ တစ်ခါပဲတောင်းတဲ့ ဆုတောင်းတောင် မဖြည့်ပေးနိုင်တဲ့လောကကို ကျွန်တော်အပြစ်တင်လိုက်တယ်....

ကျွန်တော် မျက်ရည်တွေနဲ့ မသဲကွဲပေမယ့် ... သေချာတာက နောက်ထပ်ကြယ်ကြွေတာပဲ.... ကျွန်တော်အခုမှ သိလိုက်တယ်... ကြယ်တွေလဲ ကြွေတယ်... လူတွေလဲ သေတယ်... ဘာတခုမှမတည်မြဲတဲ့ဘ၀ထဲ ကျွန်တော့်ချစ်သူ အသက်ခန္တာ တည်မြဲဖို့ ... ကျွန်တော် ကြယ်ကြွေဖို့ ဆုတောင်းနေခဲ့တယ်.... ကြယ်ကြွေတော့ ပျော်တယ် ... ချစ်သူကြွေတော့ ငိုတယ်.... တရားမရှိတဲ့ ကျွန်တော့်အတွက် လောက ကြီးက တရား ကိုပြခဲ့တယ်... တောင်းပန်ပါတယ် ကြယ်လေးတွေရယ် ...

ဒီတစ်ကြိမ်တော့ ကြယ်တွေ ကြွေကြွေ.. မကြွေကြွေ... ကျွန်တော် ရင်ထဲက စိတ်ရင်းအမှန်နဲ့ မတည်မြဲတဲ့ လောက သဘောတရားကို မဆန့်ကျင်တော့ပဲ ဆုတောင်းလိုက်တယ်...

“ ဒီ ကြယ်တွေ ကျွန်တော် ချစ်သူလိုပဲ အကြွေမစောပါစေနဲ့ ” လို့ .....................



ကြယ်ကြွေကောက်သူ






ကျွန်တော် စိတ်လှုပ်ရှားစွာ တစ်ယောက်တည်း စောင့်ဆိုင်း နေမိတယ်... ထိုင်ရမလို ထရမလို ဂနာမငြိမ်... လက်ထဲမှ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်တယ်.... ထပ်ကြည့်စရာ မလိုလောက်အောင်ကို မှတ်မိနေသော.. တည်ငြိမ်မှု ကျက်သရေ အပြည့်နှင့် သူမ၏ မျက်နှာ...... တရေးနိုး လာမေးလျှင်တောင် ကျွန်တော် မှန်အောင်ဖြေနိုင်သည်.... သူမကို ကျွန်တော် ချစ်တယ် .. သူမလဲ ကျွန်တော်ကို ချစ်တယ် ... အဝေးက ချစ်သူတွေပေါ့.. သို့သော် အခုတော့ အနီးက ချစ်သူဖြစ်တော့မည်... သူကျွန်တော်ဆီ ပြန်လာပါပြီ... နှုတ်မဆက်ပဲ ထွက်သွားသူ အခုတော့ ပြန်လာမည် ဟု အကြောင်းကြားထားသည်.. ကျွန်တော် စိတ်တွေ အရမ်းကို လှုပ်ရှားနေမိသည်.. သူမရော ကျွန်တော်နဲ့ ထပ်တူစိတ်လှုပ်ရှား နေမလား.... သူမနှင့် ကျွန်တော် ယခုတိုင် လူချင်းမျက်နှာချင်းဆိုင် မတွေ့ဖူးသေး... သို့သော်... ကျွန်တော်တို့ ချစ်သူဖြစ်ခဲ့ကြသည်...

သူမ က ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည်.. ကျွန်တော် ကတော့ အရာရာ စိုးရွံတတ်သည်.. သူမက ကပွင့်လင်းသည်.. ကျွန်တော်ကတော့ ရင်ဘက်ထဲ ခံစားချက်တွေ သိမ်းဆည်း ထားတတ်သည်... သူမက ပျော်ပျော်နေတတ်သည်.. ကျွန်တော်ကတော့ အချိန်တိုင်း တွေဝေ နေတတ်သည်... သူမက စိတ်ရှည် သည်းခံတတ်သည်.. ကျွန်တော်က စိတ်မဆိုးတတ်ပေမယ့် စိတ်မရှည်တတ်... သူမ နှင့် ကျွန်တော် ကြိုက်တဲ့အရာ ချင်းလဲ ကွဲပြားလွန်းသည်... သို့သော် သူမက ကျွန်တော်ကို ချစ်သည်.. ကျွန်တော်က သူမကိုချစ်သည်.. ကျွန်တော့် ဘ၀မှာ လိုအပ်ချက်တွေ အပုံအပင်ရှိသည်.. သူမကြောင့် အရာအားလုံး ပြီးပြည့်စုံခဲ့ပါသည်... သူမ ဟာ ကျွန်တော့် ဘ၀ကို ပြီးပြည့်စုံစေသည်... အရာရာနှင့် ခိုင်းနှိုင်းလို့မရအောင် သူမက ကျွန်တော့်ဘ၀အတွက် အရေးပါလွန်းသည်....

အခုတော့ သူမ ကျွန်တော့် ဘ၀ထဲ ၀င်လာတော့မည်.. ကျွန်တော် နေ့ရက်တိုင်းမျှော်လင့် မိသောအရာ ဒီနေ့ ပြည့်စုံတော့မည်.... ကျွန်တော့် လက်ထဲမှာ သူမကို ပေးဖို့ ဗူးကလေး တစ်ခုကိုင်ထားသည်.. အထဲမှာတော့ ကြယ်လေးတွေပေါ့... စက္ကူကြယ်လေးတွေလေ.. သူနဲ့ ကျွန်တော် ဝေးကြတဲ့နေ့ရက်တိုင်းကို ကိုယ်စားပြုတဲ့ ကြယ်လေးတွေပါ.. တစ်ရက်တစ်ပွင့် တစ်ပွင့် နဲ့စုလာလိုက်တာအခုဆို အတော်တောင်များနေပြီလေ.. သူတွေ့ရင် ကျေနပ်ကောင်းပါရဲ့ ပျော်ရွင်ကောင်းပါရဲ့....

ကျွန်တော် စိတ်ကူးနဲ့ရူးနေမိသည်... သူနဲ့ ကျွန်တော် အတူသွားမယ်လို့ ကတိပြုထားတဲ့ နေရာတွေ ကျွန်တော်စိတ်ကူးနဲ့ သွားနေမိသည်.. အတူစားမယ်လို့ ရည်စူးထားတဲ့ အရာတွေ စိတ်ကူးနဲ့ စားနေမိသည်... ကျွန်တ်ာပေးမယ်လို့ ရည်ရွယ်ထားတဲ့ ကတိတွေလဲ စိတ်ကူးနဲ့ ပေးနေမိသည်.... သူလက်ခံကောင်းပါရဲ့.....

ဟော... သူမ လာပါပြီ.. သေတ္တာလေးတစ်လုံးဆွဲပြီး လျှောက်လာသော သူမ... ကျွန်တော် အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်သည်.... သူမတုံပြန်မှုက... အသက်မပါသော အေးဆက်တဲ့ အပြုံးတစ်ခု.. ကျွန်တော့် ရင်ထဲက ဆို့နှင့်လာသလို ခံစားလိုက်ရသည်... ကျွန်တော် မျိုသိပ်ထားလိုက်သည်.. သူနဲ့ ကျွန်တော်က စိမ်းနေသေးသည် မဟုတ်ပါလား.... ကျွန်တော် တို့ စကားပြောကြသည်.. ဘယ်လောက်မှ မကြာလိုက်တဲ့ စကားထဲမှာ ဖော်ရွေမှုမပါ.. ခံစားချက်မဲ့နေသလို ကျွန်တော် ခံစားရသည်... သူကျွန်တော့်ကို သူစိမ်းတစ်ယောက်လို သဘောထားသည်... ကျွန်တော် ခံစားရသည်... ကျွန်တော်တို့ ချစ်သူတွေမှ ဟုတ်ရဲ့လား... ကျွန်တော် ကြေကွဲစွာ မေးလိုက်မိသည်... ငါတို့ ချစ်သူတွေမှ ဟုတ်သေးရဲ့လားလို့.... သူမက ညင်သာစွားခေါင်းခါလိုက်သည်.. ကျွန်တော် နှလုံးသားကတော့ ကြွေကျသွားပါပြီ... မျက်ရည်တွေ ကျွန်တော့် မျက်လုံးထဲ ရစ်ဝဲလာမိသည်.. ဟန်ဆောင်မကောင်းတဲ့ ကျွန်တော် မငိုမိဖို့ မနည်းထိန်းထား လိုက်သည်....

ကျွန်တော် သူကို ချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေမိသည်.. သူမက ခေါင်းခါမြဲ... ကျွန်တော်တို့ ပြောခဲ့တဲ့စကားတွေ.. တွေ့ခဲ့တဲ့ နေ့လေးတွေ.. ထားခဲ့ကြတဲ့ကတိတွေ... အရာအားလုံးကို ကျွန်တော် အတိအကျပြောနေခဲ့ပေမယ့်... သူစိတ်မ၀င်စား.. ကျွန်တော့်အနားက သူ ထွက်သွားချင်နေပြီ .... နောက်ဆုံး ကျွန်တော် ယူဆောင်လာသော ကြယ်လေးတွေကို သူမ လက်ထဲ ထည့်လိုက်သည်... လွမ်းရတဲ့ ရက်တွေ နဲ့ ထပ်တူ များလွန်းလှတဲ့ ဒီကြယ်လေးတွေ သူမလက်နဲ့တောင် မဆံ လွတ်ကျကုန်သည်.. ကျွန်တော့် ကြယ်တွေ ကြွေကုန်ပြီ.. နှလုံးသားလဲ ကြွေနေပြီ...



ကြယ်လေးတွေကို ကျွန်တော် လှမ်းကောက်ဖို့ ပြင်တော့... သူမက တားသည်.. စက္ကူ ကြယ်လေးတွေက သူမအတွက် အရေးမပါဘူးတဲ့လေ... ကျွန်တော် မျက်ရည်တွေပါ ကြွေကျကုန်ပြီ... သူမ မလိုချင်ပေမယ့် .. ကျွန်တော့်အတွက် အရေးပါသည်... ကြယ်တစ်ပွင့်တိုင်းက ကျွန်တော့် အချစ်ကို ရည်ညွန်းသည်... ကြယ်တစ်ပွင့်တိုင်းက လွမ်းရတဲ့ ရက်တစ်ရက်ကို ရည်ညွန်းသည်.... ပြန်ကျဲ လွင့်ကျနေတဲ့ ကြယ်လေးတွေကို ကျွန်တော် အရူးတစ်ယောက်လို အငမ်းမရ ကောက်နေမိသည်... ကျွန်တော် လွမ်းရတဲ့ ရက်တွေ ... ကျွန်တော် နဲ့ သူနဲ့ ချစ်သူဖြစ်ရတဲ့ရက်တွေ ... ကျွန်တော် အချစ်တွေ.. ကျွန်တော် နှလုံးသား အရာအားလုံးကို ကိုယ်စားပြုတဲ့ ကြယ်လေးတွေ.. .. ကျွန်တော် တစ်လုံးမကျန် ကောက်မိသည်.... ကြယ်ကလေးတွေ အားလုံး ကျွန်တော့် လက်ထဲအရောက် မှာတော့ .. သူမ ပျောက်ကွယ်သွားပါပြီ.. ဘယ်ထွက်သွားလဲ ကျွန်တော် မမြင်မိလိုက်... သူမ ခြေရာ ဖျောက်သွားပါပြီ....

ရက်စက်လွန်းတယ် ချစ်သူရယ်... ကျေကွဲစွာ ကျွန်တာ် ငိုနေတုန်း ကြယ်လေးတစ်ပွင့်တွေ့သည်... ဟိုတစ်ပွင့် ဒီတစ်ပွင့် .. ကျွန်တော်လိုက်ကောက်နေမိသည်... ဒီကြယ်လေးတွေက ကျွန်တော် ချစ်သူကို လမ်းပြပေးလိမ့်မည် လို့ ထင်လာသည်... လမ်းတစ်လျှောက် တစ်ပွင့်မကျန်လိုက်ကောက် မိသည်.. တဖြည်းဖြည်းနဲ့ ကြယ်လေးတွေ နည်းလာသည်.. ပျောက်ကုန်ပြီ.. ကြယ်လေးတွေ .. လမ်းပြမယ့် ကြယ်လေးတွေ.. ... ကျွန်တော်... ကြယ်လေးတွေလိုက်ရှာသည်.. မတွေ့... ... ကျွန်တော် မောလာသည်..... ရင်ထဲမှာ နှလုံးသွေးတွေ ဆူပွက်လာသည်... ဆောက်တည်ရာ မရတော့... ကျွန်တော် ဇောချွေးတွေပြန် လာသည်.... ... ကျွန်တော်... ကြယ်လေးတွေကို လိုက်ရှာနေမိသည်...

ချွေးတွေကို သုတ်လိုက်သည်... မောဟိုက်စွာ လန့်နိုးစေတဲ့ အိပ်မက်ကို ကျွန်တော် ရွှံမုန်းမိသည်... အိပ်မက်ဆိုးပါပဲ... ကျွန်တော်ပါးပေါ်မှာ မျက်ရည်စတွေ တောင် ကျန်သေးသည်.. ပြန်အိပ်ဖို့ ကြိုးစားပေမယ့် မရတော့ .. ကျွန်တော့် စိတ်တွေပူ နေသည်... သူမနဲ့ ကျွန်တော် တကယ်တွေ့တဲ့နေ့ ဒီလို တကယ်ဖြစ်မှာစိုးသည်... ကျွန်တော် အဖြစ်မခံနိုင် သူမကို အဆုံရှုံးမခံနိုင်... သူမကို ကျွန်တော် ချစ်သည်....

မွန်းကျပ်လွန်းတဲ့ အခန်းထဲကနေ အပြင်ကိုထွက်လိုက်သည်.. ကောင်ကင်မှာတော့ လသာဆဲ ကြယ်တွေလဲစုံနေမြဲပေါ့... ဟော ကြယ်လေးတစ်ပွင့် ကြွေပါပြီ... သူနဲ့ ကျွန်တော် နီးရဖို့ သူမ ကျွန်တော်ကို အမြဲချစ်နေဖို့ ဆုတောင်းလိုက်ချင်သည်... သို့သော် ကျွန်တော် မဆုတောင်းဖြစ်... ဒီကြယ်လေးတွေက ကောင်းကင်လက်ထဲက မဆံလို့ လွတ်ကျလာတဲ့ ကြယ်လေးတွေလို့ မြင်လာသည်... သူလဲ အတော်လွမ်းနေမည်... ဒီကြယ်လေးမှာလဲ သူ့ကိုယ်စားပြု အဓိပ္ပါယ်ရှိမည်.... ကြယ်ကြွေလေးကို လိုက်ကောက်မည့်သူရှိမည်... ဒီကြယ်လေးတွေရဲ့ လမ်းပြမှုကို လိုအပ်တဲ့သူရှိမည်... တစ်စုံတစ်ယောက် တော့လွမ်းနေမည်....

ကျွန်တော်လဲ ကျွန်တော့် စက္ကူကြယ်လေးတွေကို ဆက်ခေါက်နေမိသည်... သူရှိရာကို လမ်းပြပေးနိုင်လိမ့်မည်.... သူနှလုံးသားကိုလဲ ကျွန်တော်ဆီလာနိုင်အောင်လမ်းပြပေးနိုင်ကောင်း ပြ နိုင်ပေလိမ့်မည်... သူ လက်မခံရင်တောင် ကျွန်တော့်အတွက်သူမကို လွမ်းစရာ အမှတ်တရ ဖြစ်လာမည်... ကျွန်တော် ... အလွမ်းကိုယ်စားပြု .. အချစ်ကိုယ်စားပြု... နှလုံးသား ကိုယ်စားပြု ... ကြယ်လေးတွေကို ဆက်ခေါက်နေမိသည်.... ကျွန်တော် သူ့ကိုလွမ်းသည်.. ကျွန်တော် သူ့ကိုချစ်သည်....

ကြယ်လေးတွေ..... ကျွန်တော့် ကြယ်လေးတွေ ..... သူမဆီကို လမ်းပြပေးစေချင်သည်......





ဘယ်သူ့ကို အပြစ်တင်ရမလဲ

ကမ္ဘာဦးအစမှာ အာဒံဟာ ဧ၀မရှိရင် ဘာလုပ်မယ်ထင်လဲ.... တစ်ယောက်တည်း အထီးကျန်နေရတဲ့ ဘ၀ကို သူငြီးငွေ့လာတဲ့အခါ... သူပျောက်ဆုံးသွားတဲ့ သူနံရိုးတစ်ချောင်းကို လိုက်ရှာမယ် ထင်တာပါပဲ.... ဒါပေမယ့် သူရှာစရာ သိပ်မလိုလိုက်ပါဘူး.. သူ့ပေးဆပ်မှုအတွက်.... သူထိုက်တန်တာ တစ်ခုပြန်ရလိုက်ပါတယ်.... ဒါကတော့ ဧ၀ရဲ့ ပန်းသီး တစ်လုံးပါပဲ.... သူ့နံရိုးကြောင့် ဧ၀ဖြစ်လာသလို.. ဧ၀ရဲ့ ပန်းသီးကြောင့် အာဒံဘ၀ လှပခဲ့တယ်ဆိုရင် မမှားပါဘူး.... အာဒံရဲ့ နံရိုးဟာ အာဒံ့ နှလုံးသား.. ဧ၀ရဲ့ ပန်းသီးဟာ ဧ၀ နှလုံးသား.. ဒီနှစ်လုံးသားနှစ်ခု ထပ်တူပြုပြီ ကမ္ဘာဦးမှာ သူတို့ နှစ်ဦး ဘ၀တစ်ခုကို စတင်ခဲ့ကြတယ်... တကယ်တော့ အာဒံ ကံကောင်းခဲ့ပါတယ်.... သူပေးဆပ်မှုအတွက် သူထိုက်တန်တာပြန်ရခဲ့ပါတယ်......

ကျွန်တော်.... ကျွန်တော်လဲ အထီးကျန်ဘ၀မှာ ငြီးငွေ့တဲ့အခါ နံရိုးအရှာထွက်ခဲ့ပါတယ်..... ချစ်သူပေးမယ့်... သူ့နှလုံးသား ကိုယ်စားပြု ပန်းသီးတစ်လုံးကို မျော်လင့်ရင်းပေါ့.... ကျွန်တော် လောဘမကြီးပါဘူး.. နံရိုးတစ်ချောင်းအတွက် ပန်းသီးတစ်လုံးသာ တောင့်တသူပါ.... လိုက်ရှာရင်း... လိုက်ရှာရင်း .... ရင်မှာ ဟာနေတဲ့ ကွက်လပ်ကလေးကို မဖြည့်နိုင်တဲ့အခါ... ငိုင်နေရမှာလား ...

ဒါမှမဟုတ် ကိုယ်ပေးလိုက်ရတဲ့ နံရိုးတစ်ချောင်းအတွက် နံရိုးပေါင်းများစွာကို လဲလှယ်တပ်ဆင်နေတဲ့ သူတွေ..

ဒါမှမဟုတ်... နံရိုးပေါင်းများစွာကို အပိုတပ်ဆင်ထားသူတွေ..

ဒါမှမဟုတ်... ပန်းသီးပေါင်းများစွာကို ဟိုကိုက်ဒီကိုက်စားသုံးနေကြသူတွေကို ငါအပြစ်တင်ရမလား...

ဒါမှမဟုတ် ပေးဆပ်မှုတစ်ခုအတွက် တစ်ခုမကလိုချင်တဲ့သူတွေကြောင့် ကျွန်တော်တို့ရဲ့ပေးဆပ်မှုက အရာမထင်တော့တာလား....

ဒါမှမဟုတ် ဘယ်သူ ကျွန်တော့်ရဲ့ နံရိုး တပ်ဆင်ထားသလဲလို့ တရားခံလိုက်ရှာရမှာလား...

ဒါမှမဟုတ် ပန်းသီးတွေကို သာတူညီမျှ ဝေခွဲမတတ်တဲ့ ဣတ္ထိယ ဆိုသော သူများကိုသာ အပြစ်တင်ရမည်လား...

ဒါမှမဟုတ်... ပန်းသီး ရှင်ကို နှလုံးခိုက်အောင် မပြစ်ခွင်းနိုင်တဲ့... ဖူးစားရေးနတ်ဟုခေါ်သော ထို ခြေတို လက်တို ပုသေးသေး ဗိုက်ပူပူ ခပ်၀၀ တောင်ပံပုစိလေးနှင့် ကောင်းလေးကိုသာ အပြစ်တင်ရမည်လား.....

ဒါမှမဟုတ် ပေးဆပ်မှုတိုင်းအတွက် ပြန်မပေးတတ်တဲ့ လောကကြီးကို အပြစ်တင်ရမည်လား... ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ အရာကို လိုက်မရှာနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား.......

ဒါမှမဟုတ် ကွက်လပ်ကလေးဖြည့်ဖို့ ကြိုးစားရင်း မျော်လင့်ချက် မပြည့်စုံသေးခင် ဘ၀နိဂုံးချုပ်သွားကြတဲ့သူတွေ ရှိပါသေးလားလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာလား......

အထီးကျန်တဲ့ဘ၀မှာ လိုက်ရှာ... လိုက်ရှာ.. နံရိုးကို မတွေ့တဲ့ငါ.... ပန်းသီးကို မရတဲ့ငါ..... ဒီလိုပဲနေသွားရမှာလား.....

နောင်တစ်ချိန်.. ဒီကမ္ဘာမြေရဲ့ တစ်နေရာမှာ... အရိုးစုတစ်ခုကိုတွေ့တဲ့အခါ.. နံရိုးကိုရှာပါ... တစ်ချောင်းလျော့နေရင်... ကျွန်တော်ပါလို့.......


အလွမ်းနံပါတ် ၃


ကောင်ကင်အောက်မှာ ထားခဲ့ကြတဲ့သစ္စာ
ကြယ်တွေလို ကြွေကျသွားလား

လေပြည်နဲ တူတဲ့ မိန်းကလေးရေ
နင် အဝေးကို လွင့်လို့မရအောင်
ငါ့ရင်ထဲမှာ သိမ်းထုတ်ထားလိုက်ချင်ပေမယ့်...
ငါတို့ သစ္စာဟာ ....
ကမ်းခြေမှာ ရေးထားတဲ့ စကားတွေလား
လှိုင်းအတွေ့မှာ မသိသလိုဖြစ်သွားကြတယ်

ငါ့ရင်မှာ ရေးထားတဲ့ အဆိပ်သင့်အလွမ်းများ
ဘယ်အရာတွေက ဒီဒဏ်ရာတွေကို
ကု....စား....ပေး....နိုင်....မှာ.....လဲ....

အလွမ်းနံပါတ် ၂ လို့ နာမည် တပ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကို ညနေတစ်ခုမှာ ကောက်ကာငင်ခါ ရင်ဘက်က အံကျလာတဲ့အချိန် နေမင်း ကတော့ အိပ်ငိုက်ရင်း ပင်လယ်ထဲ ပြုတ်ကျသွားတယ်.. ဘယ်အချိန် လသာမလဲ... အဝေးမှာကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းသံတွေကြားတယ်.. နဘေးမှာ ထိုင်နေတဲ့ ခွေးငယ်လေး တစ်ကောင်လဲ မှိုင်နေတယ်...

“မနက်ဖြန် အိပ်ပြန်ကြမယ်ကွာ... ငါ့အလွမ်းတွေကို ဒီပင်လယ်ထဲ မြုပ်ခဲ့မယ်”

စကားနားမလည်တဲ့ ဒီကောင်လေးဟာ ခေါင်းတော့ ညိမ့်တတ်တယ်...

ကျွန်တော်ဟာ ကျိန်စာ သင့်တဲ့သူ ကျွန်တော့် နဘေးမှာ ချစ်တဲ့သူတွေ မနေရဘူးတဲ့... ယတြာ မပေးပဲ ဗေဒင်တွေ ပြောခဲ့တဲ့ အဲ့ဒီ ရှေးဖြစ်ဟောကြီး ကို သတိရတယ်... ဟောချက်က သွေးထွက်အောင် မှန်တယ် ဆရာရယ်.. အိမ်ထောင်ပြုဖို့ ရက်လာမေးတဲ့ လူနှစ်ယောက်ဟာ သွေးတွေခြားတဲ့ အစည်းအတားမှာ ဝေးခဲ့ကြတယ်... မနက်ဖြန်ဆို သူ ဆုံးတာ ၃ နှစ် တောင် ရှိပြီပေါ့.... အဲ့ဒါက အလွမ်း နံပါတ် ၁ ကျွန်တော် သတိမရဖြစ်တာ ၁ နှစ်လောက်ရှိတော့မယ်.. အခုတော့ အလွမ်းနံပါတ် ၂ နဲ့ရောပြီး ခပ်ပျစ်ပျစ် သောက်သုံးရပြန်ပြီ...

ခဲမှန်ဖူးတဲ့ ကျွန်တော် ရင်ခွင်ကို သော့ခတ် တိုက်ပိတ်ထားပေမယ့်.. အထဲကို ကြိုရောက်နေတဲ့ သူတစ်ယောက် ပထမဆုံး အလွမ်းတွေ နောက် ၂ နှစ်အကြာမှာ ကျွန်တော်ဟာ အချစ်သစ် တစ်ခုနဲ့ တွေ့ခဲ့တယ်... ဝေးရအုံးမှာပဲလို့ ခေါင်းထဲက သတိပေးသံတွေကို မောင်းထုတ်ထားတယ်... ဒီတစ်ခါ သွေးတွေနဲ့ ဝေးကြရင် ကျွန်တော်အသက်ကိုပဲ ပေးလိုက်ချင်တယ်... ကျွန်တော် အဲ့သလို ပေးဆပ်ခဲ့တဲ့ ကောင်မလေးဟာ ကျွန်တော့်ရင်မှာ ကြာကြာ မနေခဲ့ဘူး... ချစ်ပါတယ်လို့ နောက်ဆုံး အချိန်အထိ တတွတ်တွတ်ရွတ်ရင်း တိမ်တွေကြားမှာ သူပျောက်သွားတယ်... ကျွန်တော်တို့ ကမ္ဘာတစ်ဖက်စီ ဝေးသွားကြတယ်...


လှိုင်းအလျားမတူတဲ့ အခါ
ငါ့ရင်ဘတ်ဟာ အချစ်တစ်ခုကို
ဘယ်တော့ မှ ဖမ်းလို့ မမိခဲ့ဘူး

ရင်ခုန်သံဆိုတာ ကြိုးမဲ့ပျံသန်းနေတဲ့စွန်
ရှောင်ရင်းနဲ့ ငြိတတ်သလို
လိုက်ရင်းလဲ ဝေးတတ်တယ်

အင်တာနာ မထောင်တော့တဲ့ ငါ့ရေဒီယိုကို
အလျားတူတဲ့ လှိုင်းတွေက..
သီချင်းလှလှလေးတွေ ဆိုတတ်အောင် ဘာလို့သင်ပေးကြတာလဲ...


အသက်ရှင်ဖို့ကလွဲရင် အပိုရင်မခုန်ဘူးဆိုတဲ့ ကျွန်တော့် နှလုံးသားဟာ.. သူ့ကို မြင်တိုင်း ဘာလို့ ခိုးခိုးပြီး ရင်တွေခုန်တာလဲ... အမှတ်မရှိတဲ့ နှလုံးသားဟာ ဒဏ်ရာတွေတောင့်တ နေတာလား... ကျိန်စာသင့်တဲ့ လူတစ်ယောက်ပါ.. ဖူးစာ မပါတဲ့ အချစ်တစ်ခုအတွက် ရင်တွေ ထပ်မကွဲ ပါရစေနဲ့တော့...

“လှိုင်း” လို့ခေါ်တဲ့ ကောင်မလေးရေ... ငါတို့တွေ ဝေးကြမလား.. နင်ဟာ ငါ့ကျိန်စာတွေကို ဆေးချမလား... ငါ ၂ နှစ်ကျော်လောက် အနည်ထိုင်ထားခဲ့တဲ့အရာ.. နင့်နှုတ်ခမ်းက လေပြည်လေးကြားမှာ ပြန်လည်သက်ဝင် လှုပ်ရှားလာမလား....

ဝေးရမယ်ဆိုတာကို သိစိတ်က မေ့ပြစ်လိုက်ချင်ပေမယ့် မသိစိတ်က ပြောပြနေတယ်... နေပါစေတော့ ကောင်မလေးရယ်.... အိပ်နေတဲ့ နှလုံးသား နိုးထသွားတယ်ဆိုပေမယ့် .. ဒီတစ်ခါတော့ အိပ်ချင်ယောင်ဆောင် လိုက်တော့မယ်.. နိုးရခက်ပါစေတော့.....

“မင်း ရူးနေလား... အနာဂတ်က ပြင်လို့မရတဲ့ ကျောက်စာ မဟုတ်ဘူး ကွ.. မင်း သူများပြောတိုင်းယုံစရာလား”

“မင်းမလို့ကွာ ခေတ်လူငယ်ဖြစ်ပြီး ဗေဒင်ဟောတာ ယုံနေတယ်”

“မင်း တကယ်ပဲ လှိုင်းကို မချစ်ဘူးတဲ့လား”

ပြစ်တင်စကားများ ရင်နဲ့ နားနဲ့ ခေါင်းနဲ့ မဆံ့အောင်ရခဲ့တယ်... နားလည်အောင် ရှင်းပြဖို့ခပ်ခက်ခက်.... သေချာတာ ကျွန်တော်ဟာ အဆိပ်ပြင်းပြင်း တစ်ခွက်... ဖြေဆေးလဲ မဲ့တယ်...

အတိတ်အကြောင်း ရှင်းပြရရင်လဲ မကောင်းဘူး... ကံဆိုးစေတဲ့သားမို့ မိဘရင်းတောင် ထားခဲ့တယ်... မွေးစားတဲ့ အမေလဲ ချစ်လို့ မ၀ခင် ဆုံးပြန်တယ်.. မွေးစားတဲ့ အဖေ ဟိုးအဝေးမှာ နေလို့ ကံကောင်းနေတယ်.. ဗေဒင်မေးစရာမလိုဘူး... ကျွန်တော့်ကို ချစ်တဲ့ ဒေါ်လေးလဲ သက်ဆိုး မရှည်ခဲ့ဘူး မလား... နက္ခတ်ဆိုးတွေနဲ့ ယှဉ်မွေးတဲ့ ကလေး တစ်ယောက်ကို လက္ခဏာ ဆိုးတွေလဲ ထည့်ပေး လိုက်တယ်... အနာဂတ်ကို ကြိုမကြည့်စရာ မလိုတော့ဘူး.. တကယ် ချစ်တဲ့အခါ အဝေးမှာ နေရမှာ ကျွန်တော့် တာဝန်တစ်ခုလို ဖြစ်လာတယ်...


နွေအကြောင်းမသိတဲ့ ဆောင်း
သူအအေးနဲ့သူနွေးနေတုန်း

လအကြောင်းမသိတဲ့ နေ
သူအနွေးနဲ့ သူ အေးနေတုန်း

မနက်အကြောင်းမသိတဲ့ ည
သူ့အမှောင်နဲ့သူ လင်းနေတုန်း

နင်က နင် ငါတို့မဖြစ်တုန်း
ငါက ငါ နင်တို့ မဖြစ်တုန်း

နင့်အကြောင်း မသိတဲ့ငါ
အလွမ်းတွေနဲ့ မွေ့လျှော်တုန်း


တစ်နေရာစီမှာပဲ နေကြတယ်.. အော်ခေါ်ရင်ကြားသလို မြင်နေရပေမယ့် ကျွန်တော်ဟာ သူ့အဝေးမှာပဲ...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ခဏခဏ ကျွန်တော်တီးတိုးရေရွတ်မိတဲ့စကား .. သေချာတာ ကျွန်တော် ဘယ်တော့မှ မပြောဖြစ်မယ့် စကား ... သူလဲ ဘယ်တော့မှ မကြားနိုင်တဲ့ စကား...

အခုတော့ ကျွန်တော်ဟာ သူ့အချစ်တွေ မရပေမယ့်... “အလွမ်းနံပါတ် ၃” ဆိုတဲ့ ဇာတ်ကို တစ်ယောက်တည်း က နေမိတယ်..

“လှိုင်းရယ်... နင်မသိတဲ့ ဇာတ်ကို နင် သိမ်းပေးလို့ရမလား...”

ကျွန်တော် ရူးသွပ်စွာ တောင့်တခဲ့ဖူးတယ်.. သူ့ပုံရိပ်တွေ ကျွန်တော် တိတ်တိတ်လေး Album ထဲ ထည့်သိမ်းမိတယ်... သူသိရင်ရော.. အခုလို အပြုံးလှလှတွေ မြင်ရပါ့အုံးမလား...
သူနဲ့ အကွာအဝေး တစ်ခုတည်ဆောက်ပြီး နေတဲ့ ကျွန်တော့်ကို သူကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ နှင်းဆီပုစ္ဆာ တစ်ပုဒ် လာမေးဖူးတယ်

“ဒီနှင်းဆီတွေ လှိုင်း ဆီ ဘယ်သူပို့တာလဲ မသိဘူး ၆ လလောက်ရှိနေပြီ”

ခေါင်းခါရင်း ပြုံးပြမိတဲ့ ကျွန်တော့် မှာ နှုတ်ခမ်းက “ငါပါ” လို့ ပြောမထွက်ခဲ့ဘူး... အဲ့ဒီ နှင်းဆီပုစ္ဆာကို သူဟာ တယူတယ သိမ်းထားတတ်တယ်...

ကောင်မလေးရယ် နင်ဟာ ငါနဲ့ နီးတဲ့အခါ နေနဲ့ ဝေးတဲ့ နေကြာလိုပဲ.. တဖြေးဖြေး နွမ်းခြောက်ပြီး.......... ......... ......... .......... ............. ............... ငါမတွေးပါရစေနဲ့တော့...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ကျွန်တော် သူ့ကို မြင်တိုင်းရေရွတ်နေမိတယ်... ကျွန်တော် ဟာ အတော် နေမြင့်နေပြီ ထင်ပါရဲ့.... ဒီလိုသာ ကြာကြာနေရင် ကျွန်တော် ဖွင့်ပြောမိလိမ့်မယ်... နှုတ်ဆက်ပါရစေ လှိုင်းရယ်... ကျွန်တော် အဲ့ဒီ ရုံးက ထွက်ဖို့ ကြိုးစားခဲ့တယ်... ကျွန်တော်ဟာ အဲ့ဒီနေရာလေးကို အတိုင်း မသိတွယ်တာ နေတုန်းဆိုတာ ပစ္စည်းတွေ ကျွန်တော် သိမ်းတုန်းက သိလိုက်တယ်... ကျွန်တော် ခုန်လေးကနေ အလုပ်များ နေတဲ့ကြားက သူ့ကို ခိုးခိုးကြည့်ရတာ အမော.. ရုတ်တရက် မြင်ကွင်းက ပျောက်သွားရင် လိုက်ရှာရတာလဲ အမော... အခုတော့ ကျွန်တော် မက်မောတဲ့ အဲ့ဒီ့ အမောတွ စွန့်လွတ်ရတော့မယ်... နောက်ဆုံးအနေနဲ့ သူ အဖြေရှာနေတဲ့ နှင်းဆီပုစ္ဆာ ရဲ့ တန်ဖိုးကို ကျွန်တော် မေးကြည့်ချင်တယ်.. ကျွန်တော်တို့ တကယ် ဝေးသွားကြရင် သူ့နဲ့ အနီးကပ်ဆုံးဟာ ဒီနှင်းဆီတွေပဲ ဖြစ်မယ်မလား....

“ဒီနေရော နှင်းဆီ ရသေးလား”

“နောက်ဆုံး အပွင့်ပဲ ထင်ပါရဲ့... သူ အဝေးကို သွားတော့မယ်”

ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ရင်း သူပြောခဲ့တယ်... သူ့အဖြေက မှန်နေတယ်.. သူ့ပုစ္ဆာ အတွက် သူအဖြေမှန်ရတဲ့အခါ ကျွန်တော့် အတွက် ပုစ္ဆာ တစ်ပုဒ် ထွက်လာပြန်တယ်... သူ ဘယ်လို သိတာလဲ...

“သူက မပို့တော့ဘူးလို့ ပြောလို့လား”

“လှိုင်း နှင်းဆီ ကြိုက်တယ်ဆိုတာကို သူတစ်ယောက်တည်းသိတယ်”

“တခြားသူတွေ မသိဘူးလား”

“လှိုင်းက တကယ်တော့ နှင်းဆီ မကြိုက်ဘူး.. ခရေတွေ ကြိုက်တာ... ဒါပေမယ့်... အဲ့ဒီ လူကို နှင်းဆီတွေ ကြိုက်ပါတယ်လို့ ပြောခဲ့ဖူးတယ်.. အဲ့ဒီတုန်းကတော့ လိမ်တယ်လို့ပြောလို့ရတယ် အခုတော့ နှင်းဆီတွေကို ချစ်တယ်”

“ဒါဆို အဲ့ဒီလူကို ဘာလို့ နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့ရတာလဲ”

“အဲ့ဒီလူ နှင်းဆီကို ရပြီးမှ အဲ့ဒီလူကိုတွေ့လို့”

အခုတော့ ပုစ္ဆာအားလုံးက အဖြေထွက်သွားခဲ့ပြီ... လှိုင်း နှင်းဆီတွေ ၀ယ်ပြီး ဘုရားပေါ်တက်သွားတာ မြင်လိုက်တဲ့နေ့က သတိထားမိတယ်... နောက်နေ့ အိမ်က နှင်းဆီပွင့်တော့ သူ ရုံးမရောက်ခင် သူ့ ခုန်မှာ ကျွန်တော် ထားခဲ့တယ်... အဲ့ဒီညနေ ရုံးအဆင်း ဓါတ်လှေကား မှာတွေတော့ သူနှင်းဆီကို ထုတ်ပြရင်း နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့တယ်.. အဝေးက အိပ်မက် မက်တတ်တဲ့ ကျွန်တော့်အတွက် လက်တွေ့ အိပ်မက်တစ်ခု ထပ်တိုးလားခဲ့တယ်.. ကျွန်တော်ဟာ နေ့စဉ် ရက်ဆက် နှင်းဆီတွေ ပို့ခဲ့တယ်...

“နင် အလုပ်ပြောင်းအုံးမှာလား”

ထွက်စာဟာ ထူးဆန်းစွာပဲ အပယ်ခံခဲ့ရတယ်.. ကျွန်တော်ဟာ တကယ်ပဲ လှိုင်းနဲ့ ဖူးစားပါခဲ့သလား... အခုတော့ ကျွန်တော် တောင့်တတဲ့ ဆန္ဒတစ်ခုပြည့်ဝသွားခဲ့တယ်...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

အခုတော့ ကျွန်တော့် နှုတ်က ခဏခဏ သူ့ကို ပြောဖြစ်နေမိတယ်...


ဝင်္ကဘာကြားထဲက ရုန်းထွက်တော့
နှင်းဆီတွေ ခင်းထားတဲ့လမ်းရောက်တယ်

နှင်းဆီ ရနံ့မှာမူးနေလို့
ကျွန်တော့် ခြေမှာ ဆူးတွေ ဆူးနေမှန်း
သူမသိခဲ့ဘူး...

နှင်းဆီတွေ ကျွန်တော် သွေးနဲ့
ပိုရဲလို့နေပါစေ...

ကျွန်တော်ထမ်းပိုးထားတဲ့ ကောင်မလေး ရနံ့တွေနဲ့
အိပ်ပျော်လို့နေပါစေ....


တချိန်ချိန်ပေါက်ကွဲမယ်မှန်းသိတဲ့ ဗုံးတစ်လုံးကို ကျွန်တော်ဟာ ထွေးပွေ့ထားရသလိုပဲ... သူဘယ်အချိန် ဘာဖြစ်မလဲလို့ ကျွန်တော် စိုးရိမ်နေခဲ့တယ်... ကျွန်တော့် ကျိန်စာတွေ က ကျွန်တော်ကို အိပ်မရအောင် ခြောက်လှန့်နေခဲ့တယ်...

“လှိုင်းရယ် လှိုင်းနဲ့ ဝေးရရင် မောင် တော့ သေမှာပဲ”

ခပ်ပိုပိုစကားတစ်လုံးလို သူ သဘောထားတယ်...

“မောင့်လက်ခုပ်ထဲက ရေပါ မောင်ရယ်... ဘယ်တော့မှ အဝေး ထွက်မသွား ပါဘူး” လို့ သူ ကတိစကားတွေ ပြောတုန်းက ကျေနပ်မိတယ်... ဒါပေမယ့် ကျိန်စာတွေ ခြောက်လှန့်လာတဲ့နောက် ဘယ်တော့ အငွေ့ပျံသွား မလဲလို့ စိုးရွံ လာတယ်.... အရိပ် တကြည့်ကြည့်နဲ့ သူ့ခြေလှမ်းတိုင်း သတိထား နေတဲ့ အခါ သူ မလွတ်လပ်မှာလဲ စိုးတယ်...

ကျိန်စာတွေ ကြောက်လာတဲ့ ကျွန်တော်ဟာ အရင် ဗေဒင်ဆရာ ဆီသွားမိတယ်... နက္ခတ်တွေဆိုးနေတဲ့ ကလေးတစ်ယောက်ရဲ့ လက်မှာ လက္ခဏာဆိုးတွေ အမှတ် ပေးလိုက်ကြတယ်... အဲ့ဒီ လက္ခဏာဆိုးတွေကြောင့် ကျွန်တော့်ဘ၀ဟာ မဲနေတယ်တဲ့.... ယတြာတွေ သူမပေးပြန်ဘူး.... အနာဂတ်ဆိုတာ အသေမဟုတ်ဘူးလို့ သူပြောခဲ့တယ်... လူတစ်ယောက်ရဲ့ မနက်ဟာ သူ အိပ်တဲ့အချိန်ကြောင့်လဲ ပြောင်းလဲ သွားနိုင်တယ်တဲ့... ကျွန်တော် ရှင်သန်နေရင် ကျွန်တော့် အနာဂတ်တွေဟာ အရှင် ပဲ... လက္ခဏာဆိုး တဲ့ လက်နှစ်ဖက်နဲ့ အဲ့ဒီအနာဂတ်ကို ကျွန်တော် ပြောင်းချင် သေးတယ်....

ဒါပေမယ့်... ကျွန်တော် ဘယ်လို ကြိုးစား ကြိုးစား ရင်ဆိုင်းခဲ့ဖူးတဲ့ အတိတ်က လှိုင်းနဲ့ ကျွန်တော် ဝေးရမယ်ဆိုတာကိုပဲ ထောက်ပြနေကြတယ်... မိုးကောင်းကင်ရယ် မြေကြီးဖြစ်တဲ့ ကျွန်တော့်ကို ဘာကြောင့် မိုးကြိုးတွေ အကြိမ်ကြိမ် ပြစ်ပြရတာလဲ... အခုဆို မိုးသံတွေကြားကတည်းက သွေးပျက်နေမိတယ်...
ဂရုစိုက်တတ်လွန်းတဲ့ လှိုင်းဟာ ကျွန်တော့် ခြေလှန်းတိုင်းရဲ့ အဓိပ္ပါယ်ကို ကောက်နိုင်ခဲ့တယ်... ကျွန်တော့် ပျော်ရွင်ခြင်းတွေကို အနား သတ်ထားတဲ့ ဘောင်တစ်ခုကို သူမြင်လာတဲ့နောက်.. ကံဆိုးသူ ကျွန်တော် အကြောင်း သူ့ကို ပြောပြမိတယ်... ကျွန်တော် မတရားဘူး.. သူ့ ဂရုဏာတွေကို ခြွေယူခဲ့တယ်...

“ကျိန်စာတွေ နက္ခတ်ဆိုးတွေ မယုံဘူး မောင်... ကျိန်စာတွေ တကယ်သင့် ခဲ့ရင် နောက်ဆုံး ထွက်သက်ဟာ မောင့် လက်ထဲမှာပဲ ဖြစ်ချင်တယ် ”

သူအပြုံးမပျက် ပြောသွားတဲ့ စကားအဆုံးမှာ ကျွန်တော်ဟာ ငိုကြွေးမိတယ်... ကျွန်တော့်ဘ၀အတွက် သူ့ဘ၀အတွက် ကျွန်တော့် ကျိန်စာတွေကို ဖြတ်ပေးပါလို့ တောင့်တမိတယ်... သူကတော့ အနာဂတ်အတွက် ရဲရင့်နေတယ်... ကျွန်တော်ကတော့ သူ့ကို ဆုံးရှုံးသွားမလား တွေးကြောက် နေမိတယ်...


နိုင်ခြေနည်းလွန်းတဲ့ ကစားဝိုင်းထဲ
ကံကြမ္မာနဲ့ ဖက်ပြိုက်ခဲ့တယ်

မျှတတယ် မမျှတဘူးဆိုတာ
ကျွန်တော့်မှာ ငြင်းခွင့်မရှိခဲ့ဘူး
ဘ၀နှစ်ခုနဲ့ လောင်းကြေးထပ်မိတဲ့နောက်..

ကံကြမ္မာက ခြောက်(၆)ပြလို့
Lucky 7 ရရင် ကျွန်တော်နိုင်မယ်ဆိုတဲ့ပွဲမှာ
အံစာ ဟာတစ်လုံးတည်းရယ်.....


ကျွန်တော့် ဘ၀ရဲ့ကျိန်စာတွေလွတ်မြောက်သွားပြီလို့ ထင်နေမိတယ်... ၂ နှစ်တာ ကာလ အတွင်းမှာ ဝေးကွာဖို့ လမ်းကြောင်းမမြင်တဲ့နောက် လက်ထပ်ဖို့ ကြိုးစားမိတယ်...

ပုန်း နေတဲ့ ကြမ္မာဆိုးတွေ ခြုံခိုတိုက်ခိုက် လိုက်သလိုပါပဲ... သူ့မိဘတွေဟာ မိရင်းဖရင်းတောင် မမွေးချင်တဲ့ ကျွန်တော်လို လူမျိုးနဲ့ သဘောမတူခဲ့ပါဘူး... အတားအဆီးဆိုတာ မတွေ့မိပေမယ့် မြင်လိုက်ရတဲ့ အခါမှာ ကျွန်တော် မကျော်နိုင်တော့ဘူး...

“လှိုင်းရယ်... ဒီတစ်ခါ ဝေးကြရတော့မယ်ထင်တယ်”

ကျွန်တော် ညီးတွားမိတဲ့ အသံ အဆုံးမှာ သူမျက်ရည်တွေ ကျလာတယ်... မငိုတတ်ဘူးလို့တောင် ထင်ရတဲ့ အပြုံးမျက်နှာနဲ့ ကောင်မလေးဟာ အခုတော့ ငိုနေရတယ်... ကျွန်တော် သူ့လက်ကလေးကို တင်းတင်းဆုတ်ကိုင်မိခဲ့တယ်... ဒီလက်တွေက ကျွန်တော့် ဘ၀အတွက် မကောင်းသတင်းတွေ ယူလာခဲ့တယ်.. ဒီလက်တွေနဲ့ပဲ သူ့လက်ကို ဆွဲပြီး ကျွန်တော် အဝေးကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်...

“မောင် မြန်မြန်မောင်းလေ အိမ်က လိုက်လာအုံးမယ်”

လှိုင်းမျက်နှာမှာ စိုးရွံမှုတွေ နဲ့.... သူ့ ကြောက်လှန့်မှုတွေ အဆုံးသတ်သွားအောင် ကျွန်တော်ပြုံးပြခဲ့တယ်... ညအချိန်မှာမို့ ကျွန်တော် သတိထား မောင်းနေမိတယ်... သူက ကျွန်တော့်ဘ၀ထက် အရေးကြီးတယ်မလား... ကျွန်တော် ဘာမှ အတိမ်းအစောင်း မခံနိုင်...

ရုတ်တရက် မြင်လိုက်ရတဲ့ အလင်းနဲ့အတူ အရှိန်ပြင်းပြင်းတစ်ခု... နောက်ဆုံး သတိကြောင့် လှိုင်းကို ကျွန်တော်ကာ ပေးလိုက်တယ်...

ကျွီ !!!! !!!!

လောကနဲ့ ဘယ်လောက်ကြာအောင် အဆက်ပြတ်သွားလဲ မသိ...

“မောင်.....”

လှိုင်းရဲ့ အသံကြားလို့ နိုးထလာမိတယ်... ကျွန်တော် နဘေးမှာ လဲနေသော လှိုင်း .. “မောင်.....” လို့ တတွတ်တွတ် သူ တီတိုးစွာရေရွတ်နေတဲ့ ပါးစပ်က သွေးတွေစီးကျလို့... သူ ကျွန်တော့်ကို မြင်ရဲ့လား... သူ့ နှုတ်ဖျားက သွေးစက်တွေ ကျွန်တော် လှမ်းသုတ်ပေးချင်လိုက်တာ.....ဒါပေမယ့် ကျွန်တော်.. ကျွန်တော်.. မတတ်နိုင်ခဲ့ဘူး.....

ဝေဒနာတွေ ခံစားနေရတဲ့ သူနား ကျွန်တော်တိုးကပ်လို့ သွားတယ်... ကျိန်စာဆိုးတွေရယ်... သူ့အနားရောက်မှ ကျွန်တော် အသက်ကို နုတ်ယူပေးပါ....

ဆုတောင်း ပြည့်ခဲ့ဘူး.. ကျွန်တော် အာရုံတွေ... အမြင်တွေေ၀၀ါး လာလိုက်တာ..........


ကျွန်တော်ဟာ
လှိုင်းစေရာ နာခံမယ့် ကမ်း
ပင်လယ်အတွက် အနားသတ်မဖြစ်ချင်ဘူး

ပင်လယ်နဲ့တူသော ချစ်သူအတွက်
ကျွန်တော်ကို မြစ်တစ်စင်းလဲဖြစ်ခွင့်ပေးပါ
ပင်လယ်လဲ မငြင်းသော
မြစ်လဲ စီးဆင်းသော
အဆုံးမဲ့ အချစ်များကို ပေးဆပ်ခွင့်ပြုပါ....

ပင်လယ်နဲ့တူသော ကောင်မလေးအတွက်
ကောင်းကင်လဲ ဖြစ်ခွင့်ပေးပါ
အရိပ်တွေကို သူ ဖမ်းစား
အပြာရောင်နေ့ရက်များ ရှင်သန်ခွင့်ပေးပါ....


သောင်ပြင်မှာ ပြေးလွားချင်နေတဲ့ ခွေးလေးကို ကျွန်တော် မနဲဆွဲထားရတယ်... ဒီကောင်လေးက သန်မာလာလိုက်တာ ကျွန်တော်တောင် မနိုင်ချင်တော့ဘူး....

လှိုင်းတွေ နဲ့ ထိနိုင်လောက်တဲ့အထိ ကျွန်တော် လျှောက်သွားခဲ့တယ်... လှိုင်းတွေဟာ ကျွန်တော့် ခြေထောက်တွေကို ရိုက်ခတ်လိုက် ဆင်းသွားလိုက်... အဲ့ဒီ လှိုင်းလေးတွေ ပြန်အဆင်းမှာ ကျွန်တော် ခြေထောက်တွေ သဲတွေထဲ နစ်မြုပ်သွားတယ်... လှိုင်းတွေရယ်.. ကြမ္မာဆိုးတွေကို ဒီရေတွေက ဆေးကြောပေးပါ... ဒီသဲတွေအောက် နှစ်မြုတ်ပေးပါ....

လှိုင်းသံတွေကြားမှာ ကျွန်တော်ဟာ မေ့မြောနေခဲ့တယ်...

ရုတ်တရက်လှိုင်းကို သတိရလာတယ်...

နှင်းဆီတွေကို သတိရလာတယ်...

အတိတ်ဟောင်းတွေကို မြင်ယောင်လာတယ်...

“လှိုင်းရယ်”

“ပြောလေ... မောင်”

ဘယ်အချိန်ကတည်းက ရောက်နေလဲမသိတဲ့ လှိုင်းက ပြုံးပြတယ်... သောင်ပြင်မှာ ပြေးဖို့ ကြိုးစားနေတဲ့ ခွေးငယ်လေးကို လွတ်ပေးလိုက်တယ်... ဟိုပြေး ဒီပြေးနဲ့ ဒီကောင်လေး မြူးနေလေရဲ့... လှိုင်းရဲ့ လက်ကို တင်းတင်းဆုတ်ကိုင်လိုက်တယ်... လေတိုက်လို့ လွင့်ပါးလာတဲ့ သူဆံနွယ်တွေကို သပ်ပေးဖို့ ကျွန်တော့်မှာ လက်မအားတော့... လှည့်စားတတ်လွန်တဲ့ ကံကြမ္မာရဲ့ လောင်းကြေးအတွက် လက်တစ်ဖက် ပေးလိုက်တယ်... နက္ခတ်ဆိုးတွေ ကြီးဆိုးထားတဲ့ လက်နဲ့ လှိုင်းအသက်ကို လဲလိုက်တယ်... အဲ့ဒီအတွက် နောင်တမရခဲ့ဘူး....
နောက်ထပ် ကျိန်စာများ ရှိသေးရင် .. နောက်ထပ် လက်တစ်ဖက်ပေးဖို့ ကျွန်တော် အဆင့်သင့် ရှိနေတယ် မဟုတ်ပါလား....

“လှိုင်းနဲ့ အတူတွဲသွားဖို့ လက်တစ်ဖက် ကျန်သေးတယ်.. နှင်းဆီတွေ ခူးပေးဖို့ လက်တစ်ဖက်ကျန်သေးတယ်... ”

“ကျေးဇူးပဲ မောင်... ”

ဒီတစ်ခါ ညနေကတော့ နေမင်းက ရှက်ပြုံးတွေဝေရင်း ပင်လယ်ထဲ ခုန်ဆင်းသွားပြန်တယ်... ကျွန်တော်ကတော့ လှိုင်းရဲ့ လက်ကို ဆုတ်ကိုင်ရင်းပေါ့....

ပြီးပါပြီ ။ ။