ခေတ်သစ်ရဲ့ ရှင်သန်ခြင်း အတတ်ပညာ

လူတွေက ကဗျာတပုဒ်လိုလှကြတယ်....

အချိန်နာရီတွေက ရင့်ကျပ်မှုတွေကို ဝတ်ဆင်ပေးကြပေမယ့်...

တခါတရံ ယားယံတတ်ကြတော့....

မိတ်ကပ် ဒါမှ မဟုတ် ဟန်ဆောင်ခြင်း ဆိုတာတွေနဲ့ ဖုန်းအုပ်ကြတဲ့ ခဏ...

လူတွေ အိုမင်းရင့်ရော်လာကြတယ်...

ဒေါသတွေအောင်းလို့ ပူလောင်ကြပြန်တယ်...

အတ္တတွေစားပါများလို့ အေးခဲ သေကြပြန်တယ်.....



ဒါပေမယ့်....

လူတွေက အမှတ်သညာ နည်းကြတယ်.....

လွယ်လွယ်နဲ့ မေ့ပစ် ကြတယ်.... (မေ့ချင်ယောင်ဆောင်ပစ် ကြတယ်)

သင်ခန်းစာ အသစ်အသစ်တွေမှာပဲ ပျော်မြူးချင်ကြတယ်.....

ဒဏ်ရာတွေကို လျှက် အရသာ တမျိုးခံရင်း....

ဒုက္ခဝေဒနာ (သို့)

အသည်းကွဲ အမာရွတ် (သို့)

ကံကြမ္မာရဲ့ ထိုးနှက်ချက် လို့

နာမည်လှလှတွေ သီကုံးရင်း လူတချို့က ထုတ်ကြွားချင်ကြတယ်.....

(ဘယ်သူတွေကို သူ အသဲခွဲဖူးလဲ သူတို့ မေ့တတ်ကြပြန်တယ်)



တည်ဆောက်ရတာ ခက်ခဲတယ်...

ဖြိုချရတာ လွယ်ကူတယ်....

လူတွေက ဖျတ်ဆီးခြင်း ဆိုတဲ့ အတတ်ပညာကို ပါရဂူဘွဲ့ယူထားကြတယ်....

ကတိတွေကို ဖျတ်ဆီးတယ်...

သစ္စာတွေကို ဖျတ်ဆီးတယ်....

ကိုယ်နဲ့ ကိုယ် မညာမတာ ဖျတ်ဆီးတယ်...

လူတချို့ကိုလဲ ငါနဲ့ ငါလို့ မတူ တူအောင် ဖျတ်ဆီးတတ်ပြန်တယ်....

မိုးခါးရည်သောက်မှ မူးတတ်ကြပေမယ့်...

လူကောင်းသူကောင်းတွေလဲ ရူးချင်ယောင်ဆောင်ကြတယ်...



ကိုယ်မွေးတဲ့ မျောက် ကိုယ့်ကို ပြန်ချီနှောင်ရင်ပဲ

မျောက်ကလေး တတ်လှ တတ်လှ လို့ အားရကျေနပ်ကြတဲ့ လူတချို့လဲရှိပြန်တယ်.....

ကိုယ်ဖန်ဆင်းတဲ့ ငွေ ကိုယ့်ကို ပြန် 'စေ' ပြန်တယ်...

ထို စက္ကူတို့ မခိုင်ရင် လူတွေလဲ ယိုင်ချင်ကြတာမို့...

"ရှင်သန်ရာမဲ့ရင် ကမ်းပါးတွေလို ဖြိုချသွားစမ်းပါ..

အသွေးအသားတော့ ပေးမစားပါနဲ့" လို့

ညာသံ ပေးပေမယ့်...

မယုံနိုင်အောင် နားလေးတဲ့ လူတချို့ရဲ့

သတ္တိတွေလဲ ငွေနဲ့ ဓါတ်ပြုရင်း အငွေပျံ သွားတတ်ကြတယ်....



နောက်ဆုံးတော့

နောက်ကျောမှာ ဓါးတန်းလန်းနဲ့

ဒီလိုပဲ ပုခုံးဖက် ပေါင်းကြရအုံးမှာပါပဲမလား....

ကြိုက်ရာ မျက်နှာဖုံးသာ ရွေးဆောင်းလိုက်ရင်း....

သူတို့လိုပဲ အပါးဝလွန်းတဲ့ လူတောထဲ ပြေးတိုးလိုက်ချင်တော့တယ်....

No comments:

Post a Comment