ကြယ်စင်ခတဲ့ နတ်သမီးည



ကဗျာတွေ စာတွေ ဖွဲ့မနေတော့ပါဘူး…. အရှင်းဆုံးပဲ ပြောတော့မယ်… သူမက လှတယ်…. ကျွန်တော့် ကဗျာတွေ သူ့အလှကိုစော်ကားသလို ဖြစ်မှာစိုးလို့… သူ့အလှဖွဲ့တောင် ကျွန်တော် မတို့ဖူးဘူး…. မမြင်ဖူးတဲ့ ကီလီယိုပတ်ထရာနဲ့ မခိုင်းနှိုင်းတော့ဘူး.. venus လဲ ခေါ်မကြည့်တော့ဘူး… သူတို့ကို နိုမ်သလိုဖြစ်နေမယ်… ၁၀၀ မှာ ၉၉ ယောက် လောက်က လှတယ်လို့ ပြောယုံနဲ့ ကျွန်တော်က လှလွန်းပါတယ်လို့  မပြောပါဘူး … သူမကို လှလားလို့ လူ ၁၀၀ ကိုမေးရင် ၉၉ ယောက်ကတော့ လှတယ်ပြောပါတယ်… ကျန်တစ်ယောက်ကတော့ သူမ အလှမှာ မိန်းမောသွားလို့ မဖြေလိုက်ရရှာဘူး …. အဲ့သလိုကောင်မလေးကို… ကျွန်တော် အရိုးဆုံးပြောခဲ့တယ်… လှတယ် လို့…. ကြားရပါများလွန်းလို့ သူအတွက် ဒီစကားက ထုံနေပါပြီ… ၀တ်ကျေတန်းကျေ.. နှုတ်ခမ်းလေးကို လှပစွာ ကော့ညွတ်ပြခဲ့တယ်… မရူးရုံတမယ်ပါပဲ… ကျွန်တော့် စကားလေးတွေ သူ့ရင်ထဲ တီးတိုးသံတောင် မရောက်ခဲ့ပေမယ့်… သူ့အပြုံးက ကျွန်တော့်နှလုံးမှာ သေရာပါ အမှတ်တရတစ်ခုပါပဲ… ဒီအချိန်မှာ ကျွန်တော့်ရင်ကိုခွဲ အဲ့ဒီ အသဲနှလုံးကြည့်မယ်ဆိုလဲ … ကိုယ်တိုင်ရင်ကိုခွဲပြီး ထုတ်ပေးလိုက်ချင်တယ်… သူမြင်ရင် နောက်တစ်ခေါက်ပြုံးဦးမလားနော်… သိချင်ပေမယ့် ကျွန်တော် မမှီလိုက်မှာတော့ စိုးတယ်…. ဒါ ပထမနေ့ပဲ ရှိပါသေးတယ်… နောင် နေများထပ်မြင့်လာရင်… ကျွန်တော် ခံနိုင်မယ် မထင်တော့ပါဘူး…

*****************
အား... တော်တော်ပူတာပဲ… နေရခက်တယ်… နေဆယ်စင်း ကို ငရဲမီးနဲ့ ငါတို့စားမိတာလား မသိဘူး… မိုးရေတွေတောင် ကျွန်တော်ကို ထိပြီး အငွေ့ပျံလောက်တယ်… ထင်းအစားထိုးလောင်စာအဖြစ် ကျွန်တော့် နှလုံးသားကို ယူသုံးသင့်တယ်လို့တောင် ထင်လာတယ်… သူမ ကျွန်တော့် မြင်ကွင်းက ပျောက်နေတယ်…. ဘာလို့များ မလာသေးပါလိမ့်… စောင့်နေရင်း… သူဘာလုပ်နေမလဲ တွေးရလွန်းလို့ ခေါင်းတွေတောင် ပူလာတယ်… မိုးရေကြောင့် စိုနေတဲ့ ဆံပင်တောင် ခြောက်လောက်တယ်…. ဟူး… အခုမှ သက်ပြင်းချနိုင်တယ် … လာမယ့် လာတော့လဲ… ရင်ထဲ အေးစိမ့်သွားတာပါပဲ…. အော် .. ထီးကလေး.. ဒီလောက်လှတဲ့ ကောင်မလေး လက်ထဲမှာတောင် အငြိမ်မနေနိုင်ဘူးနော်.. လေခေါ်ရာကို လိုက်ချင်သေးတယ်…. တယ်… နေရာချင်းသာ လဲလိုက်ချင်တယ်…. သူခြေအကျ.. ဖြာကျသွားတဲ့ ရေတွေက ကျွန်တော့် မျက်စိထဲ သိပ်လှတဲ့ ပန်းပွင့်လေးတွေပါပဲ… သေချာတာက ဘယ်သူမှ ပန်ခွင့်မရခဲ့ဘူး… တော်ပါတော့ မိုးရယ်… သူမ ခြေထောက်ဖွေးဖွေးတွေ အေးနေရော့မယ်… နေခြည်နွေးနွေးတွေ သူခြေကလေးကို ထွေးပွေ့ပေးကြပါအုံး… ဆုတောင်းတိုင်းမပြည့်ခဲ့ပါဘူး.. ဒါပေမယ့် သူထီးကလေး အောက် ကျွန်တော်မှာ တစ်ထောက်နားခွင့်ရခဲ့တယ်… ကျွန်တော်… ပျံသန်းနေတာလား… ဟင်………… ကျွန်တော်ဟာ သူ့ကိုယ်သင်းရနံ့တွေထဲ … ပန်းမျိုးစုံပွင့်တဲ့ ပန်းခြံကြီးထဲ ရောက်သွားသလိုပါပဲ… ကျွန်တော် ရုံးမထွက်ချင်တော့ဘူး…. အချိန်တွေကို ရပ်တန့်ပေးကြပါဦး … ကျွန်တော် ဆုတောင်းမပြည့်ခဲ့ပါဘူး…… ဒါ.. သူကျူရှင်နောက်ကျတဲ့ နေ့ကလေ…. ကျွန်တော့်အသဲတခြမ်း အဲ့ဒီရက်က မီးကြွမ်းသွားတယ်… တော်သေးတယ်… သူမ အပြုံးလေး ကယ်ပေလို့…

*****************
သူ့လက်ထဲကို စာအုပ်ကလေး ကမ်းပေးလိုက်တယ်… သူလိုချင်မှန်းသိလို့ ပေးတဲ့ အရာတစ်ခုကို သူမငြင်းတာ အဆန်းမဟုတ်ပေမယ့်… ဒီစာအုပ်ကလေးက ဆန်းတယ်လေ…. စာအုပ်ထဲမှာ ကဗျာတွေ… နှလုံးသား တစ်ခုတည်းနဲ့ ရေးထားတာပေါ့… အသံသာသာနဲ့ သူကဗျာလေး ဖတ်လိုက်တော့… ကျွန်တော် အပိုမပြောပါဘူးဗျာ… ကမ္ဘာချီပြီးပြောရင် လွန်တယ်ထင်မယ်… သံစဉ်မလိုပဲ… သူပြောသမျှဟာ.. အသာယာဆုံးဆိုတဲ့ တေးသွားတွေထက် ကောင်းနေတယ်… သူ့အသံနဲ့ လိုက်ဖက်အောင် ဗေလုဝ နတ်စောင်းလေးများ ကျွန်တော်ရရင် သူ့ကိုသီချင်းဆိုဖို့ တိုက်တွန်းမိထင်မယ် …. ကဗျာတွေဖတ် သူကပြုံး.. ကျွန်တော်က သူမျက်ဝန်းတစ်စုံအောက်မှာ အကြိမ်ကြိမ်ကျဆုံးခဲ့တယ်… မလင်းတလင်း လရောင်အောက်မှာ သူ့ဆံနွယ်တွေ တဖိတ်ဖိတ်တောက်နေလေရဲ့.. လွင့်နေတဲ့ သူ့ဆံနွယ်ကြား.. ဖြတ်သွားတဲ့ လေပြည်လေး ကျွန်တော် ခဏလောက် ဖြစ်ခွင့်ရချင်တယ်… မနေနိုင်တဲ့ အဆုံးကောင်ကင်ကို မော့ကြည့်ပြီး ဆုတောင်းမိတယ်… နတ်မိမယ်လေးကို ပြန်မခေါ်သွားပါနဲ့လို့…. သူကတော့ အပြုံးသဲ့သဲ့ပဲ ပြုံးပါတယ်… ကျွန်တော့်အတွက်တော့ ပိုသေချာသွားတယ်…. သူမဟာ အတောင်မပါတဲ့ နတ်သမီးတပါးပါပဲ… ကြယ်တွေ အပေါ်ပြေးလွား ကစားရင်း .. ကြယ်ကြွေတော့ သူမပါ ပါလာတာဖြစ်မယ်…. အဲ့ဒီကြယ်လေးတွေ အခု သူ့မျက်လုံးထဲမှာရှိတယ်… အခု အရောင်တွေ တလဲ့လဲ့ ရွန်းရွန်းစို နေလေရဲ့… အဲ့ဒီ မျက်လုံးဟာ သူမ မဆင်ထားပေမယ့်… လူတကာ ကျဆုံးရတဲ့.. နတ်သမီးထောင်ချောက်ပါပဲ…. ဒါ … သူမကို လက်ဆောင်ပေးတဲ့ညပါပဲ…. အဲ့ဒီညပဲ ကျွန်တော် ထောင်ချောက်ထဲ ခုန်ချခဲ့တယ်….. ကျွန်တော် သူ့ကို ချစ်တယ်….

*****************
နေမင်းလဲ သူမ အလှကို ကြည့်မဆုံး နောက်ဆုံးမှ ရှက်ပြုံးကြီးကို မျက်နှာနီအောင် ပြုံးပြီး.. တိုက်တွေကြားထဲ ၀င်ပုန်းလိုက်တယ်..… လမင်းကတော့ မထွက်ရဲသေးဘူး… အေးလေ.. မယှဉ်သာတဲ့ ပန်းဆိုတာ အလိုက်သိသိ နောက်ဆုတ်ပေးရတယ်…. သူမ မရှိမှ သာနိုင်မယ့် လကိုတော့ သနားမိပါရဲ့… အခုတော့ .. ကျွန်တော်တို့ လမိုင်ညမှာ (လ လက်မိုင်ချရတဲ့ ည) အအေးဆိုင်ထိုင် နေတယ်လေ …. လှလိုက်တဲ့ နေရာလေးပါပဲ.. မှုန်နေတယ်… အလင်းဆိုလို့ .. မှိန်ပြပြ ဓါတ်တိုင်မီးလေးပဲရှိတယ်… လေပြေတွေက အေးပါတယ်ဆိုတဲ့ လူကို သဒ္ဒါတွေပိုနေတယ်… ဒါပေမယ့်.. သူ့အကြိုက် ကျွန်တော် အအေးတစ်ခွက်ပဲ သောက်ခဲ့တယ်… ကောင်းလိုက်တဲ့ အရသာ… ဒီနေ့ အရာရာဟာ လှပ … လောက က ဒီနေ့မှ ကျွန်တော့်အပေါ် မျက်နှာသာပေးတယ်… အသုံးမကျတဲ့ လက်တံတွေ … အလိုက်မသိ လည်နေလိုက် ကြတာ… အခုတော့ ညသိပ်မစောင်းခင် သူ့ကို အိမ်ပြန်ပို့ ပေးလိုက်ရတယ်…လက်ပြပြီး အိမ်ထဲ ၀င်သွားတဲ့… သူမ… ကျွန်တော့် ရင်တွေ ဟာလိုက်တာဗျာ…. ဟာ!…. သူပြတဲ့ လက်မှာ ကျွန်တော့် နှလုံးသားက ကောက်ကောက်ပါအောင် လိုက်သွားတာကိုး… မပြောမဆိုနဲ့ ထွက်သွားတဲ့ နှလုံးသားကို သူမနဲ့တွေ့တဲ့နေမှပဲ ပြန်ယူရတော့မယ် ထင်ပါရဲ့.. ဒီညတော့ အသက်မဲ့ ရင်ခုန်သံတွေနဲ့ အိပ်စက်ရအုံးမယ်… လွမ်းလိုက်တာဗျာ… သူမလဲ အိမ်ထဲဝင်သွားပါပြီ… အထီးကျန်တဲ့ ငါ့ကို အဖော်ပြုပေးပါဦး လမင်းရယ်… မ၀င့်မရဲနဲ့ မင်းမကြည့်လိုက်ရတဲ့ သူမ အလှကို ကျွန်တော် ညတိုင်း ပြောလို့ကုန်မယ် မထင်ဘူး… ဒါ… သူမနဲ့ အတူတူ အအေးသောက်ဖူးတဲ့ညပေါ့…. အဲ့ဒီညက ကျွန်တော် အထီးကျန်တယ်လေ…. သူ့ဘေးနာ အိပ်နေမယ့် ကျွန်တော် နှလုံးသားကိုလဲ သတိရတယ်… သူမကို အိပ်မက်လှလှ ပေးလိုက်ပါကွယ်….

*****************
သူမကို ကျွန်တော် အဓိပ္ပါယ် မဖွင့်ချင်တော့…. စကားလုံးရှားတဲ့ ကျွန်တော့်အတွက် ခိုင်းနှိုင်းဖို့ ခက်နေခဲ့တယ်… လောကမှာ အကောင်းဆုံးဆိုတာတွေ တွေးလိုက်တိုင်း ကျွန်တော်ကတော့ သူမကိုပဲ မြင်တယ်… ကျွန်တော် မပိုပါဘူး… သူမ က အတောင်မပါတဲ့ နတ်သမီးဆိုတော့ .. အတောင်ပါတဲ့ နတ်သမီးတွေလောက်တော့ မပြည့်စုံဘူးပေါ့ဗျာ… ကျွန်တော့်အတွက်တော့ အတောင်တွေ မလိုဘူးလေ… သူအပြုံးနဲ့ ကျွန်တော့် တစ်ဘ၀လုံး အသက်ဆက်လို့ရတယ်… သူမက နှုတ်မဆက်ပဲ ထွက်သွားရလောက်အောင် ရက်စက်ခဲ့ပေမယ့်… ခင်မင်မှုအသုံး အနှုန်းလေးတွေနဲ့ ပြန်နှုတ်ဆက်ပြန်တော့ ကျွန်တော့် နှလုံးသားလဲ သကာရည်ပုံးထဲ နှစ်မွန်းသွားတယ်…. ခက်တယ်ဗျာ.. သူက မလွယ်တဲ့ ပုစ္ဆာပါပဲ… ဖြစ်နိုင်ရင် ကျွန်တော့် ဘ၀နဲ့ ရင်းပြီး အဖြေထိုင်ရှာချင်တယ်…. ကျွန်တော်ကလဲ ခက်တယ်လေ… ကိုယ့်အဖြေကို ကိုယ်ပြန်သိမ်းထားတယ်.. သူမကို ဖွင့်မပြောရဲတာပါ… သူမအချစ်ကို အချစ်တစ်ခုနဲ့ ချိတ်ဆွဲဖို့ ကျွန်တော့ အချစ်မှာ အကွေ့အကောက် ချိတ်ကောက်တွေ ပါမနေခဲ့ဘူး… ရိုးဖြောင့်တဲ့ ချစ်ခြင်းကို သူမ ခံစားတတ်လာမယ့် နေ့အထိတော့ စောင့်နေအုံးမယ် … ဒီလိုပဲ သူအနား ကျွန်တော် အရိုးထုတ် နေလိုက်တော့မယ်လေ.. … ကျေနပ်ပါတယ်… သူမ ရှိရင် အရာရာပြည့်စုံတယ်မလား….

ကျွန်တော်ဘာကြောင့် သူ့အပေါ်ဒီလောက်ရူးသွပ်ရတာလဲ.. အဖြေမပြောတော့ဘူးဗျာ…. ဥပမာ တစ်ချို့ပေးမယ်

ဟိုးမားကို သူမရဲ့အလှဖွဲ့ ကဗျာလေး တောင်းဆိုလိုက်ရင် ဟိုးမားငိုသွားလိမ့်မယ်… သူမမြင်ပဲ စိတ်ကူးနဲ့ လှချင်တိုင်း လှခဲ့တယ် ဟယ်လင်ဟာ ကျွန်တော့် နတ်မိမယ်လေးရဲ ခြေဖျားမှာ တွဲလဲခိုနေရတာကိုး…. ဟိုးမားလဲ အဲ့ဒီ အခါမှ သူ့ မျက်မမြင်ဘ၀ကို ယူကြိုးမရ ဖြစ်မယ်ထင်ပါရဲ့…..

နောက်.. အလှဆုံး အပြုံးပိုင်ရှင်ဆိုတာ မိုနာလီဇာလား… တကယ်ဆို မိုနာလီဇာ အပြုံးဟာ သူမ မဲ့သလောက်ပဲ ရှိပါသေးတယ်… မိုနာလီဇာလဲ လူဖြစ်စောသွားတာ ကံအတော်ကောင်းသွားလေရဲ့…..

ဒီလောက်လှတဲ့ ကောင်မလေးကို မင်းကဘယ်လောက်ရူးသွပ်လို့လဲ လို့ မေးချင်တာလား…
စကြာဝဠာထောင့်စွန်းမှာ ကျွန်တော့်ကို အလေးပြုနေတဲ့ ဗင်ဂိုး ကိုသာ မေးကြည့်ပါတော့ဗျာ…..

No comments:

Post a Comment