အဆိပ်သင့် လူ
နောက်ဆုတ်ဖို့ မကြိုးစားခဲ့ဘူး
ပြေးထွက်သွားတဲ့သူ့ကြောင့်
ခေါ်သံ အော်သံတွေ အထပ်ထပ်နဲ့
ငါညလေးဟာ သွေးပျက်မနေသင့်ဘူး...
ခွင့်လွတ်ပါလို့ မပြောတော့ဘူး
အပြစ်သားအတွက်
တောင်စွယ်နေကွယ်ချိန်ဟာ
မျော်လင့်ခြင်း ဆုံးရာမြေပဲ....
ရင်နဲ့ ရင်းပြီး ရခဲ့တဲ့ ငှက်ငယ်ဟာ
မြှားထိသွားတယ်
ကောင်းကင်တလွားမှာ
တိမ်ညစ်ညိုတွေ အုပ်ဆိုင်းမနေသင့်ဘူး..
မျော်လင့်ခြင်းတွေ ရိုတ်သိမ်းအပြီးမှာ
င့ါကျီကို မီးမြိုက်ခံရတယ်...
ပင်လယ်ရေ လှိုင်းအချက်ချက်က
ဒီမီးစကို မငြိမ်းနိုင်ခဲ့ဘူး....
ဆူးမရှိတဲ့ ပန်းတပွင့်မှာ
ငါအဆိပ်သင့်သွားတယ်....
ငါဖြေ လျှော့မနေတော့ဘူး...
ငါပြိုလဲရင်တောင်
သူ့ပွင့်ချပ် မကြွေစေရဘူး....
ပြာ
နင်ကိုယ်တိုင် အဖြေရှာမရတဲ့
နင်ထုတ်တဲ့ ပုစ္ဆာတစ်ပုဒ်မှာ
ငါအောင်မှတ်မရတာပါ...
အဖြေပြောပြီးမှ မေးခွန်းထုတ်ခဲ့တဲ့
ငါ့အမေးကိုတော့
နင် ဆွံအချင်ယောင်ဆောင်ခဲ့တယ်နော်.....
အမုန်းတွေကြားထဲ နင်အိပ်မနေပါနဲ့
ဝေးကွာခြင်းဆိုတာ နင်ဖန်တီးတဲ့
တံတိုင်းတစ်ခုပါ....
မမြင်ရဘူးလို့ နင်ပြောမယ့်အစား
နင်နောက်လှည့်ကြည့်ဖို့ကောင်းတယ်....
စကားတွေမှာ ဓါးသွားတပ်ပြီး
ငါ့နှလုံးသားကို မဖောက်ခွဲပါနဲ့
ငါကိုတော့ သနားသင့်ပါတယ်
တကယ်ဆို
ငါ့ဦးနှောက်ကို နင်စီးနှင်းခဲ့တာ
ငါ့ဘ၀တောင် ငါ့မေ့ခဲ့တယ်....
နင်ရှူရှိက်တဲ့လေတွေထဲမှာ
ငါ့အလွမ်းငွေ့တွေ မှုန်နေတယ်
နေမစောင်းခင် နင်အသိပြောင်းပါဦး
နင့်ညမှာ လင်းလက်ဖို့
ငါ့ကဗျာတွေကို ပြာချပေးမယ်
နင့်အကြည့်မှာ ပျော်ကျသွားတဲ့ငါဟာ...
နင် တန်ဖိုးမထားတဲ့ ပြာပါပဲ....
နင်မထင်ပေမယ့်
ငါလွင့်ပါးသွားတယ်
နင့် သက်ပြင်းလေးတစ်ချက်....မှာပဲ
တစ်ခန်းရပ်.....
စကားလုံးပန်းချီတွေနဲ့ ဧည့်ခံခဲ့ဖူးတဲ့
ကျွန်တော့် အိမ်ဝါလေးမှာ.. ကျွန်တော်ဟာ
ရင်ခုန်သံတွေ ထပ်ထပ်ချ
အမှတ်တရတွေလဲ ချိတ်ဆွဲထားခဲ့ရဲ့.........
မိုးစက်တွေကို ခေါ်ယူ
ကြယ်ကြွေတွေလဲ လိုက်ကောက်ဖူးရဲ့........
ဝင်သူတလှည့် ထွက်သူတလှည့်
ခွာချသွားတဲ့ ခြေရာတွေကို လဲ သိမ်းဆည်းထားခဲ့ရဲ့..........
အဲ့ဒီ အိမ်ဝါလေးကို ကျွန်တော်
မခေါ်ပါပဲ ရောက်လာခဲ့ဖူးသလို
မနှင်ပါပဲ ထားခဲ့ရတော့မယ်
ခံစားချက်စေရာ စီးဆင်းမယ့် ကျွန်တော်ဟာ
မြစ်တစင်း ဆိုပါရင်
ကွေ့ကောက်ခြင်းမရှိသော ရိုးသားခြင်းနဲ့
ပင်လယ်ကို မျှော်လင့်ခြင်းပဲရှိခဲ့တယ်.....
မျော်လင့်ချက်စေရာလွင့်မျောမယ့် ကျွန်တော်ဟာ
တိမ်တိုက်တစ်ခု ဆိုပါရင်
ညိုမှိုင်းခြင်းကင်းသော ဖြူစင်ခြင်းနဲ့
ကောင်းကင်ကို ခံစားခြင်းပဲ ရှိခဲ့တယ်....
ပျော်ရာလား တော်ရာလား
ဇဝေဇ၀ါနဲ့ အိမ်ကောင်းကထွက်ခွာတဲ့ အခိုက်မှာ
ကျွန်တော် မြတ်နိုးတဲ့ လူတစ်သိုက်ကို
ရင်ဘတ်ရဲ့ ဘယ်ယွန်းယွန်းမှာ
ပုံရိပ်တွေ ထည့်သွင်း
ကျွန်တော် သယ်ဆောင်သွားမိတယ်....
လူမှား
ဘဝ တစ်ခုပါပဲ...
ကော်ဖီတစ်ခွက်မှာ အခါးကလွဲရင် ပြည့်စုံသလို
နေ့ရက်တွေဟာ တိမ်ညိုတွေ လှနေမယ်တဲ့လား....
ခရေတစ်ကုံးနဲ့ ငါ့တစ်ကမ္ဘာလုံး ထုံမွန်းချင်တဲ့ကောင်
အိမ်မက်တွေ တပွင့်ပြီးတစ်ပွင့်
အသက်ငွေ့မျှင်မျှင်ကို ကြိုးအဖြစ်နဲ့ သီကုံးနေခဲ့တယ်...
ခရေတွေ မြေခသလို
ငါ့အချစ်တွေ မကြွေကျရဘူးလို့.....
အစိမ်းသက်သက် အတွေးအခေါ်များပါပဲ
သက်တမ်းတွေ ရင့်ကျက်ခဲ့တာတောင်
ငါနဲ့ မရင်းနှီးခဲ့ဘူး.....
ဆန္ဒတွေ လားရာတစ်ဘက်က
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ
ဦးနှောက်ထဲက ထွေးထုတ်ထားခဲ့တဲ့နောက်.....
မျှော်လင့်ခြင်း စကားစုတွေကို လုံးထွေးရင်း
သူ့ကဗျာလှလှလေးတွေနဲ့ မြိုချမိသူ....
ရင်ဘက်မှာ အခုတော့ ဗလောင်ဆူနေရဲ့....
အလွမ်းတွေလည်ခိုက်ချိန်မှာ....
မဲ့ပြုံးတစ်ပွင့်တောင် ခြွေဖော်မရသူကို...
ပြန်လာပါ လို့ အခါခါ အော်ငြီး.....
ပဲတင်သံတွေကြောင့်များ သူ နားကြားလွဲခဲ့တာလား....
အကွာအဝေးကြားမှာ သူက တံတိုင်းတောင် ခြားခဲ့သူ.....
ကမ္ဘာပျက်ရင်တောင် ငါတို့ အချစ်တွေ
မပြိုရဘူးလို့ သစ္စာတွေထား...
ထားသွားခဲ့တဲ့ သူမ နားမှာ ....
အသက်ဆက်ရှင်ခွင့်မရတဲ့ အခါ....
အပြစ်တွေ မထားရက်ပါဘူး.....
ဝေးကွာခြင်းရဲ့ အဖြေကိုရှာတဲ့အခါ....
အချိန်နဲ့ နေရာ ... ချစ်ခဲ့တာပါ မမှားခဲ့တဲ့ငါဟာ....
နင်ချစ်နိုင်မယ့် လူသားတစ်ယောက်မဖြစ်နိုင်တဲ့...
လူမှားဖြစ်ခဲ့တာ......
Tuesday, May 18, 2010
အရောင်လွင့်တဲ့ ပုံပြင်
နှင်းရည်တွေ သောက်ခဲ့ကြတာချင်းအတူတူ....
ကျွန်တော့် ရင်က ပူလောင်နေဆဲ.......
သွေးအေးလို့ ပျောက်ပျယ်မှာကြောက်တဲ့နောက်....
တိုးလိုတောင် ထွေးပွေ့ထားပေမယ့်.....
သူမက အဓိပ္ပါယ်မဲ့ အေးစက်သွားတဲ့ အခါ.......
သူမ ချစ်ပါတယ်ဆိုတဲ့
စိတ်ကူးလှလှကဗျာတွေတောင်
ကာရံတွေ လွင့်ပျောက်သွားတဲ့နောက်.........
တူညီ ဝတ်စုံနဲ့ အိပ်မက်လှလှက
သူ့ရင်မှာနောက်ထပ်.... နောက်ထပ်.....
ပန်းချီကား တစ်ချပ် .... တစ်ချပ်... မဖူးပွင့်လာတော့ဘူး............
ဒီလိုနဲ့ အရောင်တွေ ဖြေလျော့သွားတဲ့ ပန်း
ဒိုင်ယာရီဟောင်းက ခပ်ပါးပါး ပန်ဆင်သွားတဲ့နောက်.......
ကျွန်တော် မြတ်နိုးတဲ့ သူ့ဆံနွယ်လေးကို.......
ထွေးပွေ့ထားပါရဲ့....
တဖြေးဖြေး... ဝေးလွင့်သွားလိုက်တာလေ..........
လိပ်ပြာလေး ပျံထွက်သွားတာတွေ့လိုက်တယ်
အမှောင်ယံည...
ဟိုး အခန်းထောင့်က......
Saturday, August 14, 2010
ကြယ် ရောင်စဉ်
အရောင်တွေစုံလင်တဲ့ မနက်ခင်းတိုင်းမှာ
ဒဏ်ရာတွေ ထပ်ခဲ့ရသူပါ....
ကြယ်စင်လေး ဖြူလွှလွှ...
ညနဲ့ အတူကျရှုံးရမယ့် ခဏတာမှာပဲ...
ငါဟာ ရင်ကွဲပက်လက်.....
တကယ်ဆို....
နေ့သစ်တွေဟာ င့ါအတွက် သတ်ပုံမှားခဲ့တာ ကြာပြီ....
နင်ပေးခဲ့တဲ့ အိပ်မက်ဆိုး တစ်သက်စာမှာ
ငါ ဟာ နိုးထဖို့ ပျက်ကွက် ခဲ့သူ
အိပ်ပျက်ညတွေမှာ....
ပြတင်းက ရောင်စဉ်လေး မင်း....
အိပ်မက်တွေ ထပ်ခင်း ပေးနေလား....
ငါ....
ပင့်သက်တွေ ချ....
နင် လဲကျရင်တောင် ထူခွင့်မရတော့တဲ့ လက်တွေက
ဂစ်တာငယ်ကို ခပ် ဖွဖွ တီး
နင်ကြိုက်တဲ့ သီချင်းတွေကို တီးတိုး ငြီးဆိုမိတဲ့ အခါ...
သံစဉ်တွေ အလွဲလွဲ ငါ့ ရင်ခုန်သံတွေလဲ ကွဲအက်နေခဲ့တယ်....
ငါဟာ နင့်အတွက် အိပ်ပျက်ည မဖြစ်ချင်ခဲ့သူပါ....
နွေကျကျ နှင်းစိုစို
ငါ့ကောင်ကင်က တိမ်တွေကတော့ မဲညိုနေရဲ့....
နင်လာမလား ခင်းထားတဲ့ မြက်ပင်စိမ်းတွေတောင် ပုလဲတွေခို
မျော်နေဆဲ လိပ်ပြာငယ်ရဲ့ အရောင်တွေ အိုမင်းလာပေမယ့်......
နားခိုစရာတခု က မျော်တိုင်းလဲ ဝေး.. ဝေးလာတယ်...
တကယ်ဆို ငါဟာလေ....
ငါ တန်ဖိုးထားတဲ့ ကြယ်ရောင်စဉ်တန်းကို
ခပ်လှမ်းလှမ်းကပဲ... ကြည့် ဝံ့ ခဲ့သူပါ......
Friday, September 17, 2010
မျက်ရည်ကန်ထဲက ရွေ့ငါး
ညိုနေတဲ့ကောင်းကင်ဟာ ဘယ်တော့
ပြိုကျမလဲ
မိုးခြိမ်းသံ အဆုံးမှာ ငါအိပ်မက်က
လန့်နိုးခဲ့ပါပြီ
လျှပ်စီးတွေ တစ်ဖျတ်ဖျတ်ထနေတဲ့
ည
အက်ကြောင်းတစ်ခုရဲ့အစလား
မနက်ဖြန်ကိုတွေးကြောက်ရတဲ့ဘ၀မှာ
သူ့လက်ကို ထာဝရ မဆွဲထားရက်ဘူး
တဲအိုပျက်ဆိုတဲ့ သူမအိပ်မက်
အိပ်အပြန်လမ်းမှာ ကျွန်တော်ဖြိုဖျတ်ခဲ့တယ်
ပျံလိုရာပျံလို့ ငါ့ကို လွတ်ပေးခဲ့တဲ့နောက်
ငါဟာအတောင်လဲ ကျိုးကျေရဲ့
နင်မရှိတဲ့နောက် ငါဟာ အတောင်မဲ့တဲ့ငှက်
ကောင်းကင်ကို မျှော်ကြည့်ခွင့်ရက်လဲကုန်ဆုံး
ဒီမိုးစက်ကြားမှာပဲ ငါနှစ်မြောခဲ့ရတယ်
ဖြေသိမ့်စရာ မရှိတော့တဲ့ဘ၀မှာ
မှန်အိမ်ထဲက ရွှေငါး
လွတ်ပေးခဲ့တာ ကျွန်တော် မမှားဘူးလို့
ပြောပေးကြပါ........ ။ ။။ ။။။ ။။။။။
မီးပျိုးတဲ့ လက်
ဇာတာမကောင်းတဲ့ကောင်
ပုံပြင်တွေပြောင်းတောင် ဇာတ်သိမ်းက
ဆိုးမြဲ...
ဒဏ်ရာတွေရေတွက်ရအောင် သချာင်္မကျွမ်းဘူး
အလိမ်အညာတွေမှ သကြားထင်တဲ့ကောင်
မာယာတစ်ခွက်ကို ဖျော်သောက်ချင်နေသေးရဲ့
တစ်ကျိုက်ပြီးတစ်ကျိုက်
ငါ့ရင်မှာ ဆူးနစ်သွားလိုက်ကြာတာလေ
ပေါင်းစည်းဖို့ လက္ခဏာမပါတဲ့ လက်နဲ့
ကမ္ဘာဖျတ်မီး ပျိုးမိပြန်တယ်
ညိုမဲစွဲနေတဲ့ အတိတ်ဆိုးတွေကြောင့်
အတွင်းကျေနေတဲ့ ဒိုင်ယာရီဟောင်းကို
မီမှုန်တွေကြားမှာ ဒီည ငါအိပ်စက်ခွင့်ပြုလိုက်တယ်
နောက်ဆုံး....
ပိုးဖလံတစ်ကောင်ရဲ့ အမှတ်သညာကို
မီးခိုးတွေ အူနေတဲ့ တောင်ပံတစ်စုံနဲ့အတူ
ငါရလိုက်တယ်....
မီးတောက်
ငါဟာ နင့်ကို ကျွမ်းစေတဲ့ မီးတောက်တဲ့လား.....
.............................................
ဒါဆို တစ်ယောက်တည်းနေပါရစေဗျာ...
.............................................
တီတိုးသံတွေတောင် ကြောက်လှန့်ရတဲ့ ဘ၀မို့ပါ....
.............................................
အနိုင်ယူကြစမ်းပါစေဗျာ...
.............................................
ပေဖြစ်တဲ့ဘ၀ ငြီးသံခပ်ပြင်းပြင်းကလွဲပြီး ဘာမှမဆို ၀င့်လို့ပါ...
.............................................
ကျေနပ်ရဲ့လား...
................................................
နင့်ခြေအဆောင့်မှာ နိမ့်ကျသွားတဲ့ ပျော့ညံ့တဲ့ မြေသားဘ၀ပါဟာ.....
...................................................
ပြေးထွက်ပါရစေဗျာ........
......................................................
နင် မဲ့ပြုံးတစ်ခုကြောင့် ငါ့ကမ္ဘာတစ်ခုလုံး ကြွေကျသွားလို့ပါ....
................................................
နှုတ်ဆက်ပါရစေတော့ နော်
...................................................
ပူလောင်တယ်လို့ နင်မစွတ်ဆွဲပါနဲတော့
နင့်မျက်ရည်စက်တိုင်းကို
နင့်ထွက်သက်တိုင်းကိုတောင် ကြောက်ရတဲ့
မီးတောက်ကလေး မလို့ပါ....
ကြယ်မဲ့ကောင်းကင်
သန်းခေါင်ယံည
လ မသာ ခဲ့တာ
မင်းမရှိ ကတည်းကပဲ...
ငါ့ညတွေတိုင်း လောင်မြိုက်
နေဆယ်ဆင်းထက်
ပူလောင်နေခဲ့တယ်...
အထီးကျန်သူ ငါ့အတွက်
ဒီညမှောင်တွေက ပိုမိုက်တယ်...
ခံစားစရာ အချစ်တစ်ခု
ဒီရင်ဘက်ထဲမရှိတော့ဘူးတဲ့
အသိတစ်ခုကြောင့်
ငါမပြုံးတော့တာ
နှုတ်မဆက်ပဲ ငါ့အဝေး
နင်ထွက်ပြေးကတည်းကပါပဲ...
တိတ်ဆိတ်တဲ့ညမှာ
အလွမ်းတွေ အဆွေးတွေ
သောက ဗျာပါဒတွေ
ဒဏ်ရာ အနာတရတွေက
တိုးတိတ်စွာ အဖော်ပြု
မျက်ရည်တစ်စုတောင် ပါသေးတယ် ....
မသိမသာ တို့နှစ်ယောက်
တစ်ဖြေးဖြေးဝေးလာ
ပိုဝေးမှာ တွေးကြောက်တဲ့ ငါ
ကြယ်ကြွေမြင်တိုင်း ဆုတောင်းမိတယ်
ဒီကြယ်သေတွေကြောင့်ပဲ
ငါ့ အချစ်တစ်ခု ရှင်သန်မလာခဲ့ဘူး
ချစ်သူ...
အခုတော့ ငါ့ကောင်းကင်မှာ
ကြယ်တွေတောင် မဲ့ကုန်ပြီ...
အရာရာ မှောင်မိုက် တိတ်ဆိတ်ဆဲပါပဲ
ငါလိုချင်တဲ့ အချစ်တစ်ခု နဲ့
ငါ့အဝေးနင်ပျော်တဲ့အခါ
ငါ့မှာ ရွေးစရာလမ်းမရှိခဲ့
ဒီ သတိရခြင်း အဆုံးမဲ့လမ်းမှာ
ငါဟာ တ၀ဲလည်လည်ပဲရှိနေခဲ့တယ်...
တိတ်ဆိတ်မှုက မင်းမူတဲ့
အမှောင်ထုကြား
အသက်တစ်ချက်.. တစ်ချက် ... ရှုတိုင်း
ရင်ထဲက အသည်းခိုက်အောင်
နာတတ်တဲ့ ဘ၀နဲ့ နေသားကျနေပါပြီ..
ငါ့အဝေးမှာ နင်နေပျော်ရင်
နင့်အတွေးမှာ ငါသေပျော်ပါပြီ....
အိပ်မက်သောက်တဲ့ ပိတုန်း
သူ....
အိပ်မက်တွေ ကွန်ချက်ပြသွားတယ်
ငါ...
အိပ်မက် မုဆိုးပေါ့
သူဆော့ကစားတဲ့ ခဲတစ်လုံး
ဘ၀တစ်ခုလုံး လှိုင်းတန်ဘိုးထန်သွားတယ်
မျှော်လင့်တတ်နေပါပြီ...
သူဘယ်အချိန် ပျားရည်တိုက်မလဲလို့.....
မနက်..
ရှင်သန်ဖို့ အဓိပ္ပါယ်ရှိလာတယ်..
ည...
သူမှေးစက်မယ့် ငါ့ရင်ဘက်ကို အသက်ရှုမရပ်အောင်ထိန်းခဲ့တယ်...
နတ်မိမယ်အပြုံးတစ်ခုအတွက်...
သူယောင်မယ်တွေ စွန့်လွတ်ခဲ့ပါပြီ.....
သူမှတပါး.. အခြားခြားကနေ ငါပြေးထွက်ခဲ့တယ်...
စိုးရွံတတ်နေပါပြီ
သူ ဘယ်အချိန် အဆိပ် ခတ်မလဲလို့...
ပန်းတပွင့်ကို ပျိုးဖို့ ငါပိတုန်းလေးဖြစ်ရပါပြီ...
ကျောမှာတော့ ပန်းပွင့်အိပ်မက်တွေ ပေါ့
တောင်ပံတွေ ဖြတ်ဖြတ်လူး
သူအနားမှာပဲ ပျော်မြူးနေမိတယ်.....
သူ့ကမ်းမယ့် ခွက်တစ်ခွက် မျှော်လင့်နေပါပြီ
အဆိပ်ခတ်မယ်ဆိုရင်တောင်
သူပေးခဲ့တဲ့ အိပ်မက်များစွာအတွက်...
ရုံးကန်ခြင်းမဲ့ မော့သောက်လိုက်ပါ့မယ်....
ပိတုန်းတစ်ကောင် ပန်းပျိုးရမယ့် မနက်...
သူကမ်းပေးမယ်အဆိပ်တစ်ခွက်...
ဝေခွဲရခက်နေတဲ့ အဆုံးသတ်အတွက်
ပိတုန်းတစ်ကောင် ဘယ်နေ့ပျားတုတ်ခံရမလဲလို့ မတွေးတော့ပါဘူး
ငါ... အိပ်မက်သောက်တဲ့ ပိတုန်းတစ်ကောင်ပါ
သူ... အိပ်မက်တွေ နဲ့ မျှားနေဆဲပါ....
ကောင်းကင်မဲ့ ကြယ်
နင့်အချစ်တစ်ခုကို
ကောင်းကင်တစ်ခုလို
မျော်လင့်ထားတဲ့ကောင်...
ငါ့အချစ်ကိုကြယ်တပွင့်လို
နင့်ကောင်းကင်ယံမှာ
ထွန်းလင်းချင်တဲ့ကောင်....
ငါ့ညတွေမှာ လမသာရင်တောင်
နင့်ဘ၀မှာ လမ်းပြကြယ်အဖြစ်
တောင့်တခဲ့တဲ့ကောင်....
တကယ်တမ်းကျတော့
နင့်အနား ငါရှင်သန်ခွင့်မရ
ကောင်းကင်မဲ့တဲ့ ကြယ်တပွင့်ဘ၀နဲ့
ငါကြွေလွင့်ခဲ့ရင်တောင်
မျှော်သူမရှိ ဆုတောင်းသူနတ္ထိ
ငါရှင်သန်ခဲ့မှန်းတောင် နင်မသိပဲ
ငါငိုခဲ့တဲ့ မျက်ရည် သမုဒ္ဒရာအောက်မှာ
ငါကိုယ်တိုင် နစ်မြုပ်သွားတော့မယ်....
အိပ်မက်မက်နေတယ်
အိပ်မက်....
မက်ပြီတိုင်း မပြီးဘူး
ငါ ကျေကွဲတယ်...
ငါ ၀မ်းနည်းတယ်...
ငါ ငိုကြွေးတယ်....
အိပ်မက်....
မက်ပြီတိုင်း မပြီးဘူး
ငါ လိုချင်တယ်...
ငါ တောင့်တတယ်...
ငါ တက်မက်တယ်...
အိပ်မက်...
မက်ပြီးရင်း ထပ်မက်
ငါအတွေးစတွေ မပြတ်ခင်
အိပ်မက်သတ်လို့
ငါနေ့တွေ မှောင်ကုန်တယ်....
ငါ.....
အိပ်မက်တွေ မက်နေတယ်......
။ ။ တံတိုင်း ။ ။
သေဖူးတဲ့သူတစ်ယောက်
ပျဉ်တစ်ချပ်အကြောင် ဋီကာ ဖွဲမနေတော့ဘူး
ငါ့တံတိုင်း ငါခတ်ထားတယ် ။ ။
အမှောင်မှာကျက်စားတဲ့ ငှက်
အလင်းတွေ လာချမပြနဲ့
ငါ့တံတိုင်းငါခတ်ထားတယ် ။ ။
သိုသိပ်ထားပေမယ့် အပ်ကြောင်းထပ်သွားတဲ့
အချစ်သီချင်းတစ်ပုဒ် နောက်တစ်ခေါက်ထပ်မမက်တော့ဘူး
ငါ့တံတိုင်း ငါခတ်ထားတယ် ။ ။
အထီးကျန်တဲ့ လူသားတစ်ယောက်
လက်ဆွဲ မနှုတ်ဆက်ပါရစေနဲ့
ငါ့တံတိုင်း ငါခတ်ထားတယ် ။ ။
အပြင်မှာနေသာနေတယ်
ငါ့တံတိုင်းငါခတ်ထားတယ် ။ ။
လူတွေပျော်ပါးနေကြတယ်
င့ါတံတိုင်းငါခတ်ထားတယ် ။ ။
လက်တဖက် အချစ်တစ်ခုနဲ့
ကမ်းလင့်ထားတယ်
ငါ့တံတိုင်း ငါခတ်ထားတယ် ။ ။
ငြီးငွေခြင်းတွေ အမြစ်တွယ်နေတယ်
ငါရုံးမထွက်တော့ဘူး
ငါ့တံတိုင်း...ငါခတ်ထားတယ် ။ ။
အလင်းတွေ နဲ့...........
ပျော်ရွင်ခြင်းတွေနဲ့ ...........
ဖြူစင်ခြင်းတွေနဲ့ ...........
ချစ်ခြင်းတွေနဲ့ ...........
သာယာခြင်းတွေနဲ့ ...........
ငွေကြေးတွေနဲ့ ...........
ငါ့တံတိုင်းကို မဖြိုလဲကျပါနဲ့
အလွမ်းနဲ့ ...........
အမှောင်တွေနဲ့...........
ဒဏ်ရာတွေနဲ့...........
ဒုက္ခတွေနဲ့...........
အထီးကျန်ခြင်းတွေနဲ့...........
ငါနေသားကျနေတယ်
ငါ့တံတိုင်း ငါခတ်ထားတယ် ။ ။
နှလုံးသား ပျိုးခင်း
နင်တိမ်တိုက်တွေလို
ဟိုးအဝေးပြေး
ငါ့နဘေး နင်မရှိတော့
ငါ့နှလုံးသား ကွင်းပြင်ကျယ်မှာ
နင့်အတွက် ပန်းတခင်းပျိုးထားတယ်
... ချစ်သူ....
နေပူပူမှာ
ရေအကူမပါပဲ စိုက်ခဲ့ပေမယ့်
ငါ့နှလုံးသွေးတွေကြောင့်
ဒီပန်းပင်တွေ ရှင်သန်ခဲ့တယ်...
ချစ်သူ....
နင့်အချစ်မိုးတွေခေါင်
လေပြည်တောင် မလာတော့
ဒီပန်းပင်တွေ အရောင်မဲ့
ခူးဆွတ်သူ မဲ့ခဲ့တယ် ... ချစ်သူ.....
ဒီတစ်ခါ လေပြည်အလာ
တိမ်တွေလာမလားလို့ မျော်လင့်ရင်း
ပျိုးခဲ့တဲ့ ပန်းပင်တွေတောင်
သေမလို အကြိမ်ကြိမ် ဖြစ်ခဲ့ရတယ်...
ချစ်သူ....
မျှော်နေဆဲပါချစ်သူ
နင်လာမယ့်ရက်...
မိုးရွာမယ့်ရက်...
င့ါပန်းခင်းတွေ အရောင်စုံမယ့်ရက်....
အဲ့ဒီရက်....
ငါ့ရည်စူးထားတဲ့ အလှဆုံးဆိုတဲ့
ပန်းဖူးကို
နင့်လက်နဲ့ပဲ ခူးစေချင်တယ် ...
ချစ်သူ....
Subscribe to:
Posts (Atom)