ပျောက်ဆုံးနေသော
လရောင်အောက်
ငါဟာ မအေးချမ်းနိုင်ဘူး....
ပျောက်ဆုံးနေတဲ့ ငါ့ကြယ်လေးအတွက်
ငါဟာ ကောင်းကင်ကို ဖတ်နေခဲ့တယ်...
မမြင်ရသေး ဘူး
ငါမြတ်နိုးတဲ့ သူ့မျက်နှာက အပြုံးတွေ.....
တိတ်ဆိတ်တဲ့ နေ့တစ်နေ့
ငါဟာ မငြိမ်းချမ်းနိုင်ဘူး....
အဝေးက ငါ့ငှက်ငယ်အတွက်
ငါဟာ ပြက္ခဒိန်တွေကို စုတ်ဖြဲခဲ့တယ်
ငါမကြားရသေးဘူး
ငါတောင့်တတဲ့ သူ့နှုတ်ဖျားက စကားတွေ....
လဲကျတဲ့ နေ့တွေထဲ
ငါဟာ မထနိုင်တော့ဘူး...
ပျောက်ဆုံးနေတဲ့ ငါ့အနာဂတ်အတွက်
ငါဟာ ပစ္စုပ္ပန်ကို ဖျောက်ဖြတ်ပြစ်နေတယ်...
မတွေ့သေးဘူး
ငါတမ်းတတဲ့ ကမ်းလင့်မယ့် သူ့လက်တွေ....
ရှင်းလွန်းတဲ့ လမ်းတွေကြား
ငါဟာ လမ်းမတွေ့ခဲ့ဘူး....
ပျောက်ဆုံနေတဲ့ ငါ့မီးအိမ်အတွက်
ငါဟာ အမှောင်ထုကို မီးတိုက်ခဲ့တယ်...
မပိုင်ဆိုင်သေးဘူး
ငါငတ်မွတ်တဲ့ သူ့ရင်ထဲက အချစ်တွေ....
ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေအတွက်
မျော်လင့်ရင်း ငါရှင်သန်ခဲ့တယ်
ငါ့မနက်ဖြန်တွေ လှပဖို့အတွက်
ငါ့ညတိုင်း လသာစရာမလို
ငါ့ဘ၀ထဲ သူမ ဆိုတဲ့
ကြယ်တစ်ပွင့်ရှိမယ်ဆို ပြီးပြည့်စုံတယ်
အရောင်စုံတဲ့ ကကြိုး
ဒီဇင်ဘာညချမ်းမှာ
ငါအသည်းတစ်ခြမ်းတောင်
မတုန်ရီခဲ့ဘူး
ဆွေ့ဆွေ့နီ သူ့နှုတ်ခမ်းဖျားအောက်မှာ
ငါ့နှလုံး ဖျတ်ဖျတ်လူး
အော်...
သူ့အရှေ့မှာ
ငါ ရူးရတယ်နော်...
ကဝေပျိုတောင် ကကြိုးထပ်
သူလှမ်းတဲ့လက်မှာ
ငါ့အသက်
ဆတ်ဆတ်တုန်အောင် ခုန်ထွက်...
နောက်ဆုံးမနက်မှာ...
သူ့အပြုံး ငါခေါင်းတဆုံးကြည့်ချင်သေးတယ်...
ပန်းနုရောင် အခန်းသစ်ကို
အစိမ်းရင့်ရင့်လိုက်ကာချ
သူတပ်ထားတဲ့
ကြိုးတွေအောက်မှာ
ငါ မြူးနေအောင် ငါကခဲ့တယ်
ရှုပ်လွန်းတွေ ကြိုးတွေတောင်ငြိ
အဆုံးထိမရောက်ခင်
တိကနဲ သူဖြတ်...
ငါ့ပြဇာတ်နေမင်းလဲ
ရေဖြန်းပတ်ခံလိုက်ရသလို
အပြာရင့်ရင့်တွေ ငါ့ရင်ထဲနင့်
အမဲစစ်စစ်တောင် ဖြစ်ကုန်တယ်...
အဖေ့ ပျိုးခင်း
လောကထဲ ခြေချ
ကျွန်တော် ဘ၀ကို မိတ်ဆက်တုန်းက
အပြုံးစတွေ အထပ်ထပ်နဲ့
ရင်ခွင်ထဲ ပွေ့ဖက်
မျက်ရည်တွေကို အပြုံးဖက်အောင် သူချြော့မူ
ကျွန်တော့် ဘ၀ကို
နွေးထွေးတဲ့ မေတ္တာတွေနဲ့
ဖေးကူခဲ့ သူ.....
နေ့ရက်တွေကို ကျော်ဖြတ်
ကျွန်တော့်ဘ၀ကို လှမ်းခဲ့စဉ်က
စကားသံတွေ အထပ်ထပ်ကို
မာနတွေနဲ့ ကျောခိုင်း
ကျွန်တော့် စိတ်တွေ ရိုင်းခဲ့ပေမယ့်
ဂရုဏာ မပြတ်
ပဲ့ကိုင်ကာ လမ်းညွန်ခဲ့သူ....
ဆိုးလွန်းတဲ့ ဘဝ
အတိဒုက္ခရောက်တဲ့ ခဏ
သူ့ရင်တွင်း ကျွန်တော်ဝပ်ဆင်း
မေတ္တာပျိုးခင်းလေးကို မြင်မှ
အတွေးတွေ ပြန်ပြောင်း
ကျွန်တော့် အသိတွေ မနှောင်းခင်
ခြေအစုံကို ကျွန်တော် ဖက်
မျက်ရည်တွေ အထပ်ထပ်နဲ့
အပြစ်တွေ ဆေးရင်တောင် မကျေ
သားမောင် မိုက်ခဲ့ပါတယ် အဖေ...
ကျခဲ့မျက်ရည် ချွှေးစက်တွေ
သားမောင် တစ်သက်ဆပ်မကျေပေမယ့်
အဖေမွေးတဲ့သား
အဖေ့ရင်ကို ခွဲတဲ့ဓါး မဖြစ်ရအောင်
အဖေ့ မျှော်လင့်ခြင်း သားမောင် ဘ၀နဲ့ ရင်းပြီး
ကြိုးစားခွင့်ဆပ်ခွင့်ပြုပါ....အဖေ....
တစ်ထောင့် တစ်ည ကဗျာ....
ငါအခန်းနံရံမှာ စာစီထားတယ်
အိပ်မက်ပေါင်းတထောင်နဲ့ မဆုံးသော ပုံပြင်တွေ
အပြင်က ငြိးငွေ့ခြင်းတွေကြား...... နင်အိပ်မပျော်တဲ့အခါ
မျက်နှာဖုံးကိုဖွင့် ငါ့ရင်ကို ၀င်ကြည့်လှည့်ပေါ့....

..... စာမျက်နှာ ( ၁၂၁ ) ......
တရံတခါက.. ငါဟာ ရွေ့လျားနေပါရဲ့
ဒါပေမယ့် တည်နေရာတခုမှ ဒီနေရာပဲဆိုရင်....
အချိန်တွေ ပုပ်သိုးဆွေးမြေ့ကာတိုက်စား........
အမှတ်တရတွေကို ဒီဖုန်တွေက ဖုန်းအုပ်
နေရာဟောင်းမှာ ငါဟာ ငုတ်တုတ်ပဲရှိနေခဲ့ပါရဲ့.....
ငါ့ကို.....
နင်.....မေ့သွားခဲ့တယ်....
ငါ့ကို ....
နင်.... မေ့ထားခဲ့တယ်......
..... စာမျက်နှာ ( ၁၂၅ ) ......
မခံစားတတ်တော့ပါဘူးဟာ...
မျက်ရည်က ပူသလား အေးသလားဆိုတာ
ဒီပါးတွေက ကျင့်သားရနေပါပြီ....
မထီမဲ့မြင်ပြုတတ်နေပါပြီ...
..... စာမျက်နှာ ( ၈၂ ) ......
အချိန်အခါ မသိပေမယ့်.... အရှေ့ကို မျှော်ကြည့်ခဲ့ပါရဲ့
ဒါပေမယ့် ... နီးမလာခဲ့ဘူး.....
ခြေလှမ်းတွေ လှမ်းခဲ့ပါရဲ့....
ဒါပေမယ့် .... မကြားနိုင်ခဲ့ဘူး.....
မြူခိုးတွေဆိုင်းနေလို့လား.....
ကမ္ဘာမပြားတာလဲ ငါသိနေရဲ့သားနဲ့....
နင်ကို.....
ငါ... လက်လှမ်းမမှီခဲ့ဘူး....
နင်ကို.....
ငါ....လက်မလှမ်းရက်ခဲ့ဘူး....
..... စာမျက်နှာ ( ၄၄၈ ) ......
မညီးတွားတတ်တော့ပါဘူးဟာ...
ဒဏ်ရာက နာသလား.. ကျင်သလားဆိုတာ...
ငါရင့်က ထုံအလို့နေခဲ့ပါပြီ....
သွေးပျက်အေးခဲလို့ နေခဲ့ပါပြီ.....
..... စာမျက်နှာ ( ၉၆၈ ) ......
သက်တမ်းတွေကြာလာရင်
ငါ့ အလွမ်းတွေတန်ဖိုးတက်လာမလား ....
လောဘတကြီးသိုလှောင်မိတာ ငါမှားသလား....
မေးခွန်းတွေသိပ်များတော့ပါဘူး....
ဒီကဗျာတွေ ကြားမှာပဲ ငါရစ်မူးကာ ရေရွတ်နေလိုက်မယ်....
ငါ..
နင့်ကို.... လွမ်းခဲ့တယ်....
ငါ....
နင့်ကို.... လွမ်းနေတယ်....
..... စာမျက်နှာ ( ××× ) ......
ဒီလိုနဲ့ ပုံပြင်တွေဆုံး.......
မဆိုင်သူမ၀င်ရဆိုတဲ့ တံခါးတခုရဲ နောက်ဖုံးမှာ...
ကဗျာတွေသီကုံးရင်း .... လူတစ်ယောက် အိပ်မက်တွေနဲ့ သေဆုံးနေခဲ့တာ...
တစ်ထောင့်တစ်ညတောင် တိုင်ခဲ့ရောပေါ့ ......
************

သတိရတယ်
သူမ လို့သိတဲ့ နေရာ တစ်ခုကို ရောက်ခဲ့တယ်....
အနေမနီးခဲ့တဲ့ အချိန်တွေကနေ
အနေ ဝေးတဲ့ရက်တွေဆီရောက်လို့...
မခံစားရဘူးလို့ ဘယ်သူတွေ ပြောနေမှာလဲ...
ဘယ်သူတွေ လှောင်ရယ် ပြုံးနေမှာလဲ...
သတိရတယ် ဆိုတဲ့ စကားနဲ့ မလုံလောက်တော့တဲ့ အခါ....
ဒီနေရာကိုရောက်...
သူမ မလွမ်းလောက်တဲ့ စကား...
"သတိရတယ်" လို့ comment များ ငါထားထားခဲ့တယ်....
နားလည်ပါကွယ်...
ဒီလူက စကားလုံးရှားပါးတယ်.....
"သတိရတယ်"
တိမ်နံရံမှ ပြိုကျလာသော မိုး
ခြေလှမ်းများက ဖျော့တော့လို့
ရင်ခုန်သံတွေလဲ ပိန်လှီလို့ နေပါပြီ
ရုန်းကန်တဲ့နှလုံးသား ငါရင် အကျဉ်းခန်းက ခုန်ပေါက်ပြေးချင်နေပြီ....
ပိုင်ဆိုင်မှုတွေ လက်ချိုးပြီး ရေချင်နေခဲ့ပါရဲ့
ရေရေရာရာတွေပဲ တွက်မယ့်
ငါလက်ချောင်းတွေ ... တောင်းတင်းနေပြန်ပါရော....
လိုက်ဖမ်းရတာ မောဟိုက်လို့ ငါမှာလဲ ပြာနေပြီ....
တပတ်ရစ်... မူပိုင်ခွင့်များနဲ့
မပျော်နိုင်ခဲ့သော.... သူများထက်ထူးချင်ခဲ့သူ.......
အချိန်ယန္တရားအောက်မှာ
ငါ့အထည်ကြီးပျက် အိပ်မက်တွေ ၀ပ်သွားခယ.....
နောက်ကျဆိုတဲ့ စကားလုံးကို သူများထက် စောနှင့်စွာ ရနှင့်ခဲ့ပါရဲ့....
"စိတ်ညစ်တယ်" .. ပြောပါများလို့ ... ကြားပါများသူများ နားစည်တွေ ထူရောပေါ့...
ခံစားရပါများတဲ့ ငါ.. အရေများ ပါးလာသလား...
တစ်ခါထက်တစ်ခါ... ငါဘ၀က ပိုလို့ နာလာပြန်ပါရော....
အဲ့ဒီစကားလုံး ရိုးရိုးကို ထည်လဲ ပြီးသုံးခဲ့တဲ့ ငါ့ကို....
" လက်မလျော့ပါနဲ့" တဲ့... ဘယ်သူအားပေးတယ် မမှတ်မိတော့ပါဘူးလေ....
နောက်ဆုံးအနေနဲ့ ကြားခဲ့တာပဲလား.....
ငါကုတ်တွယ်ထားတဲ့ ကျောက်ဆောင်တွေက
မမြဲဘူးမလား.....
ှ
မှတ်ချက်။ ။ ခေါင်းစဉ်က ကျွန်တော့် ညီမလေးပုံ့ ပေးထားတာ....
~ကျွန်တော်တို့ ဒီလို ခရီးသွားကြသည်~
တစ်လုံးသီ နှစ်လုံးသီ သုံးလုံးချီ၍
ငါးမျှားထွက်ကြ၏…
နောက်ဆုံး သူတို့အားလုံးကို သိမ်းကြုံး
လူတစ်ချို့ ပိုက်တွေနဲ့ ဖမ်းကြ၏…
ဒီလူတွေဟာ ငါး
ဒီလိုပဲ သူတို့ကူးခတ်သွားကြ၏…
တောင့်တချက်တွေများလာလို့
လူ့ဘ၀မှာ ရေဆာသူများလာပြီ…
အမှောင်မှာမွေးတဲ့သူ အမှောင်မှာပျော်သည်..
မှောင်နေတဲ့ ကောင်မလေးများ မိုက်ကုန်ကြသည်…
အလင်းမဲ့ည သူတို့ကျက်စား
စက္ကူကို ခပ်ထူထူကိုင်နိုင်ကြသူနောက် လိုက်
သူတို့တွေ ဤသို့ ခရီးဆက်နေကြသည်…
မြို့ပြ… အစိမ်းရောင်က ပါးလျှလွန်းလို့
အ၀ါရောင်က အနီသန်းလို့ နေ့ဘက်တွေနေရခက်ပြီ…
လူထက် အသက်ကြီးတဲ့ကား လူများစီးကြသည်..
ပြတိုက်ဝင်ရထားခေါင်း ဒီအချိန်အထိပြေးကောင်းဆဲဖြစ်၏
မီးစက်သံတွေက ညံ လူတစ်ချို့မီးမှန်ကြတော့
မှောင်မဲတဲ့ အိမ်ကကျွန်တော် ..ဒါကို မြို့ပြဒဏ်ဟုခေါ်သည်…
ကျွန်တော်တို့ ဒီလိုပဲ ခရီးသွားကြသည်…
လေကောင်းရဖို့ တောဘက်ကို သွားစရာမလို
မြို့နဲ့ ခပ်လှန်းလှန်းမှာရှိသည်…
အသက်ရှုဖို့မေ့.. လူတစ်ချို့ နွားနေရာဝင်ရုန်းရင်း
မနက် ည နှစ်နှပ်ပေါင်း.. ဆန်ပြုပ်တစ်ခွက်တော့ နေ့လည်လျှက်ခွင့်ရှိ၏…
အလကားရတာ မိန်းမဗိုက်ထဲက ကလေးဟု သူတို့သိ၏
ထုတ်ကုန်ကို နှစ်ဆတိုး ရတနာလို့ သူတို့တွေ ခေါ်သော
ကလေးတစ်ချို့ ရတာနာတဲ့ ဘ၀ကို ငိုရမှန်းမသိ ပျော်မြူးနေကြ၏…
ဒါဆင်ခြေဖုန်း ကျွန်တော်တို့ ဒီလိုပဲ တရုန်းရုန်းခရီးဆက်ကြသည်…
တစ်နေကုန် ချွေးနီကာဖွဲ့ အလုပ်မက်တဲ့ လူတစ်ယောက်
တပတ်လောက် ထမင်းငတ်ချင်ငတ်မည်….
ကာလနဂါးလိုအိပ် မသဒ္ဒါရေစာ စား လူတစ်ချို့ကတော့
အကြောင်းမဲ့ ကြီးပွားနေ၏
အိမ်မှာမမြင်ချင်ဆုံး ပိုက်ဆံဟု သူဆိုသည်…
ဒေါ်လာကို ခင်းအိပ် လို့ သူ့ခါးလဲ အတော်ကိုက်နေပြီ…
ဗေဒါပေါက်တဲ့ ရေကိုသောက်တဲ့ လူတွေကြောင့်
သူတို့သိက္ခာကျတယ်လို့ ရေသန့်ချိုးတဲ့လူတစ်စု
ခွက်ထိုးခွက်လှန်လှောင်ရယ်ပြုံးကြပေမယ့်
ဝါကျင့်ကျင့်နီဆွေးဆွေး သွားတွေကိုဖြဲ မြေနိုမ့်ကလူတစ်ချို့လဲရယ်နေနိုင်၏
ကံဆိုးလို့ ပေဘ၀ရောက် တူဖြစ်ဖို့ မျှော်နေသူလဲရှိသည်…
သဗ္ဗေသတ္တာ ကမ္မဿကာ ဟု သူတို့ ခံယူသည်…
ခေါင်းမှာလဲ မျှော်လင့်ခြင်းမီးခိုးတွေ အူနေပြီ…
ကျွန်တော်တို့… ဒီလိုပဲ ခရီးဆက်ကြသည်…
အဖြူရောင် ဆန္ဒ
နှုတ်ခမ်းတစ်ခု ခပ်ဖွဖွချ
သူလက်ကလေး လှုပ်ခပ်ပြသွားတယ်
နှုတ်ဆက်ရတဲ့ မနက်ပဲ
ငါ့ကမ္ဘာတစ်ခု ပြိုကျပျက်သွားရဲ့
သူပြောတော့ ခဏတဲ့
ဒါဆို…
သက္ကရာဇ်တွေ ရွက်ကျော်ပြပေးပါဦး
အလွမ်းနေ့တွေ ရက်တိုကျသွားအောင်ပါ….
တယော
ဆေးစက်တွေစွန်းထင်း
တွန့်ကြေနေတဲ့ အတိတ် မူန်တွေကဆိုင်းလို့
သူခတ်ထားတဲ့ တံခါး ငါခေါက်ခွင့်တောင် မရှိ….
အလွမ်းကြောကို ရှာတွေချိန်
ဥသြငယ်ရဲ့ တေးသံဆွေး အောက်
ငါဟာ သူထိုးနေကြ တယောအိုတစ်လုံးနဲ့ ကျန်ခဲ့ပြီ
မပျိုးပေမယ့် စောင့်ခွင့်ရတဲ့
အလွမ်းတွေအုပ်ဆိုင်းတဲ့ ဒီတောမှာ
ငါဟာ တယောအိုတစ်လုံးနဲ့
အနားသတ်မရှိတဲ့ တေးသွားတစ်ပုဒ်ကို သီကုံး
တစ်နှစ်ပတ်လုံး အပူဆုံးနွေဟာ မဆုံးနိုင်တော့ဘူး…
မျက်ရည်တွေ အလွမ်းနဲ့သီ
ငါမှီထားတဲ့ သစ်ပင်တောင် သစ်ရွက်စိမ်းတွေ လှုပ်ခတ်
သူ မစပ်ပေမယ့် တီတိုးပြောတဲ့
တေးသွားခပ်ထက်ထက်တွေနဲ့
ဒီတစ်တောလုံး ရွက်သက်ကြွေချိန်ထိ ငါစောင့်နေခဲ့တယ်
ပက်ကြားအက် ရင်ခွင်မှာ ငါ့ခြေရာတွေထပ်လို့.....
ရာဇ၀င်ထဲက လူ
ကောင်းကင်မှာလသာတဲ့ည ..
ကလေးမဟုတ်တဲ့ သူ့ကို
ပုံပြင်လေးတွေ သီကုံးမရွတ်ပြခဲ့ဘူး….
မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့…
ကြယ်အပြုံးကို မမုန်းတမ်းကြည့်ပါဦး….
ဒဏ်ရာတွေ မရှိသေးတဲ့
အဖြူရောင်နှလုံးသားကို
အရောင်တွေ အထပ်ထပ်ဆိုး
သူ ငိုမှာတော့ စိုးတယ်…
နားတွေကို မပိတ်လိုက်ပါနဲ့ ဦး…
အသက်မရပ်ပဲ ရင်ခုန်သံထွက်သွားတဲ့
နေ့တွေအကြောင်း ပြောပြချင်သေးတယ်….
အချစ်တစ်ခုဆိုတာ ပျိုးပျိုးပျက်ပျက်နဲ့ အရောင်တွေလက်နေတဲ့ သူသိပ်ကြိုက်တဲ့ ရုပ်ရှင်တကွက်လိုပဲ မျော်လင့်ထားပေမယ့်… ကိုယ့်ကိုယ်ကို မှောင်ရိပ်ချ အဖြူအမဲ မသဲကွဲတဲ့ ကျွန်တော့်ဘ၀ထဲမှာ.. သူ့ ရဲ့စိတ်ဟာ နေရာထားမှားတဲ့ ရွေလို ခဏလေး မှိန်ကျ အရောင်တွေလွင့်လာတာ ကို သိတဲ့နောက်…
စကားသံတွေကို တိတ်ဆိတ်လိုက်တယ် .. ကျွန်တော်ပိုင်တဲ့ ကျွန်တော် နယ်နမိတ်ကို သတ်မှတ်ခဲ့တယ်…. ရက်စက်တယ်လို့ ပြောခဲ့တဲ့ သူ့ မျက်ရည်တစ်စက်အတွက် ကျွန်တော် နေ့ရက်တိုင်း ငိုကြွေးခဲ့တယ်.. အမြင့်ပျံမယ့် ငှက်ငယ်အတွက်… ကျွန်တော့် မနက်နဲ့ ညကို သူမ အတွက် တောင်ပံတစ်စုံ ရက်လုပ် ပေးလိုက်တယ်…
ဝေးကြမယ်ဆိုတာ သိခဲ့ခဏ…. လတစ်ခုမှာ အကြည့်ခြင်းဆုံနိုင်မယ်လို့ ပြောလိုက်တယ်….. အဲ့ဒီညမှာ သူ…. လကိုပဲငေးနေမယ် ထင်ရဲ့နော်… ကျွန်တော်ကတော့ လမင်း နဘေးက ကြွေသွားတဲ့ ကြယ်လေးအတွက်
“ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်မှာ
သိပ်လှတဲ့ မနက်ဖြန်ရှိတယ် ”
စကားသံတွေ အဆုံး မျက်ရည်တွေသီကုံးခဲ့တဲ့
သူ့ရင်ထဲမှာ နာကျဉ်းချက်တွေရှိနေမလား
“ တွယ်ရာမဲ စီးမျောသွားတဲ့
သစ်ရွက်ခြောက်မှာ စိမ်းမြတဲ့ ရာဇ၀င်ရှိတယ်”
စကားသံတွေ အဆုံး တိတ်ဆိတ်သွားတဲ့
ငါ့ရင်ထဲမှာ အနာဂတ်ကိုတွေး ငိုကြွေးနေတယ်
ကျွန်တော် နောက်ဆုတ်ခဲ့တယ်.. သူရှေ့ဆက်သွားတယ်.. အကွာအဝေးတစ်ခုကို တစ်ဖြေးဖြေး သေး လာတဲ့ မြင်ကွင်းတစ်ခုက သက်သေပြုပေးခဲ့တယ် …… သူထားသွားတဲ့ အတိတ်လှလှတွေမှာ ကျွန်တာ် နေရစ်ခဲ့တယ်… သူ့မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ အတားအဆီးမဲ့ ပျံသန်းခွင့်ပေးလိုက်တယ်…. ကျွန်တော် မြဲမြဲ ဆုပ်ကိုင်ထားခဲ့တဲ့ သူလက်ကလေးကို သူ့ကြယ်တွေ စွတ်ခူးဖို့ ကျွန်တော်လွတ်ပေးလိုက်တဲ့ခဏ…. ကျွန်တော့် ကြယ်လေး ကြွေသွားတယ်…..
အခုတော့ … ကျွန်တော်ဟာ ရာဇ၀င်ထဲက မပျော်တော့တဲ့ လူသား… သူကတော့ မနက်ဖြန်ကို ပျံသန်းသွားတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတပါးပါပဲ…. ဘ၀က သိပ်မခြားသေးပါဘူး… လွမ်းတဲ့ အခါတိုင်း မိုးမျှော်ကြည့်ခွင့်ရှိသလို… ရင်ကို တူးဆွပြီး အတိတ်ကို ပြန်ဖတ်ခွင့်လဲရှိသေးတယ်….. သတိရခြင်းတွေကို ကျွန်တော်ပိုင်တယ်…. မျှော်လင့်ခြင်းတွေကို သူပိုင်တယ်….
နေခြည်မဖြာတဲ့ နေ့တွေလဲရှိတယ်…
မျက်ရည်ခတဲ့ နေ့
ပူလောင်နေတဲ့ ညတိုင်းမှာ
တွယ်ရာမဲ့ စီးမျောနေတဲ့
ငါဆိုတဲ့ မြစ်တစင်းမှာ ရှိတယ်….
ဒီနေ့ဆုံးရင် နောက်တစ်နေ့လာအုံးမယ်
ကျွန်တော်မရှုံးပါဘူး…
သူမအမုန်းတစ်ခုပိုင်ဆိုင် ခွင့်ရပါတယ်….
သူမ ကိုမမုန်းပါဘူး သူ့အပြုံးဆိုတာ
ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ
ဖုန်းဆိုးမြေ
အားမသန်လို့ မာန်လျှော့
ဆင်ခြေစကားတွေ ခပ်ပေါ့ပေါ့ပြောရင်း
ငါသတ္တိတွေ တဖြေးဖြေးလျော့လာတယ်
ငါကိုယ်ထဲကသွေး.. ငါတို့ ထင်သလို မနီမြန်းနေခဲ့ဘူး….
မျှော်ခဲ့တဲ့ တောင့်တခြင်း လက်လှမ်းဖို့ အတွေးတောင် မမှီခဲ့ဘူး….
ခြေလှမ်းတွေတိုင်းမှာ ဆူးတပ်ပေးထားတယ်.. ငါလှမ်းခွင့်မရှိဘူး…
တကယ်ဆို ငါ့ ကျောပေါ်ခွစီး
အတွေးနက်တွေကို ထိုးသွင်း
လိုသလို စိတ်ကို အဆိပ်ခပ်…
ငါ့ ယုံကြည်ချက်တွေကို သွေးပျက်စေတယ်….
အရိုးစွဲနေတဲ့ ကြောက်စိတ်တွေက
ငါ့ မျော်လင့်ခြင်းကို ခြေဖျက်…
ရှေ့မတတ်တော့တဲ့ အတွေးတွေနဲ့
ခံစားချက်တွေ ရင်ထဲထည့်
မျော်လင့်ရင်းရူး .. . အမှောင်မှာ မူးရတဲ့ …
ဘ၀နဲ့ပဲ ကျေနပ်နေခဲ့တယ်……
အစလဲ မကောင်း အကွက်တွေလဲထပ်
အကြိမ်ကြိမ် တိမ်းမှား အဖြူအမဲ မသဲကွဲသူ လက်ထဲက နယ်ရုပ်ဘ၀ဟာ
ရန်သူမသတ်ခင် ပိုင်ရှင်ကန်ထုတ်ခြင်းခံလိုက်ရတယ်…
ဒီမြေမှာ ငါ့ အတွက် တန်ဖိုးမရှိဘူး…
ကြယ်စင်ခတဲ့ နတ်သမီးည
ကဗျာတွေ စာတွေ ဖွဲ့မနေတော့ပါဘူး…. အရှင်းဆုံးပဲ ပြောတော့မယ်… သူမက လှတယ်…. ကျွန်တော့် ကဗျာတွေ သူ့အလှကိုစော်ကားသလို ဖြစ်မှာစိုးလို့… သူ့အလှဖွဲ့တောင် ကျွန်တော် မတို့ဖူးဘူး…. မမြင်ဖူးတဲ့ ကီလီယိုပတ်ထရာနဲ့ မခိုင်းနှိုင်းတော့ဘူး.. venus လဲ ခေါ်မကြည့်တော့ဘူး… သူတို့ကို နိုမ်သလိုဖြစ်နေမယ်… ၁၀၀ မှာ ၉၉ ယောက် လောက်က လှတယ်လို့ ပြောယုံနဲ့ ကျွန်တော်က လှလွန်းပါတယ်လို့  မပြောပါဘူး … သူမကို လှလားလို့ လူ ၁၀၀ ကိုမေးရင် ၉၉ ယောက်ကတော့ လှတယ်ပြောပါတယ်… ကျန်တစ်ယောက်ကတော့ သူမ အလှမှာ မိန်းမောသွားလို့ မဖြေလိုက်ရရှာဘူး …. အဲ့သလိုကောင်မလေးကို… ကျွန်တော် အရိုးဆုံးပြောခဲ့တယ်… လှတယ် လို့…. ကြားရပါများလွန်းလို့ သူအတွက် ဒီစကားက ထုံနေပါပြီ… ၀တ်ကျေတန်းကျေ.. နှုတ်ခမ်းလေးကို လှပစွာ ကော့ညွတ်ပြခဲ့တယ်… မရူးရုံတမယ်ပါပဲ… ကျွန်တော့် စကားလေးတွေ သူ့ရင်ထဲ တီးတိုးသံတောင် မရောက်ခဲ့ပေမယ့်… သူ့အပြုံးက ကျွန်တော့်နှလုံးမှာ သေရာပါ အမှတ်တရတစ်ခုပါပဲ… ဒီအချိန်မှာ ကျွန်တော့်ရင်ကိုခွဲ အဲ့ဒီ အသဲနှလုံးကြည့်မယ်ဆိုလဲ … ကိုယ်တိုင်ရင်ကိုခွဲပြီး ထုတ်ပေးလိုက်ချင်တယ်… သူမြင်ရင် နောက်တစ်ခေါက်ပြုံးဦးမလားနော်… သိချင်ပေမယ့် ကျွန်တော် မမှီလိုက်မှာတော့ စိုးတယ်…. ဒါ ပထမနေ့ပဲ ရှိပါသေးတယ်… နောင် နေများထပ်မြင့်လာရင်… ကျွန်တော် ခံနိုင်မယ် မထင်တော့ပါဘူး…
ကျွန်တော်ဘာကြောင့် သူ့အပေါ်ဒီလောက်ရူးသွပ်ရတာလဲ.. အဖြေမပြောတော့ဘူးဗျာ…. ဥပမာ တစ်ချို့ပေးမယ်
ဟိုးမားကို သူမရဲ့အလှဖွဲ့ ကဗျာလေး တောင်းဆိုလိုက်ရင် ဟိုးမားငိုသွားလိမ့်မယ်… သူမမြင်ပဲ စိတ်ကူးနဲ့ လှချင်တိုင်း လှခဲ့တယ် ဟယ်လင်ဟာ ကျွန်တော့် နတ်မိမယ်လေးရဲ ခြေဖျားမှာ တွဲလဲခိုနေရတာကိုး…. ဟိုးမားလဲ အဲ့ဒီ အခါမှ သူ့ မျက်မမြင်ဘ၀ကို ယူကြိုးမရ ဖြစ်မယ်ထင်ပါရဲ့…..
နောက်.. အလှဆုံး အပြုံးပိုင်ရှင်ဆိုတာ မိုနာလီဇာလား… တကယ်ဆို မိုနာလီဇာ အပြုံးဟာ သူမ မဲ့သလောက်ပဲ ရှိပါသေးတယ်… မိုနာလီဇာလဲ လူဖြစ်စောသွားတာ ကံအတော်ကောင်းသွားလေရဲ့…..
ဒီလောက်လှတဲ့ ကောင်မလေးကို မင်းကဘယ်လောက်ရူးသွပ်လို့လဲ လို့ မေးချင်တာလား…
စကြာဝဠာထောင့်စွန်းမှာ ကျွန်တော့်ကို အလေးပြုနေတဲ့ ဗင်ဂိုး ကိုသာ မေးကြည့်ပါတော့ဗျာ…..
လွင့်မျောသူ…
ကျွန်တော့်ခေါင်းထဲမှာ အတွေးပေါင်းများစွာဖြတ်သန်းစီဆင်းနေကြတယ်… ကျွန်တော် ခြေရာခံလို့မရအောင်ကို မြန်လွန်းတယ် … ဘာတွေလဲလို့ မေးခွန်းထိုင်ထုတ်နေခဲ့တယ်… တစ်ခါတစ်လေသူတို့ နောက်ကျွန်တော်လိုက်သွားတယ်.. တစ်ခါတစ်လေ ကျွန်တော် ညွန်ရာသူတို့သွားကြတယ်…. ကျွန်တော်နေရာ ကျွန်တော်ရောက်တော့ တော်တော်များများကို ကျွန်တော် နာမည်တောင် မမှတ်မိတော့ပါဘူး…. ဒါပေမယ့် အမေကတော့ ကျွန်တော်အတွက်နာမည်တပ်ပေးခဲ့တယ် စိတ်ကူးယဉ်သမား တဲ့…
အချိန်တော်တော်များများ တွေဝေငေးမောနေတယ်လို့ ကျွန်တော်ကို မြင်တာနဲ့ ကောက်ချက်ချလို့ရပါတယ်… ကျွန်တော်ဟာ အချိန်တိုင်းတွေးနေသူပါ… ကျွန်တော့် ကမ္ဘာထဲမှာ ကျွန်တော်ပျော်ပါတယ်….တစ်ခါတစ်လေ ထမင်းမေ့ ဟင်းမေ့ပါပဲ… အတွေးတွေကို ကျွန်တော်ပုံဖော်ပါတယ်.. ကျွန်တော် ပန်းချီဆွဲပါတယ်… အမေကတော့ မွဲမယ်လို့ ပြောပါတယ်… ဆရာကတော့ မင်းပါရမီပါတယ်လို့ ပြောတတ်တယ်… ကျွန်တော့် စိတ်ကူးအောက်မှာ ပန်းချီကားဟာ မြူးနေပါတယ်… ဒါပေမယ့် ဆရာတစ်ဦးရဲ့ကောက်ချက်မှာ ကျွန်တော့် ပန်းချီဟာ တန်ဖိုးမဲ့သွားပါတယ်… “ခံစားချက်လိုနေတယ်” တဲ့…
နောက် ကျွန်တော်စာရေးပါတယ်… ရေးသမျှစာတွေ ကို စာအုပ်တစ်အုပ်ထဲ ထည့်ထားပါတယ်.. စာအုပ်အဖုံးကို လက်ရေးလှလှလေးနဲ့ ရေးလိုက်ပါတယ်… “ ချစ်သူဖတ်ဖို့ ”…. အဲ့ဒီနေ့ကတည်းကစပြီး ကျွန်တော့်စာအုပ် မျက်နှာငယ်လေးနဲ့ပါ… ဖတ်ပေးမယ်သူဆိုတာ ကျွန်တော့်ဘ၀မှာမရှိသေးတာကို ကျွန်တော်သိလာတော့ ကျွန်တော့်စာအုပ်ဆိုတာ ဟန်ကွန့်ဖို့ ဖြစ်နေသလို ခံစားလာရတယ်… အဲ့ဒီအချိန်မှာ ကျွန်တော်သိလိုက်တယ်.. ကျွန်တော် ရေရွတ်လိုက်တယ်.. “ ချစ်သူ ” အဲ့ဒီစကားလုံးနှစ်လုံးမှာ ကျွန်တော့် နှလုံးသား ရုံးရင်းဆန်ခတ်ဖြစ်လာတာပါပဲ… စကြာဝဠာတိုက်တစ်သောင်းက ငှက်အပေါင်းထပြန်သလို ကျွန်တော့် အသွေးထဲ အသားထဲ ရှိန်းကနဲပါ.. ထလာတဲ့ ခံစားချက်ကို ကင်းဘတ်ပေါ်တင်လိုက်တယ်… နောင်တစ်ချိန် ရွေရောင်နေ့ရက်လို့ နာမည်တွင်လာမည့် ကားတစ်ခုပါ…
အဲဒီညက စလို့ ကျွန်တော့်ဘ၀ ပြောင်းခဲ့ရတယ်… လမ်းချိုးတစ်ခုပါ…. ကောင်လေးတစ်ယောက် လွယ်အိတ်တစ်လုံး အတွေးတစ်စုနဲ့ ကောင်းကင်မရှိတော့တဲ ဘ၀ထဲ ခရီးစခဲ့တယ်… အသွေးအသားနဲ့ ချစ်ခဲ့တဲ အိမ်ဆိုတာ ၁၀ အောင်ပြီး တက္ကသိုလ်မတတ်ချင်တဲ့ ညမှာ ကျောခိုင်းလိုက်ရပါတယ်…. ကောင်လေးတစ်ယောက် အတွေးများနဲ့ ခရီးစနေပြီ….
ခရီးအစက နေမင်းတောင် အားမရှိတော့တဲ့ ညနေခင်းလျော့လျော့မှာပါ…. ကျွန်တော့် စိတ်ဓါတ်တွေလဲ အားပျော့နေခဲ့တယ်… နောက်ကျောမှာ ကျွန်တော် အပူအပင်ကို မေးခွန်းထုတ်စရာမလိုတဲ့ ဘ၀တစ်ခုရှိတယ်… မျက်နှာမှုလိုက်တဲ့ နေရာမှာ အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာရှိနေတယ်… ဦးတည်ရာသွားဖို့ စိတ်ကူးမရှိပါဘူး… ဟာနေတဲ့ ၀မ်းတစ်ထွာ ပြည့်ဖို့ဆိုတာ အခုအချိန်မှာ ကျွန်တော့် အဓိက ရည်မှန်းချက်ပဲ…
လက်တစ်ဆုပ်စာမပြည့်တဲ့ ငွေတစ်အုပ်က တဖြည်းဖြည်းလျှော့လာပါပြီ… ချစ်သူတွေ ထိုင်စရာနေရာဟာ ကျွန်တော့် တစ်ယောက်တည်း တွေးရောရာနေရာ.. ခုံတန်းရှည်ဟာ ကျွန်တော့် အိပ်ယာဖြစ်လာသလိုပါပဲ…. အပြာရောင် မတောက်တော့တဲ့ အင်္ကျီအောက်က ဒီကောင်လေးရင်ထဲမှာ ဟိုးတစ်ချိန်သူမျော်နေခဲ့တာဟာ အရောင်တွေလွင့်လာတယ်…
လမ်းတွေလျှောက်.. လူတွေကြားထဲတိုး.. ဒါဘ၀ရဲ့ အရသာတစ်မျိုးပဲလို့ .. ခံစားမိသလို.. ဒါ ဒုက္ခအိုးထဲမှာ ပါလားလို့ ခံစားမိတဲ့အခါ … တင်းနေတဲ့ စိတ်ဆန္ဒကြိုးတွေ ဖြေလျော့လာဖူးတယ်… လမ်းတစ်ဆုပ်စာ မပြည့်တဲ့ ငွေတစ်အုပ်ဆိုတာ အခုအချိန်မှာ လေထက်တောင်ပါးလွာကုန်ပါပြီ… လွင့်မျောနေတဲ့ လူတစ်ယောက်ဟာ အိမ်က ပြန်ခေါ်မလားဆိုတဲ့ အတွေးနဲ့ သတင်းစာတောင် မဖတ်နိုင်တော့ပါဘူး…
ငှက်တစ်ကောင်လို အတောင်တွေပါဖို့ ဆုတောင်းဖူးတဲ့အထိ လွတ်လပ်စွာ ပျံသန်းချင်တဲ့ ကျွန်တော်… ဒီနေ့ဟာ ကောင်ကင်ကို မျော်လင့်ခွင့်နောက်ဆုံး ဖြစ်မယ်လို့ထင်လာတယ်… ကျွန်တော် ကောင်းကင်ကို မော့ကြည့်ခဲ့တယ်… ငှက်တွေနောက် စိတ်ကူးတွေ လိုက်သွားတယ်… ငှက်တွေရဲ့ တီးတိုးသံတွေ ကြားတစ်ချက် မကြားတစ်ချက်… ကြားထဲက ဟာနေတဲ့ ၀မ်းဗိုက်ရဲ့ အရေးဆိုသံတစ်ချို့ ……
အရောင်တွေ တောက်ပနေဆဲ ကျွန်တော့် နောက်ကျောကို ဆက်လက်ကျော ခိုင်းထားခဲ့တယ်.. အားအင်ချိနဲ့နေတဲ့ ဒူးတွေဟာ အမေ့ရှေ့မှာ ထောက်ဖို့ သူပြင်နေပုံရတယ်… အံကိုတင်းတင်း ကြိတ်ထားတယ်… လောကမှာ တစ်ယောက်တည်းလှမ်းလို့မရတဲ့ အခါတွေမှာ အရင်က ထိန်ကျောင်းပေးဖူးတဲ့ လူတွေကို ကျွန်တော်တန်ဖိုးသိလာမိတယ်… မှားပြီဆိုတာ သိခဲ့ပေမယ့်.. မလျှော့ချင်တော့ဘူး… ဒီအချိန်အိမ်ပြန်ရင် အရင်းပါဆုံးမယ်ဆိုတာ တွေးပြီးသားပါ… ကျောင်းမတတ်ချင်လို့ ထွက်ခဲ့တဲ့ လူတစ်ယောက်… တစ်မြို့ပတ်ပြီး ကျောင်းတော်ကို ပြန်ခြေချရမယ့် အဖြစ်ကိုတွေးမိတော့ ရင်လေးမိတယ်… အစကတည်းက ခေါင်ညိမ့်လိုက်ရင်ကောင်းသားလို့ အရောင်တွေလွင့်ပြီး နေ့စဉ် ထမင်းမမြင်ရတဲ့ အဖြစ်တွေကို သတိရမိတယ်…. အနိုင်အရှုံးမရှိတဲ့ ပွဲမှာ ကျွန်တော့် မာနအတွက် ကျွန်တော် နောက်မလှည့်တော့ဘူး.. လမ်းတစ်ခုပဲရွေးလိုက်တယ်… ကျွန်တော့် စိတ်ကူးတွေအောက်မှာ ကျွန်တော်ဟာ ပန်းချီတွေဆက်ဆွဲမယ် ဆိုတာပါပဲ… ငယ်စဉ်ကတည်းက ရည်ရွယ်ခဲ့သူမို့ ဒါမခက်လောက်ဘူးလို့ ကျွန်တော် ထင်ထားခဲ့တယ်… ကောင်လေးတစ်ယောက် လောကအလယ်မှာ တ၀ဲလည်လည်ပါပဲ.. ဒါပေမယ့် ခရီးတစ်ခုကို အစပြုမိနေပြီ….
ဆရာပန်းချီပြခန်းဆီကို ဦးတည်လာမိတယ်… ခြေလှမ်းတွေက တုံ့ဆိုင်းဆဲ… အတွေးထဲမှာ ဗလောင်ဆူနေ မိတယ်… ကိုယ့်ခြေပေါ်ကို ကိုယ်တိုင် ရပ်ဖို့.. ကိုယ့်ခြေရာ ကိုယ်ဖော်ဖို့… မှတ်တိုင်များစွာ စိုက်ဖို့.. မျော်လင့်ရင်ထွက်လာတဲ့ ကောင်လေးတစ်ယောက်ဟာ အခုတော့ သူများကို ပြန်မှီရအုံးမှာလား… ရည်မှန်းထားတဲ့ ခြေလှမ်းတိုင်းကို ဘေးလူတွေ ဖေးကူနေရတဲ့ ဘ၀ကို ကျွန်တော် ပြန်လှမ်းမိပြီလား… ဘာပဲဖြစ်ဖြစ် ကျွန်တော် အနုပညာပေါ်မှာ ရပ်တည်ဖို့… ခြေလှမ်းတစ်ခု အဖြစ် ဆရာကို ပန်းချီကားလေးတော့ ပြချင်သေးတယ်… ဆရာ့ ဝေဖန်ချက်ကိုတော့ ကြားချင်သေးတယ်…
“မင်းဒီမှာ ဘာရပ်လုပ်နေတာလဲ ”
မြင်ရုံနဲ့မှတ်မိသေးတဲ့ ဆရာကို ကျွန်တော် ချီးကျူးမိပါတယ်.. မိုးရွာမှ မျက်နှာသစ်ဖြစ်တဲ့ ဘ၀မှာ သူငယ်ချင်းအရင်းတောင် မမှတ်မိကြပါဘူး.. (မကူညီချင်၍ ဟန်ဆောင်သွားသူများလဲရှိပါသည်) … မမှတ်မိတဲ့လူတွေကြားမှာ အမှတ်မရှိတဲ့ လူတစ်ယောက်အဖြစ် ကျွန်တော် လျှောက်ဖူးခဲ့ပြီးပြီ… မှီရာ ခုံ.. ထိုင်ရာ ကြမ်း…. လှဲရာ ကုတင် .. ကျွန်တော် အရာအားလုံးကို ကိုယ်မြင်ချင်သလို နေခဲ့ပြီးပြီ… ဆရာ မှတ်ချက် ကြောင့် ကျွန်တော် လွင့်ထွက်သွားလဲ မမှုတော့.. .. အဆိုးဆုံးမျော်လင့်လာတဲ့ ကောင်… ဘယ်အရာကမှ ဒဏ်ရာတွေ ထပ်မပေးနိုင်တော့… ကျွန်တော် ဆရာဆီလှမ်းလာခဲ့တဲ့ လမ်းက ကျွန်တော်ကို အချိန်မရွေး ဖိတ်ခေါ်နေဆဲ မဟုတ်ပါလား….
“ကျွန်တော် ပန်းချီကားလာပြတာ ဆရာ”
“လာလေကွာ ပြခန်းထဲ ၀င်လာပါလား”
“ကျွန်တော်….”
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်… အရောင်တွေလွင့်ပြီး အနံ့တွေ မတသီစရာကောင်းလောက်အောင် ထွက်နေတဲ့ ကျွန်တော်… ဘယ်လိုလုပ် ဆရာအသိုက် အမြုံထဲ ခြေချရဲမှာလဲ…. ကျွန်တော့် ခြေလှမ်းဟာ ပန်းချီပြခန်းကို ညစ်နွမ်းသွားစေမလား… နိုမ့်ကျနေတဲ့ကောင်တစ်ကောင်ပါ… ကိုယ့်ဘေးက အရာအားလုံးကို ကိုယ့်နေရာထဲတော့ ဆွဲမသွင်းချင်…. ကျွန်တော် လူနိုမ့်နေပေမယ့်.. စိတ်ဓါတ်တွေက မြင့်ဆဲလို့ ယုံကြည်ထားဆဲပါ…
“လာကွာ…”
ပြောပြောဆိုဆိုနဲ့ ပုခုံးဖက်ဆွဲခေါ်သွားသော ဆရာ့ နွေးထွေးမှုနောက် ကျွန်တော် မရုံးထွက်နိုင်တော့ပါဘူး… ဝေးကွာခဲ့တဲ့ အိမ်ဆိုတဲ့ အရသာကို ကျွန်တော် ခဏတာ ခံစားခွင့်ရလိုက်တယ်… နွေးထွေးရာ အရာရာပြည့်စုံ ခဲ့တဲ့ အသိုက်တစ်ခုက ပျံထွက်လာတဲ့ ငှက်ဟာ ခဲမြင်ရုံနဲ့ ကြောက်တတ်နေပြီ… အိမ်ဆီပြန်လှည့်ဖို့ ခြေဦးက ညွန်နေခဲ့ပေမယ့် မာနတွေက ကျွန်တော် နှလုံးသားကို တားဆီးနေတယ်… အခုတော့.. ကျွန်တော်… မငြင်းသာတော့…
“မင်း အိမ်ကထွက်သွားတာ မင်းအမေပြောတယ်.. ငါက မင်းငါ့ဆီလာမယ်ထင်နေတာ”
“ကျွန်တော်….”
စကားတွေ မဆက်ဖြစ်ပေမယ့်အတွေးတွေ နှစ်နေမိသည်… အမေ့ဆီက အကုန် အမွေဆက်ခံခွင့် မရတော့ပေမယ့်.. အမေ့ဆီက မာနတစ်ခုတော့ ကျွန်တော်ယူလာမိသည်… အမေ့ဆီက ယူလာတဲ့ မာနဟာ ဒီနေ့ ကျွန်တော် တည့်မတ်စွာရပ်နေခြင်းရဲ့ အခြေခံအကြောင်းတရားတစ်ခုဆိုတာ သိလာမိတယ်….
“သိပါတယ်.. မင်းက မာနက ခပ်ကြီးကြီးပဲ.. တော်ရုံမလာလောက်ဘူးဆိုတာ ငါတွက်ပြီးသားပါ… အခုမင်း အိမ်ပြန်မလား… ”
“မပြန်ချင်သေးဘူး ဆရာ.. အမေ စိတ်ဆိုးနေမယ်ဆိုတာ ကျွန်တော်သိတယ်…”
“စိတ်ဆိုးစရာလားကွ.. အမေပဲစိတ်ပူမှာပေါ့”
“ တခြားအမေနဲ့ မတူဘူးဆရာ … အမေက သူချတဲ့ ဘောင်ထဲမ၀င်ရင် ထွက်နေတဲ့အရာကို ဘယ်တော့မှ ညှာတာရိုးမရှိဘူး.. ကျွန်တော်သိတယ်”
တစ်သက်မှာ ၉ တန်းကျောင်းသားဘ၀မှာ တစ်ခါပဲကျောင်းပြေးဖူးတဲ့ ခဏကို သတိရမိတယ်… အိမ်ပြန်အရောက်မှာ ကြိမ်လုံးနဲ့ မစောင့်နေပေမယ့်.. ကျွန်တော့် ဘ၀မှာ အနာကျင်ဆုံး ဖြစ်ရမယ့် နည်းနဲ့ အမေအပြစ်ပေးခဲ့တယ်… ကျွန်တော့် ပန်းချီတွေကို မီးရှို့ပြစ်လိုက်တယ်… ကျောင်းတစ်ရက်ပြေးမိတဲ့ ကျွန်တော့်အတွက် တစ်သက်သာဆွဲထားသေား ပန်းချီကား မှန်သမျှ ပြာဘ၀ပြောင်းသွား ပြီ…. ကျွန်တော်ပေါက်ကွဲတယ် ငိုကြွေးတယ်… (တန်ဖိုးကြီး လက်ရာကောင်းများ မဟုတ်သော်လဲ ကျွန်တော် မြတ်နိုးသည် တန်ဖိုးထားသည်… ) အမေကတော့ လစ်လျှူရှုထားတယ်… ထမင်းစားပွဲကို နှစ်ရက်လောက် ၀င်ခွင့်မရခဲ့ဘူး… “ကျွန်တော် မှားပါတယ် … ခွင့်လွတ်ပါအမေ ” လို့တောင်းပန်တဲ့ ညက ခွင့်လွတ်ခဲ့ပေမယ့်… လွတ်လပ်ခွင့် တစ်ချို့ အမေဥပဒေတွေ ထပ်ထုတ်တာခံလိုက်ရတယ်… နာကျင်နေတဲ့ ကျွန်တော့် အတွက် အမေမျက်နှာ တစ်ချက်မှ မပျက်ဘူး… “ငါသားလုပ်ချင်ရင် ငါထားသလိုနေရမယ်… နင့်အတွက် ငါမျက်နှာ မပျက်ချင်ဘူး” လို့ စကားတစ်ခွန်းကြောင့် ကျွန်တော့် စိတ်ကူပေါင်းများစွားကို စတေးခဲ့ဖူးတယ်…
“မင်းမပြန်ရင် ဘယ်မှာနေမှာလဲ.. မင်းအခု ဘယ်မှာနေလဲ”
ဆရာစကားမှာ သတိတွေ ပြန်ဝင်လာပေမယ့်… တွေးစရာတွေက ထပ်ထွက်လာပြန်ပါတယ်….. ကျွန်တော် ဘယ်မှာနေမှာလဲ.. ကမ္ဘာကျယ်ရင် ကျယ်သလောက် ကျွန်တော်နေလို့ရပါတယ် လို့ ဖြေချင်လိုက်တယ်… ဒါပေမယ့် လက်တွေ့ ဆန်တဲ့ဘ၀ကို ၁ လလောက်ပဲ ဖြတ်သန်းခဲ့တဲ့ ကျွန်တော်ဟာ ဒဏ်ရာတွေ အမျိုးစုံအောင် သင့်ခဲ့သူပါ… မငြင်းတော့ပါဘူး.. လောကကို ကျွန်တော့် ကြောက်နေမိတယ်….
“မသိဘူးဆရာ…. ”
“မင်းမပြန်ချင်သေးရင် ဒီမှာနေပေါ့.. ငါ့ပြခန်းမှာနေ… နောက် မင်းငါဆီမှာ အလုပ်လုပ်ပေါ့.. ပြခန်းစောင့် … နောက် အချိန်ပိုင်း ပန်းချီသင်ပေါ့.. ငါလက်ထောက်အနေနဲ့ ”
“ကျေးဇူးတင်ပါတယ်ဆရာ”
ကျွန်တော် ကျေးဇူးထက်သာမယ့်စကားလုံးရှာနေမိတယ်… ဒီအချိန်မှာ ကျွန်တော့်အတွက် ဒါက အိုအေစစ်ဆိုတာ သေချာတယ်… ကျေးဇူး ကျေးဇူး… ကျွန်တော့် ဘ၀တစ်ခုလုံးနဲ့ တင်လိုက်ချင်တယ်….
“ ဆရာ ဒီကားလေး ကြည့်ပါအုံး ”
သေသပ်စွာထုတ်ပိုးထားတဲ့ ရွေရောင်နေ့ရက်များဆိုတဲ့ ပန်းချီကားလေးကို ထုတ်ပြခဲ့တယ်… ဆရာ့ ကိုပြရတာ စိုးထိတ်မိတယ်.. တချိန်က ခံစားချက်လိုနေပါတယ်လို့ ပြောခဲ့တာ .. ဒီဆရာပဲမဟုတ်ပါလား… အချိန်ကြာမြင့်စာ သူကြည့်နေသည်… မျက်မှောင်ကြုတ်ရင်း(အာရုံစိုက် ကြည့်ခြင်း) ကြည့်နေရာက တဖြေးဖြေး ဖြေလျှော့လာပြီ…
“အေကွာ…. ဆရာပြောတာ ဒီလိုမျိုးကွ.. တကယ်ခံစားချက်နဲ့ပဲ… မင်းဆွဲခဲ့သမျှမှာ ဒါအကောင်းဆုံးပဲ…ကဲ မင်းရေမိုးချိုးထား ငါညစာကို အိမ်က ကောင်လေးကို ပို့ခိုင်းလိုက်မယ်… မိုးချုပ်နေပြီ.. နောက်နေ့မှဆက်ဆွေးနွေးတာပေါ့… မင်းလဲ ကောင်းကောင်းစဉ်းစားကြည့်ပေါ့.. မင်းဘ၀အတွက်… ”
ကျွန်တော့် ဘ၀အတွက်.. အခုတော့ ပူစရာ သိပ်မလိုတော့ဟု ကျွန်တော်ခံစားရသည်.. ပန်းချီပြခန်းတွင်နေရမည်… ပန်းချီလက်ရာများ လေ့လာခွင့်ရမည်… ပန်းချီသင်ပေးခွင့်ရမည်… ကျွန်တော် လုပ်ချင်တဲ့ အရာ.. ကျွန်တော် ရည်မှန်းချက်… ကျွန်တော် ခရီး စတင်ရခြင်း ရဲ့ အကြောင်း အရင်း မဟုတ်ပါလား…. အခုတော့ ကောင်လေးတစ်ယောက် လွယ်အိတ်တစ်လုံး အတွေးတစ်စုနဲ့ ကောင်းကင်မရှိတော့တဲ ဘ၀ထဲ ခရီးစခဲ့သည်… ထိုကောင်လေး.. ပန်းချီဆရာ တစ်ယောက် အသွင်ပြောင်း ပန်းချီကားတစ်ချပ် (ရွေရောင်နေ့ရက်များ) နှင့် ခရီးဆက်နေသည်….
လှုံခြုံမှုအရသာကို တစ်ညတာ အချိန်လွန်စွာ ခံစားမိလိုက်သည်.. အိပ်မက်တောင် မက်ခွင့်မရလိုက်ပဲ တစ်ညတာကိုနှစ်ခြိုက်စွာ ကုန်ဆုံးပြစ်လိုက်တော့.. ကျွန်တော် အိပ်ယာထနောက်ကျသွားပါတယ်.. ပြခန်းတောင် ဖွင့်ပြီးနေပြီထင်တယ်… ကျွန်တော် နဘေး နရံကို ငေးကြည့်မိသည်.. ကျွန်တော်လန့်သွားသည်.. ပန်းချီကားလေး ပျောက်နေပြီ.. ကျွန်တော့် အခန်းကျဉ်းလေးထဲ ရှာနေမိတယ်… ဘယ်ပျောက်သွားလဲ.. ဖွင့်ထားတဲ့ ပြတင်းပေါက်ကို မြင်မိတော့ .. ကျွန်တော် တုန်လှုပ်သွားတယ်… သွားပါပြီ… ဒီပန်းချီကားလေး သူခိုးလက်ထဲပါသွားပြီလား… နောက် ပြခန်းထဲက ပန်းချီတွေရော.. အားလုံး တန်ဖိုးကြီးတဲ့ကားတွေကြီးပဲ… ကျွန်တော် အရူးမီးဝိုင်းသလိုဖြစ်နေပြီ… ကိုယ့်ဘာသာကိုယ် လမ်းပေါ်မှာနေရင်းကောင်းသား.. အခုတော့ … ၀မ်းနည်းခြင်း စိုးထိတ်ခြင်းများ ရင်ဘက်ထဲဆောင့် ၀င်လာသည်… စိတ်ချလက်ချအပ်ခဲ့တဲ့ နွေးထွေးတဲ့ ဆရာ့မျက်နှာ ပြန်မြင်ယောင်မိတယ်… ကျွန်တော်…. မှားပြီ….
“ဒေါက်ဒေါက် ”
ဆရာထင်သည်… ကျွန်တော် စိုးရိမ်တကြီး တံခါဖွင့်လိုက်တော့
“မင်းမဖွင့်ရင် ငါဝင်လာတော့မလို့”
“ဆရာ ကျွန်တော် … ”
“အေး မင်းကိုငါပြောရအုံးမယ်… ”
ကျွန်တော် စိုးရိမ်တကြီးနားထောင်မိသည်… ဒေါသသံမပါသော ဆရာအသံက အရင်ကတည်းက အေးစက်မြဲမို့ ကျွန်တော် ထိပ်လန့်နေမိသည်… တိတ်ဆိတ်မှု အေးဆက်မှုတွေဟာ တစ်ခါတစ်ရံ ဆူညံမှု ပူလောင်မူတွေထက် ခြောက်လှန့်မြဲ…. အခုတော့ ကျွန်တော့် ဆရာ အေးဆက်မှုတွေကြား တိုးတိတ်နေမိတယ်… ဆရာ ဘယ်လို အပြစ်တင်မလဲ….
“ မင်းကားလေးကို ငါပြခန်းမှာချိတ်ထားလိုက်တယ်… မနက်က ငါတံခါးခေါက်တာအကြာကြီးပဲ မင်းမနိုးတာနဲ့ ငါအခန်းထဲ ၀င်လာရင်း မင်းကားလေးကို တွေ့လို့ ချိတ်ထားလိုက်တယ်… ငါစိတ်ထင်ဈေးကောင်းရမယ်ထင်တာပဲ…”
ကျွန်တော် နံရံမှာ တင်ခွင့်ရနေတဲ့ ကျွန်တော့် ကားလေးအတွက် ဂုဏ်ယူနေမိသည်… ရင်ထဲက အပူလုံးကြီးကျသွားရုံမက.. ကျွန်တော်ပျော်ရွင်မှုပါ ထပ်ဆောင်းရမိသည်… ပျော်ရွင်စရာ အကောင်းဆုံး နေ့ရက်ပါပဲ.. ပန်းချီဆရာကြီးများနောက်က အခန်းထောင့်မှာနေခွင့်ရနေတဲ့ ပန်းချီကားလေးဟာ ..ဘာပဲဖြစ်ဖြစ် ကျွန်တော့် မှတ်တိုင်ပါပဲ… လက်ရာမှီတယ် မမှီတယ် မမှီ ဘူးဆိုတာထက်… ကျွန်တော်ပိုင်တဲ့ ကျွန်တော့် နေရာရှိသလို ခံစားလိုက်ရတယ်… ကျွန်တော့် ရပ်စရာတစ်နေရာရသလို … အသက်ရှုဖို့ နေရာရောက်သလို.. ခံစားချက်တွေ အားလုံးပေါ့ပါးနေခဲ့တယ်… တိမ်ပေါ်ရောက်နေတဲ့ ငှက်လား.. ကျွန်တော် ပျံဖို့တောင် မေ့သွားမိခဲ့တယ်…
အဲ့ဒီနေ့က ကျွန်တော့် ဘ၀ကို အသွင်တစ်မျိုးနဲ့ စတဲ့ နေ့ပေါ့ .. အမှတ်ရလို့ မဆုံးပါဘူး… ဆရာ့ ပန်းချီသင်တန်းမှာ ကျွန်တော်ဟာ အကူအနေနဲ့လဲ လုပ်ခွင့်ရခဲ့ပါတယ်… တပည့်အငယ်တွေကို နည်းပြခွင့်လဲရခဲ့တယ်… အဆင်ပြေမှုတွေစတွေပြီလို့ ထင်လာမိတယ်… စိုးရိမ်စရာအတွေးတွေ ခေါင်းထဲ ၀င်မလာတော့… ကျွန်တော့် ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်.. ဆရာ ယုံကြည်မှု ဆရာ လက်လွဲမှုတွေ ကို ရယူခဲ့တဲ့ သူဟာ ထိုက်တန်တယ်ဆိုတာ ကျွန်တော်ပြဖို့ အမြဲကြိုးစားနေခဲ့တယ်… အခုအချိန်မှာ ကျွန်တော့်ဟာ ပန်းချီကားတွေနဲ့ တသားတဲ့ကျနေခဲ့သလို.. ပန်းချီပြခန်းကြီးဟာလဲ ကျွန်တော် နားခိုရာနေရာဆိုတာထက် ကျွန်တော့် ဘ၀တစ်စိတ်တစ်ဒေသဖြစ်လာပြန်ပါတယ်…..
ညဘက်ဆို ပန်းချီပြခန်းထဲက ပုံတွေကိုကျွန်တော် ကူးဆွဲမိတယ်… ဘာရယ်မဟုတ်ပေမယ်… ပုံကောင်းမှန်ရင် သိမ်းထားချင်တဲ့ အကျင့်လေးကြောင့်ပါ… အခုကျွန်တော့်မှာ ဆရာကြီးတွေရဲ့ ပန်းချီကား အသေးလေးတွေရှိနေပါတယ်…
ဒီလိုပဲ မနက်ဖြန်ကိုမတွေးပဲ စုတ်တံကို ကျွန်တော့် ဘ၀တစ်စိတ်တစ်ဒေသ မကပေးခဲ့တဲ့ ၁ လနီးပါးကြာတဲ့ နေ့မှာတော့… ဝေခွဲစရာ ဆုံးဖြတ်ခက်ရတဲ့ နေ့တစ်နေ့ ပေါ်လာပါတယ်… ဒါကတော့
“မနေ့က မင်းဆေးတွေသွားဝယ် နေတုန်း မင်းကားကို ဈေးမေးသွားတယ် သူကတော့….. ”
ကျွန်တော့်နားမယုံနိုင်လောက်အောင်ပါပဲ… ဈေးက ပန်းချီကားကြီးတွေအတွက် မများဘူးဆိုပေမယ့် ကျွန်တော့် ဘ၀အတွက်များလွန်းလှပါတယ်… အဲ့ဒီ ငွေတွေနဲ့ ကျွန်တော့် အမေဆီပြန်သွားပြီး အမေ့တရားဝင် ခွင့်ပြုချက်နဲ့ ကျွန်တော် မမွဲပါဘူး ပန်ချီဆရာပဲလုပ်မယ်လို့ ပြောချင်တယ်… အဲ့ဒီငွေတွေနဲ့ ကျွန်တော် အမေ့ဆီ မပြန်ရင်တောင် အခန်းလေးငှား ကားကောင်းလေးတွေဆွဲပြီ.. တစ်ယောက်တည်းနေသွားလို့ရတယ်.. အဲ့ဒီငွေတွေနဲ့ ဆေးအကောင်းစားတွေ ၀ယ်လို့ရသည်… အဲ့ဒီငွေတွေနဲ့.. အဲ့ဒီငွေတွေနဲ့….
ဟာ…. လောဘတွေ လောဘတွေ… မနက်ကအထိတောင် ကျွန်တော့် နှလုံးသွေးနဲ့ ထပ်တူ ချစ်နေဆဲ ခံစားချက် အပြည့်အနှက်ဆွဲထားတဲ့ ကားလေးကို… ကျွန်တော့် လောဘက ထုတ်ရောင်းဖို့ ဆွယ်နေပါလား…. မဖြစ်နိုင်ဘူး… အဲ့ဒီကားလေးက ကျွန်တော့် ဘ၀အလှည့်အပြောင်း လက်တွေပြောင်းလို့ ကျွန်တော် ဒီထက်ကောင်းလာရင်တောင်.. ဒီကားလေးက.. မပြောင်းမလဲ ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ကားလေးပဲ…. ဒါပေမယ့်.. တစ်သက်လုံး ဆရာဆီမှာကပ်နေသွားမလားဆိုတဲ့ အတွေးကလဲ ကြိုကြားကြိုကြား ဖြတ်ဝင်လာတတ်သေး… ကျွန်တော့် တစ်ခေါင်းလုံး လွန်ဆွဲတဲ့ ကြိုးတွေ ရစ်သိုင်းလို့နေပြီ… ဆုံးဖြတ်ရခက်နေပါပြီ…
“မင်းစဉ်းစားအုံးပေါ့.. ပန်းချီဆရာအသစ်တစ်ယောက်ကို ဒီဈေးပေးတယ်ဆိုတာ များတော့များတယ်ကွ.. ဒါပေမယ့် သူကတော့ အဲ့ဒီကားကို အတော်ကြိုက်ပုံပေါ်တယ်… မင်းစဉ်းစားအုံးပေါ့..ဆရာကို ဖုန်းနံပါတ်ပေးသွားတယ်.. ရောင်းမရောင် အကြောင်းပြန်ပေးမယ်… ”
ကျွန်တော့် တစ်ညလုံး အိပ်ရေးမ၀ခဲ့ပါဘူး… စိတ်ကူးယဉ်ဆန်ဆန်အိပ်မက်တွေထွက်လာသလို… ပန်းချီကားကို ကျွန်တော့် ဘ၀ထဲကဆွဲထုတ်မယ့် လက်တွေကလဲ အမှောင်ညထဲ တိုးဝင်လာတယ်… ကျွန်တော်နဲ့ ကျွန်တော် မမျှတဲ့ညမှာ ကျွန်တော်ဟာ ရွေရောင်နေ့ရက်များဆိုတဲ့ အ၀ါရောင်တောက်တောက် ပန်းချီကားအရှေ့မှာ တစ်ညလုံးကုန်ဆုံးခဲ့တယ်… အာရုံမရောက်ခင်မှာ အာရုံထဲရောက်လာတဲ့ အတွေးတစ်ခုကြောင့်.. ပန်းချီကားအတွက် သတ်မှတ်ချက်တစ်ခု ကျွန်တော်ကပ်လိုက်တယ်…. “ရောင်းရန်မဟုတ်ပါ”
ဒီကားလေးကို ဆွဲပြီး အိမ်ပေါ်ကဆင်းခဲ့ရသည်… အမှတ်တရတစ်ခုပေါ့… အမေကို တစ်စိတ်တစ်ဒေသ ပေးပိုင်ထားသည်.. ဒီကားကို ဆွဲတုန်းက မရှိသေးတဲ့ ချစ်သူ …. မသိသေးတဲ့ အနာဂတ်ကို ရည်ရွယ်ခဲ့သည်.. ကျွန်တော် တစ်စိတ်တစ်ဒေသ ပိုင်သည်… ချစ်သူ တစ်စိတ်တစ်ဒေသပိုင်သည်… ပိုင်သူတွေခွဲပေးထားပေမယ့် ယူသူမရှိသေး… အသွေးအသားနဲ့ ဆွဲခဲ့တဲ့ကားလေးပါ…. ငွေနဲ့ ၀ယ်ယူလို့မရတာတွေထဲကို ကျွန်တော် ထည့်သွင်းတန်ဖိုးထားခဲ့တယ်… ဒီညမှာ ရွေရောင်တောက်မယ့် နေ့ရက်တွေ မျှော်လင့်ထားတဲ့ ကောင်လေး တစ်ယောက် အရောင်တွေ ပျောက်နေခဲ့သည်….
အခုဆို ဆရာအိမ်မှာနေလာခဲ့တာ ၁ လကျော်နေပြီ… အခုဆို ကျွန်တော်က ဆရာ့ တပည့်အသစ်တွေကို သင်ရသည်… တပည့်မလေးတစ်ယောက် ရောက်လာတဲ့နေ့ကို သတိရမိတယ်.. သူက ကျွန်တော်နဲ့ အသက် အတူတူလောက်ပါပဲ… ဒါပေမယ့် ကျွန်တော့် ရွေရောင်နေ့ရက်များဆိုတဲ့ ပန်းချီကားကို လက်ညိုးထိုးပြီး… ဒါမျိုးဆွဲတတ်ဖို့ ဘယ်လောက်ကြာမလဲဟင်လို့ မေးလိုက်တဲ့နေ့က ကျွန်တော် အံ့အားသင့်သွားသည်…
“အဲဒီ ပန်းချီဆရာ ကတစ်မျိုးပဲသိလား ၀ယ်မယ်လို့ကြိုက်ဈေးပေးတော့ မရောင်းဘူး”
ပြစ်တင်သံလေးနှင့် သူပြောလိုက်တဲ့ခဏ ကျွန်တော့် မျက်လုံးလဲ ပန်းချီကားထဲရောက်သွားခဲ့တယ်…. ပန်းချီဆရာနေရာမှာ ကျွန်တော်လက်မှတ်မထိုးမိလိုက်… ဒါကြောင့်ဘယ်သူလဲ ခန့်မှန်းရခက်မည့် ပန်းချီကားတစ်ကားပါပဲ… စတိုင်ကို ကြည့်ပြန်လျှင်လဲ ကျွန်တော် မှာ တစ်ကားပဲရှိသေးတာမို့..ဘယ်သူမှ မသိနိုင်… ဆရာကိုလဲ သူမမေးရဲဘူး ထင်တယ်… ဒါကြောင့် ဆရာလက်ထောက် ကျွန်တော့်ကို မေးနေခြင်းလား…. ကျွန်တော် ဘယ်လိုဖြေရမလဲ..
“၀ယ်မယ်ပြောမှပဲ ရောင်းရန်မဟုတ်ပါလို့ စာကပ်တော့တယ်”
“ညီမက ဒီကားကို ဘာလို့ကြိုက်တာလဲ”
ကျွန်တော် အရဲစွန့်ပြီးမေးမိလိုက်ပြီ… သူဝေဖန်မှုကိုတော့ ကျွန်တော် ခံနိုင်ရတော့မှာပေါ့.. ပညာရှင်မဟုတ်ပေမယ့်.. အပြင်လူတစ်ယောက်ရဲ့ ဝေဖန်မှုကိုလဲ ကြားချင်မိသည်… အထူးသဖြင့် ဒီကောင်မလေးရဲ့ ဝေဖန်သံပေါ့… သူက ဒီကားကိုကြိုက်သည်ဟု ပြောနေတဲ့သူ.. ဒါကြောင့် သူ့ခံစားချက်ကြားချင်မိသည်…
“မသိဘူး… ဒါပေမယ့်.. ဒီကားလေးကြည့်လိုက်ရင် ရင်ထဲမှာ တစ်မျိုးပဲ… မပြောပြတတ်ဘူး.. ဘယ်အချိန်ကြည့်ကြည့် အဲ့သလိုခံစားရတယ်”
ကျွန်တော် ကြည်နူးမိပါတယ်.. ကျွန်တော့်ကားလေးကို ခံစားပေးမယ့်လူလို့ မြင်လာမိသည်… ကျွန်တော် ထိုနေ့က စပြီး အဲ့ဒီကောင်မလေးကို သတိထားမိသည်… ရွေရည်တဲ့.. နာမည်နဲ့ ဆင်လို့ ကျွန်တော့်ကားလေးကို သူကြိုက်တာဖြစ်နိုင်သည်… ဘာပဲဖြစ်ဖြစ်ပေါ့.. ကျွန်တော်ကတော့ ပရိတ်သတ်တစ်ယောက်ရလို့ ၀မ်းသာမိသည်…
အဲ့ဒီညက သူကျေနပ်အောင် ကျွန်တော် ရွေရောင်ညနေ ဆိုသော ပန်းချီကားကို ဆွဲဖြစ်တယ်… ၁ ပတ်လောက်အကြာမှာတော့ အဲ့ဒီကားလေးကို ဆရာခွင့်ပြုချက်နှင့် တစ်နေရာတင်လိုက်သည်… ရွေရည် မြင်လျှင် ဘယ်လိုပြောမလဲ သိချင်မိတယ်…. ရွေရည် ၀ယ်မလား… ၀ယ်မယ်ဆိုလျှင် အလကား ပေးမိလိမ့်မည် ထင်သည်… ရွေရောင်နေ့ရက်များကို ဆွဲတာလဲ ကျွန်တော်ပါလို့ ၀င်ခံမိလိမ့်မည်… ထိုနေ့ ရွေရည် အဲ့ဒီ ရွေရောင် ညနေကို ကြည့်နေသည်… ခဏအကြာမှာတော့ …
“အဲ့ဒီ ပန်းချီဆရာ ဘယ်တုန်းကပေးသွားတာလဲဟင်”
သူက ပန်းချီဆရာကိုသိချင်ပုံပေါ်သည်…
“သူက နယ်ကလေ… တစ်ခါတစ်ခါလာရင် တစ်ကားလောက်ပေးတတ်တယ်.. ညီမရော ဒီကားကို ဘယ်လိုသဘောရလဲ”
“ရွေရောင်နေ့ရက်များလိုပဲ လှပါတယ်.. ”
ပညာရှင်မဟုတ်သော သူမ မှတ်ချက်နဲ့ပဲ ကျွန်တော် ၀မ်းသားမိတယ်….သူ့အတွက်ရည်ရွယ်ပြီး ဆွဲခဲ့တာမလား… သူကြိုက်ဖို့အရေးကြီးတယ်…. သူလိုချင်တယ် ၀ယ်မယ်လို့ သူ့နှုတ်ခမ်းပါက ဖွင့်ပြောလျှင် လက်ဆောင်အဖြစ်ပေးလိုက်မယ်လို့ ကျွန်တော် ပြင်နေမိတယ်…. သို့သော်
“ဒါပေမယ့် ရွေရောင် နေ့ရက်များ ဆိုတာကိုပဲ ညီမက ကြိုက်တယ်”
“ဒီကားက ဘာဖြစ်လို့လဲ”
“မသိဘူး.. ခံစားလို့မရဘူး…..”
“အေကွ.. ဒီကားက ခံစားချက်ပျောက်နေတယ်”
ဆရာ မှတ်ချက်တစ်ခုကို ဖြတ်သွားရင်း ပေးသွားသည်… ကျွန်တော်လဲ ပန်းချီကားလေးကို ပြန်ကြည့်မိသည်.. ဟုတ်ပါရဲ့.. ခံစားချက်တွေ ဘယ်ရောက်သွားလဲ….အဲ့ဒီညနေက စလို့ ကျွန်တော် ကားပေါင်းများစွာ စရေးတော့သည်.. ရွေရောင်နေ့ရက်များကိုပဲ ၁၀ ပုံကျော်ခဲ့ပေမယ့် .. အကုန်လုံး မမှီနိုင်တဲ့အဆုံး ချောင်ထိုးပြစ်လိုက်သည်…. ရွေရောင်နေ့ရက်များကို ကျွန်တော် ဘယ်လိုဆွဲခဲ့သလဲ… အဲ့ဒီညကို ကျွန်တော် တစ်ခေါက်ပြန်ခံစားကြည့်လိုက်တယ်…. ဒါပေမယ့် နောက်တစ်ခေါက် ရင်ဘက်နံရံကို လာခေါက်သွား ပြန်ပြီ… “ချစ်သူ” ….. ဟုတ်တယ် ချစ်သူ…. နောက်တစ်ကြိမ် ခံစားချက်အစရောက်လာပေမယ့် ဆက်ခံစားလို့မရ… ရွေရည့် မျက်နှာ က ခဏခဏ ၀င်လာတတ်သည်…. ချစ်သူ… ကျွန်တော် ရေရွှတ်နေမိတယ် …. ရွေရည်….ဟုတ်တယ် ရွေရည်… ကျွန်တော် ရေရွတ်မှုကို အဆုံးမသတ် နိုင်တော့ …. ကျွန်တော် နှလုံးသား တစ်ခုလုံး သူမ မထောင်ထားတဲ့ သူမ မဖြန်ကျက်ထားတဲ့ ကျော့ကွင်းပေါင်းများစွာ မှာ ကျဆုံးနေပါပြီ….
အဲ့ဒီကာလအတွင်းမှာ ရွေရောင်ညနေကို ထိုက်သင့်တဲ့ ဈေးတစ်ခုနဲ့ရောင်းလိုက်ရသည်.. (ရွေရောင်နေ့ရက်များ ဆိုသောကားနှင့်ယှဉ်လိုက်လျှင် အလွန်နည်းသော ငွေဖြစ်သည်… )ကျွန်တော့် ၁ လစာလောက် အေးဆေး ဖူလုံခဲ့တယ်… နဲပါးတဲ့ ကြေးတစ်ခုကို ကျွန်တော် ဘယ်လိုမှ မခံစားမိတော့.. ပန်းချီဆရာတွေ စိတ်မ၀င်စားလောက်အောင် လက်ရာကျနေတဲ့ ကားတစ်ကား ထွက်သွားတာဟာ … ကျွန်တော် အနေနဲ့ ဈေးနိုမ်ခံရတယ်ဆိုတာထက်… ဈေးကောင်းတစ်ခုလို့ ရင်ကော့ပြောချင်နေပေမယ့်… အနုပညာအရ ကျွန်တော် ခါးကျိုးသွားခဲ့ပြီ…. ရွေရောင်နေ့ရက်များနောက်… သူ့လောက် အဖျားမမှီတဲ့ ပန်းချီကားတွေနဲ့ ပဲကျွန်တော်ဟာ တ၀ဲလည်လည် နေ နေမိတယ်…
ကျွန်တော် နောက်ထပ် ရွေရောင် အတိတ် ဆိုတဲ့ကားကို တင်လိုက်ပြန်သည်… သို့သော် ရွေရည်လဲ ခံစားလို့မရ.. ဆရာကလဲ ခံစားချက် မရှိဆိုတဲ့ ဝေဖန်သံများကြားမှာပဲ အဲ့ဒီကားလေး ရောင်းထွက်သွားပြန်သည်…
ကျွန်တော် ၃ လအတွင်း ၂ကားရောင်းထွက်ခဲ့သည်.. ဆရာကတော့ လက်ကို တတ်အောင်လုပ်ဖို့ ငွေနောက်မလိုက်ဖို့တားသည်… ရွေရောင်နေ့ရက်များကို မှီအောင်ဆွဲခိုင်းသည်… ကျွန်တော်ကတော့ တစ်လတစ်ကားရောင်းရဖို့ စိတ်ကူးနေမိတယ်… ရွေရောင်နေ့ရက်များကို မမှီနိုင်တော့ ဟု ဆုံးဖြတ်ထားလိုက်တယ်… ကျွန်တော်မမှီနိုင်တဲ့ ကျွန်တော့် မှတ်တိုင်ကိုအချိန်တိုင်း ကြည့် ကြည်နူးခြင်းတွေ အကြိမ်တိုင်း ရရှိခဲ့တဲ့အထိ အဲ့ဒီကားလေးကို ကျွန်တော် မြတ်နိုးသည်… အခုတော့ ရွေရောင် အနာဂတ်ဆိုတဲ့ ကားလေးကိုတောင် ဆွဲဖို့ ဆိုင်းပြင်းနေမိတယ် .. တော်ရုံ ပန်းချီဆရာတွေတောင် တစ်လတစ်ကားဆိုတာ အင်မတန်အဆင်ပြေနေတဲ့ ပန်းချီဆရာပါပဲ လို့ မှတ်ချက်ပြုရမည်…
မထင်မှတ်တဲ့ တစ်နေ့မှာ ကျွန်တော့် တစ်စုံတစ်ယောက် အတွက် ရည်ရွယ်ထားတဲ့ ချစ်သူဖတ်ဖို့ ဆိုသော ကဗျာစာအုပ်ကလေး ပျောက်သွားသည်…. ပန်းချီ သင်တန်း ပြန်ပြင်တဲ့နေ့ကတည်းက ပျောက်နေတဲ့ ချစ်သူဖတ်ဖို့ ဆိုတဲ့စာအုပ်ကလေး ရွေရည်လက်ထဲမှာ တွေ့လိုက်ရသည်…
“ရွေရည် ဒါကို ဘယ်ကရတာလဲ”
“ဆရာက သူ့အခန်းထဲကတွေ့လို့ ပေးလိုက်တာ”
ဆရာ.. ဟာ .. ဆရာက သူနဲ့မဆိုင်ရင် ကျွန်တော်ကို မမေးပဲ ရွှေရည်ကို ပေးလိုက်ရလား… ကျွန်တော် အပြစ်တင်မိသည်… အခု ရွေရည်… သူဖတ်ပြီး ကျွန်တော့် ကဗျာတွေကို ဟားနေမလား… ကလေး ကဗျာတွေလို့  သူ ဘယ်သူ့မျက်နှာမှ မထောက်ပဲ ဝေဖန်တော့မလား…. ခံစားသူမရှိရင် ကဗျာဟာ တန်ဖိုးမဲ့စမြဲပါလို့ တစ်ချို့ပြောကြတယ်…. ခံစားချက်မတူလို့ ကဗျာဟာ အလကားမဖြစ်ပါဘူး… ကဗျာမှာ သူ့တန်ဖိုးနဲ့သူပါလို့ ကျွန်တော် ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမလား … ဒါပေမယ့် ရည်ရွယ်သူ ခံစားလို့မရရင် အဲ့ဒီကဗျာတင်မက ကဗျာဆရာပါ သေရလောက်တဲ့ ရင်ထဲမှာ နာကျင်မှုခံစားရနိုင်တယ်လို့ ကျွန်တော်ခံယူလိုက်မိတယ်… သူ….. ဘယ်လိုပြော မလဲ….
“ဆရာကတော့ သူ့တပည့်တစ်ယောက်ဟာဖြစ်မယ်ထင်တယ်တဲ့… ဒါနဲ့ ရွေရည် က ခဏလက်ခံပေးမယ်လို့ .. ဟဲ ဟဲ ကဗျာဖတ်ချင်တာနဲ့ ခဏယူထားလိုက်တာ”
ရယ်ပြုံးလေးနှင့်စာအုပ်လေးကို ကျွန်တော့်ထံ ကမ်းပေးတော့ အေးစက်နေပေမယ့် ချွေးစို့နေတဲ့ လက်တစ်ဖက်နဲ့ လက်ခံလိုက်ရင်း
“အကိုလဲ ဖတ်ကြည့်ပါလား ကဗျာလေးတွေက ကောင်းတယ်”
ကျွန်တော် ၀မ်းမြှောက်မိသည်.. ပရိတ်သတ်မရှိတဲ့ မျက်နှာငယ်စာအုပ်တစ်အုပ်ဟာ အဲ့ဒီနေ့က စလို့ အသက်ဝင်လာခဲ့သည်… အသက်ရှုချောင်သွားသည်.. ချစ်သူမရှိခင် ချစ်သူအတွက်ရေးခဲ့တဲ့ ကဗျာစာအုပ်ဟာ.. အခုတော့ အမှတ်တရတစ်ခု အဖြစ်သူ အသွင်ပြောင်းခဲ့ပြီ.. ကဗျာစာအုပ်လေး အရောင်တွေ စုံလာပြီ….
“မဖတ်တော့ပါဘူး…”
“ကဗျာ ၀ါသနာမပါလို့လား… ဒီထဲက ကဗျာတွေက လှတယ်နော်… ရွေရောင် နေ့ရက်များဆိုတဲ့ ပန်းချီကားလေးနဲ့ လိုက်တဲ့ တစ်ပုဒ်တောင်ပါသေးတယ် ”
“ခဏလေးစောင့် နော်”
ကျွန်တော် အခန်းထဲ ပြန်ဝင်သွားပြီ…. ခြေလှမ်းတိုင်း မြေနဲ့များထိရဲ့လားလို့ သံသယဖြစ်မိတယ်… ကျွန်တော် သူ့မ ချိုသာတဲ့စကားသံ အကြားမှာ အပျော်ကြီး ပျော်နေမိတယ်…
ပန်းချီကားတစ်ခု ကို ရွေရည်ကိုပေးလိုက်ရင်း
“ရွေရည့်အတွက် လက်ဆောင်…”
ရွေရည် ၀မ်းသာအားရဖောက်ကြည့်လိုက်ပြီး … အံ့သြမှုတွေကြောင့် သူမျက်နှာတစ်ခုလုံး ၀င်းလတ်သွားသည်…
“ဒါ…..”
“ဟုတ်တယ်.. ဒါရွှေရည် ပုံတူပဲ……”
“ရွေရည် လဲ မော်ဒယ်မထိုင်လိုက်ရပါဘူး.. ဒါဘယ်လိုလုပ်….”
မော်ဒယ် ထိုင်စရာမလိုလောက်အောင် ရွေရည်အကြောင်း ရင်ဘက်တစ်ခုလုံးနဲ့ ပြည့်နေတဲ့အကြောင်း ရင်ဖွင့်ပြီး အဆုံးမှာ ကျွန်တော့် ဘ၀တစ်မျိုးပြောင်းသွားခဲ့ပါတယ်….
ဟုတ်ပါတယ်.. အဲဒီနေ့ကတည်းက စလို့ ကျွန်တော့်ဟာ ရွေရောင်အနာဂတ်ဆိုတဲ့ပုံကို လူတိုးဆွဲလိုက်ရတယ်… ကျွန်တော် ပျော်မဆုံးပါဘူး.. အိမ်မရှိတစ်ကောင် ကြွက် ပန်းချီဆရာ ပေါက်စတစ်ကောင်ကို လက်ခံရဲတဲ့ ရွေရည်ကို ကျွန်တော် တစ်သက်လုံး လက်တွဲဖို့အထိရည်ရွယ်နေမိခဲ့ပါတယ်… ကျွန်တော် အိပ်မက်တွေ မက်နေမိခဲ့တယ်…. ကျွန်တော် စိတ်ကူးတွေယဉ်နေမိခဲ့တယ်….
ကျွန်တော့် ဘ၀ကတော့ အမြင့်မဟုတ်ပေမယ့် ငြိမ်နေတယ်ဆိုတာတော့ သတိထားမိလိုက်တယ်… မပြည့်စုံပေမယ့် လိုအပ်ချက်တွေနဲလာတယ်… တစ်လကို တစ်ကားနှုန်းလောက်ရောင်းရမြဲ ကျွန်တော့် ကံကို ဆရာကိုယ် တိုင် ချီးကျူးလိုက်ရသည်…
အခုဆို ကျွန်တော်ဆရာအိမ်မှာ နေခဲ့တာ ၈ လလောက်တောင်ရှိနေပြီ… ပန်းချီကား ၅ ကားရောင်းရသည်… နောက်ထပ် ကားအသစ်ဆွဲဖို့ တာဆူနေမိသည်… ရွေရောင် ကားတွေကြားက ရုံးထွက်ချင်နေမိသည်.. စိတ်ကူးအောက်က ပန်းချီကားတွေကို ကျွန်တော်လိုသလို ဆွဲခေါ်ချင်သည်.. ရွေရောင်နေ့ရက်များဆိုတဲ့ ဘောင်ထဲ ကျွန်တော် နေခဲ့တာ ၁ နှစ်ပါးရှိနေပြီ…. ကျွန်တော်ကိုယ်တိုင် ကျွန်တော့် ဆွဲတဲ့ ပန်းချီကားအောက်မှာ အတုံးအရုံးမဟုတ်ပါလား… မမှီနိုင်တဲ့ကား လို့ ဆင်ခြေ ခပ်ပေါ့ပေါ့တွေနဲ့ ကားကောင်းတွေဆွဲဖို့ ပတ်ပြေးနေတဲ့ စိတ်တွေကို ပြန်စုစည်းချင်ပြီ… အရင်လို စိတ်ကူးနဲ့ ရူးပြီး စိတ်ကူအောက် မြူးတဲ့ကားမျိုးတွေကို ကျွန်တော် သဘောကျသည်…. ဘာကားဆွဲရင်ကောင်းမလဲ
“အမေ”
ဆရာက တစ်ခွန်းထဲပြောလိုက်သည်… ကျွန်တော် ရင်နင့်သွားသည်… အမေ… အဲ့ဒီအသံ တစ်ခုကြောင့် ရင်တစ်ခုလုံး ကြေမွှသွားရသည်… ကျွန်တော် အိမ်က ထွက်လာတာ ၉ လလောက်ပြည့်တော့မည်.. အမေဆီက အကြောင်းကြားသံ အမေ့သတင်းမကြားရသေး.. အမေ အတော်နေနိုင်သည်… အမေကျွန်တော့်ကို တကယ် စွန့်ရက်ပြီလား….
“မင်းအမေဆီ မပြန်သေးဘူးလား”
“ကျွန်တော် မပြန်ချင်သေးဘူး.. အမေ ကျွန်တော်ကို သတိတောင်ရမှာ မဟုတ်ဘူး”
“မင်းကွာ အမေနဲ့ မာနပြိုင်စရာလားကွ… မင်းလူလောကထဲကို ဘယ်လိုရောက်လားမလဲတောင်မသိဘူး မင်းကို ၀မ်းနဲ့လွယ်ခဲ့တာ မင်းကတော့ အမေအပြင်မှာ သက်ရှိထင်ရှားရှိနေတာတောင်မှ ဂရုမစိုက်ဘူး”
“ဟုတ်တယ် အကို အမေ့ဆီကိုတော့ ပြန်သင့်တယ်… အမေက လက်မခံဘူးဆိုတာ မရှိလောက်ပါဘူး”
ရွှေရည် အကြံပြုချက်တစ်ခုကိုလဲရလိုက်သည်.. တွေဝေနေမိသည်.. ကိုးလ… ဒီကိုးလလုံးလုံးကျွန်တော့် သတင်းဆရာဆီကတောင် အမေ မမေးခဲ့… ကျွန်တော် ဘယ်လိုဖြစ်နေပြီလဲ အမေလှည့်မကြည်… ဒီ ကိုးလ… ဒီ ကိုးလ… .ဟုတ်တယ် ကိုးလ …. အမေ ကျွန်တော့်ကို ၀မ်းနဲ့လွယ်ခဲ့တာလဲ ကိုးလပါပဲ… အမေ ကျွန်တော်ကို ကျွန်တော်မှန်းမသိခင်ကတည်းက ဂရုစိုက်ခဲ့တဲ့ သားဟာ… အမေ့ကို အမေမှန်းမသိတဲ့ကောင်….
“အကို အမေနေကောင်းမကောင်းမသိချင်ဘူးလား”
“ရွေရည် ကို့အမေကိ သိလို့လား”
“ဘ၀ လက်တွဲဖော်တစ်ယောက်ကို ရွေရည် ပေါ့ပေါ့သဘောမထားဘူး… အကို့အမေ ရွေရည်ဆီလာတွေဖူးတယ်…”
“ဟင်.. သူဘာလာလုပ်တာလဲ…”
“အကို့ကို ဂရုစိုက်ဖို့ပေါ့”
“အမေ……”
ကျွန်တော် မျက်ရည်တွေ စီးကျလာပြီ… မတားဆီးနိုင်တော့ အမေ…
“ရွေရည် ဒါတွေဘာကြောင့် စောစောက မပြောတာလဲ….”
“မင်းကို မသိစေချင်လို့ မင်းလုပ်ချင်တာတွေ စိတ်တိုင်းကျလုပ်နိုင်ဖို့ပေါ့ကွ မင်းအမေမပြောခိုင်းတာ”
ဆရာအစားဝင်ဖြေကတည်းက သဘောပေါက်လိုက်ပါတယ်… အမေဟာ ကျွန်တော်ကလွဲရင် ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော့် စိတ်ကြိုက်ဖန်တီးပေးခဲ့တယ်… အမေ… ကျွန်တော့် ခေါင်းထဲက တီးတိုးသံတွေ ထွက်လာတယ်… အားလုံး ကျွန်တော့်ကို အပြစ်တင်တဲ့ အသံတွေပါပဲ… ရွေရောင်နေ့ရက်များဆိုတဲ့ တစ်ကားကောင်း ဘ၀နဲ့ ကျေနပ်နေတဲ့ ကျွန်တော်ကို … အမေ ဟာ အရောင်တွေ ထိန်းပေးနေခဲ့တယ်…. တကယ်တော့ အမေ့မေတ္တာ ဆေးစက်တွေနဲ့ ကျွန်တော်ဖြစ်ခဲ့တယ်… ကျွန်တော် ရွေရောင်တောက်ခဲ့တာ အမေ့ စုတ်ချက်တွေပါလား … ကျွန်တော် အသိနောက်ကျပြီလား…. အမေရော…..
ကျွန်တော် ပြောမနေတော့ပဲ ပြခန်းထဲက ပြေးထွက်လာမိတယ်… အမေ.. အမေရော နေကောင်းရဲ့လား… အမေကို ဘယ်သူတွေ ဂရုစိုက်ကြလဲ… ဒီကိုးလ.. ကျွန်တော် အမေ့ကို မေ့ထားမိလိုက်တယ် မာနတွေကြောင့် အမေ့ကို သတိမေ့ချင်ယောင်ဆောင်နေခဲ့တယ်.. အမေ့သတင်းကို မမေးမိဘူး… အမေ့ဆီ ငွေလဲမပို့ စာလဲ မပို့ .. ဖုန်းလဲ မဆက်… ကျွန်တော်မိုက်မိပြီ အမေ…..
ကျွန်တော်မောနေပေမယ့် မရပ်ချင်တော့ အမေ့ဆီအရောက်ပြန်ရမယ်… အမေ့ရှေ့မှာ အမေ ကျေနပ်လောက်အောင် တောင်းပန်ရမယ်… အမေ……..
အမေ….
အမေ……..
ကျွန်တော် မျက်ရည်စတွေ ချွေးစက်တွေနဲ့ ရော်ယှက်လျှက်ပါပဲ.. အိမ်ရှေ့ကို ကျွန်တော်ရောက်နေခဲ့တယ်… “အမေရေ ” လို့ လှန်းအော်ခေါ်တတ်တဲ့ ကလေး ဘ၀ကို သတိရမိတယ် .. အခုတော့ ခေါ်ဖို့အား မရှိတော့သလို.. မခေါ်ရဲ… “အမေရယ်.. သားကိုခွင့်လွတ်ပါ” တိုးညင်းစွာ ရေရွတ်မိတယ်….
တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ခြံထဲကို လှမ်းလာမိတယ်… တံခါးကို မခေါက်ရဲတော့ ကျွန်တော် တွေဝေစွာ အကြာကြီးရပ်နေမိတယ်.. မှားခဲ့တဲ့နေ့ရက်တွေကြောင့် ကျွန်တော် ပြိုကျသွားခဲ့တယ်.. အမေ့အိမ်တံခါရှေ့မှာ ဒူးထောက်ရက်ပါပဲ… အမေမျက်နှာ.. အမေ့ အပြုံးတွေ… ပန်းချီကားတွေ… ကဗျာတွေ.. နောက် ငွေတွေ.. နောက် .. နောက် .. နောက်… အတွေးတွေ စီးမျောဝင်လာပြန်တယ်…
“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ”
အမေ့အသံ…. ဒေါသတွေကြားထဲက အမေ့ဂရုနာသံ… ကျွန်တော့် ရင်တစ်ခုလုံး နွေးထွေးသွားမယ့် အမေ့အသံ….
“ကျွန်တော်ကို ခွင့်လွတ်ပါအမေ……”
အမေ့ခြေအစုံကိုဖတ်ရင် ကလေးတစ်ယောက်လို ကျွန်တော်ငိုလိုက်မိတယ်…
“ငါ့သားက ဒီလို အရာရာကို ဒူးထောက်ဖြေရှင်းတတ်တဲ့သူမဟုတ်ဘူး…. ငါ့သားက သူဖြစ်ချင်တဲ့ ဆန္ဒကို အရှုံးမပေးပဲ လုပ်တတ်တဲ့သူ…”
စကားသံအဆုံးမှာ အမေ အိမ်ထဲဝင်သွားတယ်.. အမေ့မျက်နှာကို ကျွန်တော် ခိုးကြည့်မိသည်… မျက်ရည်တွေမကျပေမယ့် ရစ်ဝဲနေတဲ့ အမေ့မျက်ဝန်းကြောင့်.. ကျွန်တော် ကို ကျွန်တော် ခွင့်မလွတ်နိုင်တော့… ကျွန်တော်.. အမေနောက်ကနေ ခွင့်လွတ်ဖို့ တစ်ခွန်းပြီး တစ်ခွန်းရေရွတ်နေမိတယ်… အမေ ကျွန်တော့် အခန်းတံခါးကို ဖွင့်ပြီး လက်ညိုးညွန်ပြလိုက်တယ်… ကျွန်တော် ကို လက်ခံတယ်လို့ ကျွန်တော်ထင်နေမိတယ်... ကျွန်တော်ဟာ အမေ့ ဘ၀အတွက် masterpiece ဖြစ်စေရမယ်အမေ… အမေ့ ဆေးစက်အောက်မှာ အမေမွေးခဲ့တဲ့ သားဟာ…. အမေ ပြောခဲ့တဲ့ “ စိတ်ကူးယဉ်သမား ” ဆိုတဲ့ သားဟာ အမေ့ ရွေရောင်နေ့ရက်များ ဖြစ်စေရပါမယ် အမေလို့ ကတိတွေ တတွတ်တွတ်ပေးနေမိတယ်…
“သားအတွက် အမေဂုဏ်ယူနေတယ် သား…”
အမေ့လက်ညိုးညွန်ရာကို ကျွန်တော်ကြည့်လိုက်တော့…. ကျွန်တော်အခန်းနံရံမှာ ကျွန်တော်ငယ်စဉ်က ဆွဲဖူးတဲ့ကားလေးတွေ.. အဲဒီကြားထဲမှာ…. လွန်ခဲ့တဲ့ ၉ လအတွင်း ရောင်းလိုက်တဲ့ ပန်းချီကားလေး ၅ကား …..….
မှောင်တစ်ဝက် မိုက်တဲ့လူ
အမှောင် တစ်ခြမ်း မိုက်နေတဲ့ သူတစ်ယောက်ပါ
ခေါင်းမော့မှ မြင်ရမယ့်လမ်းကို မှ လျောက်ချင်ခဲ့တယ်
ယှဉ်ထားရင် လူမသဒ္ဒါတာကိုမှ မှန်းမိတဲ့သူတစ်ယောက်
နင်သနားဖို့ အကြောင်းအရာ မလုံလောက်ပါဘူး…
သိုးမဲတစ်ကောင်ကို ထိန်းကျောင်းဖို့
နင် လွင်ပြင်ကျယ်ကို မဖန်ဆင်းပါနဲ့တော့
ငါဟာ ဟင်းလင်းပြင်ထဲ ရွေ့လျားနေတဲ့သူတစ်ဦး ပါ…
အတောင်ပေါက်မယ့်တစ်နေ့ ဆိုပြီး
ပျံဖို့ နားနေခဲ့တဲ့ အရိပ်ပျော်တဲ့ ငှက်တစ်ကောင်ဟာ
နောက်ဆုံး အခက်တွေကို ဖဲ့ခြွေမှန်းမသိ ခြွေနေခဲ့ရဲ့
တွဲလျှောက်မယ့် လမ်းတိုင်းမှာ
နင့်ခြေထောက်တွေယိုင်နှဲ့သွားရအောင်
ငါ့ အတိတ်ကြောင်းက တိမ်းစောင်းလွန်းနေတယ်
အမှတ်မရှိတဲ့ ပေတံ နဲ့တိုင်းပြီး
ငါဟာ နင့်ဘ၀ရဲ့စံလို့ ဆင်ခြေတွေမပေးပါနဲ့တော့
မှော်ဝင်နေတဲ့ သံစဉ်တစ်ကွက်တောင်
လိုက်ရောညီထွေ နားမထာင်တတ်တဲ့ သူတစ်ဦးဟာ
နတ်စောင်းတီးပြလဲ တန်ဖိုးမဲ့ဆဲမို့ပါ….
လ သာဖို့မထိုက်အောင် ငါ့ကောင်ကင်က ညစ်နွမ်းနေလို့
နင်သယ်လာတဲ့ ဖယောင်းတိုင်
ငါ့လက်နဲ့ပဲ ငြိမ်းသတ်လိုက်တယ်…
ကိုယ်ရောင်ဝါတွေသိမ်း ဟိုးအဝေး ပျံသန်းသွားပါတော့
ငါဟာ အရောင်မဲ့တဲ့ညမို့
မှောင်နေတာ ငါ့သဘာဝပဲလေ
နင်အုပ်မိုးထားတဲ့ အတောင်တွေရုတ်သိမ်းပေးပါဦး…
အမှောင်တွေကို ငါတစ်ဝကြီး ရှုရှိုက်ချင်သေးတယ်….
အဖြူရောင် အိပ်မက်
ချစ်သူ့ လက်ဖ၀ါးပြင်မှာ
အိပ်မက်ပေါင်းများစွာ နေရာယူထားတဲ့
အဖြူရောင် နေ့ရက်တွေ ရှိတယ်
အရောင်တွေ တင်မထားတဲ့
သူ့လက်သည်းဖျားမှာတောင်
မျှော်လင့်ခြင်းများစွား ခြယ်နေမိတယ်
မြူမှုန်တွေ မချယ်ထားတဲ့
ကျွန်တော် မြတ်နိုးတဲ့ သူ့ပါးပြင်မှာ
နှုတ်ခမ်းတစ်ခု ဒိုင်ယာရီရေးတုန်းက
ဒါ ကျွန်တော့် ဘ၀ ဆိုတာသိလိုက်တယ်
သူ့ မျက်ဝန်း တစ်စုံအောက်
ရှင်သန်ဖို့ ကြိုးစားတဲ့
ကောင်လေးဟာ
ကြယ်တွေ ကြွေဖို့ ဆုမတောင်းပါဘူး
စံပါယ်တွေ စုံမယ့် မနက်
ချစ်သူ့ ရင်ခွင်မှာ မှေးဆက်ခွင့်ရမယ့် နေ့
အဖြူရောင် လွှမ်းမယ့်ည
သူရှိမှ ဖြစ်မယ့် ဘ၀ ကိုသာ
တောင့်တမိနေသူပါ...

