နင့်ခြေထောက်တွေ ငါသိမ်းကြုံးဖက်တွယ်ထားပေမယ့်….
နင့်တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ
ငါ့ရင်တွေ ကြေမွသွားရတယ်
(၁)
ကျွန်တော်လွမ်းတယ်။ လွမ်းလွန်းလို့ အလွမ်းပြေနေရာတွေ ကျွန်တော်ရောက်ဖြစ်တယ်… ဒီနေရာလဲ လွမ်းစရာပဲ….
ဝိုင်တစ်ခွက် မှာလိုက်တယ်။ နာရီတစ်ချက် ကြည့်လိုက်တယ်။ ကျွန်တော့် မှာထိုင်ဖို့ အချိန် ၁ နာရီလောက်ရှိတယ်။ ၁ နာရီကျော်ပြီး နောက် ၁ နာရီလောက်ကြာရင် ဒီဆိုင်ကို သူမလာလိမ့်မယ်။ သူမလာခင် ကျွန်တော်ပြန်မယ်။ သူ့ကို တွေ့စရာ အကြောင်းမရှိဘူး။ သူ့ကို တွေ့ရင် မနေနိုင်ပဲ ဖွင့်ပြောမီမှာစိုးတယ်။ သူရှိမယ့် နေရာ သူသွားမယ်နေရာကို ကျွန်တော် အမြဲ စောရောက်တတ်တယ်။ သူမ မလာခင် ကျွန်တော်ပြန်သွားတယ်။ ရူးသွပ်မှုတစ်မျိုးလို့ ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အလွမ်းဖြေနည်းတစ်မျိုးပါ။
သူ့ကို ချစ်တယ်.. ဒါပေမယ့် စိတ်နာလိုက်ချင်တယ်…
လွမ်းတယ်.. ဒါပေမယ့် မတွေ့ချင်တော့ဘူး…
သူ့ကို လွမ်းဖို့ စိတ်နာဖို့ ဆိုတာ တကယ်တော့ အကြောင်းအရာ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့်…အားလုံးဟာ ကျွန်တော့်ဘက်က ပဲ။ ဟုတ်တယ် တစ်ဖက်သတ်ပေါ့… အချစ်ဆိုတာကို သူမက ဘယ်လိုမြင်လဲ မသိဘူး။ သေချာတာ သူမ မချစ်တတ်ဘူး။ ကျွန်တော်ကတော့ သူ့ကို ချစ်တယ်။ သူမအနားနေချင်တယ်။ နေခဲ့ရတယ်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ပေါ့။ ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ သူဟာ… စကားလုံးများစွာနဲ့ ကျွန်တော့်ရင်ကို ခွဲနေသူပါ။ သူ့ နှုတ်ဖျားက သူ့ကို ထားသွားတဲ့ သူကိုပဲ အမြဲတမ်းတတိုင်း ကျွန်တော် ပြောမယ့်စကားတွေကို အမြဲ ရေငုံနှုတ်ပိတ်ပြီး နေခဲ့ရတယ်။
“သူ့ကို ငါ အပြစ်မတင်ရက်ဘူး” “သူ့ကို ငါ ချစ်တယ်” “သူ ငါ့ကို သိပ်ချစ်ခဲ့တာ” “သူ… … ” “သူ … … … ” အဲဒီ သူဆိုတဲ့ နာမ်စားတစ်လုံး ကြောင့် သူ့နဘေး ရှင်သန်နေတဲ ကျွန်တော်ဟာ… သူ့ခံစားချက်တွေ ရင်ဖွင့်ရာ ဆိုတာထက်မပိုခဲ့ဘူး။
တကယ်တော့ သူမက တကိုယ်ကောင်းဆန် လွန်းတယ်။ သူများခံစားချက်ကို မကြည့်တတ်ဘူး။ တည်ငြိမ်လွန်းတယ်။ သွေးအေးလွန်းတယ်။ ဒါပေမယ့် ကျွန်တော် သူမကို ချစ်တယ်… တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော်နဲ့ ဝေးတဲ့အခါ… သူမ ပါးစပ်က သူလို့ ပြောတဲ့ အခါ… အဲ့ဒီ နာမ်စားဟာ ကျွန်တော် ဖြစ်ရင် ကျွန်တော် ကျေနပ်ပါတယ်။
ငါဟာ ကောက်ရိုးပုံနား ခွေးအရေ ချုံထားတဲ့နွား
ဒါပေမယ့် စည်းမကျော်ခဲ့ပါဘူး
နင့်အနား လာသူရှိရင်
ဟောင်သံသဲ့သဲ့နဲ့ ငါဝှေ့ရမ်းတတ်တယ်
ကောက်ရိုးပုံမရှိတော့
ငါဟာ စပျစ်ပျိုးတဲ့ မြေခွေးပေါ့
မချဉ်ခဲ့ဘူးနော် ငါချစ်ခဲ့တယ်…
(၂)
“ငါ ဘာကြောင့် နင့်ကို ခေါ်လိုက်လဲဆိုတာ နင်သိလား”
တိတ်ဆိတ်မှုတွေ နိုပ်စက်နေတဲ့ကြားက ပထမဆုံးထွက်လာတဲ့ သူမအသံပါပဲ။ အေးစက်လွန်းတယ်။ တနည်းပြောရရင် တည်ငြိမ်လွန်းနေတယ်ပေါ့။ ကျွန်တော် အဲ့ဒီအသံကို ရင်ခုန်ခဲ့တာ မဟုတ်လား။ ကျွန်တော်သိပါတယ် သူပြောမယ့်စကား။ တကယ်ဆို သူ နဲနဲတော့ စိတ်လှုပ်ရှားသင့်တယ်ထင်တာပဲ ။
“သိပါတယ် နင် သွားတော့မယ့် အကြောင်းပြောမလို့ မလား”
“နင်သိပြီးနေပြီလား .. ဒါဆို ငါတခြားဟာပြောမယ် ”
ဒါဆို ဘာပြောမှာလဲ.. သူငယ်ချင်းအားလုံးကို ကြိုတင် အသိမပေးပဲ ငါ နောက်တပတ် နိုင်ငံခြား အပြီးသွားတော့မယ်လို့ ရုတ်တရက်ပြော တုန်းက .. သူငယ်ချင်းအားလုံး မှင်သက် သွားခဲ့ပေမယ့် သူ အပြုံးမပျက်ခဲ့ဘူး။ သူ နေနိုင်တယ်။ အနဲဆုံးတော့ သူဝမ်းနည်းမှု လွမ်းဆွေးမှုတော့ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။
နောက်တစ်ခုက.. အဲ့သလို အားလုံးကို နှုတ်ဆက်တဲ့နေ့က ကျွန်တော့်ကို လဲ ခေါ်သင့်တယ်။ အခုတော့ ကျွန်တော်ဟာ သူတို့ အားလုံးထက် ၂ ရက်တိတိနောက်ကျပြီး မှ သိခဲ့ရတယ်။ ကျွန်တော်ဟာ သူ့သူငယ်ချင်းဆိုပေမယ့် သူဟာ သူငယ်ချင်းတွေနဲ့လဲ မရောထားဘူး။ ချစ်သူလိုလဲ သဘောမထားဘူး။ ကျွန်တော်ဟာဘာလဲ။ ကျွန်တော်ဟာ သူ့ခံစားချက်တွေ ရင်ဖွင့်ရာ.. သူစိတ်ညစ်ရင် ခဲပြစ်စရာ ရေအိုင်တစ်အိုင်ထက်မပိုဘူး။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ သူ့အတွက် လှိုင်းတန်ဘိုးတွေ ထန်နေတာ သူမသိဘူး။
“နင် ဘာပြောမလို့လဲ”
သူပြောမယ်ဆိုပြီး တိတ်ဆိတ်နေခဲ့တာမို့  ကျွန်တော် စကားစ ပေးလိုက်တယ်။ ခွဲကြမယ့် အတူတူ အမျှင်တန်းတွေ မရှည်ချင်တော့ဘူး။ ဒါကြောင့် အမျှင်တန်းတွေ အကုန်ဖြတ် ကျွန်တော်ဟာ လွတ်လပ်စွာ ထွက်သွားတော့မယ်။
သူ့ကို အပြစ်မတင်ပါဘူး။ ကျွန်တော်ဟာ ပင့်ကူအိမ်ထဲ ၀င်တိုးတဲ့ လိပ်ပြာတစ်ကောင်ပါ။ သူမအနား ပြေးထွက်မရဘူးဆိုတဲ့ ဆင်ခြေတွေပေးပြီး ကျွန်တော့်လည်မှာ ကျွန်တော်ဟာ ကြိုးကွင်းတွေ ဆင်နေခဲ့တာ ကျွန်တော့် အပြစ်ပါ။ အခုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဒီအမျှင်အတန်းတွေ ဖြတ် အဝေးကိုရှောင်သွားတော့မယ်။ သူလဲ အဝေးဆီ ထွက်သွားတော့မယ်။
“ငါ… ”
သူဘာပြောချင်လို့ ဒီလောက် စဉ်းစားနေရတာလဲ။ စကားလုံးတိုင်းကို မြားတွေလို ပြစ်တတ်တဲ့ သူမ သူလျှာဖျားမှာ အဆိပ်ရှိတယ်လို့တောင် ထင်ခဲ့ဖူးတယ်။ ကျွန်တော် ကိုယ်တိုင် အဆိပ်သင့်ခဲ့ဖူးတယ် မဟုတ်ပါလား။ အခုတော့ သူဘာကို တုန့်ဆိုင်းနေတာလဲ။ သေချာပါတယ်။ သူမရဲ့ သူ့အကြောင်းပဲဖြစ်မှာပေါ့။
“နင် သူ့နောက်လိုက်သွားမလို့ မလား” ကျွန်တော်ကပဲ စကားကြောင်းပေးလိုက်ပါတယ်။
“ငါ… က ဘာလို့ လိုက်ရမှာလဲ ”
“နင်ပဲ သူ့ကို သိပ်ချစ်တယ်ဆို ”
ကျွန်တော်အသံတွေ နဲနဲ တင်းမာလာပါတယ်။ ဘာတွေ ကျွန်တော် ခံပြင်းနေလဲ ကျွန်တော် မသိပါဘူး။ သူမရဲ့ သူ ဆိုတာ ကို ကြားတိုင်း ကျွန်တော် ကျရှုံး ခဲ့ရတယ်မလား။ အခုတော့ သူမကို ကျွန်တော် စိတ်ဆိုးကြည့်ချင်တယ်။ နောက်ဆုံး အနေနဲ့ပါ တစ်သက်လုံး သူပြောသမျှ နားထောင်ခဲ့တဲ့ ကျွန်တော် နောက်ဆုံးအနေနဲ့ ငြင်းဆန်ချင်တယ်။
“ငါ သူ့နောက်လိုက်စရာ အကြောင်းမရှိဘူး.. ဒီအချိန် သူလဲငါ့ကိုမေ့လောက်ပြီ.. နောက် သူငါ့ကို ထားခဲ့ပေမယ့် ငါ သူ့ကို မမုန်းဘူး .. … …… ….. …… ….. .. .. . . .. . . …”
အက်ကြောင်းမရှိတဲ့ ဓါတ်ပြားဟောင်းပါ။ အကြိမ်တိုင်း အထစ်အငေါ့မရှိ သူ အမြဲ ရွတ်ပြတတ်တယ်။ ကျွန်တော်လဲ အမြဲတိုင်း နားထောင်နေရတယ်။ စိတ်ကုန်လှပြီ။ ကျွန်တော့် ဘ၀ကို ကာထားတဲ့ အကြောင်းအရာ။ ကျွန်တော့် ကို ဖိထားတဲ့ ၀န်တစ်ခုပဲ။
ကျွန်တော် ၀မ်းနည်းလာတယ်။ သူ့ ဘ၀မှာ ကျွန်တော်ဟာ အခုချိန်အထိ ဘာမှမဟုတ်သေးတာကို သတိရလာတယ်။ ချစ်တယ်လို့ ဖွင့်ပြောမယ် စဉ်းစားတိုင်း ဒီအကြောင်း အရာက ကျွန်တော့် အရှေ့မှာ ကာဆီး ကာဆီးနဲ့ အနားမှာ အဲ့ဒီကောင်သာရှိရင် ကျွန်တော့် လက်ချက်နဲ့ သေချင်းမလှ သေလောက်ရောပေါ့။ မမြင်လိုက်ရတဲ့ ကောင်ကို ကျွန်တော် မုန်းတီးနေမိတယ်။ ကျွန်တော့် ဘ၀ကို ကျွန်တော် ၀မ်းနည်းတယ်။ နောင်ဝေးကြမယ့် အဖြစ်ကို သတိရတော့ ကျွန်တော် ငိုချင်တယ်။ သူဘာတွေပြောနေလဲ ကျွန်တော် ဂရုမစိုက်တော့ဘူး။ ဟန်ဆောင်မကောင်းတဲ့ မျက်နှာကို သူနဲ့ဝေးရာ ကျွန်တော် မျက်နှာမူနေလိုက်တယ်။
“နင် ငါပြောတာ နားထောင်နေရဲ့လား ”
“ပြောလို့ ၀ပြီလား ”
ကျွန်တော် အသံတွေ ရင့်သီးလာပြီထင်တယ်။ ကျွန်တော့် စိတ်တွေ အရင်လို သူ့အတွက် မနူးညံ့နေတော့။
“နင် စိတ်မပါရင် ငါပြောပြီး ဘာလုပ်မှာလဲ”
“ငါဟာနင် ပြောချင်ရာပြော ခေါင်းငြိမ့် နားမထောင်မယ့် သူမဟုတ်တော့ဘူး ”
“နင် မှာရော ငါ့လို ရင်ဖွင့်စရာ မရှိဘူးလား ”
ရင်ဖွင့်စရာ… ကျွန်တော့်မှာ အများကြီးပေါ့။ ရင်နဲ့ မမျှအောင် များတာပေါ့ဟာ။ ဒါတွေ နင်သိလဲ အပိုတွေဖြစ်သွားမှာပါ။ ဟုတ်တယ်လေ။ သူက ထွက်သွားတော့မယ် လူ။ သူက ပြန်မလာတော့မယ် လူ။ “ငါသိပ်ချစ်ပါတယ်” လို့ ပြောနေလဲ အပိုပဲ။ သွားတဲ့လူက သွားမှာပဲ။ ကျန်တဲ့လူက ကျန်မှာပဲ။ ဒါမှမဟုတ် ဖြစ်နိုင်ချေအနည်းဆုံးထဲက သူမ ကျွန်တော့်အတွက် မသွားတော့ပါဘူးဆိုရင်ရော။ ဒါဆိုရင်တော့ ကျွန်တော် ၀မ်းနည်းရလိမ့်မယ်။ သူ ဖြစ်ချင်တာတွေ ကျွန်တော် သိသိကြီးနဲ့ အရှေ့က ကားဆီးမိမယ်ဆိုရင် ကျွန်တော် ခံစားရလိမ့်မယ်။ သူဝမ်းနည်းရလိမ့်မယ်။ အရင်တုန်းကတည်းကလိုပဲ ကျွန်တော်ပဲ တစ်ယောက်တည်းခံစား တော့မယ်။
ကျွန်တော် ညင်တာစွာပဲ ခေါင်းခါလိုက်တယ်။
“တကယ်ပဲ နင့်မှာ ငါ့ကို ပြောစရာမရှိတော့ဘူးပေါ့”
စကားသံတွေ မတုန်ရီသွားအောင် ကျွန်တော် ထိန်းပြော လိုက်တယ်။
“တစ်ယောက်တည်းနေလို့ မရတဲ့ လူတွေလဲ ရှိချင်ရှိမှာပေါ့”
“ငါလား .. မဟုတ်လောက်ဘူး ”
စကားစကိုဖြတ်ပြီး ကျွန်တော် သူ့ကို ထားခဲ့တယ်။ သူက မထားခဲ့ခင်။ ကျွန်တော် ထွက်သွားတာပါ။
ငါ့ကို ခွင့်လွတ်ပါဟာ။ နင်မသိပေမယ့်။ ငါဟာ ဒဏ်ရာတွေ ရှိနေသူပါ။ အဆိပ်တွေ သင့်နေသူပါ။ ဒီလိုပဲ ငါဟာ စိတ်ကူးနဲ့ ရူးရတဲ့ ဘ၀ပါ။
တိမ်တွေညိုကတည်းက ရွဲနေတဲ့ကောင်
ဒီထီးက မနှစ်သိမ့်နိုင်တော့ဘူး
အခုတော့ မိုးမရှိတော့ဘူး အမိ
ဒီလမ်းခွဲမှာ နေကျဲကျဲထိုး … ငါ ထီးမလိုပဲသွားတတ်ပြီ
(၃)
ကျွန်တော် နောက်တစ်ခွက် ထပ်မှာလိုက်တယ်။ အရသာ မပျက်ခင် မော့သောက်လိုက်တယ်။ အသွေးအသားက တောင်းဆိုတယ် နောက်တစ်ခွက်တဲ့။
အတွေးတွေကလဲ ဒီတစ်ဆိုင်လုံး ဖြန်ကျက်ကြည့်မိတယ်။ အခါတိုင်းဆို သူနဲ့ ကျွန်တော်တို့ အတူတူ တိတ်ဆိတ်စွာ စကားပြောခဲ့ကြတဲ့ နေရာလေး….. သူမရှိတော့ တစ်မျိုးပဲ။ ကျင့်သားမရသေးလို့ ဟာတာတာ ဖြစ်နေတာ ပါ။ ကျွန်တော် ခံယူထားသလို ပဲ လူဆိုတာ တစ်ယောက်တည်းလဲ နေတတ်ရမယ်။
ဒီဆိုင်လေးဟာ ကျွန်တော်တို့ နှစ်ယောက်မရှိလဲ ဖွင့်နေမှာပဲ။ ကျွန်တော်ဟာလဲ သူမရှိလဲ ဒီဆိုင်မှာ ထိုင်ချင်ထိုင်မှာပဲ။ သူလဲ ကျွန်တော် မရှိရင် ကျွန်တော့် အကြောင်းကို သူလို့ ရည်ညွန်းပြီး ပြောချင်ပြောနေမှာပဲ။ အရာအားလုံးဟာ ပိုနေမြဲ ကျားနေမြဲ။ အဲသလိုမှ လှပမယ်။ ညီမျှမယ်။
ကမ္ဘာဆိုတာလဲ လည်ပတ်မှ၊ နေဆိုတာလဲ ပူမှ၊ လဆိုတာလဲ ဖြူမှ ၊ အဲ့သလိုမှ လှပမယ်။
သြော် အတွေးတွေကလဲ ကြီးလာလိုက်တာ ကျွန်တော်နဲ့တောင် မလိုက်တော့ဘူး။ ကျွန်တော် အတွေးတွေ လွန်သွားသလို အချိန်တွေလဲ လွန်သွားတယ်။ သူမလာခင် ကျွန်တော် ပြန်မှဖြစ်မယ်။ မဟုတ်ရင် ကျွန်တော် သူ့ အနားက ခွာချင်မှာ မဟုတ်ဘူး။ ကျွန်တော် အရင်လို သူ့အနားမှာ ပြန် လိမ္မာ သွားလိမ့်မယ်။ သူမရှိလဲ ကျွန်တော်ဟာ နေနိုင်ရမယ် မဟုတ်ပါလား။ လူဆိုတာ တစ်ယောက်တည်းလဲ နေနိုင်ရမယ်လေ။
ဆိုင်ထဲက အထွက် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။
“နင့်ကို ရှာလိုက်ရတာ ဟာ”
“ငါ့ကို ရှာနေတယ် ”
ကျွန်တော် အသံတွေပျော့နေတယ်။ နောက်ဆုံးလမ်းခွဲ ခပ်တန်းတန်းပဲ နှုတ်ဆက်သင့်တယ်။
“နင် ငါ့ဖုန်းလဲ မကိုင်ဘူး သူငယ်ချင်းတွေဆီလဲ မသွားဘူး ငါနင့်ကို တွေ့ချင်နေတာ ”
သူဘာလို့ တွေ့ချင်တာလဲ။ သူကြိုးတွေနဲ့ ကျွန်တော့်ကို ထပ်မရစ်ပတ်ခင် ကျွန်တော် ဝေးနိုင်သမျှ ဝေးအောင် ပြေးထွက်သွား ချင်တယ်။
“ငါ…နဲ့တွေ့ရင် နင်ဘာပြောမလို့လဲ”
“နင်ပြောတာငါ နားထောင်ချင်လို့ပေါ့”
“ငါ့မှာ ပြောစရာမရှိတော့ဘူး ”
“ဒါဆို ငါပြောတာ နားထောင်”
“ငါ မနားထောင်ချင်တော့ဘူး ”
ကျွန်တော် လှည့်ထွက်လာမိပေ့မယ်။ သူ ကျွန်တော့် လက်ကို ဆုပ်ကိုင်လိုက်တယ်။
“ငါ ပါ”
“နင် ဘာကိုဆိုလို တာလဲ”
“ငါ.. ပါလို့ပြောတာလေ”
“ငါ နားမလည်ဘူး”
“ငါတစ်နေ့က ပြောတာလေ… တစ်ယောက်တည်းနေလို့ မရတဲ့ လူတွေလဲ ရှိချင်ရှိမှာပေါ့ လို့..ပြောတုန်းက နင် က နင် မဟုတ်လောက်ဘူးဆို.. အဲ့ဒါ ငါလို့”
“နင် … ”
“ဟုတ်တယ် ငါ တစ်ယောက်တည်း ငါမနေတတ်ဘူး ”
“အဲ့ဒါကြောင့် နင် သူရှိတဲ့ နေရာကို သွားမလို့မလား”
“ငါမသွားပါဘူးလို့ ဘယ်နှခါပြောရမလဲ”
သူမ အသံတွေ မြင့်လာသလို နဲနဲလဲ ရှုးရှုးရှားရှားဖြစ်သွားတယ်။
“အဲ့တော့ ငါဘာလုပ်ရမလဲ”
“ငါနင့်ကို မုန်းလာပြီနော်”
ဒီစကားဟာ ကျွန်တော့် ရင်ကို ခွဲမယ့်စကားပဲ။ ဒါပေမယ့် ကွဲပြီးသားပါ ။သိပ်တော့ မနာလောက်တော့ပါဘူး။
“အေး မုန်းပါ.. ရပါတယ်.. ငါ ဘယ်လောက်ချစ်ခဲ့ ချစ်ခဲ့ နင်ချစ်အောင်လဲ ငါမလုပ်နိုင်ခဲ့ပါဘူး နောက်ဆုံး ငါနင့် အမုန်းပဲ ရခဲ့တယ် ”
ကျွန်တော် ၀န်ခံသလိုဖြစ်သွားလား။ ဒါပေမယ့် အရေးမကြီးဘူး။ ကျွန်တော် ချစ်တာ သူ့ကို ပြောပြလိုက်ရတော့ ရင်ထဲ နဲနဲတော့ပေါ့သွားတယ်။
“နင် ဘယ်တုန်းက ငါ့ကို ချစ်ဖူးလို့လဲ ”
“ငါပြောမယ်လုပ်တိုင်း နင့်က သူ ..သူ .. သူ.. နဲ့ ပြောနေတာကိုး”
“ငါပြောတိုင်း နင်သေချာနားထောင်လို့လား”
“သေချာလဲ နားမထောင်နိုင်ဘူး နားထောင်မိရင်လဲ ငါမေ့ပြစ်တယ်.. အခုတော့ ငါနားထောင်စရာ မလိုတော့ဘူး
“မဝေးဘူး ငါမသွားဘူး.. နင် ငါ့ကို ဖွင့်ပြောမလားလို့ လုပ်လိုက်တာ”
“ဘယ်လို….”
“ဟုတ်တယ်လေ.. နင်က ငါကလွဲပြီး သူငယ်ချင်းတွေ အားလုံးကို ငါ့ကို ချစ်တဲ့အကြောင်း လိုက်ပြောနေတော့
သူသိနေပေမယ့် မသိချင်ယောင် ဆောင်နေနိုင်တယ်။ ကျွန်တော့် အရှေ့မှာ သူ့အကြောင်းတွေ အမှားအယွင်းမရှိ ရွတ်နေနိုင်တယ်။ သူသာ ကျွန်တော့်ကို ချစ်ရင် ဘာလို့ သူများအကြောင်းတွေနဲ့ ကျွန်တော့်ကို ရင်နာအောင်လုပ်ရတာလဲ။ တကယ်တော့ သူဟာ အနီးကလူထက် အဝေးကလူကိုပဲတန်ဖိုးထားသူပါ။ ကျွန်တော် သာ သူ့အနားနီးနေရင်ရော။ ဒီလိုပဲ သူအပြောထဲမှာ မျှောနေအုံးမလားပဲ။ ကျွန်တော် ပြေးထွက်ချင်တယ်။ သူတကယ်ချစ်တဲ့ သူ့ဘ၀ရဲ့ သူဆိုတာပဲ ဖြစ်ချင်တယ်။
“ငါ ဖွင့်မပြောတော့ဘူး ”
“ဘယ်လို .. နင်…”
“ဟုတ်တယ် ငါဖွင့်မပြောတော့ဘူး …”
“ဒါပေမယ့် ငါ နင့်ကို… ”
“မပြောပါနဲတော့ဟာ ငါခံစားလို့မရတော့ဘူး”
ဟုတ်တယ်။ ကျွန်တော်ဟာ လူထုးလူဆန်းပဲ။ သူချစ်တယ်လို့ ပြောမယ်ဆိုတာ သိရက်နဲ့ ခေါင်းခါတတ်တယ်။ သူ မပြောခင် ကတော့ ကြားချင်လိုက်တာ အရူးတပိုင်းပဲ။ ကျွန်တော်လဲ မရတာကိုမှ ပိုလိုချင်တဲ့ ကောင်ပဲ။ သူကိုသာ ကျွန်တော်ရခဲ့ရင် အရင်လို တောင် ကျွန်တော် ချစ်မယ်မထင်တော့ဘူး။ ကျွန်တော်လဲ မရတာကိုမှ ပိုလိုချင်တဲ့ကောင်။
“နင် တကယ်ပဲ ငါ့ကို မချစ်တော့ဘူးလား…”
“ချစ်တယ်.. ဒါပေမယ့် ငါ့အနီးမှာ မဟုတ်ဘူး ငါ့အဝေးမှာ”
“ဘယ်လို”
“ဟုတ်တယ်.. နင် အလှဟာ နင်ငါ့ကို မချစ်လို့ လှနေတာ… နင်မချစ်လေ ငါပိုချစ်လေ.. အဲ့လိုပဲ ငါ့တန်ဖိုးက နင့်
“ငါနင့်ကို နားမလည်တော့ဘူးဟာ”
နားလည်လိုက်ပါ။ သူမ ကို ကျွန်တော် ချစ်တာ မရမှန်းသိလို့ပါ။ အဲ့သလိုပဲ သူမ ကျွန်တော့်ကို တန်ဖိုးထားတာ။ သူ့အဝေး ကျွန်တော် ထွက်ပြေးမယ်ဆိုတာ သိလို့ပါ။
“ငါ အဝေးမှာပဲနေပါ.. ဒါဆို ငါနင့်ကို ချစ်မြဲချစ်နေမှာ… နင့်အဝေး ငါရောက်တဲ့ အခါ နင့်နှုတ်ဖျားက သူလို့ပြောတာ ငါဖြစ်လာမယ်.. နောက် နင် ငါ့ကို ပိုတန်ဖိုးထားတတ်လာမှာပါ…”
သူမ ငိုနေတယ်။ ငိုပါစေ။ ကျွန်တော့်အတွက် သူဒီလို ငိုခဲ့ပါတယ်ဆိုတာ ကျွန်တော် မဟုတ်တဲ့ သူ့နဘေးက တခြားတစ်ယောက်ကို “သူ့ကို ငါဒီလို ချစ်တာခဲ့တာပါလို့ ” သူမ ပြောအုံးမည်။ ကျွန်တော်လဲ မရလိုက်တဲ့ စပျစ်သီးကို အရသာ မျိုးစုံပြောချင်ပြောမည်။ ဒါမှ မဟုတ် မျက်ရည်စက်လက်နဲ့ ကျောခိုင်းခဲ့တဲ့ ကျွန်တော့် အသဲကွဲနေ့ရက်ကို “ငါ သူ့ကို တကယ်ချစ်ခဲ့တာပါလို့” သူမ မဟုတ်တဲ့ တခြားတစ်ယောက်ကို ရင်ဖွင့်ချင် ရင်ဖွင့်အုံးမည်။ ။