ဇာတ်သိမ်း ၂



ကျဆုံးခန်းမလှပလို့
Slow ဆွဲမနေတော့ဘူး...
ဒဏ်ရာတွေ အထပ်ထပ်နဲ့
ကျဆုံးမှ လှပတယ်လို့ ထင်တဲ့သူတွေရှေ့မှာ
ငါသေတာ သွေးရိုးသားရိုးပဲ

ဇာတ်ရှိန်မြင့်ဖို့
တစ်ယောက်တော့ မလိုတော့ဘူး....
ဇတ်သိမ်းခန်းလှဖို့...
ငါနောက်ဆုတ်ပေးလိုက်ရတယ်..
ငါ့အတွက် ဖြေစရာဇာတ်ကွက် မပါခဲ့ဘူး...

အတိတ်က သိပ်မလှလို့
နောက်ကြောင်း မပြန်တော့ဘူး....
မျက်နှာများ လို့ ဗီလိန်လို့ ခေါ်ခံရတဲ့ကောင်
သူတကယ် ချစ်ခဲ့ပါတယ်ဆိုတဲ့
အသဲကွဲဇာတ်ကို မစာနာပေးချင်ကြဘူး....

တကယ်ဆို ...
မင်းတို့ ခံစားတတ်ရင်
ဒီဇာတ်မှာ... ငါလဲ မင်းသားပဲ
ဒဿ မဟုတ်တဲ့ ငါနဲ့
မယ်သီတာ မဟုတ်တဲ့ သူ့ကြား
ဘယ်ကောင်က ရာမ ၀င်လုပ်ခဲ့တာလဲ...

မျက်ရည် မပါဘူး....
ရွက်ကြွေလဲ မပါဘူး...
ချစ်သူနှစ်ဦးပွေ့ဖက်...
ဗီလိန်က နှုတ်မဆက်ပဲနောက်ဆုတ်
ဒါ မင်းတို့ ကြိုက်တဲ့ ဇာတ်သိမ်း ခပ်စုတ်စုပ်ပဲ ......

ဘယ်သူမှ မတွေးတော့တဲ့
ဇာတ်သိမ်းခန်းရဲ့ နောက်တစ်ကွက်...
မျက်ရည်တွေ တလိမ့်လိမ့်ကျနေတဲ့ မင်သမီး...
မခံစားတတ်တော့တဲ့ မင်းသား...
ဗီလိန်ကတော့ လက်နှစ်ဖက်ဖြန့်
ပန်းအကြွေတပွင့် ခုန်ချမယ့်ရက်ကို စောင့်နေဆဲ......

No comments:

Post a Comment