တစ်ခါတုန်းက.......




၅နာရီ ၄၅ မိနစ်

အလုပ်က ပြန်လာကစ မို့ အနည်းငယ် ပင်ပန်းနေပေမယ့်.. အိပ်ရောက်ပြီဆိုတဲ့ အသိတစ်ခုကြောင့် ပင်ပန်းတာတွေမေ့ကုန်တယ်... ထိုင်ခုံမှာ ခြေပြစ်လက်ပစ်ထိုင်ချလိုက်ပြီး နာရီကို တစ်ချက်ကြည့်လိုက်တယ်... ၆ နာရီထိုးဖို့ ၁၅ ... ဒါ သူ ပုံမှန် အိပ်ပြန်ရောက်နေကြ အချိန်ပဲ... ဒါကြောင့် ထုံးစုံအတိုင်း သူ စောင့်ရအုံးမယ်.... အချိန်ဆိုတာ စောင့်နေတဲ့အခါ ပိုနှေးနေသလိုပဲ... ၁ မိနစ်လောက်ကို တစ်နာရီလောက် စောင့်နေရတယ်လို့ သူထင်နေတယ်....

၆နာရီ ၁၀မိနစ်

ထုံးစံအတိုင်း သူမျှော်လင့်နေတဲ့ အသံကြားရပါပြီ... ထမင်းစားခန်းမှ ထမင်းပွဲတွေပြင်နေတဲ့ အသံ.... အဲ့ဒီအသံတွေကြားရင် ဟိုးအရင်တုန်းက အချိန်တွေကို သူသတိရလာတယ်.... အလုပ်က ပြန်ရောက်တိုင်း... မေရေ.. မောင်ပြန်ရောက်ပြီ လို့ သူ နှုတ်ဆက်ရတဲ့ အချိန်တွေကို သတိရတယ်... ပင်ပန်းလာတဲ့ အခါတိုင်း ချိုသာတဲ့ စကားတွေနဲ့ သူ့အမောတွေ ဖြေပျောက်သွား ရတဲ့ အရင်တုန်းက အချိန်တွေကို အမှတ်ရလာတယ်... ပြန်တွေးရင်း အမှတ်တရတွေကို ငေးရင်း သူ့မျက်လုံးမှာ မျက်ရည်တွေ ကျလာတယ်.... အခုတော့ ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေနဲ့ပဲ သူကျေနပ်နေရတယ်....

၆နာရီ ၂၀မိနစ်

ထမင်းစားခန်းက ထမင်းပွဲပြင်တဲ့ အသံတွေ တိတ်သွားတဲ့နောက်.... သူ အားရပါးရ ငိုလိုက်တယ်.... နှုတ်ကလဲ မေရယ် လို့ တမ်းတရင်းပေါ့....

"မေရယ်.. ဒီအိမ်ထဲမှာ မေရှိနေတယ် ဆိုတာ မောင်သိပါတယ် ခဏလောက်တော့ ထွက်လာပေးပါ"
ပြောရင်းဆိုရင်း သူ ကလေးတစ်ယောက်လို ငိုကြွေးနေပြန်တယ်...

"မောင် မှားခဲ့ပါတယ် မောင်တွေဝေ မနေသင့်ဘူး.... မောင့်ကို ခွင့်လွတ်ပါ....."

အသံတွေ ဆို့နင့်ကျေကွဲစွာနဲ့ သူ ငိုနေခဲ့တယ်.... အတွေးထဲမှာ ပူလောင်တဲ့ အတိတ်တစ်ခု က ပေါ်လာတယ်.. အတိတ်ဆိုးကို သူ ဖြေဖျောက်ဖို့ ကြိုးစားပေမယ့် မရ.... အဲ့ဒီနေ့က အဖြစ်အပျက်တွေကို သူ အသေအချာတော့ မမှတ်မိတော့... မီးတောက်တွေကြားက အိမ်လေးကို မြင်ယောင်လာတယ်... တားထားတဲ့လူတွေကြားက သူရုန်းထွက်ဖို့ ကြိုးစားတယ်.... အရာရာဟာ မီးခိုးတွေနဲ့ ပိန်းပိတ်နေသလိုပဲ... ဒါပေမယ့် အဲ့ဒီ မသေချာတဲ့ အတိတ်ဆိုးက အခုအချိန်ထိ သူ့ကို ခြောက်လှန့်နေခဲ့တယ်...

"ဟုတ်ပါတယ် မေရယ်... မောင်မီးတွေကို မကြောက်နေသင့်ဘူး.... ဘယ်သူတွေ ဆွဲထား ဆွဲထား မောင် ၀င်ကယ်သင့်တယ် မလား... မောင့်ကို ခွင့်လွတ်ပါကွာ... မောင် သူရဲဘောကြောင် ခဲ့တာပါ... မောင့်ကို ခဏလောက်ဖြစ်ဖြစ် ကိုယ်ထင်ပြပါ...."

"မောင့်ကို ခွင့်လွတ်ပါ.... ခွင့်လွတ်ပါကွာ......"

ရေရွတ်နေရင်း သူ့ အသံတွေ တိမ်မြုပ်သွားတယ်.... နံရံမှာ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေကို ကြည့်နေမိတယ်... လူလောကထဲ မရောက်လာသေးတဲ့ ကိုယ့်ရဲ့ သွေးကို လဲ တောင့်တနေမိတယ်... အရောက် နောက်မကျပေမယ့်... တားဆီးထားတဲ့ လူတွေကြားက ရုန်းမထွက်နိုင်တဲ့ အဖြစ်အပျက်ကို သတိရတယ်... သူသာ ၀င်ကယ်ခဲ့ရင် သူ့ဇနီးနဲ့ ရင်သွေးဟာ ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရဘူးလို့ သူခံယူထားတယ်....

ပြန်သတိရတဲ့ အချိန်မှာ သူဆေးရုံရောက်နေတယ်... သှူ သတိရရခြင်း ဘယ်သူမှ မသိအောင် အိမ်ပြန်လာတော့... အိမ်လေးဟာ ဟိုးအရင်လို အရောင်တွေ ပြန်တောက်ပနေတယ်... သူ ဘယ်လောက်ကြာအောင် သတိမေ့နေခဲ့လဲ ဆိုတာ သူမသိ... အရာရာဟာ အိပ်မက်လိုပဲလား... ဒါပေမယ့် တကယ့်လက်တွေ့မှာ သူ့အိမ်ငယ် ဒါမှမဟုတ် သူ့ဘ၀မှာ သူမ ဆိုတာ ထမင်းပွဲပြင်သံလေးက လွဲရင် ခေါ်မကြား အော်မကြား... တစ်ယောက်တည်း နေရတော့မယ်လို့ သိတဲ့နောက်မှာ... အရင်က ခြောက်သွေ့လွန်းတယ်လို့ ထင်ခဲ့တဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ သူဟာ နေသားကျလာတယ်... ခြံချင်းကျော်ခေါ်ပြီး သူ ဘယ်သူ့ကို မှ စကားမပြောတော့ဘူး... တိတ်ဆိတ်လွန်းတဲ့ သူ့ပုံမှန်ဘ၀လေးမှာ သတိရခြင်းများစွာနဲ့ သူနေ နေခဲ့တယ်...

ညနေ အလုပ်က ပြန်လာတိုင်း ထမင်းစားပွဲက အသံလေးတွေ သူ တိတ်တဆိတ်နားထောင်နေတတ်တယ်.. နားထောင်မိတိုင်း အခုလိုပဲ ငိုကြွေးနေရတယ်.... မျက်ရည်တွေ ... ရည်ဝေတဲ့ အကြည့်တွေနဲ့ ငေးရင်း သူခဏအိပ်ပျော်သွားတတ်တယ်...

၈ နာရီ

ထုံးစံအတိုင်းပါပဲ ဒီအချိန်ဆို သံပတ်ပေးစရာမလိုပဲ သူနိုးထ နေကြပါ... နံရံမှာ ချိတ်ဆွဲထားတဲ့ တယောလေးကို ယူပြီး... သူခြံထဲ ဆင်းသွားတယ် အရင်လို နှစ်ယောက်သားထိုင်နေကြ ဒန်းလေးကို မြင်တော့ မထိုင်ရက်... ဒန်းလေးနားရောက်တော့ ကလေး ငိုသံသဲ့သဲ့ သူကြားတယ်.. မမြင်ရသေးတဲ့ ကလေးငယ်ကို တမ်းတရင်း မျက်ရည်တွေ စို့နင့်လာပြန်တယ်... ဒန်းငယ်ကို ကြည့်ရင်း ပိုဝမ်းနည်းလာတယ်... ဒန်းလေးရဲ့ဘေး ခရေပင်အိုကြီး အောက်မှာ ထိုင်ရင်း တအီအီနဲ့ ကြွေကွဲ ဆို့နင့်နေတဲ့ သံစဉ်လေးတစ်ခုကို သူထိုးနေခဲ့တယ်...

"မေရှိတယ် ဆိုတာ သိတယ်... နားထောင်ပါဦး မေရယ်.. တစ်ယောက်တည်း မပျင်းရအောင် ညတိုင်း တယောလေး ထိုးပြမယ်.... မေ တစ်ယောက်ပဲ သိတဲ့ သံစဉ်ပါ... ကြားတဲ့အခါ သီချင်းလေး ဆိုပြပါဦးမေရယ်"

သူမျက်ရည်တွေ ထပ် ထပ် ကျလာပြန်သည်...

....................................

ကြေကွဲ ဆို့နင့်ဖွယ် တယောသံက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်နေတယ်...

"မေမေ.. ဒီအချိန်ဆို တယောသံ ကြားရတယ်နော်"

"အင်း" တယောသံကို နားစွင့်ရင်း သူမ ဖြေလိုက်တယ်

"ဘယ်အိမ်ကလဲ မသိဘူးနော်"

"အင်း.. " တယောသံထဲ သူမ နှုစ်မြုပ်နေတယ်.... အဲ့ဒီ တယောသံက ညတိုင်း သူမ ရင်ကို နင့်အောင် ၀မ်းနည်းအောင် လုပ်နေကြပါပဲ....

"ခရေပင်ကြီးနားကလား မသိဘူးနော်"

"မဟုတ်လောက်ပါဘူး သားရယ်.. ဒီ ခြံမှာသားနဲ့ မေမေပဲ ရှိတာပဲ..."

"ဟင်... မေမေ ဘာလို့ ငိုနေတာလဲ"

"မဟုတ်ပါဘူး သားရယ် မျက်စိထဲ ဖုန်ဝင်သွားလို့ပါ...."

မျက်ရည်တွေကို ကပြာကယာသုတ်လိုက်ပြီး... သားငယ်ကို ပြုံးပြလိုက်တယ်....

"မေ့မေ့ မျက်နှာမှာ မီးလောင် ဒဏ်ရာတွေ မရှိရင် အရမ်းလှမှာပဲနော်...."

"အင်း...." သူမ တယောသံကို သာ နားစွင့်နေမိတယ်... သီချင်းတစ်ပုဒ်ကို တီးတိုး ညည်းတွားနေမိသည်.....


ပြီးပါပြီ.....



No comments:

Post a Comment