ငါ့ ဘ၀.....





အသေချာဆုံး ဆိုတဲ့နေ့နဲ့
သက္ကရာဇ်တွေခြားပြီးမှ ရောက်လာခဲ့လား
ထွေးပွေ့ထားတဲ့ လက်တွေကြားမှာ
သူ့အရိပ်က ခပ်ငွေ့ငွေ့ပဲကျန်တယ်။

အော်သံတွေ မကြားနိုင်လောက်အောင်
မြေပုံမှာထောက်ကြည့်ရင် လက်တစ်ဆစ်လောက်လွဲနေတယ်။
သူထားခဲ့တဲ့ အမှတ်တရပန်းပွင့်တွေတောင်
နွမ်းခြောက်လို့ ကြေကုန်ပြီ

အမွှေးပျံ့ဆုံး ဆိုတဲ့ အပင်ဟာ
မိုးမရှိတဲ့အခါ လွင့်ပျောက်လို့ ၀ါကုန်ပြီ
နွေပြီးနွေ သံသရာ မရပ်တဲ့ ငါ့ကမ္ဘာမှာ
နှင်းဆိုတာ အဓိပ္ပါယ်မသိသေးတဲ့ ဝေါဟာရ

ဒီလိုပဲ ငါ...
လမ်းလျှောက်နေကြ
ငေးငိုင်နေကြ
သီချင်းဟောင်းတွေ ဆိုငြီးနေကြ
နေရာဟောင်းမှာ ရနံ့ဟောင်းတွေ ရှူရှိက်နေကြ

ဒါဟာ... ငါ့ ဘ၀...
ဖုန်တက်နေတဲ့ အကြောင်းတွေ လှည်းကျင်းရင် လွမ်းရတာ ငါ့ဘဝ
အတိတ်ဟောင်းတွေ ဒိုင်ယာရီလှန်ရင်း အသစ်လုပ်ရတာ ငါ့ဘဝ
အက်ကြောင်းထပ်တဲ့စကား ညီးတွားရတာ ငါ့ဘဝ
ပြက္ခဒိန်တွေကြည့် နေ နောက်ပြန်ဝင်မယ့် နေ့ကို မျှော်နေရတာ ငါ့ဘဝ

ငါ့ပျော်ရွင်ခြင်းတွေက သက္ကရာဇ်တစ်ခုစာ ရှေးကျနေတယ်
ဒါပေမယ့် သူ့အတွက် ငါဟာ
စကားမပြောတတ်တဲ့ ရာဇ၀င်ထဲကလူသားပဲ။

No comments:

Post a Comment