~ဘ၀နဲ့ ခတ်တဲ့ လက်စွပ်တို့ရဲ့ ရာဇ၀င်~



ငြိမ်နေတဲ့ ကန်ရေပြင်လှုပ်ခပ်သွားအောင် သူမ အညိုးတကြီးနဲ့ ပြစ်ခတ်ခဲ့တာ ခဲတစ်လုံး မဟုတ်ပါဘူး.. ကျွန်တော့် အနာဂတ်အတွက် ဟိုးတစ်ချိန်လောက်ကတည်းက ကျွန်တော့်လက်မှာ ခတ်ထားတဲ့ သူ ပေးခဲ့တဲ့ အမှတ်တရ လက်စွပ်လေးပါ... အခုတော့ သူကိုယ်တိုင် လွင့်ပစ်လိုက်ပြီ... တန်ဖိုးမကြီးပါဘူး.. ဒါပေမယ့် ဘ၀တစ်ခု ခတ်နိုပ်ထားတယ်.. အခုတော့ ကန်ရေပြင်အောက်မှာပေါ့... သူ့ကတော့ နာကြည်းချက်တွေတစ်ချို့ကြောင့် အပြုံးမပျက်ပါဘူး.. ဒါဟာ လက်ဝှေ့ ပွဲ တစ်ပွဲဆိုရင် ဒီတစ်ကွက်ဟာ ကျွန်တော့်ကို အလဲထိုးတဲ့တိုက်ကွက်ပါပဲ...

အခုတော့...

ကျွန်တော့် လက်မှာ ဟာတာတာရယ်ပါ.. အနှစ်နှစ်အလလ လက်စွပ်ကလေးနေရာယူခဲ့တဲ့ နေရာကတော့ ဖြူဖျော့ပြီးကျန်နေတယ်... ဒါအမှတ်တရလား.. ဘယ်အချိန် ပျောက်ကွယ်သွားမလဲ...

အခုတော့...

ကျွန်တော့် ဘ၀မှာ အရာရာ ပျောက်ကွယ်သွားသလိုပါပဲ... နေရာလွတ်တွေ.. ကျွန်တော့် နဘေး သူရှိနေသေးတယ်... ခုံတန်းရှည်တစ်ခု ကမ္ဘာတစ်ခု ခြားအောင် ကွာဝေးလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ဖူးဘူး... သူကရော... အခုထိ မတုန်လှုပ်သေးပါဘူး.. ကျွန်တော် ရူးလိုက်ချင်တယ် သူပြစ်လိုက်တဲ့ လက်စွပ် .. ကျွန်တော် ပြန်ဆယ်ရအောင် ရေတောင် မကူးတတ်... ကန်ရေပြင်အောက် မှာ ကျွန်တော်ဟာ လက်စွပ်နဲ့အတူ မြုပ်သွားတော့မယ့် ဘ၀ကို ရွေးချယ်လိုက်ချင်တယ်...

“နင် ရက်စက်လိုက်တာဟာ” ကျွန်တော်ပြောလိုက်တဲ့ ရင်ထဲက စကားပါ... သူကြားပါတယ်.. မတုန့်ပြန်ဘူး... ခဏခဏ စိတ်ကောက်တတ်တဲ့ သူ့ကို ကျွန်တော် ဒီတစ်ခါတော့ မချော့နိုင်တော့ဘူး...

“နင် စိတ်ဆိုးလဲ ငါတို့ အမှတ်တရကို မဖျတ်ဆီးသင့်ပါဘူး” သူကို ကျွန်တော်ကြည့်လိုက်သည်.. သွေးအေးတဲ့သူမက တည်ကြည်နေတဲ့ မျက်လုံတစ်ခုနဲ့ စူးစူးရှားရှားကြည့်နေတယ်... ဒီမျက်လုံး .. ကျွန်တော့် တစ်သက်လုံး ကြောက်ခဲ့ရတယ် မဟုတ်ပါလား...

“နင် ငါ့ကို ဘာကြောင့် အဲ့လောက်စိတ်ဆိုးနေတာလဲ”

“နင့်ဆုံးဖြတ်ချက်ကြောင့်” တိုတိုပြတ်ပြတ် ပထမဆုံး သူစပြောတဲ့ စကားသံတစ်ခု ဒါပေမယ့် ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးဆောင်တယ်

“ဒါ ငါ့ဘ၀လေဟာ”

“နင် နောက်မှ သွားလဲရသားနဲ့”

“ဒါပေမယ့် ငါ full scolar ရအောင် မနည်းကြိုးစားခဲ့တာ နင်သိသားပဲ အခုမသွားရင် ငါမရတော့ဘူးပေါ့”

“နင် အခုမသွားရလဲ ငါနင့်ကို ထားပေးမှာပေါ့ ငါ့အတွက် နင်ဘာမှမလိုဘူး”

ဟုတ်ပါတယ် သူက တော့ ကျွန်တော်ကို ကျောင်းထားပေးနိုင်ပါတယ်.. လိုချင်တာ ပေးနိုင်ပါတယ်.. တောင့်တသမျှဖြည့်ဆည်းပေးနိုင်ပါတယ်.. သူ ငွေကို ဘယ်လို သုံးရမလဲ သိတယ်.. လူကို ဘယ်လိုကျောင်းရမလဲ သိတယ်.. ဒါပေမယ့် ကျွန်တော့်အကြောင်း... ဟုတ်တယ် ကျွန်တော့်အကြောင်း သူအခုထိမသိသေးဘူး... ကျွန်တော် ရင်နာမိတယ်...

ကျွန်တော်ဟာ သူ့ကို လမ်းပြမယ့် လူတစ်ယောက်ပါ... သူ့ကို သူ့စိတ်ကြိုက် ထားနိုင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ... ကျွန်တော့် ဘ၀ အဖော်ကို ကျွန်တော် ခေါ်ထားတဲ့ မိုးတွေကြားမှာပဲပျော်စေချင်တယ်... ကျွန်တော့် အရိပ်ခိုစေချင်တာပေါ့... သူ့အရိပ်ကိုတော့ ကျွန်တော် မမှီချင်ဘူး.. အခုတော့ သူ့စကားမှာ. ကျွန်တော်ဟာ သူညွန်ရာသွားရမယ့် နွားသာသာ ဘ၀ပဲကျန်တော့တယ်... ကျွန်တော်ကို အထင်သေးတယ်.. ကျွန်တော် ရင်နာပေမယ့် သူ့ကို အပြစ်မတင်ရက်ဘူး.. ဘ၀ဆိုတာဘာလဲ သူကောင်းကောင်း မကြည့်ဖူးခဲ့ဘူး.. ကျွန်တော်ကတော့ ကောင်းကောင်းကခဲ့ဖူးတယ်...

“ငါ့အားငါကိုးပြီး ကျောင်းတတ်ချင်တာပေါ့ဟာ”

“မလိုဘူး... နင်ကျောင်းမတတ်နဲ့တော့ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ့အဖေ စီးပွားရေး နင်လုပ်ရမှာပဲ ဘာဘွဲ့မှထပ်မလိုဘူး”

သူစကားတွေ.. ဒီစကားတွေ.. ကျွန်တော့်ကို နားမလည်သေးဘူးဆိုတာ သေချာတယ် ... ကျွန်တော်ဟာ သူ့အဖေ စိုက်ခဲ့တဲ့လယ်ကို စောင့်ရမယ့် အလုပ်မလုပ်ချင်ဘူး... ကျွန်တော့် လယ် ကျွန်တော် စိုက်မယ့်ကောင် ... သူများဆောက်ပြီးသားအိမ်ကို မွန်းမံပြီးနေချင်တဲ့ ကောင်မဟုတ်ဘူး.. ကိုယ့် အိမ် ကိုယ်ဆောက်မယ့် ကောင်...

“ငါ့အတွက်လိုတယ်... ငါ့ဘ၀အတွက်လိုတယ်” ကျွန်တော် ခေါင်းမာပြရစေ...

“ဒါဆို နင်သွားပေါ့ နင့်ဘ၀မှာ ငါမလိုတော့ဘူး ဒါကြောင့် လက်စွပ်တွေ ကတိတွေ အမှတ်တရတွေ မလိုတော့ဘူး နင်သွားချင်ရာသွားတော့”

“နင်တကယ်ပဲ ပြတ်နိုင်ပြီလား .. နှစ်နဲနဲလေးပါဟာ .. ငါ့ကိုယ် ငါ... ”

“ငါမကြားချင်ဘူး... နင် သွားမယ်ဆို ငါ့ဆီမလာနဲ့ ငါဆီလာရင် နင်မသွားနဲ့ဒါပဲ”

“ငါ့မှာ တခြားနည်းလမ်းရွေးစရာ မရှိတော့ဘူးလား” ကျွန်တော်လေသံတွေ ပျော့ကျနေလိုက်တာ... full scolar ရတယ်ဆိုလို့ ပျော်ခဲ့တဲ့ နေ့က မာန်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး... သူနားမလည်ဘူး... ဒါကျွန်တော့် အောင်မြင်မှုတစ်ခု.. သူမခံစားတတ်ဘူး...

“အေး.. ဒါဆို ငါပြစ်လိုက်တဲ့လက်စွပ် နင် ပြန်ယူလာခဲ့ရင် နင်လုပ်ချင်တာ ငါလုပ်ခွင့်ပြုမယ်”

စကားအဆုံးမှာ လှည့်ထွက်သွားတဲ့ သူမ ကျောပြင်ကို ကျွန်တော် ငေးရင်းကျန်ခဲ့တယ်... သူ ကျွန်တော် ရေမကူးတတ်တာတော့ သိနေတယ်... သူ့အချစ်ကိုလဲ ရ ကျွန်တော့် ဆန္ဒလဲ ပြည့်အောင် ကျွန်တော် ဒီလက်စွပ်ကို ဘယ်လိုရှာရမလဲ... ကန်ရေပြင်.. နက်တယ်... ကျွန်တော့်ဘ၀ကတော့ သူမရှိတော့ဘူးဆိုတာ သေချာသွားပါပြီ... ရည်မှန်းထားတဲ့ဘ၀ ကြွေမွပြိုပျက်သွားတယ်... ကျွန်တော် တွေဝေနေပါတယ်... ကျွန်တော့်မှာ ရွေးစရာလမ်းသိပ်မရှိတော့ဘူး..

*********

လက်စွပ်လေးကို လည်မှာဆွဲဖို့ ဆွဲကြိုးမှာသီလိုက်တယ်... သူသိရင်ရော... သူကတော့ ရေထဲကျသွားပြီလို့ ထင်မှာပေါ့... တကယ်ပဲဝေးကြရင် အမှတ်တရတစ်ခုတော့ ကျွန်မပိုင်ချင်တယ်... အခုတော့ သူ့လက်စွပ်တစ်ခု ကျွန်မ လည်မှာနေရာယူလို့ပေါ့... အခုအချိန်အထိ သူ့ကို ကျွန်မ စိတ်ဆိုးနေမိတယ်.. အရေးမပါတော့မယ့် အရာတွေကို ဆုတ်ကိုင်ချင်နေတယ်... ကျွန်မအနားက အဝေးသွားချင်တယ်... ကျွန်မ လွတ်ပေးလိုက်တယ်... မဖမ်းရက်တော့ဘူး အတောင်ပံရှိတဲ့ငှက်... ကျွန်မ လှောင်ချိုင့်လှလှတွေ နဲ့ မဖြားယောင်းချင်တော့ဘူး.. ကျွန်မကျေနပ်ပါတယ်... သူ့ကိုယ်တိုင် ပေးထားတဲ့လက်စွပ်ကလေး အခုအချိန်အထိ ကျွန်မ လက်သူကြွယ်မှာ နေရာယူနေသေးတယ်... ကျွန်မလည်မှာတော့ သူ့လက်က လက်စွပ်လေးပေါ့... အခုတော့ ဝေးတော့မယ်... ဘာတွေနဲ့ ကျွန်မနှစ်သိမ့်ရမလဲ... သူမုန်းသွားမလား .. မတွေးတော့ဘူး.. ဝေးမယ့်အတူတူ.. သူ့အတွေးထဲ ကျွန်မကြောင့်ဘာမှ နှောင့်နှေးမနေစေချင်တော့ဘူး...

“ဘေးဖယ် ဘေးဖယ်”

အရေးကြီးနေတဲ့ လူတစ်သိုက်ကြောင့် ကျွန်မ အတွေးတွေ ပျောက်ကွယ်သွားတယ်... လူတစ်သိုက် သယ်ထုတ်သွားတဲ့ ဖြူဖျော့နေတဲ့ လူတစ်ယောက်... ကျွန်မ ဘ၀တစ်ခုလုံး ပြိုလဲ ကျသွားပါပြီ...


No comments:

Post a Comment