ခရေတွေ.....



တကယ်ဆို... လို့ စလိုက်ပြီး ကျွန်တော်ကဗျာရေးမလို့ ဟန်ပြင်လိုက်တယ်... ကျွန်တော့် လက်တွေ အရင်လို ကီးဘုတ်ပေါ်မှာ ပြေးမနေတော့ဘူး..... ကျွန်တော့်အတွေးတွေ ရပ်ဆိုင်းနေတယ်.... လက်တွေ တုန်ရီလာတယ်... ကျွန်တော် စိတ်မလှုပ်ရှားပါဘူး.... ၀မ်းနည်းတာပါ... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် အလှဆုံးဆိုတဲ့ ကဗျာတွေ ကျွန်တော့် နှလုံးသားက မသီကုံးပေးတော့ဘူးလား.... ကျွန်တော် ဦးနှောက်ကို စေခိုင်းခဲ့တယ်... သူ မငြင်းဆန်ပေမယ့် .. ကျွန်တော် ငြင်းဆန်ခဲ့တယ်.. နှလုံးသားနဲ့ ချစ်တဲ့ ချစ်သူအတွက်.. နှလုံးသားက ကဗျာပဲပေးမယ်လို့ ....

ချစ်သူသွားတဲ့နောက် တစ်ကောက်ကောက် လိုက်ခွင့်မရှိတဲ့ နှလုံးသားဟာ ကုန်ကြမ်းမရှိပဲ ကဗျာလှလှလေးပေါင်းများစွာ မွေးဖွားဖူးတယ်... ဘယ်လောက်ပဲလှလှ ချစ်သူရဲ့ ဝေဖန်ချက်အဆုံးမှာ ကျရှုံးသွားတာပဲ... သူမရီနေတယ်... ကျွန်တော် ပြုံးပြတယ်... ကျွန်တော့် နှလုံးသား ငိုနေတယ်....
သူ့ချီးကျူးသံ အဆုံးမှာ ကျွန်တော့်နှလုံးသား မြူးရတာတွေလဲ ရှိခဲ့တယ်.... ပျော်ရွင်မှု ၀မ်းနည်းမှု မျက်ရည်စ.. ဒဏ်ရာ.. ဘာတွေပြောင်းပြောင်း ... ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာတော့ မပြောင်းခဲ့ဘူး....

အတိတ် ပစ္စုပ္ပန် မှာပဲ ပျော်နေရင်း .. သူအတွက် ခရေတစ်ကုံးသီကုံးမိတယ်.... တိမ်ညိုတွေ မှိုင်းတဲ့ဒီနေ့မှာတောင်.. သူကို သတိရမိတယ်... ခရေတွေသီနေတယ်... ကျွန်တော့်အတွေးတွေ အတိတ်ကိုမှီလိုက်မိတယ်....

ငှက်ကလေးတွေ ကောင်ကင်ပျံတက်သွားတဲ့ခဏ
ဝဲကျသွားတဲ့ သူ့ဆံနွယ်ဖျားမှာ
ကျွန်တော့် အိပ်မက်လေးတွေသီထားတယ်.....

စကားတစ်ခု သူနှုတ်ဖျားအတွက် သယ်ဆာင်လာတဲ့ခဏ
ပျံ့လွင့်သွားတဲ့ သူ့ရယ်သံလွင်လွင်ထဲ
ကျွန်တော်မျှော်လင့်ခြင်းတွေ စီးမျောလိုက်တယ်.....

တစ်ချိန်က သူ့ရှေ့ ရွတ်ပြခဲ့တဲ့ ကဗျာလေးရဲ့ အစပိုင်းလေးတစ်ခု... ကျွန်တော်နောက်တစ်ခေါက် အဲ့ဒီနေ့ထဲ စီးမျောကြည့်တယ်... အရူးအမူးပါပဲ... သူ့ဆံနွယ်ကြားကို လက်ဖျားလေးနဲ့ကိုင်ခွင့်ရတဲ့ ခဏ... ရနံ့တစ်ခုရဲ့ နှစ်သိမ့်မှုမှာ ကျွန်တော် ငြိမ်သက်စွာ ရူးခဲ့ရဖူးတယ်... ကမ္ဘာဦးမဟုတ်ပေမယ့်... ကျွန်တော့် စိတ်ထဲမှာ သူရယ် ကျွန်တော်ရယ် နှစ်ဦးပဲရှိတယ်လို့ ထင်နေတယ်... ကျေးငှက်တွေ တီးတိုးပြောသံတွေ ဘာသာပြန်စရာ မလိုပေမယ့်... ... သူမအကြောင်းပဲဖြစ်မှာပါပဲ... လို့ သိလိုက်တယ်....

အေးနေတဲ့ သူ့လက်ကလေးကို ကျွန်တော့် လက်နွေးနွေးနဲ့ ဆွဲကိုင် ပြီး တစ်နေကုန် လက်ကိုလွဲ လျှောက်သွားခဲ့တယ်... နွေးထွေးမှုတွေကူး သူနဲ့ပျော်မြူးခဲ့တဲ့ နေ့ရက်က မေ့မရနိုင်တော့ဘူး... ကျွန်တော့် မျော်လင့်ခြင်း သူ့လက်ထဲကို အပ်နှင်းလိုက်ပါပြီ... မပိုင်သေးပေမယ့် ဆိုင်နေခွင့်လေးတစ်ခု.. ကျွန်တော့် တစ်ဘ၀လုံး စိတ်တောင်မကူးဖူးတဲ့ ကြည်နူးမှုနဲ့ နေထိုင်လို့ရနေပါပြီ...

မိန်းမောစရာအတွေးတစ်ခု
ပန်းဆက်သတဲ့
မြူဆိုင်းတဲ့ မနက်တိုင်းမှာရှိတယ်
ရင်ခွင်ထဲ သူတိုး
သူ့ဆံနွယ်ကြားမှာ မှီနေတဲ့
ကျွန်တော် သီပေးတဲ့ ခရေရနံ့အိုးမှာ
မရိုးတဲ့ ဇာတ်သိမ်းတစ်ခု
အကြိမ်ကြိမ်တွေးကြည့်ဖူးတယ်....

ခရေပန်းကုံတွေနဲ့အတူ ပေးလိုက်တဲ့ ကဗျာအပိုင်းအစတစ်ခု... သူဖတ်ပြီး အဓိပ္ပါယ်အပြည့် ရှိတဲ့ ရီဝေတဲ့ မျက်ဝန်းညို အကြည့်အောက်မှာ ကျားတစ်ကောင် ကြောင်တစ်ကောင်ထက် ငြိမ်ကျသွားခဲ့တယ်.... ကျွန်တော် မြတ်နိုးတဲ့ သူ့ဆံနွယ်လေးကြား ခရေပန်းလေးကို နေရာပေးခဲ့တယ်... မွေးပျံတဲ့ ရနံ့တွေနဲ့ အဲ့ဒီနေ့က ထုံမွန်းနေခဲ့တယ်... ရူးသွပ်မှုက အတိုင်းအစ မရှိခဲ့ပါဘူး... ချစ်သူနှစ်ဦးတို့ နေပူပူအောက်မှာ ရင်ဖိုအောင် ပျော်ခဲ့ ကြတယ်....

ထပ်တူမကျသေးတဲ့ အနာဂတ်စိတ်ကူးနှစ်ခုကို အနီးစပ်ဆုံး ဘောင်ခတ် ကြည့်လိုက်တယ်... ရည်မှန်းချက်တွေ ဆုံမှတ်တစ်ခုကနေ ဖွာထွက်နေပေမယ့်... အပြုံးမပျက်ခဲ့ပါဘူး... တူညီတဲ့ ဆန္ဒတစ်ခုကြောင့် ကျွန်တော့်တို့ အနာဂတ်ဟာ အလှမပျက်ခဲ့ဘူး... မျော်လင့်ထားတဲ့ မိသားစု တစ်ခုဆိုတာ သူရယ် ကျွန်တော်ရယ်က အစပြုမယ်ဆိုတဲ့ ကတိတစ်ခု ကြောင့် လက်ဖ၀ါးခြင်းထပ် ဆက်လျှောက်ရမယ် နောက်နေ့တွေ အတွက် အားအင်တွေဖြစ်ခဲ့တယ်... ကျွန်တော့် နှလုံးသားတောင် မိန်းမောသွားတဲ့ အဲ့ဒီ နေ့မှာ ကျွန်တော် ထင်တာထက်တောင် ပျော်နေခဲ့ပါတယ်....

တက်လာတဲ့ ဖဲတစ်ချက်အောက်မှာ
ဘ၀တစ်ခုလုံး ပြားပြားဝပ်သွားတယ်
အမှားမရှိတဲ့ အဖြေတစ်ခုအပြီးမှာ
အဲ့ဒီပုစ္ဆာ အပယ်ခံလိုက်ရတယ်....
အတိတ်ကြားမှာ ပန်းပျိုးနေတဲ့ကောင်
မုန်တိုင်းသတင်းတစ်ခုမှာ ရူးသွားတယ်....

ခဏခဏ မူးမိုက်လွန်းတဲ့ ကျွန်တော်.... ဦးနှောက်က ကျွန်တော်လားရာနဲ့ ဆန့်ကျင်နေခဲ့တယ်.... သူစတဲ့ မေးခွန်းတစ်ခုကို သူကိုတိုင်ပဲ ဖြေပြသွားခဲ့တယ်... ကျွန်တော်မငြင်းသာခဲ့ဘူး... ဦးနှောက်ခေါ်ဆောင်ရာနောက် လိုက်သွားခဲ့တယ်... ငြင်းဆန်ခွင့်မရှိခဲ့ဘူး ... ဓါတ်မှန်တစ်ခုက စတဲ့ ပြဿနာ စမ်းသပ်မှုတွေ အဆုံးမှာ ဒီခေါင်းတစ်ခုလုံး သုံးစားလို့ မရတော့ဘူး.... အဲ့ဒီနေ့က ချစ်သူနှစ်ဦး လမ်းမခွဲခဲ့ပါဘူး... ဒါပေမယ့် အသိတရားတစ်ခုကြောင့် ကောင်လေး မပျော်တော့တာ ကောင်မလေး သတိမထားမိခဲ့ဘူး...

အနာဂတ်လို့ သူစိတ်ကူးထားတဲ့ နှလုံးသားထဲက နဂ္ဂတစ် တစ်ခု.. ပုံကောင်းတစ်ပုံမရခင် .. ပျက်သွားခဲ့ပြီ... ရည်မှန်းထားတဲ့ မိသားစုမှာ ကျွန်တော့်နေရာကို ကောင်လေးတစ်ယောက်လို့ပဲ နာမည်တပ်ထားလိုက်တယ်... သူမ သိရင်ရော... ပေးတော့ မသိချင်တော့ဘူး.. သူမ မသိလိုက်ချိန်မှာ... ဒါမှ မဟုတ် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ချိန်မှာ.... ကျွန်တော် ၀ှက်ထားတဲ့ သေမင်းဟာ ......... ......... ..... မတွေးရဲတော့ဘူး... ကျွန်တော့်ကို ရူးခွင့်ပေးပါ..... အကြိမ်ရေ စိတ်လာတဲ့ သတိမေ့ခြင်းတွေကြားမှာ... ကျွန်တော့် အတွက် ပြက္ခဒိန်ဆိုတာ မလိုမှန်းသိလာတယ်......

နောက်ဆုံး မနက်မှာတောင်
သူအပြုံး မပျက်ခဲ့ဘူး
သူ မရက်စက်ပါဘူး
လှမ်းထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်မရှိတဲ့နောက်....
တိုင်းညိုတွေ မှိုင်းတဲ့ ညနေမှာ
နောက်ဆုံးရက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း
သူ့အတွက် ခရေတွေသီခဲ့တယ်...
သူကမ်းတဲ့လက်ထဲ
ခရေကုံးလေး ခုန်မဆင်းမီ
ပြို..... လဲ.......
သူကျတဲ့ မျက်ရည်အောက်
အသက်ရှုတောင် မဖြောင့်တော့ဘူး
ပွေ့ဖက်ထားတဲ့ သူ့လက်
ခရေတွေ ထွက်ထွက်ကျလာတယ်
အလှဆုံးပါပဲ.....
ခရေရနံ့အိုး အောက်
ကျွန်တော် မူးမေ့သွားတယ်
ခဏ.... ထာဝရ...
ဝေခွဲလို့မရတဲ့ တဒင်္ဂမှာ
ခရေတွေ ကြွေ......... ကျ........



ခရေတွေ... ရဲ့...



ခရေ ရနံ့တွေက ပဲ ကျွန်တော့်ကို ဒီကမ္ဘာထဲ ပြန်တွဲခေါ်ခဲ့တာပါ... မျက်လုံးတွေ ဖွင့်လိုက်တော့ ကျွန်တော် လဲကျနေခဲ့တဲ့ နေရာမဟုတ်တော့ပါဘူး.. ဒါပေမယ့် ရနံ့တွေ ထုံမွန်းဆဲမို့ ကျွန်တော် နဘေး သူရှိနေသေးတယ်ဆိုတာ သိလိုက်တယ်... ရှိုက်သံသဲ့သဲ့နဲ့ ကျို့တို့ကျဲတဲ ခရေကုံးလေးကို သူကိုင်ထားဆဲ... စကားတွေ... အဖြစ်မှန်တွေ... မပြောချင်တော့ဘူး သူသိနေလောက်ရောပေါ့...

အကြောင်းအရာပေါင်းများစွာ အကြိမ်ပေါင်းများစွာ တီးတိုးမေးဖြေလုပ်ပြီး အဆုံးမှာ... အသက်ဆက်ရှင်ပါမယ် ဆိုတဲ့ ကတိတစ်ခုကြောင့် သူကျေနပ်သွားတယ်.. သူ့ မျက်ဝန်းထဲက မိုးတွေဆဲသွားတဲ့အထိ သူပျော်ရွင်ခဲ့တယ်...
“ချစ်တယ်” သူ့နား နား ကျွန်တော် တိုးညင်းစွာပြောတဲ့ စကားအဆုံးမှာ သူ ခရေကုံးလေးကို ကျွန်တော့်လက်ထဲထည့် သူ မျက်ရည်မဲ့ ပြန်သွားခဲ့တဲ့ ညနေ... တကယ်ဆို ကျွန်တော် နောက်ဆုံး ညနေဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်.. ချစ်သူမျက်နှာကို မျက်ရည်တွေ ခဏခဏ ထပ်မစိုစေချင်တော့... တစ်ခေါက်လောက် သူ ငိုစေတော့.. ဒီတစ်ခုတော့ ကျွန်တော်လဲ မရပ်တန့်နိုင်... နေ့ရက်ပေါင်းများစွားတော့ ချစ်သူ့မျက်နှာမှာ မျက်ရည်တွေ အဓိပ္ပါယ်မဖွင့် စေချင်တော့... ဒီနေ့ နောက်ဆုံးနေ့ ဖြစ်ခွင့်ပေးပါ... ကျွန်တော့် ဂျိုကာမဟုတ်တဲ့ ၀ှက်ဖဲတစ်ခု ဘယ်အချိန် ပွဲသိမ်းလိုက်မလဲ....

အသံတွေ သဲ့သဲ့
မသွားပါနဲ့တဲ့
ခြေလှမ်းတွေက ယဲ့ယဲ့
မလှမ်းလဲ ဆွဲခေါ်မယ့် လက်... ။ ။

နှုတ်ဆက်ခွင့် မရမယ့်
ရက်တွေအတွက် ...
ဒီညဟာ ငါပိုင်တဲ့
ငါ့ဘ၀ ဖြစ်ခွင့်ပေးပါ... ။ ။

တောင်းဆိုသံတွေကို အရေးမလုပ်ကြဘူး... ကျွန်တော့်ကို လက်မခံတဲ့ အချိန်ခဏ... နေရာတစ်ချို့ကြောင့် သေမင်း လက်ရှောင်နေတဲ့ တဒင်္ဂ... ကျွန်တော်ဟာ ခွဲခန်းထဲမှာပါ...

တီ..... တီ..... တီ.....

အချက်ကျကျ အဆက်မပြတ်ထွက်နေတဲ့ စက်သံလေးကြောင့် ကျွန်တော် မသေသေးဘူး ဆိုတာ သိခွင့်ရသေးတယ်... သတိရခြင်းများစွာနဲ့ ၀င်လာခဲ့သူတစ်ယောက် ထာဝရ သတိမေ့တဲ့ သူတစ်ယောက် ဖြစ်သွား နိုင်တယ်ဆိုတာလဲ သိထားတယ်... သူရော....

သူ့အတွက် နောက်ဆုံးအနေနဲ့ ကျွန်တော် ချန်ခဲ့တဲ့အရာတွေဟာ အခု ကျွန်တော့်အတွက် ပြန်ဖြစ်သွားတယ်... ပျောက်ကင်းဖို့ ရာခိုင်နှုန်း နည်းဆဲမမို့... ကုသမှုဘေးက လမ်းလေးကို ရွေးခဲ့တဲ့ ကျွန်တော်... သူကတော့ မျှော်လင့်ချက်ကြီးဆဲ... ကျွန်တော် အတွက်... သူ့အတွက်... ကျွန်တော့် မနက်ဖြန်အတွက်....သူ မျော်လင့်နေဆဲ....

ခရေရနံ့ မဟုတ်တဲ့ စူးရှတဲ့ အနံ့တစ်ခု... ကျွန်တော်ဟာ ခန္ဓာနဲ့ ခဏတာ ကင်းကွာသွားရတယ်....
ပထမဆုံးနဲ့ နောက်ဆုံးသော ဆုတောင်လေးတစ်ခု ပြုပါရစေ... သူ့နဘေး ရှင်သန်ခွင့်ပေးပါ....

ရင်ခုန်သံတွေ တိတ်ဆိတ်
စက္ကန့်တိုင်း ကျွန်တော်ပိတ်ထားတဲ့
ရင်တွင်းမြစ်တစင်းမှာ
နောင်တသံတွေ ညံနေတယ်... ။ ။

သူ့ကိုကျောခိုင်း
စိတ်ရိုင်းတွေ ကျိုးကျတဲ့ညမှာ
ခရေတွေ သီတဲ့လက်နှစ်ဖက်က
တွင်းနက်နက်တူးမိတယ်... ။ ။

ကဗျာအပိုင်းအစတစ်ခု.. အချိန်ယန္တာရားကို အတိအကျတောင်မမှတ်မိတော့ဘူး... ဘာလို့ ဒီအချိန်ကြီးမှာ ဒီအကြောင်း ကျွန်တော့် ခေါင်းထဲရောက်လာတာလဲ... သတိရခြင်းတွေကို ကျွန်တော် အစိုးမရတော့ဘူးတဲ့.. ဒါဟာ ရောဂါရဲ့ လက်ဆောင် ကျွန်တော် တနင့်တပိုး ရရှိခဲ့တယ်...

“ခွဲစိတ်ပြီးနောက်ပိုင်းရော အဲ့သလိုပဲဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမယ့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားးးးး” နားထဲ ပဲ့တင်ထပ်လာတဲ့ စကားတွေ... အားပေးစကားလား.. ခြောက်လှန့်စကားလား... ဆိုးကျိုးတွေကို ကြိုသိနေတဲ့ကောင်.. ကံကောင်းဖို့ အမှတ်မရှိ ဆုတောင်း နေမိပြန်တယ်... မပြည့်လောက်ပါဘူးတဲ့.. ငြင်းခုန်တတ်တဲ့ ဦးနှောက် နောက်ဆုံး အချိန်ထိတောင် ကျွန်တော့် ဆန့်ကျင်ဘက် သူရပ်နေဆဲ...

ဒါပေမယ့် ရင်ထဲမှာ မေ့မရတဲ့အရာတွေတော့ အချိန်တိုင်း မှတ်မိမယ်လို့ ယုံကြည်နေမိတယ်... အခုတော့ နားထဲမှာ တီ... တီ... တီ... ။ ။

မသေသေးတဲ့ လူတစ်ယောက်ရဲ နောက်ဆုံးအတွေးလားလို့ သံသယဖြစ်မိတယ်... သံသယတွေ မဆုံးပေမယ့် ကျွန်တော်အလိုချင်ဆုံး ပြကွက်တစ်ခု.. သူရယ်.. ကျွန်တော်ရယ်....
ဆန္ဒတွေ ရှင်သန်ချင်သေးချင်ပေမယ့်.... ဒီအချိန်မှာ ကျွန်တော် သေဆုံးသွားရင်......

ခရေရနံ့တွေ ပျံ့တဲ့ မနက်က
ကျွန်တော်ဟာ မှောင်အတိပဲ
ပေါ့ပါးသွားတဲ့ ခန္ဓာမှာ
လေးနက်တဲ့အတွေးတစ်ချို့
ထမ်းပိုးခွင့် ဆုံးရှုံးခဲ့တယ်...။ ။

သူမျော်လင့်တဲ့ တစ်တောလုံးမှာ
ခရေတစ်မျိုးပဲ ပျိုးမယ့်ကျွန်တော်...
သတိမဲ့ ခန္ဓာမှာ
ခရေလှိုင်မယ့် မနက်ကို
တောင့်တတုန်းပဲ... ။ ။

စုံမှတ်တစ်ခုကနေ မျောလွင့်
ပျံသန်းဖို့ အတောင်တွေဖွင့်တဲ့အခါ
ခရေသီတဲ့ ကြိုးမှာငြိ
သူနဘေး ကျွန်တော်ရှိသေးတာ
သိလိုက်ရတယ်... ။ ။

ခရေတွေ တစ်ယောက်တည်းကောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရတယ်... ၀မ်းသာလို့ မဆုံးပါဘူး... သူမျက်နှာမှာ မြင်နေကျ အပြုံးတွေ ရှိသေးတယ်... ခရေတွေကောက်နေကြ ခရေတွေသီနေကြ.. ညနေခင်းတိုင်း အလုပ်ရှုပ်ခဲ့တဲ့ ဟိုးအရင်ကျွန်တော့်ဘ၀ကို သတိရမိတယ်... ခရေအကြောင်း ကဗျာပေါင်းများစွာ သီကုံးချင်သေးတယ်... သူ့ဆံနွယ်တွေ လေယူရာ ယိမ်းတဲ့အကြောင်း ကဗျာတွေ ရေးနေချင်သေးတယ် သူ့ကို ရွတ်ပြခွင့်မရှိတော့ဘူးထင်တယ်....

ခရေတစ်သိုက်က တော့ ဟိုးအရင်အတိုင်း မွေးပျံ့နေတုန်းပဲ... ကျွန်တော့် နဘေး ခရေတွေ လာချပေးသွားတာ ကျွန်တော် အချစ်ဆုံးဆိုတဲ့ ချစ်သူ... သူ့စကားအားလုံးကို ကျွန်တော် မတုံ့ပြန်ဖြစ်တော့... သူ့ချပေးတဲ့ ခရေတွေ နှီးကြိုးလေးနဲ့ ကျွန်တော်သီနေမိတယ်... သူကတော့ အပြုံးမပျက် ကျွန်တော့် နဘေး အဖော်ပြုပေးနေဆဲ... ဟိုးအရင်ကအတိုင်း ခရေကုံးလေးကို သူ့ဆံနွယ်ကြား နေရာချပေးလိုက်တယ်... အချစ်ဆုံးဆိုတဲ့ ချစ်သူအတွက် ကဗျာတွေ မသီကုံးနိုင်တဲ့ဘ၀.. အရင်လို ကဗျာတွေရေးချင်လိုက်တာ... အတွေးတွေ မပြေးတော့တဲ့ ခေါင်း.. သူ့အကြောင်း မှတ်မိသေးတာပဲ ကျေးဇူးတင်နေရတယ်... မမှတ်မိတဲ့ နေ့စွဲတစ်ချို့တောင် သူပြောပြမှ သိတော့တယ်...

ရင်ထဲက တောင့်တတဲ့ ဆန္ဒကြောင့်... ကျွန်တော် စာတစ်ကြောင်း ရေးပြလိုက်တယ်

- လမ်းလျှောက်ထွက်ကြရအောင်

“ခွဲထားတာ သိပ်မကြာသေးပဲနဲ့ အပြင်မထွက်နဲ့အုံးနော်... မောင့်အစား မောင်ရေးခဲ့တဲ့ကဗျာတွေ ဖတ်ပြမယ်... မောင်တစ်နေ့ ပြန်ဖတ်ပြနိုင်မှာပါ... အားတင်းထားနော် ”

ကဗျာတွေရေး မရအောင်အတွေးတွေ တန့်နေပေမယ့်... သူရွတ်ပြတဲ့ ကဗျာတွေကြားမှာ သူ မရွတ်ပြတဲ့ကဗျာတစ်ပုဒ် ခေါင်းထဲ ခဏခဏရောက်လာတယ်... တစ်ချိန်က စပ်ခဲ့တယ်ထင်တာပါပဲ အတွေးထဲမှာ တီးတိုးရွတ်နေမိသည်... တစ်နေ့တော့ သူ့ကို ရွတ်ပြနိုင်မယ်ထင်တာပါပဲ.....

အတွေးနက်နက်တွေနဲ့
ရေးရခက်တဲ့ကဗျာတွေ
ငါ့ရင်ထဲ အက္ခရာတင်ထားတယ်.... ။ ။

သူမျက်လုံး ၊ အပြုံး
ခြေလှမ်းအနုတ်အသိမ်းကအစ
သူဆံနွယ်လေထဲယိမ်းတာတွေအားလုံး
ငါ့ခေါင်းတစ်ခုလုံးမှာပြည့်နေတယ်.... ။ ။

ဘာကြောင့်ရယ်မသိပါဘူး... သူ ကျွန်တော့်ကို ပြုံးပြနေတယ်.... ..... .....


No comments:

Post a Comment