အိပ်မက်လှလှ မက်ပါရစေ....



နှင်းဆီ ရနံ့တွေ သင်းပျံ့ နေတဲ့ နှင်းဆီတွေ ၀န်းရံထားတဲ့ မြက်ခင်းပြင်ပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ကျွန်တော် ရပ်နေခဲ့တယ်.. လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ အပွင့်လေး တစ်ပွင့်ကို ယုယစွာကိုင်ပြီး ... ကျွန်တော် သူ့ကို မျှော်နေတတ်တယ်... ကျွန်တော်ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ.... ကျွန်တော် နှင်းဆီပွင့်လေးကို ယုယစွာနမ်းရှိုက်လိုက်တယ်... ဒီရနံ့လေးက ကျွန်တော် ကို အလှပဆုံး အတိတ်ကို ခေါ်ဆောင်သွားခဲ့တယ်....

အဲ့ဒီ နေ့ပေါ့.... ကျွန်တော် မှတ်မိပါတယ်.... ကျွန်တော်နဲ့သူနဲ့ ချစ်သူစဖြစ်တဲ့နေ့.. ဒီနေရာမှာ.. ဒီ နှင်းဆီခြံကြီးရဲ့  အလယ်မှာပေါ့... ကျွန်တော် သိပ်ချစ်တဲ့သူ့ကို အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့ဖူးတယ်.. ဒါပေမယ့် ကျွန်တော်ချစ်သူက ပိုလှနေပါတယ် ... နှင်းဆီလေးကို ညင်သာစွာ နမ်းရှိုက်ခဲ့ဖူးတယ်... ဒါပေမယ့် သူပါးပြင်လေးကို ကျွန်တော် မြတ်နိုးစွား နမ်းရှိုက်လိုက်တော့ ... သူ့ပါးပြင်လေးက ပိုမွှေးခဲ့ပါတယ်... သိပ်လှခဲ့ပါတယ်... ဘယ်နှစ်ကြိမ်တွေးတွေး အလှဆုံးပုံပြင်လေးပါပဲ...

ရက်တွေ ကြာလာတော့ သူလဲပြောင်းလာတယ်... သူမျက်ဝန်းလေးတွေ အရောင်တွေမဲ့လာတယ်.. ဘာကြောင့်လဲ လို့မေးတော့... အိပ်မက်ဆိုးတွေကြောင့်တဲ့... သူ ညည သန်းခေါင်ကျော်ရင် အိပ်မရအောင် ၀င်လာတတ်တဲ့ အိပ်မက်ဆိုးတွေ ကြောင့် လို့ပြောတယ်... ငယ်စဉ်ကတည်းက သူမိဘတွေရဲ့  ဂရုစိုက်မှုကို မရလိုက်တော့ သူကိုထားသွားပြီလို့ အမြဲ အိပ်မက်မက်တတ်တယ်... သူအိပ်မက်ထဲ ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး သူနိုးလာစမြဲပေါ့... ငယ်စဉ်က သိပ်မမက်ဖြစ်ပေမယ့်.. အခု ခဏခဏ မက်လာတယ်တဲ့... ကျွန်တော် သူအိပ်မက်လှလှမက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်.. ဆရာဝန်တွေနဲ့လဲ တိုင်ပင်ကြည့်ပါတယ်... သိပ်တော့မထူးခြားခဲ့ပါဘူး... သူရုပ်က တဖြည်းဖြည်းပြောင်းလာသလို သူ့စိတ်လဲ တဖြည်းဖြည်းပြောင်းလာတယ်.. ကျွန်တော် အပေါ်ထားတဲ့ သူအချစ်တွေပြောင်းသွားမှာကိုလဲ ကြောက်လာတယ် ... သူ့ကိုလဲ သနားတယ်... အရင်ကထက်တောင် ပိုပြီး ကြင်နာမိပါတယ်...

တနေ့တော့ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော်တို့ နှစ်ယောက်ရောက်လာခဲ့တယ်... ကျွန်တော် အဲ့ဒီနေ့က အလှဆုံးဆိုတဲ့ နှင်းဆီလေးကို ခူးပေးခဲ့တယ်... ပြီးတော့ ကျွန်တော် ရုတ်တရက်စိတ်ကူးရလာတော့ ပြောလိုက်တယ်... သူကို ဒီနေရာကစောင့်နေမယ် လို့... ရုတ်တရက် ဆိုတော့ သူ နဲနဲတော့ ကြောင်သွားတယ်... ကျွန်တော် ဆက်ပြောလိုက်တယ်... ဒီနေရာက စောင့်နေမယ်.. ဒီလို အလှဆုံးနှင်းဆီလေးကို ကိုင်ပြီး စောင့်နေမယ် လို့ ပြောတော့ .. သူက ဘယ်သူကိုလဲလို့ ပြုံပြီးပြန်မေးတယ်... ကျွန်တော် သူ့အမေးကိုမဖြေပဲ ကျွန်တော့်စကားကို ဆက်လိုက်တယ်.... ဒီနေရာက စောင့်နေမယ်.. ဒါမှ အိပ်မက်ထဲ ဘယ်သွားလို့ ဘယ်လာရ မှန်းမသိတော့ ရင် ဒီမြက်ခင်းပြင်ကြီဆီကိုလာခဲ့.. ကျွန်တော် ကိုတွေ့လိမ့်မယ် .. ကျွန်တော် စောင့်နေမယ်လို့ ... ပြောလိုက်တော့ ... သူကျေနပ်သွားတယ်.. တကယ်လား လို့.. သူကမေးတော့ တကယ်ပါလို့... ကျွန်တော် ကတိပေးလိုက်တယ်...

ရက်နည်းနည်းကြာတော့ သူ ပြောင်းလဲသွားပါတယ်.. သူမျက်လုံးတွေ လင်းလက်လာသလို ... သူ့အပြုံးတွေ လှပလာတယ်.. သူ့စိတ်တွေ ရွင်လန်းလာတယ်... သူ အိပ်မက်လှလှတွေ မက်တတ်ပြီတဲ့.. ညတိုင်း အိပ်မက်ထဲသူမိဘတွေ ထားသွားရင် သူ က ဒီကွင်းပြင်ကြီးကို လာပြီ ကျွန်တော်ကို ရှာတယ်.. ကျွန်တော့်ကိုတွေ့တယ်... ကျွန်တော်တို့ အတူပျော်ကြတယ်တဲ့..... မနက်တိုင်း သူအပြုံးတစ်ခုနဲ့ နိုးထရတယ်တဲ့... ဒါကြောင့် ကျွန်တော်ကို သူပိုချစ်လာသလို တသက်လုံး ကျွန်တော့် နဘေး အဖော်ပြုပေးမယ်တဲ့လေ... တကယ်လား လို့.. ကျွန်တော်ကမေးတော့ တကယ်ပါလို့... သူကတိပေးခဲ့တယ်... ကျွန်တော်လဲ အပျော်လွန်ပြီး အိပ်မက်ဖြစ်နေမှာစိုးလို့ နှင်းဆီဆူးကိုတောင် လိုလိုချင်ချင် ကိုင်လိုက်တယ်လေ... ကျွန်တော့် သွေးတွေ သက်သေပြတာ ကတော့ “အလှဆုံးဆိုတဲ့ အိပ်မက်တွေထက် လှပတဲ့ တကယ့်နေ့ရက်ပါပဲ” တဲ့ ....
ဒါပေမယ့် အပြောင်းအလဲများတဲ့ သူ ... ပြောင်းလဲသွားပြန်တယ်... ကျွန်တော့်ရဲ့  သူ့အပေါ် ယုံကြည်မှု ခွင့်လွတ်မှု နားလည်မှု တွေကို သူ ... ဂရုမစိုက်မှုလို့ နာမည်ဆိုးတပ်ပြီး ကျွန်တော်အဝေး သူထွက်ပြေးသွားခဲ့တယ်...

ကျွန်တော် အခု အိပ်မက်ဆိုးတွေ မက်တတ်လာပါပြီ.. အိပ်မက်ထဲမှာ သူထားသွားတယ်... ဟိုပြေးဒီပြေး ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အခါ ကြောက်လှန့်ပြီး ကျွန်တော် ဇောချွေးတလုံးလုံးနဲ့ သန်းခေါင်ယံ ဆို သူနာမည် တမ်းတပြီး နိုးထလာမြဲပေါ့.. နိုးထလာတိုင်းလဲ.. သူ အိပ်မက်လှလှမက်ပါစေလို့ ကျွန်တော် အမြဲဆုတောင်းတတ်တယ်... မနက်တိုင်းလဲ ဒီနှင်းဆီတွေ ၀န်းရံထားတဲ့ ဒီမြက်ခင်းပြင်လေးပေါ် ကျွန်တော် ရောက်လာတတ်တယ်.. အမြဲတိုင်း သူ့ကို စောင့်နေတတ်တယ်...

တနေ့နေ့ သူ ဘယ်သွားလို့ ဘယ်လာရမှန်းမသိခဲ့ရင်...

သူ့အိပ်မက်ဆိုးတွေ မက်ခဲ့ရင်...

သူ ကျွန်တော်ကို ပေးခဲ့တဲ့ သူ့ကတိအတိုင်းတည်ခဲ့ရင်...

ကျွန်တော် အချစ်ကို သူနားလည်နိုင်ခဲ့ရင် ....

သူ ကျွန်တော်ဆီ ပြန်လာမယ်လို့ မျှော်လင့်နေမိတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ကတိ အတိုင်း စောင့်နေတတ်တယ်... လက်ထဲမှာတော့ ဒီနှင်းဆီခြံထဲက အလှဆုံးဆိုတဲ့ နှင်းဆီပွင့်လေး တစ်ပွင့်ကို ယုယစွာ ကိုင်လို့ပေါ့... ကျွန်တော် ဒီလိုမျှော်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး... ကျွန်တော် နေ့စဉ်နင်းနေကြ.. ကျွန်တော် နေ့စဉ်ရပ်နေကြ... ဒီနေရာလေးက သွေ့ခြောက်နေတဲ့ မြက်ပင်လေးတွေပဲသိမယ် ထင်တာပါပဲ....

No comments:

Post a Comment