ထီးတစ်ချောင်းရဲ့ ဒိုင်ယာရီ



၂၀၀၄ ဇွန် ၁၈ ရက်

ဒီနေလဲ နေမသာ ပြန်ဘူး နေခြည်ရယ်... အခုလဲ မိုးတွေရွာနေတယ်... ငါလေ နင် ခဏခဏ ဆောင်ခိုင်း ထားတဲ့ ထီးလဲ မဆောင် မိပြန်ဘူး... နင့် ထီးလေးနား ငါ ကပ်ဆောင်း ရမလား ဆိုတဲ့ အတွေးနဲ့ ငါ မိုးနေ့ပေါင်းများစွာ နင့် အဆောင်ရှေ့ လမ်းမပေါ်မှာ ခေါက်တုတ်ခေါက်ပြန် စောင့်နေခဲ့ဖူးတယ်...


၂၀၀၅ မေ ၁၅ ရက်

နေခြည်ရယ်... ထီးတောင် မဆောင်းနိုင်တဲ့ ကောင်လေးရှေ့ကို နင် ကားလှလှကြီး တစ်စီးပေါ်ကနေ အပြုံးလှလှတွေနဲ့ ဆင်းလာတဲ့ နေ့က ငါ ရင်ကျိုးရတယ် ... ဒါတွေ နင်မသိပါဘူး နေခြည်ရယ်.. နင့်မျက်လုံးတွေ က နင့်အပြုံးတွေလိုပဲ ငါ့အတွက်မှ မဟုတ်တာ... ငါတောင့်တသမျှကို နင် ကားပိုင်ရှင်တစ်ယောက်ကို အတားအဆီးမဲ့ ပေးခဲ့တယ် မလား... ငါလေ... နင့်ထီးလေးနား ကပ်ဆောင်းနေကြ ကောင်လေးလေ... မိုးတွေကြားမှာ ငိုနေမိတယ်... နင်မသိပါဘူး... ဖော်ကောင် လုပ်မယ့် နင့်ထီးလှလှလေးအောက်က ငါပြေးထွက်ခဲ့တယ်... ဒါတွေ နင်မသိခဲ့ပါဘူး...


၂၀၀၅ သြဂုတ် ၁၁ ရက်

အဲ့ဒီနေ့က မိုးရွာတယ်.. နေခြည့်မျက်နှာ ပေါ်မှာပေါ့... ငါအခါခါ ချော့နေပေမယ့်.. နင်ငိုမြဲ ငိုပဲလေ.. သူ့အတွက်တဲ့... နင့် အပြုံးကို သူတို့ ခဏ ငှားသုံးတာပါ နေခြည်ရယ်... သူ့တို့ ပျော်ဖို့ နင့်အပြုံးတွေကို သူတို့ ငှားသုံးနေတာပါ.. နားလည်စမ်းပါ နေခြည်ရယ်... နင်ပျော်ဖို့ ငါဘ၀ အလကားပေး ထားတယ်ဆိုတာ... ငါ ချော့နေလဲ အလကားပဲ .. ငါနင့်အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ နင်ပြောခဲ့တယ်... ငါလေ နင်အနားသူပြန်ရောက်လာအောင် ဖြောင်းဖြရင်းနဲ့ သူနဲ့ ရန်ဖြစ်ခဲ့ဖူးတယ် ... နင့်ကိုတော့ ပေးမသိခဲ့ဘူး... ငါ အလျှော့ပေးခဲ့ပါတယ် နေခြည်ရယ်.. ဒဏ်ရာတွေကို ငါလှေကားပေါ်က ပြုတ်ကျတယ်လို့ ဆင်ခြေပေးတုန်းက နင်ရယ်သံလွင်လွင်လေးတောင် ငါအမှတ်ရသေးတယ်... ဒါပေမယ့် အခုတော့ နင်ငိုနေရပြီနော်... ငါ့ ဒဏ်ရာတွေအားလုံးထက် နာကျင်ပါတယ် နေခြည်ရယ်....


၂၀၀၅ ဒီဇင်ဘာ ၃ ရက်

ဒီနေ့တော့ နင်အပြုံးတွေနဲ့... ငါပျော်လို့ မဆုံးခင်.. နင့်စကားအဆုံး.. ငါမငိုမိအောင် ထိန်းထားခဲ့ရတယ်... နင် သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီတဲ့... ဘယ်သူလဲ ငါမသိချင်ဘူး နေခြည်ရယ်.. ငါ့ကို သူနဲ့ မိတ်မဆက်ပေးပါနဲ့... ငါချစ်ရတဲ့သူရဲ့ ချစ်သူဆိုတာ.. ငါ့အတွက် ရန်သူပဲ... ငါ လေ.. နင်ကို ပိုချစ်လေ.. သူ့ကို ပိုမုန်းလေပဲ... ငါသူ့ကို မုန်းတယ် နေခြည်ရယ်... နင့်ကို ငါချစ်တယ်... သူ့ကို ချစ်တဲ့ နင့်ကို မမုန်းနိုင်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်... တိုက်ဆိုင်စွာပဲနေခြည်ရယ်.. နင်ချစ်တဲ့ သူ့မှာ အရင်ကောင်တွေလိုပဲ ကားလှလှ ကြီး ရှိနေတယ်... ငါ မုန်းတယ် .. အဲ့ဒီကားတွေ ကို.. အဲ့ဒီငွေတွေကို....


၂၀၀၆ မတ်လ ၁ ရက်

နင် ငိုရပြန်ပြီ နေခြည်... သူထားသွားပြန်ပြီမလား လို့ နင့်ကိုငါ ခါးထောက်ရင်း လှောင်ရယ် လိုက်ချင်တယ်... တကယ်တမ်းကျတော့.. နင့်ဘေးနား ငါပဲ ကူငိုပေးခဲ့ရတယ်မလား... နင် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုလေ.. ငါသူ့ကို မုန်းလေးပဲ နေခြည်ရယ်... နင့်ဘေးနား ငါနေပါရစေလို့ ငါရိုးသားစွာ နင့်ဆီခွင့်တောင်းလိုက် တယ်.. ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ရပါဘူး... နင် ခေါင်းကို သွင်သွင်ခါလိုက်တော့... ငါမျှော်လင့်သမျှတွေ ကျိုးကျေကျကုန်ပြီပေါ့ နေခြည်ရယ်... ဒီကောင်ဟာ နင်နားမှာ ဖ၀ါးတောင် သီခွင့်မရှိတော့ပါဘူး... ငါအဝေးကို လွင့်စင်သွားပါပြီ နေခြည်... နင်ပျော်ပါတော့... မဖြူစင်တဲ့ ခင်မင်မှုတွေနဲ့ ဖြူချင်ယောင်ဆောင်ခဲ့တဲ့ကောင်ဟာ.. နင့်အဝေးမှာပဲ နေသင့်ပါတယ်...


၂၀၀၆ သြဂုတ်လ ၆ ရက်

ငါ နင့်အဝေးမှာ ဘယ်လောက် နေနိုင်မှာလဲ နေခြည်... နောက်ဆုံးတော့ ငါ နင့်အဆောင်ရှေ့ပဲ ပြန်ရောက်ခဲ့တာပဲမလား... ဒီနေလဲ ထီးမပါပြန်ဘူး နေခြည်ရယ်... ဒါပေမယ့် အခါတိုင်းလိုပဲ မိုးရွာနေတယ်.. ငါလဲ အခါတိုင်းလိုပဲ နင့်ကိုစောင့်နေမိတယ်... ဒီနေ့တော့ နင်တစ်ယောက်တည်းပဲ.. နင့်ထီကလေးကတော့ နဲနဲတောင် ဟောင်းနေပြီ... နင် ဟာ ငါ့အတွက် အမြဲ သူငယ်ချင်းပါပဲ တဲ့.. ငါပျော်ရမယ့်စကားလား ၀မ်းနည်းရမယ့် စကားလား မဝေခွဲတတ်တော့ဘူး.. သေချာတာတော့ ငါနင့်အနားမှာ ထီးကလေး အတူဆောင်းရမယ့် ရက်ကို တောင့်တနေတုန်းပဲလေ...


၂၀၀၆ စက်တင်ဘာ ၁ ရက်

ဒီနေ့တော့ ထီးတစ်ချောင်းနဲ့ နင့်အဆောင်ရှေ့ရောက်ခဲ့တယ် နေခြည်ရယ်.. မိုးလင်းမိုးချုပ် ငါစောင့်နေခဲ့တယ်.. မိုးမရွာဘူး နေခြည်... ရွာလဲ ငါမဆောင်းဘူး.. နင့်ထီးဟောင်းလေးမှာ အစားထိုးဖို့ ငါဝယ်ထားခဲ့တာ... သေချာတာ ဒီလတော့ ငါ ချွေတာရတော့မယ်... ၀မ်းဝအောင်တော့ ငါ ကျောင်းနိုင်အုံးမှာပါ.. နင်စွန့်ကျဲရင် နင့်ထီးဟောင်းတောင် ငါပိုင်ဆိုင်ခွင့်ရအုံးမှာ... တန်ပါတယ် နေခြည်ရယ်... နင် ငါ့ထီးကလေးဆောင်းမယ်.. ငါ နင့် ထီဟောင်းလေး ကို သိမ်းထားမယ်.. ဒါငါ့ဘ၀ပဲ .. ငါကျေနပ်တယ်...


၂၀၀၆ စက်တင်ဘာ ၂ ရက်

ရင်နာလိုက်တာ နေခြည်.. ငါထီးလေးကို နင်လက်မခံခဲ့ဘူး.. ငါ့ဆီက နင်ဘာမှ မလိုချင်ဘူးတဲ့.. မပြည့်စုံတဲ့ ဘ၀ကို နင်သနားတတ်တာပဲ သိတယ်.. ဘယ်လိုသနားရမလဲ မသိဘူး.. နင့်ထီဟောင်းကို ငါမတောင်းပဲ နင်ပေးခဲ့တယ်.. ငါငြင်းပါရစေ နေခြည်... တစ်ခုပေးပြီး တစ်ခုယူချင်တာ.. တန်တယ်မတန်ဘူးဆိုတာ ငါ့ ဆုံးဖြတ်ချက်ပဲ...


၂၀၀၇ ဖေဖော်ဝါရီ ၁၄ ရက်

ချစ်သူများနေ့တဲ့ နေခြည်.. နင်ကတော့ ငါ့အဝေးမှာပဲ .. နင်နယ်ပြန်သွားတာ... ၃ လတောင် ပြည့်တော့မယ်နော်.. ငါ တဖြည်းဖြည်းငွေစုရင်း .. နင့်အတွက် အသည်းပုံ ချောကလတ် ဘူးလေး ၀ယ်ထားတယ် နေခြည်.. ငါဝယ်ဖူးသမျှ မုန့်ထဲမှာ ဈေးအကြီးဆုံးပဲထင်ပါရဲ့... ငါ ငွေကို တန်ဖိုးမထားဘူး နေခြည်.. ငါနင့်ကို တန်ဖိုးထားတယ်.. ငါ တတ်နိုင်သမျှထဲမှာ နင်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်စေရမယ်....


၂၀၀၈ မေလ ၂၀ ရက်

ငါ ဒိုင်ယာရီ မရေးဖြစ်တာကြာပြီ နေခြည်.. ငါအိမ်မကပ်တာလဲ ကြာပြီ... နင့်သတင်း နားစွင့်ရင်း ငါရူးနေခဲ့တာ ကြာပြီ... နင်မယူတဲ့ ထီးတစ်လက်... အခုထိ အသစ်စက်စက်ပဲ.. နင့်ကို မပေးရသေးတဲ့ ချောကလတ် အခုထိ လတ်လတ်ဆက်ဆတ်ပဲ... စာလဲ မလာဘူး.. အကြောင်းလဲမကြားဘူး.. ငါကြားတဲ့ သတင်းက ငါ့အတွက်လဲ မကောင်းဘူး.. နယ်မှာ နင်ရည်းစာတွေ ဘယ်လောက်တောင်ထားနေခဲ့လဲ... ငါသိတယ် မပြောတော့ဘူး.. အခုတော့ ငါမျှော်လင့်ချက်အားလုံး ဆုံးရပြီ... နင် စေ့စပ်တော့မယ်တဲ့.... ငါ ချစ်တဲ့ အကြောင်း လစဉ်ပို့ခဲ့တဲ့စာ.. နင်တစ်စောင်မှ မပြန်ခဲ့ဘူး... ငါရေးနေတုန်းပဲ နေခြည်.. အခုတော့ ငါလွမ်းတဲ့အကြောင်းပို့မယ်... ထီးတစ်ချောင်းရယ်... ချောကလတ်တစ်ဘူးရယ်.. ဒါအခု နောက်ဆုံး ငါပိုင်ဆိုင်သမျှပဲ ....


၂၀၀၈ မေလ ၂၂ ရက်

ဘယ်လို အကြောင်းပြချက်တွေနဲ့ ငါရှင်သန်ရမလဲ နေခြည် ... တကယ်ဆို မင်းထားခဲ့မှန်း သိရက်နဲ့ ငါဟာ ဒီနားက ဘာလို့ မခွာနိုင်ရတာလဲ ...


၂၀၀၈ မေလ ၂၉ ရက်

ဒါနောက်ဆုံးရက်လို့ ငါသိတယ်.. မနက်ဖြန်ဆို နင် စေ့စပ်ရောပေါ့... နင် မရှိမှန်းသိရက်နဲ့ နင်နေခဲ့ဖူးတဲ့ အဆောင်ရှေ့ကို ငါရောက်နေပြန်ပြီ နေခြည်... မိုးတွေကလဲ သဲကြီးမဲကြီးရွာတယ် .. လေတွေကလဲ တ၀ူးဝူး နဲ့ ငါကိုလှောင်ရယ်ပြုံးကြတယ်... ငါ မလျှော့ပါဘူး နေခြည်ရယ်.. ငါလေ နင့်ကိုပေးဖို့ ထီးတစ်လက် ချောကလက် တစ်ဘူးနဲ့ နေ့တိုင်းရောက်ခဲ့တယ်.. မိုးတွေကတော့ ငါရောက်တိုင်း ရွာတယ်ဟာ.. ငါ နင့်ကို သိစေချင်တယ် နေခြည်ရယ်.. နင်မရှိလဲ ငါရှိနေတယ်.. နင် မချစ်လဲ ငါချစ်နေတယ်.. နောက် ငါ့မှာ နင့်လက်မခံတဲ့ ထီးတစ်ချောင်းရှိတယ် မပေးရသေးတဲ့ ချောကလတ်တစ်ဘူးရှိတယ်.. မိုးရေတွေ ကြားထဲမှာ သူတို့တွေ မစိုအောင် ငါ့ကိုယ်နဲ့မိုးပေးထားတယ်.. နင် ငါ့ဆီလာ တောင်းတဲ့ အချိန်ထိပေါ့....



No comments:

Post a Comment