လိပ်ပြာငယ်ရဲ့ အိပ်မက်



အချစ်သီချင်းလေး တစ်ပုဒ်… တေးသံတွေ မဆုံးခင်မှာ .. ဖုန်းကောက်ကိုင်လိုက်တယ်…. တစ်နေကုန် ဝေးနေလို့ .. ဆွေးနေရတဲ့ ညနေလေးအတွက် .. အလွမ်းပြေ ဖုန်းပေါ့.. သူ့အသံကလေး.. ညင်သာဆဲ.. သူ မျက်နှာ ဖွေးဖွေးလေးကို တောင် လှမ်းမြင်ယောင်မိတယ်… ညင်သာတဲ့ အသံတွေက တိတ်ဆိတ်လာပြီး… တဖြေးဖြေးသွေးအေးလာတဲ့ စကားသံ အဆုံးမှာ…ကျွန်တော် မကြားချင်ဆုံး စကားနဲ့ အဆုံးသတ်လိုက်တယ်…. ကျွန်တော် .. တကိုယ်လုံး တုန်ရီလာတယ်.. အောင့်သက်သက်နဲ့ ရင်ဘက်က ခံရခက်လာတယ်… ဖုန်းကိုင်ထားတဲ့ ဟန်ပဲရှိပြီး မာန်မရှိတော့တဲ့ လက်ကြားက ဖုန်းကလေး ခုန်ချသွားတယ်…အဲ့ဒီ ညနေမှာ ကျွန်တော့် ဖုန်းကလေး သေဆုံးသွားတယ်… ဖုန်းကလေး နေ၀င်သွားတဲ့ ညနေခင်းတစ်ခု ထင်သလောက် မသပ်ရပ်ခဲ့ဘူး အစွန်းအထင်းတွေများခဲ့တယ်…

နာရီပိုင်းတောင် မခြားတဲ့ အချိန်လေးမှာ လောက တစ်ခုလုံး စုတ်ချက်ကြမ်းကြမ်း ထိသွားလား… အကျည်းတန်လှ မယ့် အခုလို ညနေချိန်မှာ ကျွန်တော်ရင်မှာ ရုပ်ပျက်ဆင်းပျက်ပဲ … ကြည်နူးစရာမရှိဘူး.. မိုးရွာနေတယ်.. မစိုစွတ်ဘူး.. ဒါပေမယ့် ကျွန်တော့် နှလုံးသား နစ်မွန်းနေတယ်… ဘယ်ဆီသွားနေလဲ.. ခြေဦးတည့်ရာလား… မဟုတ်ပါဘူး.. နှလုံးသားခေါ်ဆောင်ရာပေါ့ …. သူနဲ့ ဝေးတဲ့အခါ သူနဲ့ အမှတ်တရ ရှိမယ့်အရာတွေဆီကို သတိရတယ်လေ… ခြေကုန်တင်ပြေးမိတယ် ..တမြို့လုံးမှာ ကျွန်တော်ပဲ အရေးတကြီးနဲ့ ဖြစ်နေခဲ့တယ်… ရင်ခုန်သံတွေ မြန်လာတယ်.. နှလုံးသား တစ်ခု ခုန်ထွက်ဖို့ ကြိုးစားနေတယ်.. ကျွန်တော် မရပ်တော့ဘူး… အလွမ်းတွေနဲ့ ပြည့်နှက် ကွဲထွက်မယ့် အတူတူ.. ကျွန်တော့် နှလုံးသားကို အနားယူခွင့် မပေးတော့ဘူး… ….. …….

ခြေထောက်တွေ နာခံခြင်းမဲ့ ငြင်းဆန်တဲ့ အခါ .. ကျွန်တော်ဟာ မြေကြီးပေါ်မှာ မှောက်လျှက်သားပဲ.. အတွေးထဲမှာတော့ ကျွန်တော် မြေကြီးနဲ့ တသားတည်းသာ ဖြစ်လိုက်ချင်တယ်…. ကမ္ဘာမြေကြီး ကျွန်တော့်ကို ၀ါးမြိုလိုက်သင့်တယ်… မြေကြီးပေါ်ကို တစ်စက်တစ်စက်ကျ နေတယ်.. ချွေးတွေပါလို့ ဆင်ခြေပေးလိုက်ချင်တယ်.. ကျွန်တော့် မျက်လုံးကိုတော့ မကြည့်ကြနဲ့ပေါ့….

အတွေးတွေ ကဆင့်ကလျားနဲ့မို့ .. ကျွန်တော့်ကို အရူးတစ်ယောက်လို့ သတ်မှတ်ကြပါ… ကျွန်တော် အိမ်ကို ဘယ်လို ပြန်ရောက်ခဲ့လဲ မသိတော့ဘူး.. ကျွန်တော်ကို ဖတ်တွယ်ထားတဲ့ သဲလေးတွေကို ကျွန်တော့် အဝေး ဖယ်ထုတ် လိုက်တယ်… မြင်ကွင်းတွေ မှုန်ရီ နေပေမယ့်.. ကျွန်တော့် အကြည့်တွေ အခန်းထောင့်က အသက်ဆက်ဖို့ အားယူဆဲ.. ပန်းချီကားလေးကို ကြည့်နေမိတယ်.. အပြာရောင်.. ပန်းရောင်… ဒါ….. ဒါ…. သူကြိုက်တဲ့ အရောင်တွေပဲ… အနီမကြိုက်တဲ့ သူမအတွက် .. ဒီကားမှာ ပန်းရောင်က အက္ခရာပေါ့… သူစိမ်းကားမှာကြောက်တဲ့ ကျွန်တော်အတွက် ဒီကားမှာအစိမ်းရောင် မပါဘူး.. အဲ့ဒီပန်းချီကားလေးကို ကျွန်တော် အသက်သွင်းခွင့်မရှိတော့ဘူး.. ခြောက်နေတဲ့ ဆေး.. ကျွန်တော့် မျက်ရည်တွေနဲ့ မို့ စိုစွတ်ကုန်ပါပြီ… …. အသက်မဲ့နေတဲ့ ပန်းချီကားလေး ကို အညှာအတာမဲ့ အသက်နုတ်ဖို့.. ကျွန်တော် စုတ်တံကို ကိုင်လိုက်တယ်…. ….. ….. …… ရေးဆေးကားလေး မဟုတ်တော့တဲ့ မျက်ရည်တွေ ထုံမွန်းထားတဲ့ ဒီ ပန်းချီကားလေးဟာ…. သူမလက်ထဲ အပ်မယ်လို့ ရည်ရွယ်ထားတဲ့ … ကျွန်တော့် အသက်ပါပဲ…. ကျွန်တော် ..... မဖျတ်ရက်တော့ဘူး…. ကျွန်တော် မလုပ်ရက်ပါဘူး… ကျွန်တော် မ၀ံ့ ခဲ့ပါဘူး….

အပြာရောင် အဖုံးလေးနဲ့စာအုပ်… ဘယ်လိုလုပ်ပြီး ကျွန်တော့်လက်ထဲ ရောက်လာတာလဲ…. ဒါ…. ဒါ….. …. သူ့ကို ပေးဖို့ ကျွန်တော် လက်နှစ်ဖက်နဲ့ မွေးထုတ်ထားတဲ့ ရင်တိုက်ကြားထဲ ကဗျာစာအုပ်ကလေးလေ… လိပ်ပြာလေးတွေ… အကြီး.. အသေး.. အရောင်တွေစုံတဲ့… ဒီအဖုံးလေးမှာ… လိပ်ပြာတစ်ကောင်ချင်းဆီဟာ.. ကျွန်တော့် အချစ်.. သစ္စာ… ကျွန်တော့် ဘ၀.. အသက်.. အရာအားလုံးကို ရည်ညွန်းတယ်…. စာအုပ်လေးထဲမှာ ကျွန်တော် နှလုံးသားစကား ကို ဘာသာ ပြန်ထားတဲ့ ခပ်နုနု ယုယုယယ စာသားလေးတွေ ကဗျာလေးတွေရှိတယ် … … သူ…. သူ…….. …. သူမသိနိုင်တော့ပါလား…. လိပ်ပြာချစ်တတ်တဲ့ သူမအတွက် ကျွန်တော်လိပ်ပြာ တွေ လက်ဆောင်ပေးဖူးတယ် … လိပ်ပြာ အစစ်ဆိုလက်မခံ သနားတတ်တဲ့ သူမအတွက်… ကျွန်တော် ဖန်တီးထားတဲ့ လိပ်ပြာလေးတွေက သူ အပြုံးတွေကို ဖူးပွင့်စေခဲ့ဖူးတယ်… သက်တံ့ရောင် မနက်တစ်ခုမှာ “ရှင်သန်ချိန်တိုင်း နင့်အနားနေချင်တယ် ငါသေရင် နင့်နား လိပ်ပြာပဲ ဖြစ်ချင်တယ် ” လို့ ပြောခဲ့ဖူးတာ… မှတ်မိတယ်… မေ့မရတော့ဘူး….. ကျွန်တော် ရူးသွားတဲ့ အခါ လိပ်ပြာရူး ရူးမယ်ထင်တာပဲ….

တိတ်ဆိတ်ခြင်းတွေက ညံနေတဲ့ ညအမှောင် ထိန်ထိန်ထဲ တစ်ယောက်တည်း လိုက်ရောညီထွေ ထိုင်နေမိသည်… အခန်းထောင့်… ကျွန်တော် ထိုင်နေတာ ဒီအမှောင်တောင် မသိဘူး.. တိတ်ဆိတ်လွန်းတယ်… ရင်ခုန်သံတွေ ကျွန်တော့် နားနဲ့ စပ်စပ် ကြားနေတယ်… ကျွန်တော့်  အတွေးတွေ ရင်ခုန်သံလို့ပဲ ခုန်လိုက်.. ရပ်လိုက်…. ကြည်လင်တဲ့ မနက်ခင်းတစ်ခု မမွေးဖွားခင်ထိ ကျွန်တော့် ညတွေကို စိတ်ကူးတွေနဲ့ ဖြန့်ကျက်ထားလိုက်တော့မယ်… မျက်လုံးနှစ်ဖက် ပိတ်ရင် တားမရတဲ့ အတိတ်ဆိုး လာခြောက်မယ့်အတူတူ… ဒီတစ်ညတော့ ကျွန်တော် မျက်လုံဖွင့်ပြီး အိပ်မက်မက်လိုက်မယ်….

ကျွန်တော် အိပ်မက်ထဲမှာ လိပ်ပြာတွေ .. အရောင်တွေစုံလိုက်တာဗျာ.. အမှောင်ဆိုတာ.. သူတို့ အတောင်တွေကြားမှာ ပျောက်သွားတယ်… သိပ်လှတယ်… ပန်းလေးတွေကြား ပျံဝဲနေတယ်… ကျွန်တော်… ကျွန်တော်လဲ လိပ်ပြာလေး တစ်ကောင်တဲ့… လှလိုက်တာဗျာ.. ကျွန်တော် အတောင်တွေက မယုံနိုင်လောက်အောင် အရောင်တွေစုံနေတယ်… အနီမပါဘူး… ပျော်လိုက်တာဗျာ… အစိမ်း မပါဘူး.. ၀မ်းသာလိုက်တာဗျာ… ပန်းရောင်တွေ အတိ သိပ်လှတဲ့ ပန်းတပွင့်ရဲ့ လက်မှာခိုနားဖို့ ကြိုးစားခိုက်… ပန်းကလေးပေးတဲ့ သတင်း.. လေညင်းကြားထဲမှာပဲ လိပ်ပြာလေးရဲ့ မျော်လင့်ခြင်း နိဂုံးချုပ်သွားတယ်… မပျံနိုင်တော့ဘူး.. ကျဆုံးသွားတယ်… မြေပြင်အရောက် အသက်မပျောက်ခင်…. ကျွန်တော် အတောင်တွေ ဖြန့်ခင်းလိုက်တယ်… အဲ့ဒီ ပန်းပွင့်လေးရဲ ခြေရင်းမှာပဲ…




No comments:

Post a Comment