အလွမ်းနံပါတ် ၃


ကောင်ကင်အောက်မှာ ထားခဲ့ကြတဲ့သစ္စာ
ကြယ်တွေလို ကြွေကျသွားလား

လေပြည်နဲ တူတဲ့ မိန်းကလေးရေ
နင် အဝေးကို လွင့်လို့မရအောင်
ငါ့ရင်ထဲမှာ သိမ်းထုတ်ထားလိုက်ချင်ပေမယ့်...
ငါတို့ သစ္စာဟာ ....
ကမ်းခြေမှာ ရေးထားတဲ့ စကားတွေလား
လှိုင်းအတွေ့မှာ မသိသလိုဖြစ်သွားကြတယ်

ငါ့ရင်မှာ ရေးထားတဲ့ အဆိပ်သင့်အလွမ်းများ
ဘယ်အရာတွေက ဒီဒဏ်ရာတွေကို
ကု....စား....ပေး....နိုင်....မှာ.....လဲ....

အလွမ်းနံပါတ် ၂ လို့ နာမည် တပ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်ကို ညနေတစ်ခုမှာ ကောက်ကာငင်ခါ ရင်ဘက်က အံကျလာတဲ့အချိန် နေမင်း ကတော့ အိပ်ငိုက်ရင်း ပင်လယ်ထဲ ပြုတ်ကျသွားတယ်.. ဘယ်အချိန် လသာမလဲ... အဝေးမှာကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းသံတွေကြားတယ်.. နဘေးမှာ ထိုင်နေတဲ့ ခွေးငယ်လေး တစ်ကောင်လဲ မှိုင်နေတယ်...

“မနက်ဖြန် အိပ်ပြန်ကြမယ်ကွာ... ငါ့အလွမ်းတွေကို ဒီပင်လယ်ထဲ မြုပ်ခဲ့မယ်”

စကားနားမလည်တဲ့ ဒီကောင်လေးဟာ ခေါင်းတော့ ညိမ့်တတ်တယ်...

ကျွန်တော်ဟာ ကျိန်စာ သင့်တဲ့သူ ကျွန်တော့် နဘေးမှာ ချစ်တဲ့သူတွေ မနေရဘူးတဲ့... ယတြာ မပေးပဲ ဗေဒင်တွေ ပြောခဲ့တဲ့ အဲ့ဒီ ရှေးဖြစ်ဟောကြီး ကို သတိရတယ်... ဟောချက်က သွေးထွက်အောင် မှန်တယ် ဆရာရယ်.. အိမ်ထောင်ပြုဖို့ ရက်လာမေးတဲ့ လူနှစ်ယောက်ဟာ သွေးတွေခြားတဲ့ အစည်းအတားမှာ ဝေးခဲ့ကြတယ်... မနက်ဖြန်ဆို သူ ဆုံးတာ ၃ နှစ် တောင် ရှိပြီပေါ့.... အဲ့ဒါက အလွမ်း နံပါတ် ၁ ကျွန်တော် သတိမရဖြစ်တာ ၁ နှစ်လောက်ရှိတော့မယ်.. အခုတော့ အလွမ်းနံပါတ် ၂ နဲ့ရောပြီး ခပ်ပျစ်ပျစ် သောက်သုံးရပြန်ပြီ...

ခဲမှန်ဖူးတဲ့ ကျွန်တော် ရင်ခွင်ကို သော့ခတ် တိုက်ပိတ်ထားပေမယ့်.. အထဲကို ကြိုရောက်နေတဲ့ သူတစ်ယောက် ပထမဆုံး အလွမ်းတွေ နောက် ၂ နှစ်အကြာမှာ ကျွန်တော်ဟာ အချစ်သစ် တစ်ခုနဲ့ တွေ့ခဲ့တယ်... ဝေးရအုံးမှာပဲလို့ ခေါင်းထဲက သတိပေးသံတွေကို မောင်းထုတ်ထားတယ်... ဒီတစ်ခါ သွေးတွေနဲ့ ဝေးကြရင် ကျွန်တော်အသက်ကိုပဲ ပေးလိုက်ချင်တယ်... ကျွန်တော် အဲ့သလို ပေးဆပ်ခဲ့တဲ့ ကောင်မလေးဟာ ကျွန်တော့်ရင်မှာ ကြာကြာ မနေခဲ့ဘူး... ချစ်ပါတယ်လို့ နောက်ဆုံး အချိန်အထိ တတွတ်တွတ်ရွတ်ရင်း တိမ်တွေကြားမှာ သူပျောက်သွားတယ်... ကျွန်တော်တို့ ကမ္ဘာတစ်ဖက်စီ ဝေးသွားကြတယ်...


လှိုင်းအလျားမတူတဲ့ အခါ
ငါ့ရင်ဘတ်ဟာ အချစ်တစ်ခုကို
ဘယ်တော့ မှ ဖမ်းလို့ မမိခဲ့ဘူး

ရင်ခုန်သံဆိုတာ ကြိုးမဲ့ပျံသန်းနေတဲ့စွန်
ရှောင်ရင်းနဲ့ ငြိတတ်သလို
လိုက်ရင်းလဲ ဝေးတတ်တယ်

အင်တာနာ မထောင်တော့တဲ့ ငါ့ရေဒီယိုကို
အလျားတူတဲ့ လှိုင်းတွေက..
သီချင်းလှလှလေးတွေ ဆိုတတ်အောင် ဘာလို့သင်ပေးကြတာလဲ...


အသက်ရှင်ဖို့ကလွဲရင် အပိုရင်မခုန်ဘူးဆိုတဲ့ ကျွန်တော့် နှလုံးသားဟာ.. သူ့ကို မြင်တိုင်း ဘာလို့ ခိုးခိုးပြီး ရင်တွေခုန်တာလဲ... အမှတ်မရှိတဲ့ နှလုံးသားဟာ ဒဏ်ရာတွေတောင့်တ နေတာလား... ကျိန်စာသင့်တဲ့ လူတစ်ယောက်ပါ.. ဖူးစာ မပါတဲ့ အချစ်တစ်ခုအတွက် ရင်တွေ ထပ်မကွဲ ပါရစေနဲ့တော့...

“လှိုင်း” လို့ခေါ်တဲ့ ကောင်မလေးရေ... ငါတို့တွေ ဝေးကြမလား.. နင်ဟာ ငါ့ကျိန်စာတွေကို ဆေးချမလား... ငါ ၂ နှစ်ကျော်လောက် အနည်ထိုင်ထားခဲ့တဲ့အရာ.. နင့်နှုတ်ခမ်းက လေပြည်လေးကြားမှာ ပြန်လည်သက်ဝင် လှုပ်ရှားလာမလား....

ဝေးရမယ်ဆိုတာကို သိစိတ်က မေ့ပြစ်လိုက်ချင်ပေမယ့် မသိစိတ်က ပြောပြနေတယ်... နေပါစေတော့ ကောင်မလေးရယ်.... အိပ်နေတဲ့ နှလုံးသား နိုးထသွားတယ်ဆိုပေမယ့် .. ဒီတစ်ခါတော့ အိပ်ချင်ယောင်ဆောင် လိုက်တော့မယ်.. နိုးရခက်ပါစေတော့.....

“မင်း ရူးနေလား... အနာဂတ်က ပြင်လို့မရတဲ့ ကျောက်စာ မဟုတ်ဘူး ကွ.. မင်း သူများပြောတိုင်းယုံစရာလား”

“မင်းမလို့ကွာ ခေတ်လူငယ်ဖြစ်ပြီး ဗေဒင်ဟောတာ ယုံနေတယ်”

“မင်း တကယ်ပဲ လှိုင်းကို မချစ်ဘူးတဲ့လား”

ပြစ်တင်စကားများ ရင်နဲ့ နားနဲ့ ခေါင်းနဲ့ မဆံ့အောင်ရခဲ့တယ်... နားလည်အောင် ရှင်းပြဖို့ခပ်ခက်ခက်.... သေချာတာ ကျွန်တော်ဟာ အဆိပ်ပြင်းပြင်း တစ်ခွက်... ဖြေဆေးလဲ မဲ့တယ်...

အတိတ်အကြောင်း ရှင်းပြရရင်လဲ မကောင်းဘူး... ကံဆိုးစေတဲ့သားမို့ မိဘရင်းတောင် ထားခဲ့တယ်... မွေးစားတဲ့ အမေလဲ ချစ်လို့ မ၀ခင် ဆုံးပြန်တယ်.. မွေးစားတဲ့ အဖေ ဟိုးအဝေးမှာ နေလို့ ကံကောင်းနေတယ်.. ဗေဒင်မေးစရာမလိုဘူး... ကျွန်တော့်ကို ချစ်တဲ့ ဒေါ်လေးလဲ သက်ဆိုး မရှည်ခဲ့ဘူး မလား... နက္ခတ်ဆိုးတွေနဲ့ ယှဉ်မွေးတဲ့ ကလေး တစ်ယောက်ကို လက္ခဏာ ဆိုးတွေလဲ ထည့်ပေး လိုက်တယ်... အနာဂတ်ကို ကြိုမကြည့်စရာ မလိုတော့ဘူး.. တကယ် ချစ်တဲ့အခါ အဝေးမှာ နေရမှာ ကျွန်တော့် တာဝန်တစ်ခုလို ဖြစ်လာတယ်...


နွေအကြောင်းမသိတဲ့ ဆောင်း
သူအအေးနဲ့သူနွေးနေတုန်း

လအကြောင်းမသိတဲ့ နေ
သူအနွေးနဲ့ သူ အေးနေတုန်း

မနက်အကြောင်းမသိတဲ့ ည
သူ့အမှောင်နဲ့သူ လင်းနေတုန်း

နင်က နင် ငါတို့မဖြစ်တုန်း
ငါက ငါ နင်တို့ မဖြစ်တုန်း

နင့်အကြောင်း မသိတဲ့ငါ
အလွမ်းတွေနဲ့ မွေ့လျှော်တုန်း


တစ်နေရာစီမှာပဲ နေကြတယ်.. အော်ခေါ်ရင်ကြားသလို မြင်နေရပေမယ့် ကျွန်တော်ဟာ သူ့အဝေးမှာပဲ...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ခဏခဏ ကျွန်တော်တီးတိုးရေရွတ်မိတဲ့စကား .. သေချာတာ ကျွန်တော် ဘယ်တော့မှ မပြောဖြစ်မယ့် စကား ... သူလဲ ဘယ်တော့မှ မကြားနိုင်တဲ့ စကား...

အခုတော့ ကျွန်တော်ဟာ သူ့အချစ်တွေ မရပေမယ့်... “အလွမ်းနံပါတ် ၃” ဆိုတဲ့ ဇာတ်ကို တစ်ယောက်တည်း က နေမိတယ်..

“လှိုင်းရယ်... နင်မသိတဲ့ ဇာတ်ကို နင် သိမ်းပေးလို့ရမလား...”

ကျွန်တော် ရူးသွပ်စွာ တောင့်တခဲ့ဖူးတယ်.. သူ့ပုံရိပ်တွေ ကျွန်တော် တိတ်တိတ်လေး Album ထဲ ထည့်သိမ်းမိတယ်... သူသိရင်ရော.. အခုလို အပြုံးလှလှတွေ မြင်ရပါ့အုံးမလား...
သူနဲ့ အကွာအဝေး တစ်ခုတည်ဆောက်ပြီး နေတဲ့ ကျွန်တော့်ကို သူကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ နှင်းဆီပုစ္ဆာ တစ်ပုဒ် လာမေးဖူးတယ်

“ဒီနှင်းဆီတွေ လှိုင်း ဆီ ဘယ်သူပို့တာလဲ မသိဘူး ၆ လလောက်ရှိနေပြီ”

ခေါင်းခါရင်း ပြုံးပြမိတဲ့ ကျွန်တော့် မှာ နှုတ်ခမ်းက “ငါပါ” လို့ ပြောမထွက်ခဲ့ဘူး... အဲ့ဒီ နှင်းဆီပုစ္ဆာကို သူဟာ တယူတယ သိမ်းထားတတ်တယ်...

ကောင်မလေးရယ် နင်ဟာ ငါနဲ့ နီးတဲ့အခါ နေနဲ့ ဝေးတဲ့ နေကြာလိုပဲ.. တဖြေးဖြေး နွမ်းခြောက်ပြီး.......... ......... ......... .......... ............. ............... ငါမတွေးပါရစေနဲ့တော့...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

ကျွန်တော် သူ့ကို မြင်တိုင်းရေရွတ်နေမိတယ်... ကျွန်တော် ဟာ အတော် နေမြင့်နေပြီ ထင်ပါရဲ့.... ဒီလိုသာ ကြာကြာနေရင် ကျွန်တော် ဖွင့်ပြောမိလိမ့်မယ်... နှုတ်ဆက်ပါရစေ လှိုင်းရယ်... ကျွန်တော် အဲ့ဒီ ရုံးက ထွက်ဖို့ ကြိုးစားခဲ့တယ်... ကျွန်တော်ဟာ အဲ့ဒီနေရာလေးကို အတိုင်း မသိတွယ်တာ နေတုန်းဆိုတာ ပစ္စည်းတွေ ကျွန်တော် သိမ်းတုန်းက သိလိုက်တယ်... ကျွန်တော် ခုန်လေးကနေ အလုပ်များ နေတဲ့ကြားက သူ့ကို ခိုးခိုးကြည့်ရတာ အမော.. ရုတ်တရက် မြင်ကွင်းက ပျောက်သွားရင် လိုက်ရှာရတာလဲ အမော... အခုတော့ ကျွန်တော် မက်မောတဲ့ အဲ့ဒီ့ အမောတွ စွန့်လွတ်ရတော့မယ်... နောက်ဆုံးအနေနဲ့ သူ အဖြေရှာနေတဲ့ နှင်းဆီပုစ္ဆာ ရဲ့ တန်ဖိုးကို ကျွန်တော် မေးကြည့်ချင်တယ်.. ကျွန်တော်တို့ တကယ် ဝေးသွားကြရင် သူ့နဲ့ အနီးကပ်ဆုံးဟာ ဒီနှင်းဆီတွေပဲ ဖြစ်မယ်မလား....

“ဒီနေရော နှင်းဆီ ရသေးလား”

“နောက်ဆုံး အပွင့်ပဲ ထင်ပါရဲ့... သူ အဝေးကို သွားတော့မယ်”

ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ရင်း သူပြောခဲ့တယ်... သူ့အဖြေက မှန်နေတယ်.. သူ့ပုစ္ဆာ အတွက် သူအဖြေမှန်ရတဲ့အခါ ကျွန်တော့် အတွက် ပုစ္ဆာ တစ်ပုဒ် ထွက်လာပြန်တယ်... သူ ဘယ်လို သိတာလဲ...

“သူက မပို့တော့ဘူးလို့ ပြောလို့လား”

“လှိုင်း နှင်းဆီ ကြိုက်တယ်ဆိုတာကို သူတစ်ယောက်တည်းသိတယ်”

“တခြားသူတွေ မသိဘူးလား”

“လှိုင်းက တကယ်တော့ နှင်းဆီ မကြိုက်ဘူး.. ခရေတွေ ကြိုက်တာ... ဒါပေမယ့်... အဲ့ဒီ လူကို နှင်းဆီတွေ ကြိုက်ပါတယ်လို့ ပြောခဲ့ဖူးတယ်.. အဲ့ဒီတုန်းကတော့ လိမ်တယ်လို့ပြောလို့ရတယ် အခုတော့ နှင်းဆီတွေကို ချစ်တယ်”

“ဒါဆို အဲ့ဒီလူကို ဘာလို့ နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့ရတာလဲ”

“အဲ့ဒီလူ နှင်းဆီကို ရပြီးမှ အဲ့ဒီလူကိုတွေ့လို့”

အခုတော့ ပုစ္ဆာအားလုံးက အဖြေထွက်သွားခဲ့ပြီ... လှိုင်း နှင်းဆီတွေ ၀ယ်ပြီး ဘုရားပေါ်တက်သွားတာ မြင်လိုက်တဲ့နေ့က သတိထားမိတယ်... နောက်နေ့ အိမ်က နှင်းဆီပွင့်တော့ သူ ရုံးမရောက်ခင် သူ့ ခုန်မှာ ကျွန်တော် ထားခဲ့တယ်... အဲ့ဒီညနေ ရုံးအဆင်း ဓါတ်လှေကား မှာတွေတော့ သူနှင်းဆီကို ထုတ်ပြရင်း နှင်းဆီ ကြိုက်တယ်လို့ ပြောခဲ့တယ်.. အဝေးက အိပ်မက် မက်တတ်တဲ့ ကျွန်တော့်အတွက် လက်တွေ့ အိပ်မက်တစ်ခု ထပ်တိုးလားခဲ့တယ်.. ကျွန်တော်ဟာ နေ့စဉ် ရက်ဆက် နှင်းဆီတွေ ပို့ခဲ့တယ်...

“နင် အလုပ်ပြောင်းအုံးမှာလား”

ထွက်စာဟာ ထူးဆန်းစွာပဲ အပယ်ခံခဲ့ရတယ်.. ကျွန်တော်ဟာ တကယ်ပဲ လှိုင်းနဲ့ ဖူးစားပါခဲ့သလား... အခုတော့ ကျွန်တော် တောင့်တတဲ့ ဆန္ဒတစ်ခုပြည့်ဝသွားခဲ့တယ်...

“နင့် အနားမှာ ငါနေချင်တယ် လှိုင်းရယ်”

အခုတော့ ကျွန်တော့် နှုတ်က ခဏခဏ သူ့ကို ပြောဖြစ်နေမိတယ်...


ဝင်္ကဘာကြားထဲက ရုန်းထွက်တော့
နှင်းဆီတွေ ခင်းထားတဲ့လမ်းရောက်တယ်

နှင်းဆီ ရနံ့မှာမူးနေလို့
ကျွန်တော့် ခြေမှာ ဆူးတွေ ဆူးနေမှန်း
သူမသိခဲ့ဘူး...

နှင်းဆီတွေ ကျွန်တော် သွေးနဲ့
ပိုရဲလို့နေပါစေ...

ကျွန်တော်ထမ်းပိုးထားတဲ့ ကောင်မလေး ရနံ့တွေနဲ့
အိပ်ပျော်လို့နေပါစေ....


တချိန်ချိန်ပေါက်ကွဲမယ်မှန်းသိတဲ့ ဗုံးတစ်လုံးကို ကျွန်တော်ဟာ ထွေးပွေ့ထားရသလိုပဲ... သူဘယ်အချိန် ဘာဖြစ်မလဲလို့ ကျွန်တော် စိုးရိမ်နေခဲ့တယ်... ကျွန်တော့် ကျိန်စာတွေ က ကျွန်တော်ကို အိပ်မရအောင် ခြောက်လှန့်နေခဲ့တယ်...

“လှိုင်းရယ် လှိုင်းနဲ့ ဝေးရရင် မောင် တော့ သေမှာပဲ”

ခပ်ပိုပိုစကားတစ်လုံးလို သူ သဘောထားတယ်...

“မောင့်လက်ခုပ်ထဲက ရေပါ မောင်ရယ်... ဘယ်တော့မှ အဝေး ထွက်မသွား ပါဘူး” လို့ သူ ကတိစကားတွေ ပြောတုန်းက ကျေနပ်မိတယ်... ဒါပေမယ့် ကျိန်စာတွေ ခြောက်လှန့်လာတဲ့နောက် ဘယ်တော့ အငွေ့ပျံသွား မလဲလို့ စိုးရွံ လာတယ်.... အရိပ် တကြည့်ကြည့်နဲ့ သူ့ခြေလှမ်းတိုင်း သတိထား နေတဲ့ အခါ သူ မလွတ်လပ်မှာလဲ စိုးတယ်...

ကျိန်စာတွေ ကြောက်လာတဲ့ ကျွန်တော်ဟာ အရင် ဗေဒင်ဆရာ ဆီသွားမိတယ်... နက္ခတ်တွေဆိုးနေတဲ့ ကလေးတစ်ယောက်ရဲ့ လက်မှာ လက္ခဏာဆိုးတွေ အမှတ် ပေးလိုက်ကြတယ်... အဲ့ဒီ လက္ခဏာဆိုးတွေကြောင့် ကျွန်တော့်ဘ၀ဟာ မဲနေတယ်တဲ့.... ယတြာတွေ သူမပေးပြန်ဘူး.... အနာဂတ်ဆိုတာ အသေမဟုတ်ဘူးလို့ သူပြောခဲ့တယ်... လူတစ်ယောက်ရဲ့ မနက်ဟာ သူ အိပ်တဲ့အချိန်ကြောင့်လဲ ပြောင်းလဲ သွားနိုင်တယ်တဲ့... ကျွန်တော် ရှင်သန်နေရင် ကျွန်တော့် အနာဂတ်တွေဟာ အရှင် ပဲ... လက္ခဏာဆိုး တဲ့ လက်နှစ်ဖက်နဲ့ အဲ့ဒီအနာဂတ်ကို ကျွန်တော် ပြောင်းချင် သေးတယ်....

ဒါပေမယ့်... ကျွန်တော် ဘယ်လို ကြိုးစား ကြိုးစား ရင်ဆိုင်းခဲ့ဖူးတဲ့ အတိတ်က လှိုင်းနဲ့ ကျွန်တော် ဝေးရမယ်ဆိုတာကိုပဲ ထောက်ပြနေကြတယ်... မိုးကောင်းကင်ရယ် မြေကြီးဖြစ်တဲ့ ကျွန်တော့်ကို ဘာကြောင့် မိုးကြိုးတွေ အကြိမ်ကြိမ် ပြစ်ပြရတာလဲ... အခုဆို မိုးသံတွေကြားကတည်းက သွေးပျက်နေမိတယ်...
ဂရုစိုက်တတ်လွန်းတဲ့ လှိုင်းဟာ ကျွန်တော့် ခြေလှန်းတိုင်းရဲ့ အဓိပ္ပါယ်ကို ကောက်နိုင်ခဲ့တယ်... ကျွန်တော့် ပျော်ရွင်ခြင်းတွေကို အနား သတ်ထားတဲ့ ဘောင်တစ်ခုကို သူမြင်လာတဲ့နောက်.. ကံဆိုးသူ ကျွန်တော် အကြောင်း သူ့ကို ပြောပြမိတယ်... ကျွန်တော် မတရားဘူး.. သူ့ ဂရုဏာတွေကို ခြွေယူခဲ့တယ်...

“ကျိန်စာတွေ နက္ခတ်ဆိုးတွေ မယုံဘူး မောင်... ကျိန်စာတွေ တကယ်သင့် ခဲ့ရင် နောက်ဆုံး ထွက်သက်ဟာ မောင့် လက်ထဲမှာပဲ ဖြစ်ချင်တယ် ”

သူအပြုံးမပျက် ပြောသွားတဲ့ စကားအဆုံးမှာ ကျွန်တော်ဟာ ငိုကြွေးမိတယ်... ကျွန်တော့်ဘ၀အတွက် သူ့ဘ၀အတွက် ကျွန်တော့် ကျိန်စာတွေကို ဖြတ်ပေးပါလို့ တောင့်တမိတယ်... သူကတော့ အနာဂတ်အတွက် ရဲရင့်နေတယ်... ကျွန်တော်ကတော့ သူ့ကို ဆုံးရှုံးသွားမလား တွေးကြောက် နေမိတယ်...


နိုင်ခြေနည်းလွန်းတဲ့ ကစားဝိုင်းထဲ
ကံကြမ္မာနဲ့ ဖက်ပြိုက်ခဲ့တယ်

မျှတတယ် မမျှတဘူးဆိုတာ
ကျွန်တော့်မှာ ငြင်းခွင့်မရှိခဲ့ဘူး
ဘ၀နှစ်ခုနဲ့ လောင်းကြေးထပ်မိတဲ့နောက်..

ကံကြမ္မာက ခြောက်(၆)ပြလို့
Lucky 7 ရရင် ကျွန်တော်နိုင်မယ်ဆိုတဲ့ပွဲမှာ
အံစာ ဟာတစ်လုံးတည်းရယ်.....


ကျွန်တော့် ဘ၀ရဲ့ကျိန်စာတွေလွတ်မြောက်သွားပြီလို့ ထင်နေမိတယ်... ၂ နှစ်တာ ကာလ အတွင်းမှာ ဝေးကွာဖို့ လမ်းကြောင်းမမြင်တဲ့နောက် လက်ထပ်ဖို့ ကြိုးစားမိတယ်...

ပုန်း နေတဲ့ ကြမ္မာဆိုးတွေ ခြုံခိုတိုက်ခိုက် လိုက်သလိုပါပဲ... သူ့မိဘတွေဟာ မိရင်းဖရင်းတောင် မမွေးချင်တဲ့ ကျွန်တော်လို လူမျိုးနဲ့ သဘောမတူခဲ့ပါဘူး... အတားအဆီးဆိုတာ မတွေ့မိပေမယ့် မြင်လိုက်ရတဲ့ အခါမှာ ကျွန်တော် မကျော်နိုင်တော့ဘူး...

“လှိုင်းရယ်... ဒီတစ်ခါ ဝေးကြရတော့မယ်ထင်တယ်”

ကျွန်တော် ညီးတွားမိတဲ့ အသံ အဆုံးမှာ သူမျက်ရည်တွေ ကျလာတယ်... မငိုတတ်ဘူးလို့တောင် ထင်ရတဲ့ အပြုံးမျက်နှာနဲ့ ကောင်မလေးဟာ အခုတော့ ငိုနေရတယ်... ကျွန်တော် သူ့လက်ကလေးကို တင်းတင်းဆုတ်ကိုင်မိခဲ့တယ်... ဒီလက်တွေက ကျွန်တော့် ဘ၀အတွက် မကောင်းသတင်းတွေ ယူလာခဲ့တယ်.. ဒီလက်တွေနဲ့ပဲ သူ့လက်ကို ဆွဲပြီး ကျွန်တော် အဝေးကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်...

“မောင် မြန်မြန်မောင်းလေ အိမ်က လိုက်လာအုံးမယ်”

လှိုင်းမျက်နှာမှာ စိုးရွံမှုတွေ နဲ့.... သူ့ ကြောက်လှန့်မှုတွေ အဆုံးသတ်သွားအောင် ကျွန်တော်ပြုံးပြခဲ့တယ်... ညအချိန်မှာမို့ ကျွန်တော် သတိထား မောင်းနေမိတယ်... သူက ကျွန်တော့်ဘ၀ထက် အရေးကြီးတယ်မလား... ကျွန်တော် ဘာမှ အတိမ်းအစောင်း မခံနိုင်...

ရုတ်တရက် မြင်လိုက်ရတဲ့ အလင်းနဲ့အတူ အရှိန်ပြင်းပြင်းတစ်ခု... နောက်ဆုံး သတိကြောင့် လှိုင်းကို ကျွန်တော်ကာ ပေးလိုက်တယ်...

ကျွီ !!!! !!!!

လောကနဲ့ ဘယ်လောက်ကြာအောင် အဆက်ပြတ်သွားလဲ မသိ...

“မောင်.....”

လှိုင်းရဲ့ အသံကြားလို့ နိုးထလာမိတယ်... ကျွန်တော် နဘေးမှာ လဲနေသော လှိုင်း .. “မောင်.....” လို့ တတွတ်တွတ် သူ တီတိုးစွာရေရွတ်နေတဲ့ ပါးစပ်က သွေးတွေစီးကျလို့... သူ ကျွန်တော့်ကို မြင်ရဲ့လား... သူ့ နှုတ်ဖျားက သွေးစက်တွေ ကျွန်တော် လှမ်းသုတ်ပေးချင်လိုက်တာ.....ဒါပေမယ့် ကျွန်တော်.. ကျွန်တော်.. မတတ်နိုင်ခဲ့ဘူး.....

ဝေဒနာတွေ ခံစားနေရတဲ့ သူနား ကျွန်တော်တိုးကပ်လို့ သွားတယ်... ကျိန်စာဆိုးတွေရယ်... သူ့အနားရောက်မှ ကျွန်တော် အသက်ကို နုတ်ယူပေးပါ....

ဆုတောင်း ပြည့်ခဲ့ဘူး.. ကျွန်တော် အာရုံတွေ... အမြင်တွေေ၀၀ါး လာလိုက်တာ..........


ကျွန်တော်ဟာ
လှိုင်းစေရာ နာခံမယ့် ကမ်း
ပင်လယ်အတွက် အနားသတ်မဖြစ်ချင်ဘူး

ပင်လယ်နဲ့တူသော ချစ်သူအတွက်
ကျွန်တော်ကို မြစ်တစ်စင်းလဲဖြစ်ခွင့်ပေးပါ
ပင်လယ်လဲ မငြင်းသော
မြစ်လဲ စီးဆင်းသော
အဆုံးမဲ့ အချစ်များကို ပေးဆပ်ခွင့်ပြုပါ....

ပင်လယ်နဲ့တူသော ကောင်မလေးအတွက်
ကောင်းကင်လဲ ဖြစ်ခွင့်ပေးပါ
အရိပ်တွေကို သူ ဖမ်းစား
အပြာရောင်နေ့ရက်များ ရှင်သန်ခွင့်ပေးပါ....


သောင်ပြင်မှာ ပြေးလွားချင်နေတဲ့ ခွေးလေးကို ကျွန်တော် မနဲဆွဲထားရတယ်... ဒီကောင်လေးက သန်မာလာလိုက်တာ ကျွန်တော်တောင် မနိုင်ချင်တော့ဘူး....

လှိုင်းတွေ နဲ့ ထိနိုင်လောက်တဲ့အထိ ကျွန်တော် လျှောက်သွားခဲ့တယ်... လှိုင်းတွေဟာ ကျွန်တော့် ခြေထောက်တွေကို ရိုက်ခတ်လိုက် ဆင်းသွားလိုက်... အဲ့ဒီ လှိုင်းလေးတွေ ပြန်အဆင်းမှာ ကျွန်တော် ခြေထောက်တွေ သဲတွေထဲ နစ်မြုပ်သွားတယ်... လှိုင်းတွေရယ်.. ကြမ္မာဆိုးတွေကို ဒီရေတွေက ဆေးကြောပေးပါ... ဒီသဲတွေအောက် နှစ်မြုတ်ပေးပါ....

လှိုင်းသံတွေကြားမှာ ကျွန်တော်ဟာ မေ့မြောနေခဲ့တယ်...

ရုတ်တရက်လှိုင်းကို သတိရလာတယ်...

နှင်းဆီတွေကို သတိရလာတယ်...

အတိတ်ဟောင်းတွေကို မြင်ယောင်လာတယ်...

“လှိုင်းရယ်”

“ပြောလေ... မောင်”

ဘယ်အချိန်ကတည်းက ရောက်နေလဲမသိတဲ့ လှိုင်းက ပြုံးပြတယ်... သောင်ပြင်မှာ ပြေးဖို့ ကြိုးစားနေတဲ့ ခွေးငယ်လေးကို လွတ်ပေးလိုက်တယ်... ဟိုပြေး ဒီပြေးနဲ့ ဒီကောင်လေး မြူးနေလေရဲ့... လှိုင်းရဲ့ လက်ကို တင်းတင်းဆုတ်ကိုင်လိုက်တယ်... လေတိုက်လို့ လွင့်ပါးလာတဲ့ သူဆံနွယ်တွေကို သပ်ပေးဖို့ ကျွန်တော့်မှာ လက်မအားတော့... လှည့်စားတတ်လွန်တဲ့ ကံကြမ္မာရဲ့ လောင်းကြေးအတွက် လက်တစ်ဖက် ပေးလိုက်တယ်... နက္ခတ်ဆိုးတွေ ကြီးဆိုးထားတဲ့ လက်နဲ့ လှိုင်းအသက်ကို လဲလိုက်တယ်... အဲ့ဒီအတွက် နောင်တမရခဲ့ဘူး....
နောက်ထပ် ကျိန်စာများ ရှိသေးရင် .. နောက်ထပ် လက်တစ်ဖက်ပေးဖို့ ကျွန်တော် အဆင့်သင့် ရှိနေတယ် မဟုတ်ပါလား....

“လှိုင်းနဲ့ အတူတွဲသွားဖို့ လက်တစ်ဖက် ကျန်သေးတယ်.. နှင်းဆီတွေ ခူးပေးဖို့ လက်တစ်ဖက်ကျန်သေးတယ်... ”

“ကျေးဇူးပဲ မောင်... ”

ဒီတစ်ခါ ညနေကတော့ နေမင်းက ရှက်ပြုံးတွေဝေရင်း ပင်လယ်ထဲ ခုန်ဆင်းသွားပြန်တယ်... ကျွန်တော်ကတော့ လှိုင်းရဲ့ လက်ကို ဆုတ်ကိုင်ရင်းပေါ့....

ပြီးပါပြီ ။ ။

No comments:

Post a Comment