ကာရံမဲ့ နေ့

နတ်သမီးပုံပြင်တွေနဲ့ အိပ်ပျော်ခဲ့တဲ့သူ
ဘယ်ကောင်မလေးမှ သူ့ရင်ထဲ မတိုးနိုင်တော့ဘူးတဲ့
နေလောက်မှ မသာရင် ဘယ်အလင်းမှ
သူ့အမှောင်ကို မဖြာဆင်းနိုင်တော့ဘူးတဲ့
အခုတော့ လအကြောင်းမသိတဲ့ ကောင်လေး
ယုန်ငယ်လေးအတွက် ကဗျာတွေရေးနေလေရဲ့

ကြယ်ပွင့်တွေ ခူးဆွတ်ဖို့ တောင့်တခဲ့တဲ့သူ
ဘယ်သူကိုမှ သူ့မျှော်လင့်ခြင်းထက် မရူးသွပ်နိုင်ဘူးတဲ့
အဝေးက အရာတွေ ခေါင်းမော့တမ်းတလို့
နဘေးကလူတွေကို အလေးမထားဘူးတဲ့
အခုတော့ ပန်းတွေအကြောင်း မသိတဲ့ ကောင်လေး
အိပ်မက်တွေအတွက် ခရေတွေ သီနေလေရဲ့

ကာရံတွေနဲ့ စည်းဝါးမကိုက်တဲ့သူ
ဘယ်ကဗျာမှာ သူ့ရင်နား မရှိခဲ့ဘူးတဲ့
ကိုယ့်ကိုယ်ကို အလည်မှာထားလို့
အလုပ်များလို့ လူတွေကို နှုတ်ဆက်မအားဘူးတဲ့
အခုတော့ သံစဉ်တွေကို ရင်မခုန်ဘူးတဲ့ ကောင်လေး
ကာရံလေးအတွက် ကဗျာတွေရေးနေလေရဲ့


မျက်ရည်တွေနဲ့ မလွမ်းတတ်တဲ့သူ
အထီးကျန်ခြင်းတွေကြား ငိုနေရပြီတဲ့
အရာဝတ္တုတွေ ဆုတ်ကိုင်ခဲ့တဲ့သူ့လက်
စိတ္တစ နာမ်တစ်ခုအတွက် ရူးသွပ်ရလေရဲ့
အခုတော့ ဘယ်သူမှ မကြည့်တတ်တဲ့ကောင်လေး
သူ့ရင်ခုန်သံတွေအတွက် ခြေလှမ်းတွေ တွန့်ဆုန်နေလေရဲ့

ငါနဲ့ငါပဲ အစေးကပ်ခဲ့တဲ့ သူ
အခုတော့ တစ်ဖြေးဖြေးဝေးလာလေရဲ့
တစ်ယောက်တည်းနိုးထလာရတဲ့မနက်
သူ တစတစ သွေးပျက်လာလေရဲ့
တစ်ယောက်တည်းနဲ့ တစ်ဘ၀ဖြစ်ချင်တဲ့ကောင်လေး
အခုတော့ ငါနဲ့သူလို့ အိပ်မက်များစွာကိုလဲ မက်တတ်လာလေရဲ့

အဲဒီကောင်လေးတစ်ယောက်ပေါ့....
နှစ်တွေကြာလာတဲ့အခါ သူ့မနက်က ခရေတွေ လွင့်နေလေရဲ့
ကာရံတွေ သံစဉ်ကြားထဲမျှော
အထီးကျန်ခြင်းတွေလဲ သူမေ့လျှော့နေတယ်တဲ့
မျက်ရည်ဆိုတာ မိုးစက်တွေလားလို့ မေးရတဲ့နောက်
ကောင်မလေးရဲ့လက်တစ်ဖက်ဟာ
တစ်ဘ၀တစ်သက်ဖြစ်လာလေရဲ့...

No comments:

Post a Comment